← Chapters

ရီဖူရှင်း၏ခန့်မှန်းချက်

Vol. 008 Ch. 790

ရီဖူရှင်း၏ခန့်မှန်းချက်

Vol. 008 Ch. 790

ဤကား ပြည်နယ်ကိုးခု ညီလာခံဖြစ်သည်။ တိုက်ခိုက်ခြင်း မရှိဘဲ​ အနိုင်ရခြင်းဟူသည် မရှိပေ။ ရီဖူရှင်းကား မြေရိုင်းပြည်နယ်မှ တပည့်များအား ပြည်နယ်ကိုးခု ညီလာခံကို ပြိုင်ခိုင်းသည်မှာ အဆင့်ရရန်မျှသာ မဟုတ်ပေ။ သူတို့အား တခြား ပြည်နယ်များမှ တန်ခိုးရှင်များနှင့် ယှဉ်ပြိုင်ကာ စစ်မှန်သော တိုက်ပွဲ အတွေ့အကြုံများ ရရှိစေလိုရင်းဖြစ်၏။ ရီဖူရှင်း ပြောခဲ့သလိုပင် သူကိုယ်တိုင်က ပြိုင်ပွဲကို မရောက်ရှိမီ တခြားပြည်နယ်များမှ ပါရမီရှင်များ၏ အရည်အချင်း၊ စွမ်းရည်များအား နားမလည်ခဲ့ပေ။

ဟွာဂျီယူ ထွက်လာသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးသည်။ တိုက်ပွဲရလဒ်က အရေးမကြီးပေ။

“ကျွန်မက နွေဦးပြည်နယ်က ယွီမင်းချီကို စိန်ခေါ်ပါတယ်…” ဟွာဂျီယူက ပြောသည်။ သူတို့ နှစ်ယောက်လုံးကား ပြိုင်ပွဲ၌​ နောက်ဆုံး ကျန်ရစ်သော မိန်းကလေးများ ဖြစ်ကြသည်။ ဟွာဂျီယူက ထိပ်သီးဆယ်ယောက် စာရင်းထဲကို တက်ရောက်ရန် ပြိုင်ဘက်အဖြစ် ယွီကလန်မှ ယွီမင်းချီကို ရွေးချယ်ခဲ့သည်။

ယွီမင်းချီက တိုက်ပွဲကွင်းထဲကို ဝင်လာသည်။ သူမသည်လည်း အလွန်တရာ တင့်တယ်လှပသော မိန်းကလေး တစ်ယောက် ဖြစ်ပေ၏။

“တွေ့ရတာ ဝမ်းသာပါတယ်…” ဟွာဂျီယူက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“အတူတူပါပဲ…” ယွီမင်းချီကလည်း ချိုသာ ယဉ်ကျေးစွာ ပြော၏။ ထို့နောက်တွင် နှစ်ယောက်လုံးထံမှ အလွန်အမင်း အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ဖြာထွက်လာကြသည်။ တစ်ချိန်တည်းမှာပင် နှစ်ယောက်လုံးက သက်စောင့် ဝိညာဉ်များအား ထုတ်လွှတ်လိုက်ကြ၏။ သရဖူက ရောင်စဉ်များ လင်းလက်စွာ ထွက်ပေါ်လာစဉ် ကောင်းကင်၌ လမင်းတစ်စင်းက ငွေစင်ရောင်စဉ်များ ဖြာထွက်လျက် ပေါ်လာ၏။

နှစ်ယောက်လုံးက ပြိုင်ဘက်၏ အားကောင်းသော စိတ်စွမ်းအားများကို ခံစားမိကြသည်။

ဟွာဂျီယူကား ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဖြစ်ကာ ယွီမင်းချီကား ချုပ်နှောင်ခြင်း စွမ်းအားကို လေ့ကျင့်သူဖြစ်သည်။ သူမ၏ စိတ်စွမ်းအားကလည်း အလွန် အားကောင်းပေသည်။

လရောင်က ဟွာဂျီယူအပေါ်ကို ဖျန်းပက်လာသည်။ ထိုအထဲမှ အားကောင်းသော စိတ်စွမ်းအားများကို ဟွာဂျီယူက ကောင်းကောင်း ခံစားမိ၏။ ထိုစိတ်စွမ်းအားက သူမအား ပတ်ဝန်းကျင်နှင့် အဆက်ဖြတ်ကာ သူမ၏စွမ်းအင်မျာအား ထုတ်သုံးရန် ကန့်သတ် ထားပေသည်။

ဟွာဂျီယူ၏ မျက်လုံးများက လျှို့ဝှက် နက်ရှိုင်းသည့် ပုံစံဖြင့် ညိုမှိုင်းလာခဲ့ကာ ကြောက်မက်ဖွယ် ကောင်းသော စိတ်နယ်လွန် စွမ်းအားများ ထွက်လာကာ သူမအနီး၌ လှည့်ပတ် ရစ်သိုင်းလာ၏။  အလင်းတန်းများက လေထဲတွင် လင်းလက်လာကာ လောဟာနယ်ကို ဖြန်သန်းလျက် လမင်းကို ဖောက်ထွင်း ဖျက်ဆီးရန် ကြိုးစားသည်။

လမင်း အလင်းရောင်က ဆက်လက်၍ လင်းလက်လာကာ ဟွာဂျီယူပေါ်ကို ကျဆင်းလာသည်။ အေးစက်သော အသိကြောင့် ဖြစ်တည်လာသော ရေခဲဓာတ်က သူမ၏ခြေထောက်မှသည် တစ်ကိုယ်လုံးကို စတင် ထိန်းချုပ်ရန် ကြိုးစားလာကြ၏။ ထိုအရာကပင် ရေခဲဓာတ်၏ ထိန်းချုပ်စွမ်းရည် ဖြစ်ပေသည်။

“နေရာစုံ ဖြန့်ကြက်ခြင်း စိတ်ဝိညာဉ်…” ဟွာဂျီယူ၏ အနက်ရောင် ဆံကေသာများက လေထဲ လူးလွင့်လာကြကာ ပိုမိုအားကောင်းသော စိတ်နယ်လွန် စွမ်းအားများ ထွက်လာသည်။ သူမအနီး၌​စိတ်အသိမှ ဖြစ်တည်လာသော အလင်းတန်းများ လှည့်ပတ် ပျံသန်းကြသည်။ သူမ၏ အကြည့်တစ်ချက်တွင် အပြာရောင် အလင်းတစ်ချက်အား မျက်လုံးထဲ တွေ့လိုက်ရ၏။ ရုတ်ခြည်းပင် မရေမတွက်နိုင်သော လျှပ်စီးတန်းများ အက်ကွဲ ထွက်လာကြတော့သည်။ သူမ၏အနီးမှ ရေခဲဓာတ်များ အားလုံး ကြေပျက်သွားရပြီး ဟွာဂျီယူ၏ စိတ်အာရုံခံစားမှု ရောက်ရှိသော နေရာတိုင်း၌ သူမအပြင် တခြားလူများ၏ စိတ်စွမ်းအားများ သုံးစွဲခြင်းကို လုံးဝ ငြင်းဆန် ပယ်ဖျက်ခဲ့၏။

ယွီမင်းချီ၏ ငွေလရောင်များကလည်း ပိုမို၍​ လင်းလက် တောက်ပလာကာ လမင်းကိုယ်တိုင်က ဧရာမ ကြီးမားလာခဲ့၏။ လမင်းထံကို တရွေ့ရွေ့ ပျံသန်းတက်သွားကာ လမင်းနှင့် တစ်ကိုယ်တည်းအလား ဖြစ်လာသော ယွီမင်းချီ ကိုယ်တိုင်က ညလယ်တွင် ကောင်းကင်မှ ဆင်းသက်လာသော မိုးနတ်သူဇာအလား ထင်မှတ် လာခဲ့ရသည်။ ပိုမို သိပ်သည်း ထိန်လင်းသော ညလရောင်နှင့်အတူ လမင်းမှ ထပ်မံ ဖြန့်ကြက်လာသော မရေမတွက်နိုင်သော ငွေစင်ရော် ငှက်လေးများက ကောင်းကင်တစ်ခွင်ကို ဖုံးအုပ်သွားကာ ပတ်ဝန်းကျင်အား ပုံစံတစ်မျိုးဖြင့် အမှောင်ထုများ စိုးမိုးစေပြီး လရောင်၏ အလင်းမူကား ပိုမို သိသာလာစေခဲ့သည်။ ဟွာဂျီယူက သူမ၏စိတ်စွမ်းအင် တစ်ဖန် သီးသန့် ဖြစ်တည်သွားကာ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြန်သွားရပြန်သည်။

ငွေစင်ရော်ငှက်များ ကောင်းကင်ကို ဖုံးအုပ်ထားသည်တွင် ဟွာဂျီယူ၏ ပတ်ဝန်းကျင်ကို ညအမှောင်ကသာ စိုးမိုးထားဟန် ရသည်။ ဟွာဂျီယူမူကား လေထဲတွင် ရပ်နေဆဲဖြစ်ကာ သရဖူက ဆက်လက်၍​ ထွန်းလင်း တောက်ပနေဆဲ ဖြစ်သည်။ သူမက ကောင်းကင်ကို ကြည့်လိုက်သည်တွင် စိတ်ဝိညာဉ်စွမ်းအားက တိကျသော တစ်နေရာကို ဦးတည် ဝင်ရောက် သွားသည်။ သူမ၏ စွမ်းအားများ အားလုံးက တစ်နေရာတည်းကို ဦးတည် ရောက်ရှိ သွားကြတော့သည်။

ဟွာဂျီယူ၏ရှေ့တွင် ဖျက်ဆီးခြင်း စွမ်းအင်များအား ပြည့်နှက်နေသော ဧရာမ ကြီးမားသော လျှပ်စီးနတ်ဘုရား တစ်ပါး ဖြစ်ပေါ်လာသည်။

အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားကား တော်ဝင်ကျဲ နန်းတော်၏ ရှီနန်းတော်တွင်သာ လေ့လာသင်ယူနိုင်သော ပညာရပ်ဖြစ်ကာ ယခင်ပိုင်လွေလီအား ထားခဲ့သော ပညာရပ်တစ်ခုလည်း ဖြစ်သည်။ ဟွာဂျီယူကလည်း စိတ်ဝိညာဉ်အားပြု တန်ခိုးရှင် တစ်ယောက်ဖြစ်ရာ သူမက အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားကို သင်ယူနိုင်ခဲ့၏။ ထိုစွမ်းအားဖြင့်ပင် သူမက ပတ်ဝန်းကျင်မှ စွမ်းအားများကို အခြေပြု၍ ရှေးနတ်ဘုရား တစ်ပါးအဖြစ် ဖန်ဆင်းခဲ့သည်။

မရေမတွက်နိုင်သော ငွေစင်ရော်ငှက်များက ဟွာဂျီယူကို လှည့်ပတ် ပျံသန်းကြကာ တိုက်ခိုက်ကြရာ သူမ၏ စိတ်စွမ်းအားများကပင် မတည်မငြိမ် ဖြစ်ရသည်။ သို့သော်လည်း ရှေးနတ်ဘုရားထံမှ မရေမတွက်နိုင်သော လေများ ဆန့်တန်းလာသည်တွင် ကြောက်မက်ဖွယ် လျှပ်စီးတန်းများအား စိတ်နယ်လွန် စွမ်းအားများနှင့်အတူ သယ်ဆောင် လာခဲ့၏။

လျှပ်စီး လက်ချောင်းများနှင့် ငွေစင်ရော်ငှက်များ ရင်ဆိုင်မိသည်တွင် အနက်ရောင်ထုအား ဖောက်ထွင်းသွားသည်။ ချက်ချင်း လျှပ်စီးပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ အနက်ရောင်ထုက ကွဲအက် ပျက်စီးသွားတော့သည်။ ထို့နောက် ဟွာဂျီယူ၏ခန္ဓာက ရှေးနတ်ဘုရားနှင့် ပေါင်းစပ်သွားကာ လျှပ်စီးတန်းများက ပတ်ဝန်းကျင် နေရာအနှံ့ကို ပြန့်ကျဲသွားကြ၏။ ရှေးနတ်ဘုရားက ရှေ့ကို တက်သွားကာ မရေမတွက်နိုင်သော လျှပ်စီး လက်ချောင်းများက ယွီမင်းချီရှိနေရာကို လေတိုးသံများ ပေးလျက် ရောက်လာ ကြတော့သည်။

ငွေစင်ရော်များ အားလုံး အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားကြကာ ယွီမင်းချီ၏ရှေ့၌​အပြာရောင် မိုးသားကောင်းကင်ကြီးက တစ်ဖန် ပြည်လည် ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း စိတ်ဝိညာဉ် လျှပ်စီးများမူကား သူမ၏ စိတ်နယ်ပယ်ထဲကို ဆက်လက် တိုးဝင်လာခဲ့ကြသည်။

ရှေးနတ်ဘုရား၏ လျှပ်စီးများက လေထဲတွင် ရုန့်ရင်းစွာ ပေါက်ကွဲသွားကြကာ ပိုမိုအားကောင်းသော စွမ်းအင်များ ဖြစ်ပေါ်လာပြီး နေရာအနှံ့ကို ပြန့်ကျဲလာခဲ့ကြသည်။ နေရာစုံ လှည့်ပတ်နေကြသော လျှပ်စီးစွမ်းအင်များက ယွီမင်းချီကို လှောင်ပိတ်ထားဟန်ရကာ သူမအား ခုခံအားမဲ့စေသည်။

ပိတ်ဆို့ ချုပ်နှောင်ခြင်း စွမ်းအားကား သူမ၏စိတ်ဝိညာဉ်ကို အခြေပြုခြင်း ဖြစ်သော်လည်း ဟွာဂျီယူ၏ တိုက်ခိုက်မှုကား ယွီမင်းချီ၏ စိတ်စွမ်းအားကို တိုက်ရိုက် ဦးတည်သည်။ ဤတွင် ယွီမင်းချီကား ဟွာဂျီယူ၏ စိတ်နယ်လွန် စွမ်းအားအောက်တွင် ဖိနှိပ်ခြင်း ခံရတော့သည်။

ပတ်ပတ်လည်မှ ခုခံတားဆီးရန် အင်အားမဲ့သော စိတ်နယ်လွန် စွမ်းအားများကို ခံစားမိသည်တွင် ယွီမင်းချီက ဟွာဂျီယူအား ကြည့်ကာ ပြောသည်… “ဂုဏ်ယူပါတယ်… နင်က နောက်တစ်ဆင့်တက်ဖို့ အရည်အချင်း ရှိတယ်…” ထိုသို့ ပြောပြီးသည်နှင့် လရောင်က ကွယ်ပျောက် သွား၏။ ဟွာဂျီယူကလည်း သူမ ထုတ်လွှတ်ထားသော စိတ်နယ်လွန် စွမ်းအားများကို ပြန်ရုပ်သိမ်း လိုက်သည်တွင် သူမ၏ အသက်ရှူသံက ပုံမှန်ထက် ပြင်းထန်နေခဲ့၏။ အမှန်တကယ်အားဖြင့် သူမကား ဤသို့သော ပုံစံကို တာရှည် တည်တံ့ရန် အလွန် အားထုတ်ခဲ့ရရာ တိုက်ပွဲအပြီးတွင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။ သို့သော်လည်း သူမက အနိုင်ရခဲ့သည်သာ...။ ယခု ပြည်နယ်ကိုးခု ညီလာခံ ထိပ်သီး ဆယ်ယောက်စာရင်းကို မြေရိုင်းပြည်နယ်မှ နှစ်ယောက်က တက်ရောက်ခဲ့ပြီ မဟုတ်ပါလား...။

ဟွာဂျီယူက နောက်လှည့်ကာ မြေရိုင်းပြည်နယ်မှ လူများရှိရာ ဘက်ကို လှမ်းကြည့်ပြီး တောက်ပစွာ ပြုံးသည်။

“အရူးမလေး…” ရီဖူရှင်းကလည်း ဟွာဂျီယူကို ကြည့်ကာ ပြုံးမိသည်။

မြေရိုင်းပြည်နယ်မှ လူနှစ်ယောက်က ပြည်နယ်ကိုးခု ညီလာခံ၏ ထိပ်သီးဆယ်နေရာသို့ တက်လှမ်းခဲ့သည်တွင် မည်သူမှ မြေရိုင်းပြည်နယ်၏ အရည်အချင်းကို မေးခွန်းထုတ်ရဲ ကြတော့မည် မဟုတ်တော့ပေ။

ဟွာဂျီယူက မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ ရှိနေရာဘက်ကို ပြန်သွားကာ ရပ်လျှင် အားလုံး၏ အကြည့်က နောက်ဆုံး လက်ကျန် ဆယ်ယောက်ကို ကြည့်ကြသည်။

သူတို့ကား…

နွေဦးပြည်နယ်မှ ရှားရီနှင့် ရီကုဟောင်။

ချီပြည်နယ်မှ ကျူးကော့ရီနှင့် ကျိဟွား။

အရှေ့ဘက်ပြည်နယ်မှ ရာရာ။

တိမ်တိုက်ပြည်နယ်မှ ချူချိန်။

စစ်ဘုရင်ပြည်နယ်မှ ဝူပေနှင့် မိုလျို။

မြေရိုင်းပြည်နယ်မှ ယူချင်းနှင့် ဟွာဂျီယူ။

ဖုန်းပြည်နယ်၊ ပင်လယ်ပြည်နယ်နှင့် ယွီပြည်နယ်တို့ကား ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ဖြစ်၏။

ပြည်နယ်ကိုးခုလုံးမှ ဧည့်သည်များ အားလုံး နောက်ဆုံး ကျန်ရစ်သော ပြိုင်ပွဲဝင်များ အားလုံးကို ကြည့်ကာ စိတ်လှုပ်ရှား နေကြသည်။

“အရှေ့ဘက်ပြည်နယ်က တစ်ဦးတည်း ကျန်ခဲ့သူက အမှန်တကယ် တော်ဝင်မြေရဲ့ တပည့်မဟုတ်သူ ဖြစ်နေတာပဲ… ပြီးတော့ သူမက ကလေးတစ်ယောက် ဖြစ်နေတယ်…” ရှီဟွာတောင် ရှန့်ထိုက ရာရာကို ကြည့်ကာ ပြောသည်။ ရှီဟွာတောင်မှ ဟွာယွန်ရှုနှင့် ကျောက်မဟာ ပြည်ထောင်မှ​ကျောက်ယိုတို့ နှစ်ယောက်လုံးက ထိပ်သီးသုံးနေရာသို့ တက်လှမ်းရန် ရည်ရွယ်ခဲ့ကြသော်လည်း သူတို့က ထိပ်သီး ဆယ်နေရာသို့ပင် မရောက်ခဲ့ကြပေ။

“ပြည်နယ်ကိုးခု ညီလာခံမှ ဝင်မပြိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ မြေရိုင်းပြည်နယ်က ထိပ်သီး ဆယ်နေရာမှ နှစ်နေရာတောင် ရခဲ့တယ်…” ကောင်းကင်ရှန့်ထိုက ပြုံးလျက် ပြောသည်။

“ပြည်နယ်ကိုးခုမှ ပါရမီရှင်တွေက အမြဲတမ်း ပေါ်ထွက် နေကြတာပါပဲ…” ရှီဟွာတောင် ရှန့်ထို၏နောက်မှ လျူကျောင်းက ပြုံးလျက် ပြောသည်။ သူက ယူချင်းကို ကြည့်သည်။ စစ်တုရင်ကျေးရွာ၌​ ရီဖူရှင်း၏ဘေးတွင် တိတ်ဆိတ်စွာ ရှိနေခဲ့ကြသော ထိုနှစ်ယောက်က ဤမျှ ထူးခြား ထက်မြက်ကြမည်ဟု သူမထင်ထားခဲ့ပေ။

သူ တစ်ယောက်တည်းသာ ထိုသို့ အံ့အားသင့်ရသည် မဟုတ်ဘဲ​ စစ်တုရင်ရှန့်ထို၏ တပည့်များကလည်း ထိတ်လန့် အံ့အားသင့် ခဲ့ကြရသည်။ နတ်နဂါး စစ်တုရင် ကစားကွက်ကို ရီဖူရှင်းက ဖြေရှင်းနိုင်ခဲ့ခြင်းကပင် အလွန် ထူးဆန်း အံ့ဖွယ်ဖြစ်သည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ယူချင်းက ထိပ်သီး ဆယ်နေရာစာရင်းသို့ အလွန်ကြီးမားသော အရှိန်အဝါဖြင့် တက်လှမ်းခဲ့သည်။ ဤသို့သော ပါရမီကား သူတို့၏စိတ်ကို ကြီးစွာ လှုပ်ရှား စေခဲ့သည်။ ကြည့်ရသည်မှာ နောင်တွင် နာမည် ကျော်ကြား လာမည့် နောက်ထပ် ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ရှိလာတော့မည်။

“ပြည်နယ်ကိုးခု ညီလာခံမှာ နောက်ဆုံး ကျန်တဲ့လူ ဆယ်ယောက်ထဲ ဘယ်သူက ထိပ်သီး သုံးနေရာကို ရမယ်လို့ ထင်လဲ… ဘယ်သူက ပြိုင်ပွဲ အနိုင်ရသူဖြစ်မယ်လို့ ထင်ကြလဲ…” ကောင်းကင် ရှန့်ထိုက ပြည်နယ်ကိုးခုမှ ပုဂ္ဂိုလ်ကြီးများအား မေးသည်။ နောက်ဆုံး တိုက်ပွဲကား မကြာခင် စတင်တော့မည်ဖြစ်ကာ အားလုံးက စိတ်လှုပ်ရှား နေကြရပေသည်။

“ခင်ဗျား ဘယ်လိုထင်လဲ... ကောင်းကင်ရှန့်ထို..” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က မေးသည်။

“ထိပ်ဆုံး သုံးယောက်က ရှားရီ၊ ကျူးကော့ရီ၊ ယူချင်း၊ ရာရာနဲ့ ဝူပေတို့ထဲက ဖြစ်လိမ့်မယ်.. ပြိုင်ပွဲပထမကိုတော့ ခန့်မှန်းဖို့ ခက်တယ်…” ကောင်းကင်ရှန့်ထိုက ပြုံးလျက် ပြောသည်။ သူထည့်သွင်း ပြောဆိုခဲ့သော ငါးယောက်၏ စွမ်းရည်ကို သူမျှော်လင့်နေကြောင်း သိသာပေသည်။ ယူချင်းက နောက်ဆုံး အဆင့်၌ နှစ်ယောက်တိတိကို အနိုင်ယူခဲ့သလို ရာရာ၏ စွမ်းရည်များကလည်း နက်ရှိုင်းပေ၏။ တစ်ဖက်တွင် ဝူပေ၏ မဟာဗောဓိ လက်ဝါးကလည်း ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။

ကျိဟွားကလည်း အားကောင်းသော်လည်း ယူချင်းနှင့် ပဋိပက္ခ ဖြစ်ထားသည့် အပေါ်တွင် သူတို့နှစ်ယောက်ထဲက တစ်ယောက်သာ နောက်တစ်ဆင့် တက်မည်ဟု ဆိုလိုပေသည်။ ဤတွင် သူက ယူချင်းကို ရွေးချယ်ခဲ့သည်။

“ယူချင်း… ဟုတ်လား… ဘာလို့ ရီကုဟောင်နဲ့ ကျိဟွား မဟုတ်ရတာလဲ…” ဘုရင်မင်းမြတ်က မေးသည်။ ရီကုဟောင်ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ ထိပ်သီးပါရမီရှင်ဖြစ်ကာ ကျိဟွား၏ အလင်းဓာတ်ကလည်း ပြိုင်ဘက် ကင်းပေသည်။ ယူချင်း၏ အားကောင်းသော ခွန်အားဖြင့်ပင် သူက ကျိဟွားကို ထိန်းနိုင်ရန် ခက်ခဲပေသည်။

“ကျုပ်လည်း ဘုရင်မင်းမြတ် ပြောတာကို သဘောတူတယ်… ဘာလို့ ကျုပ်ရဲ့ဂျူနီယာ မဟုတ်ရတာလဲ…” တော်ဝင် အလင်းနန်းတော်မှ ငွေရောင် ကိုယ်ရောင်ဝါ တောက်ပနေသော ထူးခြားသော ဟန်ပင်ဖြင့် ပိန်သွယ်သော လူငယ်တစ်ယောက်က ပြောသည်… “တော်ဝင် အလင်းနန်းတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ပြိုင်ဘက်ကင်းပြီး ဘယ်ခံစစ်ကိုမဆို ချိုးဖျက်နိုင်စွမ်း ရှိတယ်… ယူချင်းက အားကောင်းတယ် ဆိုပေမဲ့ ကျုပ်ရဲ့ဂျူနီယာ အပေါ်မှာပဲ ပိုပြီး ယုံကြည်တယ်.. ကျိဟွားက နောက်တစ်ဆင့် တက်မယ်… သူက ထိပ်သီးသုံးနေရာ စာရင်းထဲကိုတောင် ဝင်နိုင်လိမ့်မယ်…”

တော်ဝင် အလင်းနန်းတော်၏ တပည့်တစ်ယောက် ဖြစ်သောသူက ကျိဟွားအပေါ် ယုံကြည်သည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

“ဒါဆိုလည်း…” ကောင်းကင်ရှန့်ထိုက ရှားပြည်နယ်ဘက်ကို ကြည့်ကာ ပြုံးလျက် မေးသည်… “ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ…”

“ရှားရီက ထိပ်သီး သုံးနေရာထဲကို ဝင်လိမ့်မယ်…” ရှားကလန်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ပြောသည်။

“ထိပ်သီး သုံးယောက်ကတော့.. ကျုပ်က ရှားရီ၊ ရီကုဟောင်နဲ့ ကျူးကော့ရီတို့ ဖြစ်မယ်လို့ ထင်တယ်…” ပြည်နယ်ကိုးခု ကျောင်းတော်မှ တစ်ယောက်က ပြောသည်။ ရီကုဟောင်ကား သူတို့ ကျောင်းတော်သား တစ်ယောက်ဖြစ်ကာ ရှားရီကား ရှားကလန်၏ ပါရမီရှင်ဖြစ်ပြီး ကျူးကော့ရီကား ကျိရှားတော်ဝင် နန်းတော်၏ အတော်ဆုံး တပည့်ဖြစ်၏။

“ခင်ဗျားတို့က လို့ဟွားနန်းတော်ရဲ့ တပည့်ကို အထင်သေး နေကြတာပဲ…” လို့ဟွားနန်းတော်မှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ မိုလျို၏ စွမ်းအားများကလည်း အားမနည်းပေ။

“ဒါက အဓိပ္ပာယ် မရှိတာပဲ…” ရုန့်ရင်းကြမ်းတမ်းသော မှတ်ချက်တစ်ခု ထွက်လာသည်တွင် အားလုံးက လှမ်းကြည့်ကြသည်။ ပြည်နယ်ကိုးခုမှ ပုဂ္ဂိုလ်ကြီးများ ပြောဆို ဆွေးနွေးနေချိန် ဤသို့ ရိုင်းစိုင်းစွာ ပြောဆိုရဲသူ ရှိသလား...။ ဘယ်သူများ ဖြစ်မည်နည်း...။

အားလုံး၏ အကြည့်က မြေရိုင်းပြည်နယ် လူများ၏နောက်မှ ပရိသတ်များရှိရာကို ရောက်သွားကြသည်။ ထိုနေရာတွင်ကား စုတ်ပြတ်စွာ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက်ကို မြင်တွေ့ကြရသည်။ အဘိုးအိုက ဒေါသတကြီး ပြောသည်.. “ကျုပ်တို့ ရာရာက နံပါတ်တစ် ရလိမ့်မယ်…”

ပြည်နယ်ကိုးခု ညီလာခံမှ လူများက အဘိုးအိုကို ကြည့်ကြသည်။ ရာရာ… နံပါတ်တစ်...။ သူက အမှန်ပင် လေကြီးပေသည်။ ရာရာက အားကောင်းသည် မှန်သည့်တိုင် ကလေးတစ်ယောက် မည်သို့ ပထမရမည်နည်း။

“ခင်ဗျားက ယုံကြည်မှုရှိပုံပဲ…” ရှီဟွာတောင် ရှန့်ထိုက ပြုံးလျက် ပြောသည်။

“ရာရာ… မင်းက ပထမ မရခဲ့ရင် ရွာကို ပြန်ရောက်တဲ့အခါ နောက်တစ်ယောက်နဲ့ ပေးစားပြစ်မယ်…” အဘိုးအိုက ရာရာအား ခြိမ်းခြောက်သည်။

“…” အားလုံးက အဘိုးအိုက ကြည့်ကာ ဆွံ့အရသည်။ ရွာကို ပြန်ရောက်ပါက… ။ သူမအား နောက်တစ်ယောက်နှင့် ပေးစားမည်...။

ရာရာက အလွန်တရာ လှပချောမွေ့လွန်းသည် မဟုတ်သော်လည်း သူမကလည်း ကြည့်ကောင်းသော ရုပ်ရည် ရှိပေသည်။ ထို့အပြင် သူမ၏ပါရမီကား ကြောက်မက်ဖွယ် ကောင်းလွန်းလှကာ အကယ်၍​ သူမအား တစ်စုံတစ်ယောက်နှင့် ပေးစားမည် ဆိုပါက ပြည်နယ်ကိုးခုမှ တော်ဝင်မြေများ အားလုံး သူမအတွက် အလုအယက် ယှဉ်ပြိုင်ကြပေမည်။

“ရွာခေါင်းဆောင် … ကျွန်မက ခေါင်းတစ်ချက် ညိတ်လိုက်တာနဲ့ တစ်စုံတစ်ယောက်က ကျွန်မကို လက်ထပ်ဖို့ ဆန္ဒရှိမှာပဲ…” ရာရာက အဘိုးအိုကို ကြည့်ကာ ပြောသည်။

“အဟမ်း…” အဘိုးအိုက သူ၏ မုတ်ဆိတ်အား သပ်ကာ ဒေါသတကြီး ကြည့်သည်။ ဒါက အမှန်ပင် ပြဿနာဖြစ်၏။

“ဒါက…” လူအများအပြားက မည်သို့ပြောရမည် မသိကြတော့ပေ။ သည်ထူဆန်းသော နှစ်ယောက်က မည်သည့်နေရာက လာကြသနည်း။ သူတို့ပြောသော ရွာက မည်သည့်ရွာ ဖြစ်သနည်း။

“ခင်ဗျား ဘယ်လိုထင်လဲ... နန်းတော်သခင်ရီ…” ကျောက်မဟာ ပြည်ထောင်မှ ကျောက်ရာက ရီဖူရှင်းကို မေးသည်။ ကျောက်ယိုက ယူချင်းနှင့် တိုက်ခိုက်ဖူးရာ သူကိုယ်တိုင်က ကျောက်ယို အနိုင်ရမည်ဟု တွေးခဲ့သော်လည်း အမှန်တကယ်တွင် ယူချင်းကသာ အပြတ်အသတ် အနိုင်ယူခဲ့သည်။

ရီဖူရှင်းက စင်မြင့်ထက်ကို ကြည့်ကာ ခေါင်းယမ်းသည်.. “ပြောဖို့ ခက်တယ်…”

“ခင်ဗျားက တခြားပြည်နယ်က ဧည့်သည်တွေ စိတ်ဆိုးမှာ စိုးရိမ်နေတာလား… နန်းတော်သခင်ရီ..” ကျောက်ရာက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ယူချင်းအပေါ်​ ယုံကြည်ချက် ရှိရပေမည်။

ရီဖူရှင်းက ကျောက်ရာကို ကြည့်သည်။ ဘုရင်မင်းမြတ်ကလည်း​ မေးသည်… “ခန့်မှန်းတာက ပြဿနာ မရှိဘူး… ကျုပ်တို့လည်း ကြားရအောင်… ဒါကပဲ ပျော်စရာ မဟုတ်ပေဘူးလား…”

“ကောင်းပြီ..” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်.. “ဒီနှစ်ပြည်နယ်ကိုးခု ညီလာခံမှာ နောက်ဆုံးတိုက်ပွဲကို ယူချင်းနဲ့ ရာရာနဲ့ပဲ ဖြစ်လိမ့်မယ်… အနိုင်ရတဲ့လူက ပြိုင်ပွဲပထမ ဖြစ်လိမ့်မယ်… တတိယ နေရာကတော့ အားလုံးမှာ အခွင့်အရေး ညီတူညီမျှ ရှိတယ်…”

***

All Chapters