ပြိုင်ဘက်ကင်း ကာယစွမ်းအား
Vol. 008 Ch. 791
ရီဖူရှင်း၏ စကားကို ကြားသည်တွင် အားလုံးက အံ့အားသင့် ကြရသည်။ သူက အမှန်ပင် ယုံကြည်မှုရှိရှိဖြင့် ပြောခဲ့၏။
ယူချင်းနှင့် ရာရာတို့က နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ရမည် ဖြစ်ကာ အနိုင်ရသူက ပထမဖြစ်မည်။ ဤသိုဆိုလျှင် သူက တခြားလူများ အားလုံးကို လျစ်လျူရှု လိုက်သည့် သဘော မဟုတ်ပေဘူးလား။
ယူချင်းက အမှန်ပင် အားကောင်းသည် ဆိုသော်လည်း သူက ပြိုင်ပွဲ ပထမဖြစ်ရန် လုံလောက်သော စွမ်းရည် ရှိမည်လား ဟူသော အဖြေက သံသယ ဖြစ်ဖွယ် ကောင်းနေပေ သေးသည်။ ရာရာကလည်း ထို့အတူ ဖြစ်သည်။ ရီဖူရှင်းက သူတို့ နှစ်ယောက်သည်သာ တခြားလူများကို ကျော်လွန်၍ ပြိုင်ပွဲ ပထမဖြစ်မည်ဟု အမှန်တကယ် ခန့်မှန်းခဲ့၏။
“ကြည့်ရတာ နန်းတော် သခင်ရီက ယူချင်းအပေါ် ယုံကြည်ချက်တွေ ပိုပိုပြီး မြင့်တက်လာတဲ့ပုံပဲ…” ရှားကလန်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ပြုံးလျက်ပြောသည်။ ရီဖူရှင်း၏ စကားက တခြား ပြည်နယ်မှ လူများအား အမှန်တကယ်အားဖြင့် စိတ်ဆိုးစေသည်တော့ မဟုတ်ပေ။
“ကောင်းပြီ… ဒါဆိုလည်း နောက်ဆုံး အဆင့်တိုက်ပွဲတွေကို စတင် လိုက်ရအောင်…” ထိုအခိုက်တွင် ရှီဟွာတောင် ရှန့်ထိုက ပြုံးလျက် ပြောသည်။
သူက ကြေညာ လိုက်သည်တွင် ပတ်ဝန်းကျင် အခြေအနေက ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော မျက်လုံးများက တိုက်ပွဲ စင်မြင့်ထက်ကို ရောက်လာသည်။
ပြည်နယ်ကိုးခု ညီလာခံ၏ နောက်ဆုံး တိုက်ပွဲကား ရောက်လာပြီ ဖြစ်သည်။
ပြည်နယ်ကိုးခု ညီလာခံကို ကျင်းပနေသော အကြီးအကဲ၏ မျက်နှာအမူအရာကပင် လွန်စွာ လေးနက် တည်ကြည်နေ၏။ သူက နောက်ဆုံးကျန်ရစ်သော ဆယ်ယောက်ကို ကြည့်ကာ ပြောသည်… “အားလုံး စင်မြင့်ကို စက်ဝန်းပုံစံ နေရာယူ ပေးကြပါ…”
ဆယ်ယောက်က ထရပ်ကာ စင်မြင့်အလယ်အား ဗဟိုထား၍ စက်ဝန်းပုံစံ နေရာယူလိုက် ကြသည်။ ဆယ်ယောက်လုံးက သူတို့၏ ပြည်နယ်လိုက် စုဖွဲ့ထိုင်ခြင်းများ မပြုလုပ်ကြတော့ဘဲ တစ်ယောက်ချင်းစီက ထောင့်တစ်နေရာစီတွင် နေရာယူလိုက် ကြသည်။
“ထိပ်သီး ဆယ်ယောက်ရဲ့ တိုက်ပွဲစည်းမျဉ်းက အရင်လို မဟုတ်တော့ဘူ… ပြိုင်ပွဲဝင်တွေက သူတို့ဆန္ဒရှိတဲ့ ဘယ်သူ့ကိုမဆို တိုက်ခိုက်နိုင်တယ် … စည်းမျဉ်းက တစ်ခုပဲရှိတယ်.. အုပ်စုဖွဲ့ပြီး တစ်ယောက်တည်းကို ဝိုင်းဝန်း တိုက်ခိုက်ခြင်း မပြုလုပ်ရဘူး… အဲဒါကလွဲပြီး မင်းတို့အားလုံးက စိတ်ကြိုက် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ် … မင်းတို့က ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး ဆိုရင်လည်း အချိန်မရွေး လက်လျှော့ပြီး နုတ်ထွက်နိုင်တယ်… ကျန်တဲ့လူတွေက ဆက်ပြီး တိုက်ပွဲဝင်လိမ့်မယ် … ပထမဆုံး ရှုံးနိမ့်တဲ့လူက ဆယ်ယောက်အဆင့်မှာ နောက်ဆုံး ဖြစ်လိမ့်မယ်… စင်မြင့်ပေါ်မှာ နောက်ဆုံး ကျန်ရစ်သူက ပြိုင်ပွဲ ပထမဖြစ်လိမ့်မယ်…” အကြီးအကဲက တိုက်ပွဲ အစီအစဉ်ကို ကြေညာသည်။
အားလုံးက သက်ပြင်း ရှိုက်လိုက်ကြသည်။ တစ်ဦး တစ်ယောက်တည်းကို ဝိုင်းဖွဲ့ တိုက်ခိုက်ခြင်းအား ကန့်သတ်ထားသည်မှအပ သည်တစ်ခေါက်ကား လွတ်လပ်သော စိန်ခေါ်တိုက်ခိုက်မှုများ ဖြစ်ပေသည်။ အားလုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ကာ မိမိတို့ဆန္ဒရှိသော ပြိုင်ဘက်ကို ရွေးနိုင်ပေသည်။ အကယ်၍ သူတို့က ပြိုင်ဘက်ကို အနိုင် မယူနိုင်ပါကလည်း မိမိတို့ဆန္ဒအလျောက် ရပ်တန့် နိုင်ပေသည်။
“အခု ပြည်နယ်ကိုးခု ညီလာခံရဲ့ နောက်ဆုံး တိုက်ပွဲကို စလိုက်ရအောင်…”
သူက ထိုသို့ ပြောလိုက်သည်တွင် စင်မြင့်ပေါ်ကို မမြင်ရသော ဖိအားတစ်ခု ကျဆင်းလာသည်။ စင်မြင့်ကား လူဆယ်ယောက်မျှဖြင့် အလွန်တရာ ခြောက်ကပ်လွန်းသည် ထင်မှတ်ရသော်လည်း တစ်ဦး တစ်ယောက်ချင်းစီက အလွန် အားကောင်းသော အရှိန်အဝါများအား ပေးကြသည်။ တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်ပေသည်။
ဘုန်း… အလွန်အမင်း လေးလံသော အသံကျယ်ကြီးအား ကြားလိုက်ကြရကာ အားလုံးက လှမ်းကြည့် လိုက်ကြသည်။ ယူချင်းက ခြေလှမ်းကျယ်ကြီးဖြင့် စင်မြင့်ပေါ်ကို လှမ်းလာနေသည်။ သူ၏ တစ်ကိုယ်လုံးကလည်း နက်ရွှေရောင် အငွေ့အသက်များ လွှမ်းခြုံလာကာ ရုန့်ရင်းကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာနေသည်။ ထောင်ကျန်းခန္ဓာ ဖြစ်တည် လာသည်တွင် သူ့အား စစ်နတ်ဘုရားအလား ထင်မှတ်ရစေ၏။
ယူချင်းကား ဦးဆုံး စတင် တိုက်ခိုက်သူ ဖြစ်သည်။
မျက်လုံးပေါင်းများစွာက တော်ဝင် အလင်းနန်းတော်မှ ကျိဟွားရှိနေရာကို ရောက်သွားကြသည်။ ယူချင်း၏ ပစ်မှတ်က ကျိဟွားမှလွဲ၍ မည်သူဖြစ်အံ့နည်း။ သူတို့ နှစ်ယောက်လုံး၏ တိုက်ပွဲကို အားလုံးကလည်း မျှော်လင့်စောင့်စား နေခဲ့ကြခြင်း ဖြစ်သည်။
ကျိဟွား၏ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်လာသည်တွင် တခြားလူများ၏ မျက်လုံးများကို အလင်းများ စူးရှစွာ ဝင်ရောက်လာသည်။ သူက လက်ဝှေ့ယမ်းသည်တွင် တော်ဝင် အလင်းဓားများက သူ့ရှေ့တွင် ပေါ်လာကာ လေထဲ လှည့်ပတ်ကြသည်။
ဘုန်း…
ယူချင်း၏လက်က တုန်ခါသွားကာ အလင်းတန်းများက တစ်ကိုယ်လုံးကို စီးဆင်းသွားပြီး ခန္ဓာနေရာအနှံ့မှ သွေးကြောမများအား ဖွင့်လှစ်သည်။ သူ၏သွေးများ ဆူပွက်လာပြီး အလွန်အမင်း ခွန်အားများ ကြီးမားလာသည်။ သို့သော်လည်း ယူချင်း မလှုပ်ရှား ရသေးမီတွင်ပင် အလင်းဓားက သူ့ရှေ့ကို ရောက်လာကာ ဖြတ်တောက် သွား၏။
ယူချင်း၏ခန္ဓာကိုယ်မှ အလင်းစီးကြောင်းများ ဖြတ်သန်းသွားသည်တွင် သူက လက်နှစ်ဖက်ကို မြှောက်လျက် မာန်သွင်းလိုက်သည်။ ချက်ချင်းပင် သူ၏လက်နှစ်ဖက်လုံး၌ ရွှေရောင်အလင်းများ ဖြာထွက်လာပြီး လောဟာနယ်ကို ခွင်းကာ အလင်ဓားမျာ အားလုံးကို ကြေပျက်သွားစေသည်။ သို့သော်လည်း အချို့သော အလင်းတန်းများမူကား သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး ထောင်ကျန်း ခန္ဓာကို အက်ကွဲစေသည်။
ကျိဟွား၏ အမူအရာကား အေးစက်နေသည်။ သူ၏ဓားများက ယူချင်း၏ တိုက်ခိုက်ရေးပုံစံကို ချိုးဖျက်နိုင်စွမ်း မရှိပေ။ သူက လက်နှစ်ဖက်လုံးကို ဆန့်တန်း လိုက်သည်တွင် အလင်းလောကဓာတ်က သူ့ရှေ့တွင် အလင်းစုဖွဲ့မှု အနေဖြင့် ဖြစ်တည်လာကာ အလွန်အမင်း ထက်ရှသော ဓားများအဖြစ် ပြောင်းလဲလာ၏။
“သွား…” ကျိဟွားက အေးစက်စွာ တစ်ခွန်းပြောသည်။ သူက ပြောပြီးသည်တွင် အလင်းတန်းက လေဟာနယ်ကို ဖြတ်သန်း သွားသည်။ ထိုအခိုက်တွင်ပင် ယူချင်း၏ ခန္ဓာကိုယ်က အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်မှုများကို ခံစားရတော့၏။ ဓားအလင်းက ယူချင်း၏ ခန္ဓာကိုယ်ကို အဖန်ဖန် ဖြတ်သန်း သွားသည်တွင် ထောင်ကျန်းခန္ဓာက အက်ကွက်ကြောင်း များစွာ ဖြစ်လာသည်။
နောက်ဆုံးတွင် ဘုန်းခနဲ မြည်သံနှင့်အတူ ထောင်ကျန်းခန္ဓာက ပေါက်ကွဲထွက်သွားရာ ပရိသတ်များ၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ တော်ဝင် အလင်းနန်းတော်က ကျိဟွားအပေါ် ယုံကြည်ရခြင်းကား အကြောင်းပြချက် ကောင်းကောင်း ရှိရပေမည်။
ကျိဟွားက ဓားများကို အလင်းလောကဓာတ်နှင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ် စွမ်းအားဖြင့် တိုက်ခိုက်ခဲ့သည်။ ပိုမို၍ ထိတ်လန့်ဖွယ် ကောင်းသည်ကား ထိုတိုက်ခိုက်မှုများက ရှောင်တိမ်း၍ မရပေ။ အလင်းထက်မြန်သော တိုက်ခိုက်မှုများအား ခုခံရန် ပိုမိုခိုင်မာသော ခံစစ်ဖြင့်သာ တားဆီး နိုင်ပေမည်။ ခုခံမှုက လုံလောက်အောင် မာကျောခြင်း မရှိပါလျှင် အရှုံးတရားက သေချာပေါက် စောင့်ကြိုနေမည် ဖြစ်သည်။
အလင်းနန်းတော်က ပြည်နယ်ကိုးခု ညီလာခံ၏ ထိပ်သီးဆယ်နေရာသို့ တက်လှမ်း လာခြင်းမှာ ခိုင်မာသော စွမ်းရည်များ ရှိသောကြောင့်သာ ဖြစ်၏။
ဓားအလင်းများက ယူချင်း၏ ခန္ဓာကိုယ်ပေါ်ကို ဆက်လက် ကျဆင်းလာသည်။ လူအများအပြားက တုန်လှုပ်ကြသည်။ ယူချင်းက ရှုံးနိမ့်တော့မည်လား။
ထိုအခိုက်တွင် ယူချင်း၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရွှေရောင် ချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာသည်။ နက်ရွှေရောင် အငွေ့အသက်များက ခန္ဓာကိုယ်အနှံ့ ပြေးလွှားနေကြကာ ဝါးမျိုခြင်း လောကဓာတ်၏ အငွေ့အသက်များကို ပြင်းထန်စွာ ခံစားကြရသည်။ ဓားအလင်းများက ယူချင်း၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်တွင် သတ္တုချင်း ထိရိုက်သံကိုသာ ကြားကြရသည်။ ယူချင်း၏ ခန္ဓာကိုယ်ကား ပြင်းထန်သော တိုက်ခိုက်မှု နောက်တွင် တစ်ကြိမ်ကြိမ် နောက်ကို ဆုတ်ပေးရသည်တွင် တိုက်ခိုက်မှုများက မည်မျှ အားကောင်းသည်ကို မြင်နိုင်သည်။
မိစ္ဆာအရောင်အဝါက ထိုနေရာ တစ်ခုလုံးကို ရိုက်ခတ် လာသည်တွင် အနီးတစ်ဝိုက်မှ စွမ်းအားများကို စတင်၍ ဝါးမျိုခြင်းဖြင့် မိစ္ဆာစွမ်းအားများ အဖြစ် ပြောင်းလဲစေသည်။ ထိုအခိုက်တွင် ကျိဟွားက နတ်ဆိုးတစ်ပါးနှင့် တိုက်ခိုက်နေရသလို ခံစားရသည်။ သူက အလွန်တရာ မြင့်မား ခန့်ထည်သော နတ်ဆိုးတစ်ပါး သူ၏စိတ်ထဲတွင် ပေါ်လာသလို ခံစားရကာ ခုခံနိုင်စွမ်း အားမဲ့ရသည်။
“သတ်… သတ်… သတ်…” ကျိဟွားက အေးစက်သော မျက်လုံးများဖြင့် ဒေါသတကြီး အော်ဟစ်သည်။ သူ၏ ခန္ဓာကိုယ်ကလည်း ပိုမို၍ လင်းလက် တောက်ပြောင် လာနေ၏။ သူက ယူချင်းအား အနိုင်မယူနိုင်သည်ကို မယုံကြည်နိုင်ပေ။
တော်ဝင် အလင်းဓားက ယူချင်းကို အဆက်မပြတ် လာရောက် ဖြတ်တောက်သည့်တိုင် ဓားများကား ယူချင်း၏ခန္ဓာကိုယ်ကို ထိခိုက်အောင် တတ်နိုင်ခြင်း မရှိပေ။ အထူးသဖြင့် ရောက်လာသမျှသော အလင်းဓာတ်များမှာ ယူချင်း၏ဝါးမျိုခြင်းကို ခံရခြင်းပင်။
ကျိဟွား၏ အမူအရာက အလွန်အမင်း အရုပ်ဆိုးသွားသည်။ သူက ယူချင်း၏ ခန္ဓာကိုယ် အနီးတစ်ဝိုက်တွင် စတင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းအား သိမြင်ခံစား လာရသည်။ ယူချင်း၏ တိုက်ခိုက်ရေးပုံစံက တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာကာ နက်ရွှေရောင် အငွေ့အသက်များက ထောင်ကျန်း ခန္ဓာကိုယ်ကို စီးဆင်းနေရာ ထိုအထဲတွင် အမှန်တကယ် မိစ္ဆာဓာတ်တို့ ရစ်နွယ်နေသော အလင်းဓာတ်များအား မြင်တွေ့ ရတော့သည်။
ဘုန်း…
ယူချင်းက ဝုန်းခနဲ မြည်သံနှင့်အတူ ရှေ့ကို တက်လာသည်။ ကျိဟွား၏ မျက်နှာအမူအရာက ပျက်ယွင်းသွားပြီး အလင်းဓာတ်များကို အသုံးပြုကာ နောက်ကို မြန်ဆန်စွာ ဆုတ်သည်။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါက လေထဲတွင် ဖြစ်ပေါ်လာပြီး ကြီးမားသော စွမ်းအင်နှင့်အတူ ကောင်းကင်နတ်ဆိုး ပုဆိန်ရှည်က လေထုကို ဖြတ်သန်းလျက် ကျိဟွားထံသို့ ဆင်းသက် လာသည်။
ကျိဟွားက တော်ဝင် အလင်းများကို ပိုမိုအားကောင်းစွာ ထုတ်လွှတ်သည့်တိုင် ယူချင်းက ရှေ့ကို တစ်လှမ်း တက်လာပြီး လေထဲကို ဆန့်တန်းသည်။ သူ၏ ဧရာမ ထောင်ကျန်း ခန္ဓာကလည်း လက်ဝါးနှစ်ချက်ကို ရိုက်ထုတ် လိုက်သည်။ ချက်ချင်းပင် လေထဲတွင် ထောင်ပေါင်း များစွာသော လက်ဝါးပုံရိပ်များ ဖြစ်လာကာ ကောင်းကင် တစ်ခွင်အား ဖုံးအုပ်သွားပြီး လေဟာနယ်က တဝုန်းဝုန်း ပေါက်ကွဲ ကြတော့သည်။ ရွှေရောင် လက်ဝါးများက အံ့ဖွယ် ကောင်းအောင်ပင် အလင်းဓာတ်များအား ဖုံးအုပ်ကာ မြန်ဆန်စွာ ရွေ့လျား သွားကြသည်။ ကျိဟွား၏ အလင်း လောကဓာတ်ကပင် ထိုလက်ဝါးများကို အထောက်အပံ့အဖြစ် အသုံးပြုထားကြောင်း လူအများက သတိထား မိကြ၏။
သူတို့၏ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အားလုံးက ထိတ်လန့် ကြရသည်။ ကျိဟွား၏ ပတ်လည်တွင် ဓားအလင်းများ လှည့်ပတ် နေကြသည့်တိုင် သူကား လက်ဝါးများ၏ ဖိနှိပ်ခြင်းကို ခံထားရသည်။ ယူချင်း၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ပိုမို၍ ကွဲထွက်လာကာ အဆုံးအစမဲ့သော လက်ဝါးများက ပစ်မှတ်ကို ဦးတည်၍ အဆက်မပြတ် ကျဆင်း လာကြတော့သည်။
နောက်ဆုံးတွင် ပြင်းထန်သော လက်ဝါးရိုက်ချက် တစ်ချက်က ကျိဟွား၏ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာပြီး သူ့အား တွန့်လိမ်ခေါက်ကွေး စေလျက် ပါးစပ်မှ သွေးများ အဆက်မပြတ် အန်စေသည်။
ထိုအခိုက်တွင် ကျိဟွားကား အလွန်အမင်း ထိတ်လန့်ရသည်။ သူ၏ တိုက်ခိုက်မှုများက အလွန်အမင်း အားကောင်းသည့်တိုင် တစ်ဖက်လူအား ထိခိုက်နိုင်စွမ်း မရှိပေ။ သို့သော် တစ်ဖက်လူကား သူ့ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့၏။ ယခုမှ သူနားလည်သည် … ဤကား ကာယအားပြု လေ့ကျင့်သူတို့၏ စွမ်းအားပင်တည်း။
“ကျုပ် အရှုံးပေးတယ်…” ကျိဟွားက ပြောသည်။ သို့သော်လည်း သူ၏စကားလုံးများဖြင့်ပင် သူကား လက်ဝါးရိုက်ချက်များ၏ အဆက်မပြတ် ရိုက်နှက်ခံရမှုကြောင့် စင်မြင့်ထောင့်စွန်း အထိ လွင့်စဉ်သွားရကာ သွေးများ အဆက်မပြတ် အန်ကျသည်။
ထိုအခါမှ ယူချင်းက တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကာ သူ၏ တိုက်ခိုက်ရေး ပုံစံက ပျောက်ကွယ် သွားသည်။ သို့သော်လည်း တိုက်ပွဲကို ကြည့်နေသူများ၏ စိတ်နှလုံးကား မည်သို့ တည်ငြိမ် နေနိုင်မည်နည်း။
ထိပ်သီး ဆယ်ယောက်၏ တိုက်ပွဲတွင် ယူချင်းက အပြတ်အသတ် အနိုင်ရခဲ့ပြန်သည်။ သူ၏ အရှိန်အဝါကြီးသော တိုက်ခိုက်ရေးဟန်ပင်က တော်ဝင် အလင်းနန်းတော်မှ ကျိဟွားကို မရှုမလှ ရှုံးနိမ့်စေခဲ့သည်။
“သူက တကယ်ပဲ ကာယပိုင်းကို ဒီလောက်အထိ လေ့ကျင့်နိုင်ခဲ့ပြီး ထင်မြင်ချက်တွေ အကုန်လုံးကို မှားယွင်းစေခဲ့တယ်…” များစွာသော ပုဂ္ဂိုလ်ကြီးများက ယူချင်းကို ကြည့်ကာ ပြောကြသည်။ ကာယ ပိုင်းဆိုင်ရာတွင် ဤမျှအဆင့်အထိ လေ့ကျင့်နိုင်သည့်လူ ရှိအံ့မထင်ပေ။ ကျိဟွား၏ တော်ဝင် အလင်းဓားကား တိုက်ခိုက်ရေး စွမ်းအားတွင် ပြိုင်ဘက်ကင်းကာ မည်သည့် အတားအဆီးမဆို ကျော်ဖြတ် နိုင်သော်လည်း ယူချင်းကို ထိခိုက်နိုင်စွမ်း မရှိခဲ့ပေ။ သူကား ယူချင်းနှင့် ဆုံတွေ့ရခြင်းက အလွန် ကံဆိုးသည်ဟု ပြောရပေမည်။
တော်ဝင် အလင်းနန်းတော်မှ ပုဂ္ဂိုလ်ကြီးများကား ဆွံ့အရသည်။ ကျိဟွား၏ စွမ်းရည်က အလွန် အားကောင်းသည့်တိုင် သူကား ယူချင်းကြောင့် ပြိုင်ပွဲမှ ဦးဆုံး ထွက်ခဲ့ရသည်။
ဧည့်ကြည့်စင်မှ မရေမတွက်နိုင်သော မျက်လုံးများက ယူချင်းကို ကြည့်နေကြသည်။ ကျိဟွားကား ယူချင်း၏ လက်ချက်ကြောင့် စင်မြင့်ပေါ်မှ ဆင်းခဲ့ရသော နောက်ထပ် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ယူချင်း၏ လက်ချက်တွင် ပါရမီရှင် ဘယ်နှယောက်မျှ ကျဆုံးခဲ့ပြီလဲ..။ ယူချင်းကား သူတို့ အားလုံးအတွက် အသက်ရှိ အိပ်မက်ဆိုး ဖြစ်နေသည်။ သူ့အား တစ်ခုခု ကြံစည်ခဲ့သူ ဟူသမျှ အဆုံးသတ် ကောင်းမွန်ခြင်း မရှိခဲ့ကြပေ။
ဟွာယွန်ရှု၊ ကျောက်ယိုနှင့် ကျိဟွားတို့ အားလုံးက သူတို့၏ မျိုးဆက်တွင် ထိပ်ဆုံး၌ရပ်တည်နေကြသူများ ဖြစ်ကြသော်လည်း ယူချင်း၏ လက်ချက်တွင် အဆုံးသတ်ခဲ့ကြ သည်သာ။
သူ၏လက်တွင်း၌ ဘယ်သူက နောက်ထပ် ကျရှုံးရမည်နည်း။
အေးစက်သော မျက်လုံးအစုံက စင်မြင့်ထက်မှ ယူချင်းကို ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်အားလည်း ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ရစ်ပတ်ထား၏။ သူကား လို့ဟွားနန်းတော်၏ စွမ်းရည်အမြင့်ဆုံး မိုလျိုဖြစ်ပေသည်။ သူကလည်း အန်မတန် ခွန်အားကြီးမားကာ ယူချင်းကဲ့သို့ ကာယပိုင်းဆိုင်ရာကို အားပြုလေ့ကျင့်သူ ဖြစ်ပေသည်။ သူနားလည် ဆင်ခြင်ထားသည် ကလည်း မိစ္ဆာဓာတ် အခြေခံဖြစ်သော ဝါးမျိုခြင်း လောကဓာတ် ဖြစ်ပေ၏။
သို့သော်လည်း ယူချင်း၏ လောကဓာတ်များက ဝါးမျိုခြင်း လောကဓာတ်တွင် ဆင့်ကဲပြောင်းလဲ လာသည့် မိစ္ဆာအသွင် ပြောင်းခြင်း လောကဓာတ် ဖြစ်ပေသည်။
ယူချင်းနှင့်ကျိဟွားတို့ တိုက်ပွဲကြောင့်ပင် မိုလျိုကား သူ၏အစာကို မြင်တွေ့လိုက်ရသည့် သားရဲအလား စိတ်လှုပ်ရှား တက်ကြွခြင်းများ ကြီးစွာ ဖြစ်လာရသည်။
ပြိုင်ပွဲပထမ ရလိုခြင်းအပြင် သူကဲ့သို့သော လူက တခြား ပြည်နယ်များမှ စွမ်းအား အမြင့်ဆုံးဟူသော ပါရမီရှင်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခွင့်ရရန်ကား ကြီးမားသော အာသီသတစ်ခု မဟုတ်ပါလား။ ပိုမိုအားကောင်းသော ပြိုင်ဘက်နှင့် တွေ့လေလေ သူက ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်ကာ တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာတော့၏။ ယူချင်းက ခွန်အားကြီးသည့်တိုင် သူက ကြောက်ရွံ့မည် မဟုတ်ပေ။ သူ၏ လက်ရှိဆန္ဒကား သွေးနံ့ရသော သားရဲနှင့် ထူးမခြားနားပါပေ။ သူ၏အေးစက်သော မျက်လုံးများက ယူချင်း တစ်ယောက်တည်းထံကို ရောက်လာ၏။ အနက်ရောင် အငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာရင်းဖြင့် ယူချင်းထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။
အကြီးအကဲက ရှင်းလင်းစွာ ပြောထားသည်မှာ စင်ပေါ်၌ နောက်ဆုံး ကျန်ရစ်သောသူ တစ်ဦး တစ်ယောက်တည်း ထွက်ပေါ်လာတော့မှ တိုက်ပွဲများ ပြီးဆုံးမည်ဟူ၏။ နှုတ်ဆက်ဂါရဝပြုစရာ မလိုသလို ယဉ်ကျေးပျူငှာ နေစရာလည်းမလို။ အုပ်စုဖွဲ့ကာ တစ်ဦး တစ်ယောက်တည်းကို ဝိုင်းဖွဲ့တိုက်ခိုက်ခြင်း မဟုတ်သရွေ့ သူတို့က စိတ်ကြိုက် ပြိုင်ဘက်ကို ရွေးချယ် တိုက်ခိုက်နိုင်သည်။ ယူချင်းက ဒဏ်ရာပြင်းထန်စွာ ရနေလျှင်ပင် သူကား တိုက်ခိုက်ခွင့် ရှိပေသည်။ ထို့ကြောင့် သူကား ယူချင်းထံကို တိုက်ရိုက် ချဉ်းကပ်သွားသည်။
“မိုလျိုက ယူချင်းကို တိုက်ခိုက်တော့မယ် ထင်တယ်…” လူအများအပြားက စင်မြင့်ထက်ကို မျက်တောင်မခတ် ကြည့်နေရင်းက ပြောကြသည်။ ယခု စင်မြင့်ထက်မှ လက်ကျန် ကိုးယောက်ကား ပြည်နယ်ကိုးခုလုံးမှ ကြောက်မက်ဖွယ် အကောင်းဆုံးသော ပါရမီရှင်များ ဖြစ်ကြ၏။ ယူချင်း မည်မျှ အစွမ်းထက်သည်ကို မိုလျိုက နားလည်ထားရာ သူက ယူချင်းအား ပြိုင်ဘက်အဖြစ် ရွေးချယ်ရန် အချိန်ကြာကြာ စဉ်းစားစရာ မလိုတော့ပေ။
ယူချင်းထံမှ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ တစ်ဖန်ထွက်ပေါ် လာပြန်၏။ နက်ရွှေရောင် အလင်းများနှင့်အတူ ထောင်ကျန်းခန္ဓာ ထွက်ပေါ်လာသည်။ အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းသွားလျှင် အဆုံးအစမဲ့သော ခွန်အားများ ဖြစ်တည်လာ၏။
ပွဲကြည့်စင်ပေါ်မှ ရီဖူရှင်းက ဆွံ့အရသည်။ ယူချင်းကဲ့သို့သော ကြံ့ခိုင်သူပင် တိုက်ပွဲများ ဆက်တိုက် တိုက်ခိုက်ရလျှင် ပင်ပန်းနွမ်းနယ်မည် ဖြစ်သည်။ သူနှင့် တိုက်ခိုက်ခဲ့သော ကျောက်ယို၊ ဟွာယွန်ရှု၊ ကျိဟွားတို့က အားနည်းသည် မဟုတ်သည့်အပြင် ကိုယ်စီ ကိုယ်စားပြုသည့် ပြည်နယ်များ၏ အကောင်းဆုံးများဟုပင် ပြောနိုင်ပေ၏။
***