အခန်း (၁၀၂၉)
Vol. 74 Ch. 1029
ဟန်မူယဲ့၏ မိုးကြိုးပုတီးစေ့များက ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးနှင့် မယှဉ်နိုင်သော်လည်း အရေအတွက်များသည်။
သူက သင်္ဘောပျံကိုထိန်းချုပ်ပြီး ထွက်ခွာလာသောအခါတွင် သောင်းချီသော မိုးကြိုးလျှပ်စီးများက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တိုက်ခိုက်လိုက်ကြသည်။
သူက ဝင်္ကပါ၏အခြေအနေကို စစ်ဆေးမကြည့်ခဲ့ပေ။
သာမန်အတိုင်း ပြုလုပ်ခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။
သင်္ဘောပျံက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှ ထွက်လာသောအခါတွင် မတူညီသော ကမ္ဘာတစ်ခုကို မြင်ရသည်။
ဆိုးယုတ်သောအငွေ့အသက် ဖြစ်သည်။
အဆုံးမရှိသော မကောင်းဆိုးဝါးအငွေ့အသက်များသည် လေထုထဲတွင် ပြည့်နှက်နေသည်။
ရှေ့တွင်ရှိသော သွေးအလင်းသည် လောကကို အရောင်ဆိုးနေသည်။
ဤနေရာတွင် ချီစွမ်းအင်၊ အင်မော်တယ်စွမ်းအင်၊ နတ်စွမ်းအင် မရှိပေ။
လောကကို နီရဲသွားစေသော တောင်တစ်လုံးသာ ရှိနေသည်။
“ဒါက သွေးစက်ကျချောက်ကမ်းပါးပဲ”
ဟန်မူယဲ့က ပိုင်ထူ၏ တီးတိုးစကားသံကို ကြားလိုက်ရသည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ အန္တရာယ်နယ်မြေသုံးခုထဲမှ တစ်ခုဖြစ်သော သွေးစက်ကျချောက်ကမ်းပါး ....
သင်္ဘောပျံပေါ်တွင် လူတိုင်းက အံ့အားသင့်နေကြသည်။ သို့သော် ဟန်မူယဲ့က မတူညီသောအရာကို မြင်ခဲ့သည်။
သူက စည်းမျဉ်းစွမ်းအားကို မြင်နေရသည်။
‘စည်းမျဉ်းကို ထိန်းချုပ်ထားတာလား’
‘ဒါမှမဟုတ် သွေးစက်ကျချောက်ကမ်းပါးက စည်းမျဉ်းကနေ ဖြစ်ပေါ်လာတာလား’
စည်းမျဉ်းကို အင်မော်တယ်ဘုရင်များကသာ ထိန်းချုပ်နိုင်ကြသည်။
‘ဒီမှာ အင်မော်တယ်ဘုရင် ရှိနေတာလား’
“ဝီ”
အဝေးတစ်နေရာတွင် နတ်ဘုရားအလင်း ပေါ်ထွက်လာသည်။
နတ်ဘုရားကလန် ဖြစ်သည်။
ဟန်မူယဲ့က ဟန်ချီနှင့် ရှန့်လင်းရွှမ်းကို လှည့်ကြည့်သည်။
သူတို့နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ရှန့်လင်းရွှမ်းက လေးကြိုးကို ဆွဲလိုက်သည်။
ရွှေအလင်းစီးကြောင်းသည် လေးကိုင်းတွင် ပေါ်လာသည်။
ရွှေအလင်းသည် သတ်ဖြတ်ခြင်းအငွေ့အသက်ကို သယ်ဆောင်ထားသော မြားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
“ရွှစ်”
မြားရှည်ကို ပစ်လွှတ်လိုက်သည်။
ရွှေရောင်ချပ်ဝတ်နှင့် ရှန့်လင်းရွှမ်းက ပစ်ခတ်မှုကို မရပ်တန့်ခဲ့ပေ။ သူက အသက်ရှူကြိမ်တစ်ခါအတွင်း မြားတစ်ရာခန့်ကို ပစ်လွှတ်ခဲ့သည်။
မြားအလင်းသည် ရွှေရောင်အလင်းတန်းတစ်ခုကို ချန်ထားခဲ့သည်။
“ဘုန်း ....”
ရွှေအလင်းတန်းသည် လောကကို ထိုးခွဲသွားသည်။
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ရွှေအလင်း ပေါ်ထွက်လာသည်။
ထိုမြားချက်သည် အင်မော်တယ်သခင်များကို ထိခိုက်သွားစေနိုင်သည်။
ရှ့န်လင်းရွှမ်းက လေးကိုင်းကို သိမ်းလိုက်ပြီး လက်မြှောက်၍ နောက်ကျောတွင်ရှိသော ဓားနှစ်လက်ကို ဆွဲထုတ်သည်။
ဟန်ချီက ခပ်ဟဟရယ်လိုက်ပြီး လက်ထဲတွင်ရှိသော အသွားနှစ်ဖက်ဓားမော့ကို မြှောက်သည်။
ခမ်းနားသော ဓားမော့အလင်း ပေါ်ထွက်လာသည်။
ဓားမော့အလင်းက ပေတစ်သောင်းရှည်လျားပြီး ကောင်းကင်အထိ ထိုးတက်သွားသည်။
“သတ်”
ဟန်ချီက ဟိန်းဟောက်လိုက်ပြီး ဓားမော့ဖြင့် ခုတ်ချသည်။
ဓားမော့အလင်းသည် လောကကို နှစ်ပိုင်းခွဲလိုက်သည်။ ရှေ့တွင်ရှိသော သွေးနီရောင်ကမ္ဘာသည် ကြည်လင်သွားခဲ့သည်။
သင်္ဘောပျံက ဓားမော့အလင်း ထိုးခွဲလိုက်သောနေရာသို့ မြားတစ်စင်းသဖွယ် ပြေးဝင်သွားသည်။
“ရန်သူတွေ တိုက်ခိုက်နေပြီ ....”
နတ်ဘုရားကလန်က အော်ဟစ်လိုက်ပြီး ရွှေအလင်းကို စတင်စုစည်းသည်။
ဓားမော့ကိုင်ထားသော ဟန်ချီနှင့် ဓားနှစ်လက်ကိုင်ထားသော ရှ့န်လင်းရွှမ်းတို့က ပြေးထွက်သွားကြသည်။
“ဘုန်း”
ဓားနှင့်ဓားမော့က လှုပ်ရှားလိုက်ပြီး အချင်းချင်း ဆက်သွယ်သွားသည်။
တောက်ပသောအလင်းသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး နတ်ဘုရားအလင်းကို လွယ်ကူစွာ ဖျက်ဆီးလိုက်သည်။
ဓားအလင်းသည် သွေးစက်များကို ချန်ထားခဲ့သည်။
ဓားမော့ခုတ်ချက်သည် လောကကို ပျက်စီးသွားစေသည်။
သူတို့ကို မည်သူမှ မတားနိုင်ကြပေ။
သူတို့က နတ်ဘုရားသတ်ဖြတ်သူများ ဖြစ်ကြသည်။
သင်္ဘောပျံပေါ်တွင်ရှိနေသော လူအိုကြီးဖုန်းနှင့် တခြားလူများက ထိတ်လန့်ပြီး အားကျနေကြသည်။
ဟန်ချီနှင့် ရှန့်လင်းရွှမ်းက မယုံကြည်နိုင်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။
“မင်းတို့က သေချင်နေတာပဲ”
အသံတစ်သံ ပေါ်ထွက်လာပြီး ရွှေလက်ဝါးချက်တစ်ခု ဆင်းသက်လာသည်။
ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှု ဖြစ်သည်။
ဤနေရာတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအား မရှိပေ။ သို့သော် ထိုလက်ဝါးချက်အောက်တွင် ကောင်းကင်နှင့်မြေကြီးက ပြန်လည်မွေးဖွားလာပုံပေါ်သည်။
ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများသည် ကိုယ်ပိုင်ကမ္ဘာနှင့် တစ်သားတည်း ဖြစ်နေကြသည်။
“ရွှပ်”
ဟန်ချီက ပေတစ်ထောင်ကြီးများသွားသည်။ သူက ဓားမော့ဖြင့် ရေပြင်ညီအတိုင်း ခုတ်ချသည်။
ကောင်းကင်ကို လွှမ်းမိုးထားသော လက်ဝါးချက်က ဓားမော့ခုတ်ချက်ကြောင့် ပျက်စီးသွားသည်။
နာကျင်စွာ အော်ဟစ်လိုက်သောအသံကို ကြားနိုင်သည်။
ရှန့်လင်းရွှမ်းကလည်း ပေတစ်ထောင်ကြီးမားသွားပြီး သင်္ဘောပျံကို လမ်းရှင်းပေးနေသည်။
နတ်ဘုရားသတ်ဖြတ်သူရုပ်သေးရုပ်များကို မည်သူမှ မတားဆီးနိုင်ကြပေ။
လမ်းတွင်ရပ်နေသော ရန်သူများအားလုံးက ဖျက်ဆီးခံလိုက်ရသည်။
အဝေးတစ်နေရာတွင် သွေးရောင်ချောက်ကမ်းပါးကို မြင်ရသည်။
တောင်စောင်းတစ်ခုလုံးက သွေးရောင်သန်းနေပြီး ဆိုးယုတ်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သို့သော် အနီရောင်ချပ်ဝတ်နှင့် နတ်ဘုရားတစ်ပါးက ရုတ်တရက်ပေါ်လာသည်။
“ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ စစ်ကူတွေလား”
“ဟမ့်၊ ငါက ဒီမှာရှိနေတယ်။ ဘယ်သူဖြတ်သွားနိုင်မလဲ ကြည့်ရအောင်”
အင်မော်တယ်သခင် ဖြစ်သည်။
“ဘုန်း”
ဟန်ချီက နှစ်ဖက်သွားဓားမော့ဖြင့် ခုတ်ချသည်။
ဓားမော့က ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲသွားသည်။
လမ်းပိတ်ထားသော နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က နှာမှုတ်လိုက်ပြီး အနီရောင်လှံရှည်ကို မြှောက်သည်။
“ခလွမ်”
ဟန်ချီ၏ဓားမော့ကို တားဆီးလိုက်သည်။
နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က အေးစက်စွာပြုံးလိုက်ပြီး ပြောသည်။
“မင်းမှာ ခွန်အားသက်သက်ပဲ ရှိတယ်”
သူက စကားအဆုံးတွင် လှံရှည်ကို အဆုံးမရှိသော အလင်းတန်းများအဖြစ် ပြောင်းလဲ၍ ဟန်ချီကို တိုက်ခိုက်လိုက်သည်။
သူက နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ အားနည်းချက်ကို လွယ်ကူစွာ ထွင်းဖောက်မြင်နိုင်သော အင်မော်တယ်သခင်တစ်ပါး ဖြစ်သည်။
ဟန်ချီနှင့် ရှန့်လင်းရွှမ်းက သူတို့၏ ခွန်အားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
သူတို့က အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်နေသေးသည်။
“ဝီ”
ဓားနှစ်လက်သည် အင်မော်တယ်သခင်၏ဦးခေါင်းကို ခုတ်ချလိုက်သည်။ အင်မော်တယ်သခင်က လက်မြှောက်ပြီး ရွှေဝဲကတော့တစ်ခုကို ဖန်တီး၍ ဓားနှစ်လက်ကို တားဆီးသည်။
သူက ရုပ်သေးရုပ်နှစ်ရုပ်ကို တစ်ဦးတည်းခွန်အားဖြင့် တားဆီးထားနိုင်သည်။
“ဘန်း”
ဟန်ချီက ရင်ဘတ်ကို ရိုက်ခတ်လာသော လှံအလင်းကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။
သူက လက်ထဲတွင်ရှိသော ဓားမော့ကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ခုတ်ချသည်။
ဤတစ်ကြိမ်တွင် နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က အံ့အားသင့်သွားသည်။
သူ၏ တိုက်ခိုက်မှုကို အဆင့်တူ အင်မော်တယ်သခင်များကပင် မခုခံနိုင်ကြပေ။
သို့သော် ကျင့်ကြံဆင့်နိမ့်ကျပြီး ခွန်အားသက်သက်သာရှိသော ဟန်ချီက ထိခိုက်မသွားခဲ့ပေ။
ဟန်ချီနှင့် ရှန့်လင်းရွှမ်းက ရုပ်သေးရုပ်၏ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်သော်လည်း ထူးခြားသော ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
ရုပ်သေးရုပ်ကို တစ်ချက်တည်း မဖျက်ဆီးနိုင်လျှင် သူတို့က ထိခိုက်သွားမည်မဟုတ်ပေ။
“ဘုန်း”
ဓားမော့ ဆင်းသက်လာသောအခါ နတ်ဘုရားကလန်၏ အင်မော်တယ်သခင်က လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်ရသည်။
ဓားမော့အလင်းသည် ပတ်ဝန်းကျင်တွင်ရှိသော သွေးဆာနေသည့်အငွေ့အသက်ကို ရှင်းလင်းပေးလိုက်သည်။
“တက်”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။ ဟန်ချီနှင့် ရှ့န်လင်းရွှမ်းက တုံ့ဆိုင်းခြင်းမရှိပဲ ပြေးထွက်သွားကြသည်။
ရှေ့တွင် သွေးစက်ကျချောက်ကမ်းပါးက သူတို့၏တိုက်ပွဲကို သတိထားမိပြီး အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး အင်မော်တယ်အင်းကွက်များကို ဖန်တီးသည်။
သွေးစက်ကျချောက်ကမ်းပါးမှ အားပေးသံများကို ကြားနိုင်သည်။
“အဲဒါက ယွင်လန်ဓားအင်မော်တယ်ပဲ”
“ဟားဟား၊ ဂိုဏ်းက ငါတို့ကို စွန့်ပစ်မသွားဘူးဆိုတာ ငါသိနေတယ်”
“ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့ကို ဖိနှိပ်နိုင်တဲ့ ကျွမ်းကျင်သူပဲ”
အင်မော်တယ်အင်းကွက်မှတစ်ဆင့် သတင်းအချက်အလက်များကို သိလိုက်ရသည်။ ဟန်မူယဲ့က အကောင်းဆုံးကြိုးစားပြီး သင်္ဘောပျံအား တားဆီးနေသော အင်မော်တယ်သခင်ကို ကြည့်လိုက်သည်။
အကယ်၍ သူက တစ်ယောက်တည်းဆိုလျှင် ဟန်ချီ၊ ရှန့်လင်းရွှမ်းတို့နှင့် ပူးပေါင်းပြီး ထိုအင်မော်တယ်သခင်ကို သတ်ပစ်လိမ့်မည်။
သို့သော် ယခုအချိန်တွင် သူက လျင်မြန်စွာနီးကပ်လာသော အင်မော်တယ်သခင်သုံးယောက်ကို မြင်နေရသည်။
အသက်ရှူကြိမ်တစ်ရာအတွင်း၌ ထိုအင်မော်တယ်သခင်သုံးယောက် ရောက်လာကြလိမ့်မည်။
သူက အင်မော်တယ်သခင်လေးယောက်ကို မကြောက်သော်လည်း သင်္ဘောပျံပေါ်တွင် တခြားလူများ ရှိနေသေးသည်။
ထို့အပြင် သူက အင်မော်တယ်သခင်နှင့် တိုက်ခိုက်ရန်အတွက် ဤနေရာသို့ ရောက်လာခြင်းမဟုတ်ပေ။
သူက ဝင်္ကပါပြားကို ပို့ပေးရမည်။
သွေးစက်ကျချောက်ကမ်းပါးတွင် ဝင်္ကပါပြားကို တပ်ဆင်ပြီး အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို ဆင့်ခေါ်နိုင်လျှင် နတ်ဘုရားကလန်စစ်တပ်နှင့် တာအိုဂိုဏ်းမှ သစ္စာဖောက်များကို ရှင်းလင်းနိုင်လိမ့်မည်။
“အစွမ်းကုန်တိုက်ခိုက်မယ်”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး အစိမ်းရောင်ဓားတစ်လက်ကို ထုတ်ယူသည်။
အင်မော်တယ်အလင်းနှင့် ဓားအလင်း စုစည်းလာပြီး ပေတစ်ထောင်ရှည်လျားသော ဓားပုံရိပ်ကို ဖန်တီးသည်။
“ခလွမ် ....”
ဓားအလင်းသည် အင်မော်တယ်သခင်ကို ချုပ်နှောင်လိုက်သည်။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ ရှ့န်လင်းရွှမ်းက ဓားနှစ်လက်ဖြင့် ခုတ်ချပြီး အင်မော်တယ်သခင်၏ လက်နှစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။
အင်မော်တယ်သခင်က နာကျင်စွာအော်ဟစ်လိုက်ပြီး ထွက်ပြေးသွားသည်။
ဟန်ချီက ကျယ်လောင်စွာရယ်ပြီး ဓားမော့ဖြင့် သွေးအငွေ့အသက်ကို ရှင်းလင်းသည်။ သင်္ဘောပျံက လမ်းကြောင်းအတိုင်း သွေးစက်ကျချောက်ကမ်းပါးဆီသို့ ချဉ်းကပ်လာသည်။
ဟန်မူယဲ့က ရွှေအလင်းကို ထုတ်ဖော်ပြီး သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါကို အလင်းပေးလိုက်သည်။
“ယွင်လန်ဓားအင်မော်တယ်ပဲ။ ဝင်္ကပါကို အသက်သွင်းလိုက်”
သွေးစက်ကျချောက်ကမ်းပါးမှ အသံတစ်သံ ထွက်လာသည်။
ထို့နောက် ရွှေအလင်းလွှာသည် သင်္ဘောပျံကို လွှမ်းခြုံပြီး အထဲသို့ ဆွဲခေါ်သွားသည်။
ရွှေအလင်းရောင် ပျောက်ကွယ်သွားသောအခါ သွေးရောင်ချပ်ဝတ်နှင့် လူအိုကြီးများသည် ဟန်မူယဲ့၏ရှေ့တွင် ရပ်နေကြသည်။