← Chapters

ပြီးပြည့်စုံသော ရုပ်ခန္ဓာ

Vol. 008 Ch. 793

ပြီးပြည့်စုံသော ရုပ်ခန္ဓာ

Vol. 008 Ch. 793

စင်မြင့်ပေါ်တွင် နောက်ထပ် တိုက်ပွဲတစ်ခု ပြီးဆုံးလာခဲ့ပြီ ဖြစ်သည်။ မိုလျိုကား ယူကြောင့်ပင် သွေးများအန်ကျလျက် စင်မြင့်ထောင့်စွန်းကို လွင့်စဉ်သွားသည်။ သူ ရှုံးနိမ့်သွားပြီ ဖြစ်သည်။

နောက်လှည့်လျက်ပင် ယူချင်း၏ မျက်လုံးက ရာရာထံကို ရောက်သွားသည်။ သူက ရှေ့ကို တက်သွားရန် ဟန်ပြင်လိုက်၏။

“ယူချင်း...” ထိုစဉ်မှာပင် သူ့နားထဲကို အသံတစ်သံ​ ရောက်လာသည်။ သူကား ရီဖူရှင်းဖြစ်သည်။ ယူချင်းက ဧည့်ကြည့်စင်မှ ရီဖူရှင်းဘက်ကို လှမ်းကြည့်သည်တွင် ရီဖူရှင်းက ပြောသည်… “သူမကို နောက်ဆုံးမှ တိုက်…”

စင်မြင့်ထက်တွင် ယူချင်းနှင့်ရာရာတို့က စွမ်းအား အမြင့်ဆုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ယူချင်းက သူမနှင့်ဆောလျင်စွာ တိုက်ခိုက်ရန် မသင့်ပေ။

ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခုကို ကြားကြရသည်။ ဝူပေနှင့်ချူချိန်တို့က လူချင်း ခွာလိုက်ကြ၏။ နှစ်ယောက်လုံးက အလွန်အမင်း ပြင်းထန် အားကောင်းသော စွမ်းရည်နှင့် တိုက်ခိုက်အားကို ပိုင်ဆိုင်ကြသည်။ သူတို့နှစ်ယောက်က စွမ်းရည်ချင်း တူညီနေကြကာ အနိုင်အရှုံး ရလဒ်မပေါ်သေးပေ။

ဝူပေ၏နောက်တွင် ရှေးဗုဒ္ဓတစ်ပါး ရှိနေကာ ပုံရိပ်ယောင် များစွာကိုလည်း ဖန်ဆင်းထားသည်။ ချူချိန်မူကား အလွန်တရာ ခွန်အားကြီးမားသော လူဝံကြီးက စစ်နတ်ဘုရား လှံရှည်ကို ကိုင်ထားကာ အရာခပ်သိမ်းကို တိုက်ခိုက် နှိမ်နင်းတော့မည့်ဟန်ပင် ရှိနေ၏။

သူတို့က အချင်းချင်း ကြည့်နေကြသော်လည်း တခြား တိုက်ပွဲရလဒ်များ ကိုလည်း သူတို့က သိကြပေသည်။ ရာရာက အနည်းငယ် ထူးဆန်းကာ ယူချင်းက မိုလျိုအား အနိုင်ယူခဲ့ပြီး ကျူးကော့ရီက ရှားရီကို တိုက်ခိုက် နေသည်။

ဘန်း...

ကျယ်လောင်သော အသံနှင့်အတူ ချူချိန်က ဝူပေကို စွန့်ခွာကာ ယူချင်းထံကို တစ်ဟုန်ထိုး ပြေးသွားသည်။ ဘယ်သူ ပိုအားကောင်းသည်ကို သူသိလို၏။

ချူရှမ်းနှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော လူဝံက စစ်နတ်ဘုရား လှံရှည်ကို ကိုင်ဆောင်ကာ ကောင်းကင်မှ ဆင်းသက် လာသည်တွင် ကြီးမားသော ဖိအားက ယူချင်းထံကို တစ်မုဟုတ်ချင်း ကျဆင်း လာတော့သည်။

မိစ္ဆာစွမ်းအင်များ ရုန့်ရင်းကြမ်းတမ်းစွာ ပေါ်ထွက်လာသည်တွင် ယူချင်း၏ခန္ဓာကိုယ်ပေါ်၌ ချပ်ဝတ်တန်ဆာများ ဖုံးအုပ်လာပြီး သူ့အား ပိုမို၍ သန်မာ ထွားကျိုင်း သွားသည်ဟု ထင်မြင်ရစေသည်။

ယူချင်း၏လက်များ တုန်ခါသွားကာ အလင်းတန်းများက တစ်ကိုယ်လုံးကို စီးဆင်းသွားသည်။ အဆုံးမဲ့သော စွမ်းအင်များ မွေးဖွားလာသည်။ နတ်ဆိုးပုံသဏ္ဌာန်က လက်မြှောက်ကာ သူ့ထံကို တိုးဝင်လာသော စစ်နတ်ဘုရား လှံရှည်ကို ချိန်ရွယ်လိုက်သည်။ လှံရှည်ကား ကြီးမားသော ဖိအားဖြင့် ကျဆင်း လာသော်လည်း လက်ဝါးပုံရိပ် အစုံက ရောက်လာသည်တွင် ဘုန်းခနဲ မြည်သံနှင့်အတူ လှံရှည်က အစိတ်စိတ် ကြေပျက် သွားရတော့သည်။

လေထဲတွင် ချူချိန်က ထိုမြင်ကွင်းကို ကြည့်ကာ ကျောစိမ့်သွားသည်။ သူ၏ ကြောက်မက်ဖွယ် ထိုးနှက်ချက်အား တစ်ဖက်လူက လက်ဝါးဖြင့် ကာကွယ်သွားသည်။ ချူချန်းက လက်ဝှေ့ယမ်း လိုက်သည်တွင် လူဝံပုံရိပ်က သူနှင့် ပေါင်းစပ်သွားကာ လက်၌ စစ်နတ်ဘုရား လှံရှည်က တစ်ဖန် ဖြစ်ပေါ် လာပြန်သည်။ လှံအား တင်းတင်း ဆုပ်ကိုင်ခြင်းဖြင့် သူကိုယ်တိုင်က လူဝံနတ်ဘုရား တစ်ပါးအလား ကြီးမားသော စွမ်းအင်နှင့်အတူ ယူချင်းထံကို ဆင်းသက် လာပြန်၏။

ဘန်း…

စစ်နတ်ဘုရား လှံရှည်က ယူချင်း၏ရှေ့ကို ရောက်လာသည်။ သို့သော်လည်း ယူချင်း၏ နောက်ကျော၌ အတောင်ပံ တစ်စုံပေါ်လာကာ ယူချင်းကလည်း လေထဲကို မြန်ဆန်စွာ ပျံတက်လာ၏။ ထိုအခိုက်တွင်ပင် သူ၏လက်နှစ်ဖက်က ရှေ့ကို ဆန့်တန်းလာကာ ချူချိန်ထံသို့ တိုးဝင်သွားသည်။

လူအများအပြား၏ စိတ်နှလုံးများ တုန်ခါ သွားကြသည်။ သူတို့ရှေ့မှ မြင်ကွင်းကား ပြိုင်ဘက်ကင်း နတ်ဘုရားလူဝံနှင့် နတ်ဆိုးတစ်ပါးတို့၏ ရင်ဆိုင် တိုက်ခိုက်မှုအလား ထင်မှတ်စရာပင်။ သူတို့ချင်း ထိတွေ့သည်တွင် ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုများ၊ လေထုနှင့် မြေထုတုန်ခါမှုများ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင် တစ်ခုလုံး မတည်မငြိမ် ဖြစ်ရသည်။

ဘုန်း ... ဘုန်း … ဘုန်း ... များစွာသော ပေါက်ကွဲမှုများကို ကြားကြရကာ နောက်ဆုံးတွင် ယူချင်း၏လက်ဝါးက ချူချိန်၏ရင်ဘတ်ပေါ်ကို ကျဆင်းသွားသည်ကို အားလုံးက မြင်လိုက်ကြရသည်။ ချူချိန်ကား ထိုလက်ဝါး ရိုက်ချက်ကြောင့်ပင် ဒဏ်ရာ ပြင်းထန်စွာဖြင့် ပြိုင်ပွဲမှ ထွက်လိုက်ရ၏။

“ချူချိန်လို ခွန်အား ကြီးမားတဲ့လူလည်း ရှုံးတာပဲ...” လူအများအပြားက စိတ်လှုပ်ရှားစွာ ရေရွတ်မိကြ၏။ သူတို့က ပြိုင်ဘက်ကင်း စွမ်းရည်ကို ပိုင်ဆိုင်သော နတ်ဆိုးတစ်ပါးအား မြင်တွေ့ခဲ့ကြရသည်။

နတ်ဆိုး အတောင်ပံက လှုပ်ခတ်သွားခြင်းဖြင့် ယူချင်းက ဝူပေထံကို ပျံသန်းသွားသည်။ ဝူပေကလည်း ထိုသို့ ဖြစ်လာမည်ကို သိသည့်အလား ယူချင်းဘက်ကို လှည့်ကာ စောင့်စားနေသည်။

လေဟာနယ်ထဲ ဗုဒ္ဓတရားတော်များ ပျံ့လွင့်လာသည်။ ကမ္ဘာမြေပေါ်တွင် ကောင်းကင် နတ်ဘုရား ပေါ်ထွက်လာကာ ဗုဒ္ဓ၏ မဟာဗောဓိ လက်ဝါးဖြင့် ရိုက်နှက်သည်။ ယူချင်းက လေထဲတွင်ပင် ရပ်ကာ သူ့ထံကို တိုးဝင်လာသော မဟာဗောဓိ လက်ဝါးအား ရှောင်တိမ်းမည့်ပုံစံ မရှိပေ။ လက်ဝါးက တကယ်တမ်း ရောက်လာသော အခါတွင်လည်း ဘုန်းခနဲမြည်သံကို ကြားရကာ ဧရာမနတ်ဆိုး ပုံသဏ္ဌာန်က တုန်လှုပ်ခြင်း ကင်းစွာ ရပ်နေသည်ကိုသာ မြင်ကြရ၏။

အားလုံး၏ မျက်နှာ အမူအရာများ ပြောင်းလဲ သွားကြသည်။ ဝူပေ၏ မဟာ ဗောဓိလက်ဝါးအား အလွန်အမင်း နာမည် ကျော်ကြားပေသည်။ သို့တိုင်အောင် သူ၏အကောင်းဆုံး တိုက်ခိုက်မှုက ယူချင်းအား တုန်လှုပ်စေခြင်း မရှိပေ။ ဘာကို ဆိုလိုသနည်း။

မရေမတွက်နိုင်သော ဗုဒ္ဓပုံရိပ်များ ဖြစ်ပေါ်လာကာ ဂါထာတော် ရွတ်သံများ လေထဲ ပျံ့လွင့်လာသည်။ ကောင်းကင်တွင် နေမင်းတစ်စင်း ဖြစ်ပေါ်လာပြီး အရာခပ်သိမ်းကို လောင်ကျွမ်းသည်။ မီးဓာတ် အလင်းများ ပါဝင်သော မဟာဗောဓိ လက်ဝါးကလည်း တစ်ဖန် ယူချင်းထံကို ရိုက်ခတ်လာ၏။

ယူချင်းက လက်ကို လှုပ်ခတ် လိုက်သည်တွင် နက်ရွှေရောင် အလင်းများ လေဟာနယ်ထဲ ပျံ့လွင့်သွားပြီး ကောင်းကင်နှင့် မြေပြင်မှ အဆုံးမဲ့သော စွမ်းအားများ သူ့ထံတွင် လာရောက် စုစည်းကြသည်။ သူက လက်ကို မြှောက်လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာစွမ်းအင်များ ဖြစ်ပေါ်လာသည်။ မဟာဗောဓိ လက်ဝါးက သူ့ထံကို ကျဆင်းလာသည်တွင် သူ၏ အတောင်ပံများကို ဖြန့်ကြက်ကာ အလင်းတန်းအလား လက်ဝါးပုံရိပ်ထံသို့ တိုးဝင် သွားတော့သည်။

သူက လက်မြှောက်ကာ တိုက်ခိုက် လိုက်သည်တွင် ကောင်းကင်နှင့်မြေပြင် အကြားမှ အဆုံးမဲ့သော မိစ္ဆာစွမ်းအားများက လိုက်ပါလာသည်ဟု ထင်မှတ်ရသည်။ ထို့နောက် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ အမှောင်နှင့်အလင်း ရောထွေးသွားပြီး နတ်ဆိုးပုံသဏ္ဌာန်က မဟာဗောဓိလက်ဝါးကို ဖောက်ထွင်းကာ ဝူပေထံကို ရောက်သွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်ကို မြင်လိုက် ကြရသည်။

လက်ဝါးက ရင်ဘတ်ထက်ကို ကျဆင်းလျှင် လင်းလက် တောက်ပသော မဟာဗာဂျာရာ ခန္ဓာက အက်ကွဲသွားပြီး ဝူပေလည်း ပါးစပ်မှ သွေးစများနှင့်အတူ နောက်ကို လွင့်စဉ် သွားသည်။

“ဒါက နဂို နည်းလမ်းအတိုင်းပဲ … ဒါပေမဲ့ အရင်ထက် အားကောင်းတယ်…” ဧည့်ကြည့်စင်ပေါ်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးက ယူချင်းကို လှမ်းကြည့်ကြသည်။ ထိပ်သီး ဆယ်ယောက် တိုက်ပွဲတွင် ယူချင်းကား ကျိဟွား၊ ချူချိန်၊ ဝူပေနှင့်မိုလျိုတို့အား အနိုင်ယူခဲ့ပြီး ဖြစ်သည်။

သူ တစ်ယောက်တည်းဖြင့် ပါရမီရှင် လေးယောက်ကို အနိုင်ယူခဲ့သည်။

ဗာဂျာရာဒေသမှ အတော်ဆုံး ပါရမီရှင်နှင့် ချူမဟာကလန်မှ စွမ်းရည်အမြင့်ဆုံး သူတို့ပင် သူ့လက်ချက်တွင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ခွန်အား တစ်ခုတည်းက အရာအားလုံးကို အနိုင်ယူနိုင်၏။

“သဘာဝက မွေးဖွားပေးတဲ့ စစ်သူရဲကောင်းပဲ…” အချို့က မြေရိုင်းပြည်နယ်၌ ဤမျှ ထူးခြား ထက်မြင်သော ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာသည်ကို မယုံကြည် နိုင်ကြပေ။

ပြည်နယ်ကိုးခုလုံးက ဤသို့သော ရတနာ ပါရမီရှင်မျိုးကို ရရှိရန် လိုလားကြရာ ယူချင်းကို သူတို့ပြည်နယ်သို့ ဆွဲဆောင် သိမ်းသွင်းနိုင်မည်လား တွေးနေကြသည်။

အမှန်ပင် ယူချင်းအတွက် မြေရိုင်းပြည်နယ်တွင် လေ့ကျင့်သည်က သူ့အတွက် အလဟဿ ဖြစ်စေသည်သာ။ သူ့အတွက် မြေရိုင်းပြည်နယ်တွင် လေ့ကျင့်ခြင်းက ရှန့်ထိုဖြစ်ရန် ပိုမို ခက်ခဲစေမည် ဖြစ်သည်။

ယခု စင်မြင့်ထက်တွင် လူလေးယောက်သာ ကျန်ရစ်ပြီ ဖြစ်သည်။

သူတို့ကား ရာရာ၊ ယူချင်း၊ ရှားရီနှင့် ကျူးကော့ရီတို့ ဖြစ်ကြသည်။ ယခု ရှားရီနှင့် ကျူးကော့ရီတို့ တိုက်ခိုက်နေကြကာ မကြာမီ ထိပ်သီး သုံးယောက် ပေါ်ထွက် လာပေတော့မည်။

နောက်ဆုံး တိုက်ပွဲက ရီဖူရှင်း ခန့်မှန်း ထားသလိုပင် ယူချင်းနှင့်ရာရာတို့ ဖြစ်မည်လား။

လူအများအပြားက ရီဖူရှင်းရှိနေရာ ဧည့်ကြည့်စင်ကို ကြည့်ကြသည်။ ယူချင်းကား တော်ဝင်လမ်းကို တက်လှမ်းနိုင်သော ရှားပါး ကာယလေ့ကျင့်သူ ဖြစ်သည်။ ဤသို့​သော ပါရမီရှင်က အမှန်ပင် မြေရိုင်းပြည်နယ်၌​ ထွက်ပေါ်လာခြင်းမှာ ယုံနိုင်ဖွယ်ပင် မရှိပေ။

“ရလဒ်က ပေါ်တော့မယ်…” ထိုအခိုက်တွင် တိုက်ပွဲအတွင်း၌​ ရှားရီနှင့် ကျူးကော့ရီတို့က ပြင်းထန်စွာ တိုက်ခိုက်နေကြရာ မကြာခင် အနိုင်အရှုံး ရလဒ် ပေါ်တော့မည်ဟု သိနိုင်ပေသည်။

ရှားရီနှင့် ကျူးကော့ရီတို့ နှစ်ယောက်လုံးက အလွန်အမင်း အားကောင်းသော ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ အထူးသဖြင့် ရှားရီအား လူအများစုက ပြိုင်ပွဲ၏ အတော်ဆုံးထဲမှ တစ်ယောက် ဖြစ်သည်ဟု သတ်မှတ်ထားခဲ့ကြ၏။ ယခု ကျိရှားတော်ဝင် နန်းတော်မှ ကျူးကော့ရီကလည်း အားနည်းဟန် မရပေ။

သူတို့ နှစ်ယောက်အကြား ပြင်းထန်သော တိုက်ခိုက်မှုများ ကလည်း အားလုံးကို ရင်သပ်ရှုမော ဖြစ်စေသည်သာ။ ရှားရီအား နဂါးများစွာက ရစ်ပတ်ထားကာ ဆွဲငင်အားနှင့် တွန်းကန်အားတို့ကို အချိုးကျ အသုံးပြုလျက် တစ်ဖက်လူကို ထိန်းချုပ် တိုက်ခိုက်စေသည်။ ကျူးကော့ရီကလည်း တံခါးပေါက်များကို လှည့်ပတ်စေကာ ရှားရီအား တိုက်ခိုက်သည်တွင် လေဟာနယ် တစ်ခုလုံးက ပြင်းထန်သော စွမ်းအင် ရိုက်ခတ်မှုများဖြင့် ပြည့်နှက် နေတော့သည်။

“တိုက်ပွဲ ကြာလာတာနဲ့အမျှ ရှားရီက ပိုပြီး အားကောင်းလာသလိုပဲ…” ပရိသတ်အချို့က တစ်စုံတစ်ခုကို သတိထားမိဟန်ဖြင့် မှတ်ချက်ချကြသည်။ ထိုအရာကပင် ရှားကလန်၏ စကြဝဠာ ဖြစ်တည်ခြင်း နည်းစနစ် ဖြစ်ပေသည်။ သည်အတိုင်း ဆက်သွားပါက ကျူးကော့ရီ ရှုံးနိမ့်ရမည်မှာ သေချာ၏။

ချီပြည်နယ် ဧည့်ကြည့်စင်ဘက်မှ ကျိရှားတော်ဝင် နန်းတော်၏အကြီးအကဲများက တိုက်ပွဲကို အေးအေးလူလူ ကြည့်နေကြသည်။

လူအများအပြားက ရှားကလန်၏ ရှားရီကို အထင်ကြီး ကြပေလိမ့်မည်။ သို့သော်လည်း လက်ရှိတွင် အားအကောင်းဆုံးဟု သတ်မှတ်နိုင်သော ယူချင်းနှင့် ရာရာတို့လည်း ရှိနေသေး၏။

နှစ်တစ်ရာတွင်မှ တစ်ခါ မြင်တွေ့ရတတ်သော သဘာဝဗီဇ ရှန့်ထိုခန္ဓာအား ပိုင်ဆိုင်ထားသော ပါရမီရှင်ကား ကျူးကော့ရီ ဖြစ်သည်။

ကျူးကော့ရီက လက်ကို ဝှေ့ယမ်းလိုက်သည်တွင် လေလှိုင်း ရိုက်ခတ်သံများနှင့် အတူ ကောင်းကင်၌ ဓာတ်ငါးမျိုး စွမ်းအင်များက ရုန့်ရင်းကြမ်းတမ်းစွာ စီးဆင်းကြသည်။ ကျူးကော့ရီ၏ နောက်တွင် ရှေးသင်္ကေတငါးခုက ပိုမို၍​ လင်းလက်လာကာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်သွားကြ၏။

“သစ်သားက မီးကို ထုတ်လုပ်တယ် … မီးက မြေကို ထုတ်လုပ်တယ်… မြေက သတ္တုကို ထုတ်လုပ်တယ် ... သတ္တုက ရေကို ထုတ်လုပ်တယ်… ရေက သစ်ကို ထုတ်လုပ်တယ်… ဒါကြောင့် အသက်က အဆုံးမဲ့ပဲ…” ကျူးကော့ရီ၏နောက်မှ အလင်းများက ပိုမိုစူးရှလာကာ ဓာတ်ငါးမျိုးက နောက်ဆုံးတွင် တစ်ခုတည်းသော ပင်မဓာတ်အဖြစ် ပြောင်းလဲသွားသည်။ ပင်မဓာတ်အလင်းက ပိုမိုကြီးထွား လာသည်တွင် လောကတစ်ခုလုံးမှ ဓာတ်များစုံတို့ အားလုံး လာရောက် ပေါင်းစည်းသည်ဟု ထင်မှတ်ရ၏။ အလင်းတန်းများက နေရာတိုင်းတွင်ရှိကာ ဓာတ်ငါးမျိုးကို ကိုယ်စားပြုသော စွမ်းအင်များအား ဖြစ်တည်စေသည်။

“ဟင်…” ကျူးကော့ရီ၏ အသက်ရှူနှုန်းက ပိုမို ပြင်းထန် လာသည်ကို အားလုံးက ခံစားမိကြသည်။ သူ့အတွင်းမှ အသက်ဓာတ်ကလည်း ပြောင်းလဲလာဟန် ရ၏။ သူ၏နဖူးသွေးကြောမ နေရာမှ မီးတောက် အလင်းတစ်ခုကို မြင်ကြရသည်။ သူ၏လက်၊ ခြေနှင့် ရင်ဘတ်များမှ အလင်းတန်းများ ပြိုးပြိုးပြက်ပြက် လင်းလက်ကြ၏။

“ဓာတ်ငါးမျိုးကား ကောင်းကင်၏ မွေးဖွားခြင်း ဖြစ်သည် …  မဟာလမ်းစဉ်တွင် ပြီးပြည့်စုံခြင်း ဟူသည်မရှိ…” ကျိရှား တော်ဝင်နန်းတော်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ဂုဏ်ယူ ဝင့်ကြွားဟန်ဖြင့် ဟစ်ကြွေးသည်။ သူကား ကျိရှား တော်ဝင်နန်းတော်တွင် နှစ်ပေါင်းများစွာ ပေါ်ထွန်းလာခြင်း မရှိသေးသော ပါရမီရှင်ဖြစ်သည်။ သည်တစ်ယောက် ပြည်နယ်ကိုးခု ညီလာခံက ကျူးကော့ရီ၏စင်မြင့် ဖြစ်ရပေမည်။

“ကောင်းကင်၊ မြေပြင်၊ မိုးကြိုး၊ လေ၊ မီး၊ တောင်၊ ပင်လယ်…” ကျူးကော့ရီက လက်ဝှေ့ယမ်းကာ ပြောသည်တွင် ချက်ချင်း ရှေးသင်္ကေတရှစ်ခုက အစီအစဉ်တကျပေါ်လာကာ အလင်းတန်းများဖြင့် ဆက်နွှယ်သွားကြပြီး အဆုံးမဲ့သော စွမ်းအင်များကို ဖြစ်ပေါ်စေသည်။

“ဓာတ်ငါးမျိုး၊ ရှစ်ထောင့်ဝင်္ကပါ…” လူအများ၏ စိတ်နှလုံးများ တုန်ခါသွားကြသည်။ ဝင်္ကပါက ဆက်လက် ဆင့်ကဲပြောင်းလဲ လာသည်တွင် ဓာတ်ငါးမျိုးမျှသာ မဟုတ်တော့ဘဲ ကောင်းကင်၊​မြေ၊ မိုးကြိုးနှင့် လေတို့ကလည်း တစ်ခုပြီးတစ်ခု မွေးဖွားလာကြပေ၏။ ရှစ်ထောင့်ဝင်္ကပါကလည်း ဆက်လက် ပြောင်းလဲသည်တွင် ကောင်းကင်တစ်ခုလုံး အလင်းတန်းများဖြင့် ပြည့်နှက်နေတော့သည်။

ပြည်နယ်ကိုးခုမှ လူများ၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ အားလုံးက ကျူးကော့ရီ၏ ပြောင်းလဲမှုကို ခံစားမိကြသည်။ ယခုတွင် စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ပေါင်းစပ်နေကြကာ ကျူးကော့ရီ၏တည်ရှိမှုက ရပ်တန့်နိုင်ခြင်းငှာ တတ်နိုင်သည် မဟုတ်ဟု ထင်လာရသည်။ သူကား အောင်မြင်မှု၏ အထွတ်အထိပ် ဖြစ်သည်။ ဓာတ်ငါးမျိုးနှင့် ရှစ်ထောင့်ဝင်္ကပါတို့က ကောင်းကင်တွင် တည်လျှင် ကျူးကော့ရီ ကိုယ်တိုင်က ကောင်းကင်ကို ထိန်းချုပ်သူအဖြစ် ထင်မြင်ရစေသည်။ ရှားရီ၏ ကိုယ်ရောင်ကိုယ်ဝါ ပင်လျှင် ကျူးကော့ရီ၏ အရှိန်အဝါအောက်တွင် မှေးမှိန် ရသည်။

“ခန္ဓာ၏ ပြီးပြည့်စုံခြင်း…” ရှီဟွာတောင် ရှန့်ထို၏ မျက်လုံးများက ထက်ရှသွားသည်။

တော်ဝင်လမ်းကား ပြီးပြည့်စုံခြင်းဖြစ်ရာ ခန္ဓာ၏ ပြီးပြည့်စုံခြင်းက ရှန့်ထိုတစ်ပါး၏ ခန္ဓာကိုယ်ကို ကိုယ်စားပြုပေသည်။

ကျူးကော့ရီက ဓာတ်ငါးမျိုးကို စုစည်းသည်တွင် ထာဝရ တည်တံ့နိုင်သော ရှစ်ထောင့် ဝင်္ကပါအား တည်သည်။ မဟာလမ်းစဉ်က ပြီးပြည့်စုံခြင်း ဖြစ်လျှင် ဓာတ်ငါးမျိုးက ရှန့်ထိုတစ်ပါး၏ အရည်အသွေး မဟုတ်ပါလား။

“ရှန့်ထိုတစ်ပါး ဖြစ်နိုင်တဲ့ သဘာဝရုပ်ခန္ဓာ… ကျိရှားတော်ဝင် နန်းတော်မှ ဒီလိုပါရမီရှင် တစ်ယောက် ပေါ်လာတာ မထင်မှတ် ထားစရာပဲ … ထိပ်သီး သုံးယောက်အကြား တိုက်ပွဲက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ…   ကောင်းကင်ရှန့်ထိုက ပြုံးလျက် ပြောသည်။

သည်နှစ် ပြည်နယ်ကိုးခု ညီလာခံ၏ ပြိုင်ပွဲဝင်များက အမှန်ပင် မထင်မှတ်ထား လောက်အောင် အားကောင်းကြပေသည်။

***

All Chapters