← Chapters

နှုတ်ဆက်ခွင့်ပြုပါ

Vol. 10 Ch. 21

နှုတ်ဆက်ခွင့်ပြုပါ

Vol. 10 Ch. 21

Sky New London: “လွန်ခဲ့တဲ့နာရီအနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပိုးကောင်ထိုးစစ်နဲ့အတူပါလာတဲ့ နယူးယောက်မြို့တိုက်ခိုက်ခံရမှုဖြစ်စဥ်ကြောင့် လူလေးသောင်းကျော်သေဆုံးခဲ့ပြီး တစ်သန်းကျော်ဒဏ်ရာရရှိကာ လူဦးရေဆယ့်လေးသန်း အိုးမဲ့အိမ်မဲ့ဖြစ်လျက်ရှိပါတယ်။ ဥရောပနဲ့အာရှက မဟာမိတ်တွေရဲ့အကူအညီလည်းရောက်ရှိလာဖို့ရှိနေပြီး ပိုးကောင်ထိုးစစ်ကတော့ ရပ်တန့်သွားခဲ့ပါပြီ။ နယူးယောက်ကနေ သတင်းရဖို့ခက်နေပေမဲ့ လန်ဒန်သားတချို့ကို ကျွန်မတို့တွေ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ လိုက်လံမေးမြန်းထားပါတယ်။

အင်တာဗျူးဖြေသူတစ်ဦး: “အဲဒါက ရူးလောက်စရာပဲ။ အနောက်ဘက်က မိုးကောင်းကင်ကြီးတစ်ခုလုံး အနက်ရောင်ဖြစ်သွားတာကို လန်ဒန်မြို့ပေါ်ကနေ မြင်နေရတယ်။ တိုက်ပွဲဖြစ်တာက နယူးယောက်မှာလေ။ ဒီလောက် သမုဒ္ဒရာကြီးတစ်ခုလုံးခြားထားတာကို မြင်နေရတယ်။ ဒါသာအမှန်ဆိုရင် မဟာမိတ်ကလူတွေကလည်း ပိုးကောင်တွေလိုပဲ ကျုပ်တို့ကမ္ဘာကြီးကိုဖျက်ပစ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ပြောရမလား။”

Euros New: “အနောက်ဘက်မိုးကောင်းကင်မှာဖြစ်ပွားခဲ့တဲ ဖြစ်စဥ်က မစ်ရှင်အဖွဲ့ခေါင်းဆောင် ငွေရောင်စစ်သည်နဲ့ပိုးကောင်စစ်တပ်အကြီးအကဲချုပ်ဆာဂီဖစ်တို့ရဲ့တိုက်ပွဲက သက်ရောက်မှုဖြစ်တယ်လို့ မဟာမိတ်က ထုတ်ပြန်လာပါတယ်။ သုတေသီတွေရဲ့အဆိုအရ ထောင်စုနှစ်တစ်ခုလုံးရဲ့အပြင်းအထန်ဆုံးတိုက်ပွဲဖြစ်ပြီး လက်ရှိသိရှိထားတဲ့ စွမ်းအားအဆင့်တွေအားလုံးထက်ကျော်လွန်နေတာကြောင့် အဆင့်သစ်သတ်မှတ်ချက်ထုတ်ပြန်ဖို့ ကြိုးစားနေကြတယ်လို့ဆိုပါတယ်။”

CNN: “အားလုံးပဲမင်္ဂလာပါ၊ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ကနေပြီး ထုတ်လွှင့်နေတာဖြစ်​ပါတယ်။ နယူးယောက်ဖြစ်ရပ်ကြောင့် Fox Newsနဲ့ MSNBC သတင်းဌာနတို့ရဲ့နယူးယောက်အခြေစိုက်ဌာနတွေအပါအဝင် ကျွန်တော်တို့ CNN NY သတင်းဌာနခွဲလည်း ဖျက်ဆီးခံလိုက်ရတဲ့အတွက် လက်ရှိအခြေအနေကို ကိုယ်တိုင်သတင်းရယူရခက်ခဲနေပေမဲ့ ဆိုရှယ်မီဒီယာတွေမှာတက်လာတဲ့ ပုံရိပ်တွေကိုကြည့်ရသလောက်တော့ တကယ့်ကိုကြောက်စရာပါပဲ။ အင်ပါယာစတိတ်အဆောက်အဦး ထက်ပိုင်းကျိုးကျသွားတဲ့ပုံတွေနဲ့ လေဘာတီရုပ်ထုကြီးရေထဲတစ်ဝက်မြုပ်နေတဲ့ ဗီဒီယိုတွေကို မျှဝေသူ သန်းရာနဲ့ချီရှိနေပါပြီ။”

မဟာမိတ်မစ်ရှင်အဖွဲ့ဌာနချုပ်ရဲ့လုံခြုံရေးအမြင့်ဆုံးမြို့တော်နယူးယောက်က နေ့ချင်းည​ချင်းပြာပုံဖြစ်သွားတဲ့သတင်းဟာ တစ်ကမ္ဘာလုံးကိုပြန့်နှံသွားပြီး လူတွေတုန်လှုပ်ချောက်ချားကုန်တယ်။ လက်ရှိဖြစ်သွားတဲ့ ပျက်စီးမှုအနေအထားက ပြန်ပြုပြင်ဖို့အတွက်တောင် မဖြစ်နိုင်လောက်အောင် ကြီးမားပါတယ်။ ပြည်သူတချို့ဆိုရင် နောက်ထပ်အဓိကပစ်မှတ်ဖြစ်နိုင်တဲ့ မဟာမိတ်ရဲ့အုပ်ချုပ်ရေးဌာနချုပ်လန်ဒန်ကနေတောင် ထွက်သွားဖို့ကြိုးစားနေကြတယ်။

နယူးယောက်ဖြစ်ရပ်က ဒိုမီနိုသက်ရောက်မှုတစ်ခုကို အစပျိုးပေးလိုက်ပြီး မဟာမိတ်က လူသားတွေကို အလုံးစုံမကာကွယ်နိုင်ဘူးဆိုတာအဖြစ်မှန်က လူသားတွေရဲ့ကြောက်စိတ်ကိုနှိုးဆွပေးလိုက်ပြီး အဖွဲ့အစည်းတစ်ခုလုံးအပေါ် ယုံကြည်မှုက လုံးဝကျဆင်းသွားခဲ့ပြီ။

“အဲဒီဘိုးတော်ကြီးက တကယ့်ကို ထက်မြက်တာပဲ။ သူသေတာတောင်မှ ကောင်းကောင်းမသွားသေးဘဲနဲ့ ဘုရင်မရဲ့စစ်တပ်ကို လက်ဆောင်တစ်ခုပေးသွားသေးတာပဲ။”

ဆိုဖာခုံပေါ်မှာ ပေါင်ချိတ်ထိုင်နေတဲ့ အိုလီက တီဗီကိုပိတ်လိုက်တယ်။ ချန်နယ်တိုင်းက တူညီတဲ့သတင်းတစ်ခုတည်းကိုပဲ ပြသနေတာကြောင့် သူစိတ်ညစ်လှပြီ။ ယင်ကောင်ကတော့ ထိုင်ခုံရဲ့နောက်မှာရပ်နေပြီးတော့ လက်ပိုက်နေပါတယ်။

“အခုဆိုရင် မဟာမိတ်ရဲ့စိတ်ဓာတ်ရေးရာအင်အားက အောက်ဆုံးကိုရောက်သွားပြီ။ ဘုရင်မအနေနဲ့ နောက်တိုက်စစ်မစရင်တောင်မှ အချိန်ကြာလာတာနဲ့အမျှ လူသားတွေရဲ့မဟာမိတ်အပေါ်ယုံကြည်စိတ်ကကျဆင်းလာပြီး အက်ကြောင်းတွေပေါ်လာလိမ့်မယ်။လူသားတွေက တဖြည်းဖြည်းအားနည်းလာပြီး ငါတို့က ပိုအားကောင်းလာတော့မှာ။”

ယင်ကောင်က ပြုံးပြီးပြောလိုက်တယ်။ အဲဲဒီအချိန်မှာပဲ ပိုးဖလံက ယင်ကောင်နဲ့အိုလီရှိနေတဲ့ အခန်းထဲဝင်လာပြီး မေးလိုက်ပါတယ်။

“ယင်ကောင်၊ ဘုရင်မဘယ်ရောက်နေတာလဲ။ ခါတိုင်းတိုက်ပွဲပြီးရင် အစည်းအဝေးခေါ်နေကျမဟုတ်လား။”

ယင်ကောင်က ခေါင်းညိတ်လိုက်တယ်။ ဒါက လုပ်ရိုးလုပ်စဥ်လေ။ ပြီးတော့မှ သူက ပိုးဖလံကောင်နားသွားပြီး ပခုံးကိုပုတ်ကာ နားနားကပ်ပြီးပြောလိုက်တယ်။

“နားနားနေနေလုပ်ပါ သူငယ်ချင်းကြီး။ ဘုရင်မက ဘာရွန်ကို နောက်ဆုံးအနေနဲ့ သွားနှုတ်ဆက်တယ်လေ။”

“အဲဒီလိုလား...”

...

နန်းတော်ရဲ့မြေအောက်အချုပ်ခန်းထဲမှာတော့ ဘာရွန်က သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းခံထားရတဲ့ ဆာဂီဖစ်ရဲ့ဂလင်းအရည်တွေ အားပျော့လာတာကို သတိထားမိလိုက်ပြီး ပြုံးလိုက်ပါတယ်။

“ဒီတော့ အဲဒီပိုးဟပ်ကောင် တစ်နေရာရာမှာ​သေသွားပြီပေါ့။ နောက်ဆုံးတော့လည်း ဒီကမ္ဘာမှာ နောက်ဆုံးအထိအသက်ရှင်ကျန်ပြီး ဘုရင်မကို ထိန်းကြောင်းပေးနိုင်တဲ့သူဆိုလို့ ငါပဲရှိတာ။”

ဘာရွန်က အူမြူးနေတဲ့ပုံစံနဲ့ ရယ်မောလိုက်ပါတယ်။ခဏနေတော့ ညင်သာတဲ့ခြေသံကို ကြားရတာကြောင့် ခြေသံလာရာကို ကြည့်လိုက်တော့ အနက်ရောင်စကပ်နဲ့ကျောင်းသူအင်္ကျီကိုဝတ်ထားတဲ့ ဥစာကီကိုတွေ့လိုက်တယ်။ လက်ထဲမှာတော့ မိစ္ဆာသတ်ဓားကို ကိုင်ထားတယ်။

“ဥစာကီ၊ ဘုရင်မတစ်ယောက်က ဘုရင်မတစ်ယောက်လို ဝတ်စားရမယ်လို့ ပြောထားတယ်မဟုတ်လား။ မင်းက ငါထောင်ထဲရောက်နေတာနဲ့ပဲ ငါသင်ပေးထားတာတွေကို မေ့ပစ်လိုက်တာလား။”

ဘာရွန်က သူ့ခွန်အားကိုသုံးပြီး အချုပ်ခန်းရဲ့သံတိုင်တွေကို ရိုက်ချိုးပစ်လိုက်တယ်။ ဥစာကီကတော့ ဘာရွန်ကို ဒီအတိုင်းစိုက်ကြည့်နေတုန်းပဲ။ အဲဒီနောက်မှာတော့ သူက ဆံပင်တွေကို လက်နဲ့ဖွလိုက်ပြီး

“ဒီနေ့ကစပြီး ငါက ငါ့လမ်းငါလျှောက်မယ့်ဘုရင်မပဲ။ ငါ့ကို ချုပ်ကိုင်ထားမယ့် ဘာရွန်တစ်ယောက်ကို အလိုမရှိတော့ဘူး။”

ဒီစကားကိုကြားတာနဲ့ ဘာရွန်က တစ်ခုခုမှားနေပြီဆိုတာသိတယ်။ ဒါကြောင့် ထွက်ပြေးချင်ပေမဲ့ သူနေရာကနေ မခွာနိုင်ခင်မှာပဲ ဥစာကီဆီကနေ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုထွက်ပေါ်လာတယ်။ နောက်တော့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ သံချိန်းကြိုးသဏ္ဍာန်အနက်ရောင်မီးတောက်တွေက ဘာရွန်ကို ချုပ်နှောင်လိုက်ပါပြီ။

“မင်း... ဘယ်လိုလုပ်ပြီးတော့ အချိန်တိုအတွင်း ဒီလောက်တောင် အစွမ်းထက်လာရတာလဲ။”

ဘာရွန်က သူ့ရဲ့ခွန်အားကိုသုံးပြီး သံချိန်းကြိုးတွေကနေ လွတ်အောင်ရုန်းပေမဲ့ နည်းနည်းလေးတောင်မှ လှုပ်မရဘူး။ ဥစာကီကတော့ ဓားကိုဝေ့ယမ်းလိုက်ပြီး ဘာရွန်ရဲ့ကိုယ်ထဲ ဓားဦးကိုထိုးသွင်းလိုက်တယ်။

“မ... မဖြစ်နိုင်တာ... မင်းက အခုထိ... အရွယ်မရောက်သေးဘူးလေ။”

အဲဒီနောက်တော့ ဘာရွန်က သူ့ရင်ဘတ်က ဒဏ်ရာကိုသူဆုပ်ကိုင်ရင်း မြေပြင်ပေါ်ကို ဒူးထောက်ကျသွားတယ်။ စက္ကန့်ပိုင်းအကြာမှာ မျက်သူငယ်အိမ်က ကျယ်ပြန့်လာပြီး အသက်ကင်းမဲ့စွာနဲ့ ကြမ်းပြင်ပေါ်ကို လဲကျသွားပါတော့တယ်။

...

မက်ဒါနာက မျက်လုံးကိုဖွင့်လိုက်တယ်။ မျက်နှာကျက်က သူအရင်က မြင်ဖူးတဲ့နေရာတစ်ခုပဲ။ သတ္တုရောင်ပေါက်နေတဲ့ မျက်နှာကျက်တစ်ခု။

“ဒီတော့ မစ်ရှင်အဖွဲ့ရဲ့ဌာနချုပ်က နင့်ရဲ့သင်္ဘောပျံပေါ်မှာ ဖြစ်သွားပြီလား။” မက်ဒါနာက ပြောလိုက်တယ်။ ဒါပေမဲ့ သူအဲဒီလိုပြောပြီးမကြာခင်မှာပဲ ရွှေရောင်ဆံပင်ကို နှစ်ဖက်ခွစည်းထားတဲ့ မိန်းမငလေးတစ်ယောက်က သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုတော့တာပဲ။

“မက်ဒါနာ... နင်လူလိမ်မ... အရူးမ... အဲဒီစွမ်းအားကို မသုံးပါနဲ့တော့လို့ ပြောထားရဲ့နဲ့။ ငါတို့ပြန်လာတဲ့အထိ စောင့်ပါလား။”

ဖရာလီတာက သူ့ရင်ဘတ်ကို ထုနေရင်းကနေ မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။ ပူနွေးတဲ့ မျက်ရည်စက်တွေက ဖရာလီတာရဲ့ပါးပြင်ကို ဖြတ်သန်းပြီး သူ့ရင်ဘတ်ပေါ်ကို လာထိမှန်ပါတယ်။ ဒါကြောင့် မက်ဒါနာအခုဝတ်ထားတဲ့ အဖြူရောင်ညဝတ်အင်္ကျီက မျက်ရည်တွေနဲ့ စိုစွတ်ကုန်ပါတယ်။

“ဖရာလီတာ၊ မက်ဒါနာက အခုမှနိုးလာတာလေ။ သူ့ကို အနှောင့်အယှက်မပေးဘဲနေရအောင်။”

လင်ဒါက ဖရာလီတာရဲ့ပခုံးကို တင်းတင်းဆုပ်ကိုင်ပြီး နောက်ကိုဆွဲခေါ်သွားလိုက်တယ်။ ဖရာလီတာက မက်ဒါနာကို ထုရိုက်နေတာ ရပ်လိုက်ပေမဲ့ ဆက်ပြီးငိုနေတုန်းပဲ။ လင်ဒါကတော့ သူ့ကိုဖျော့တော့စွာ ပြုံးပြလိုက်တယ်။ လင်ဒါက ငိုမနေပေမဲ့ သူ့မျက်လုံးတွေနီရဲနေပုံထောက်ရင် ငိုထားတာ မကြာသေးတဲ့ပုံပဲ။

မက်ဒါနာက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ ဖရာလီတာ၊ လင်ဒါ၊ ​အေမီ၊ ဖရက်၊ ဆိုဖီယာ သူတို့အားလုံးရှိနေတယ်။ ဖလေရာတစ်ယောက်ပဲ ရှိမနေတာပါ။

“ဖလေရာရော... သူရထားတဲ့ ဒဏ်ရာတွေပြင်းလို့လား။”

မက်ဒါနာမှတ်မိသလောက် ဖလေရာရဲ့လက်နက်က တိုက်ပွဲမှာပေါက်ကွဲထွက်သွားပြီး ဒဏ်ရာရသွားတာလေ။ လင်ဒါကတော့ ခေါင်းခါပြလိုက်တယ်။

“ဝတ်စုံစနစ်က အကာအကွယ်ကြောင့် ကြီးကြီးမားမားထိခိုက်မသွားဘူး။ လောလောဆယ် ယာဥ်ပျံဧည့်ခန်းက ဘားအသေးစားလေးမှာ တစ်ယောက်တည်း ကော့တေးသောက်နေတယ်။ နင့်ကိုမျက်နှာချင်းဆိုင်ဖို့ သူ့မှာခွန်အားမရှိဘူးနဲ့တူတယ်။” မက်ဒါနာက လှဲနေရာကနေ ခါးကိုမတ်လိုက်ပြီးတော့မှ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားတဲ့စောင်ကို ငုံကြည့်ရင်း ပြောလိုက်ပါတယ်။

“တောင်းပန်ပါတယ်နော်... ငါက နင်တို့အားလုံးကို ဝမ်းနည်းအောင် လုပ်မိလိုက်ပြီနဲ့တူတယ်။”

မက်ဒါနာက ဒီလိုပြောတော့ လင်ဒါက ငိုသံတစ်ချက်ရှိုက်လိုက်ပေမဲ့ ဘာမှဆက်မပြောတော့ဘူး။ ဖရာလီတာကတော့ လင်ဒါရဲ့ရင်ခွင်ကို မျက်နှာအပ်ပြီးတော့ ဆက်ငိုနေပါတယ်။ ဖရက်ကတော့ မက်ဒါနာရှေ့မှာ ဒူးထောက်ချလိုက်တယ်။

“တကယ်တော့ ဒါတွေအားလုံးက ကျွန်တော့်အပြစ်ပါ။ ကျွန်တော်သာ မင်းသမီးလေးကို ကာကွယ်ပေးနိုင်တဲ့အထိ အင်အားကြီးခဲ့မယ်ဆိုရင်...”

“ဖရက်၊ နင်က ငါ့ကိုအကြိမ်ရေအများကြီး ကာကွယ်ပေးခဲ့ပြီးပါပြီ။ ဒါကြောင့်မလို့ ငါ့ကိုတောင်းပန်စရာမလိုပါဘူး။”

ဖရာလီတာက ငိုနေတာကို ရပ်လိုက်တယ်။ နောက်တော့ မက်ဒါနာကို ဒေါသထွက်နေတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး

“ဘယ်လိုလုပ်ပြီး သေမယ့်လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်မစိုးရိမ်ဘဲ ငါတို့စိတ်မကောင်းဖြစ်မှာကို စိုးရိမ်နေရတာလဲ။ နင်က တမင်သန်မာချင်ယောင်ဆောင်နေတာလား။ နင်သာမသေချင်သေးဘူးဆိုပြီး သွေးရူးသွေးတန်းနဲ့အော်ဟစ်နေရင် ငါတို့အတွက် ပိုနေလို့ကောင်းမယ့်ဟာကို...”

မက်ဒါနာက ဘာပြောရမှန်းမသိတဲ့အတွက် ပြုံးထားတဲ့အပြုံးကို ရပ်ထားလိုက်တယ်။ နောက်တော့ငေးငိုင်မိသွားပြီး မြို့ကြီးမီးလောင်နေတဲ့မြင်ကွင်းက သူ့မျက်စိထဲမှာပေါ်လာတယ်။

“ငါက ငါချစ်တဲ့မြို့ကလူတွေကို ကာကွယ်ဖို့အတွက်

ကျရှုံးခဲ့တယ်လေ။ အနည်းဆုံး လူသောင်းချီတော့ သေခဲ့မှာပဲမဟုတ်လား။ သူတို့အားလုံးကို မကယ်နိုင်ခဲ့တဲ့ငါက ကိုယ့်အသက်ကိုယ်တန်ဖိုးထားဖို့ မထိုက်တန်ပါဘူး။”

ဒီတစ်ခါတော့ သည်းမခံနိုင်တော့တဲ့ ဖရာလီတာက မက်ဒါနာရဲ့ပါးကို ညာလက်နဲ့ပြင်းပြင်းရိုက်ချလိုက်တယ်။ ဆက်ပြီးရိုက်ဖို့လုပ်ပေမဲ့ လင်ဒါက အသေးမလေးကို ချုပ်ထားလိုက်တယ်။

“အရူးမ... နင်က ကယ်တင်ရှင်မဟုတ်ဘူးလေ၊ ဘုရားသခင်လည်းမဟုတ်ဘူး။ နင့်လိုမိန်းကလေးတစ်​ယောက်က ဘယ်လိုလုပ်အားလုံးကို ကယ်နိုင်မှာလဲ။ နင်က လူတိုင်းထက်အစွမ်းထက်ပေမဲ့ သာမန်ဟီးရိုးတစ်ယောက်ပဲ။ နင်က ကျောင်းသားရာချီကို ကာကွယ်ခဲ့တယ်၊ ဖလေရာနဲ့လင်ဒါကိုလည်း ကာကွယ်ပေးခဲ့တယ်။ ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့။ ဘာကြောင့်များ ဒီထက်ပိုလိုချင်နေရတာလဲ။ နင့်အသက်ကို စတေးလိုက်ပြီးတာတောင် လူတိုင်းကို မကယ်တင်နိုင်လို့ဆိုပြီး ဝမ်းနည်းနေလို့ ဘာရမှာလဲ။”

မက်ဒါနာရဲ့မျက်လုံးထဲမှာလည်း မျက်ရည်တွေပြည့်လာတယ်။ “ငါက ပိုကောင်းတဲ့ ဟီးရိုးတစ်ယောက်ဖြစ်ချင်ခဲ့ရုံပါ။” လို့ပြောလိုက်တယ်။

“ငါ ဟီးရိုးစဖြစ်တုန်းက လူတွေကိုဂရုမစိုက်တဲ့ ဟီးရိုးတွေနဲ့ပြည့်နေတဲ့ ဟီးရိုးလောကကြီးကို မြင်ခဲ့ရတယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း မပြီးပြည့်စုံတဲ့ ဟီးရိုးတစ်ယောက်ဖြစ်နေခဲ့တာ။ ဒါကြောင့် ပိုကောင်းတဲ့ဟီးရိုးတစ်ယောက် ဖြစ်ချင်ခဲ့တာလေ။”

သူ့စကားအဆုံးမှာတော့ အေမီက ရှေ့ကိုတက်လာပြီး မက်ဒါနာရဲ့ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားလိုက်တယ်။ အဲဒီနောက်တော့ နှစ်ကိုယ်ကြားသာရုံလေသံနဲ့ပြောလိုက်ပါပြီ။

“မမလေးက အဲဒီလိုသူရဲကောင်းမျိုး ဖြစ်ခဲ့ပြီးပါပြီ။”

သူတို့အတန်ကြာအောင် တိတ်ဆိတ်သွားကြတယ်။ မက်ဒါနာကတော့ သူ့ခန္ဓာကိုယ်ကိုသူ ပြန်စစ်ဆေးကြည့်လိုက်တယ်။

“ခါတိုင်းလိုမျိုး အိုမင်းသွားတဲ့ အရိပ်အယောင်မျိုးမတွေ့ရပါလား။ ငါဖီးနစ်ကို တစ်ကြိမ်မှမသုံးခင်က ပုံစံအတိုင်းပြန်ဖြစ်သွားတာပဲ။ ဒါက ဘာသဘောလဲ။”

ဒီတော့မှ ဆိုဖီယာက သက်ပြင်းချပြီး ပြောလိုက်တယ်။ “တိုက်ပွဲမှာတုန်းက နင်က ငါးကြိမ်တိတိသေခဲ့ပြီး ဖီးနစ်ကြောင့် ငါးကြိမ်ပြန်မွေးဖွားခဲ့တယ်။ အခုနင့်ခန္ဓာကိုယ်က ဖီးနစ်က ပြန်ဖွဲ့စည်းထားတဲ့ ပြီးပြည့်စုံတဲ့ခန္ဓာပဲ။ ဒါပေမဲ့ နင့်မှာက ဖီးနစ်သွေးမျိုးဆက်မရှိလို့ သက်တမ်းကတော့ ပြန်မပြည့်ဘူး။ ငါ့ခန့်မှန်းမိသလောက်တော့...”

ဆိုဖီယာက စကားနဲ့ဆက်မပြောတော့ဘဲ လက်တစ်ချောင်းပဲ ထောင်ပြလိုက်တယ်။ ကျန်တဲ့သူတွေလည်း အကြည့်ကိုလွှဲထားကြပါတယ်။

“ငါအသက်ရှင်ဖို့ကျန်ရစ်တဲ့အချိန်က တစ်လလား၊ တစ်နှစ်လား...”

ဆိုဖီယာက ထပ်ခေါင်းခါလိုက်ပြီးတဲ့နောက်မှာတော့ အခုလိုပြောလိုက်တယ်။ “အဲဒါက တစ်ပတ်တည်း။”

မက်ဒါနာရဲ့မျက်နှာက ညိုးငယ်သွားတယ်။ ဒါပေမဲ့ တစ်ခဏအကြာမှာပဲ တောက်ပတဲ့အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာ ပြန်ရောက်လာပြီး လက်ခုပ်တစ်ချက်တီးလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် တစ်ပတ်ဆိုတာက ကိစ္စတွေအများကြီးလုပ်ဖို့လုံလောက်တဲ့အချိန်ပဲ။ ငါသိတဲ့လူတွေတိုင်းကို အရင်လိုက်နှုတ်ဆက်ပြီးမှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။”

ဖရာလီတာကတော့ မက်ဒါနာစကားကိုနားထောင်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။ မက်ဒါနာကို တစ်ခုခုလုပ်ဖို့အထိစဥ်းစားလိုက်ပေမဲ့ နောက်ဆုံးတော့ ဒေါသတွေကို မျိုချလိုက်ပြီး အခန်းတံခါးဝဆီ လျှောက်သွားလိုက်တယ်။ ပြီးတော့မှ နောက်ကိုလှည့်မကြည့်ဘဲ တုန်ယင်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။

“တော်ပြီ၊ ငါသည်းမခံနိုင်တော့ဘူး။ မက်ဒါနာ၊ နင်က မုန်းဖို့သိပ်ကောင်းတာပဲ။ လုပ်ချင်သလိုသာလုပ်တော့။”

ဖရာလီတာ အခန်းထဲက ထွက်သွားပြီးတဲ့နောက်မှာတော့ လင်ဒါက သက်ပြင်းချလိုက်ပြီး နောက်ကနေ လိုက်အခန်းပြင်ထွက်တယ်။ “ငြိမ်ဝပ်ပိပြားရေးမှူးတစ်ယောက်အနေနဲ့ သဘာဝဘေးအန္တရာယ်ချိန်မှာ ပြည်သူတွေကို လိုက်ကူညီဖို့တာဝန်ရှိတယ်။ နေကောင်းအောင်နေပါ၊ မက်ဒါနာ။”

ဖရက်ကလည်း သက်ပြင်းချလိုက်တယ်။ “မင်းသမီးလေး၊ ကျွန်တော်လည်း ရှေ့တန်းကို ပြန်သွားလိုက်ပါဦးမယ်။”

နောက်ဆုံးတော့ ဆိုဖီယာနဲ့အေမီနှစ်ယောက်တည်းပဲ မက်ဒါနာနဲ့အတူအခန်းထဲမှာ ကျန်ခဲ့တယ်။ အေမီက မက်ဒါနာရဲ့နဖူးကို နမ်းလိုက်ပြီးတဲ့နောက် ဂါဝန်လေးကိုမပြီး ဦးညွှတ်လိုက်တယ်။

“နေ့လယ်စာစားချိန်ရောက်တော့မှာဆိုတော့ မမလေးအတွက် အရသာရှိတဲ့ ကြက်သားဆန်ပြုတ်လုပ်ပေးပါ့မယ်။ ခဏစောင့်ပါရှင့်။”

ဒီလိုနဲ့ အေမီလည်းထွက်သွားတယ်။ ဆိုဖီယာက မက်ဒါနာကို ကြည့်လိုက်ပြီးတဲ့နောက် နံရံမှာထောင်ထားတဲ့ ဒဏ္ဍာရီလာဓားကို လှမ်းယူလိုက်ပါတယ်။

“ဓားထဲက နဂါးပြာက ငါ့ကိုဆက်သွယ်ပြီးပြောလာတယ်။ နင်နဲ့လုပ်စရာကိစ္စရှိတယ်တဲ့။”

ဆိုဖီယာက မက်ဒါနာကို ဓားပေးလိုက်တယ်။ မက်ဒါနာက ယူလိုက်ပြီး ကျေးဇူးလို့ပြောလိုက်ပေမဲ့ ဆိုဖီယာကတော့ မက်ဒါနာရဲ့ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ပြီး

“ငါကတော့ နင်မရှိတော့ရင်တောင် နင့်ကိုထာဝရဆက်ချစ်နေဦးမှာ...” လို့ပြောရင်း အခန်းထဲကနေ ထွက်ခွာသွားတယ်။

...

“နောက်ဆုံးတော့ နိုးလာပြီပေါ့လေ၊ ကောင်မလေး။ ငါပြောထားတဲ့အတိုင်းပဲ မင်းအသက်ရှင်နေတော့ ငါ့ရဲ့စစ်ဆေးမှုကို မင်းဖြေရမယ်။”

မက်ဒါနာရဲ့လက်ထဲ ဓားရောက်တာနဲ့ နဂါးပြာက စကားဆက်လိုက်တယ်။ မက်ဒါနာကတော့ ရှုံ့မဲ့လိုက်ပြီး

“တစ်ပတ်နေရရင် သေတော့မယ့်ကျောင်းသားကိုတောင်မှ စာမေးပွဲစစ်ချင်နေသေးတာဆိုတော့ ရှင်က တော်တော်ဆိုးတဲ့ ကျောင်းဆရာပဲ။”

မက်ဒါနာက ခပ်ညံ့ညံ့ပြက်လုံးတစ်ခုကို ပြောလိုက်ပေမဲ့ နဂါးပြာက အူတက်အောင်ရယ်ရင်း ပြောလိုက်တယ်။ “မင်းက တကယ်ပဲ ငါနဲ့တူတယ်၊ ဒါပေမဲ့ ငါချစ်တဲ့မိန်းက​လေးနဲ့လည်း တစ်ခါတစ်ခါသွားဆင်တာပဲ။”

“အယ်... ဒီတော့ သားရဲဝိညာဥ်ဖြစ်တဲ့ ရှင့်မှာလည်း ချစ်သူရှိဖူးတာပေါ့။”

“ထာဝရအချိန်တွေကို တစ်ယောက်တည်းဖြတ်ကျော်ရတာ ပျင်းစရာကြီးလေ။ ဒီတော့ ငါတို့မှာလည်း လက်တွဲဖော်ရှိရတာပေါ့။ သူ့နာမည်က စင်သီယာတဲ့။ ဒါပေမဲ့ ငါတို့ဒီစကြဝဠာကိုမရောက်ခင် တိုက်ပွဲကြီးမှာ ကံမကောင်းခဲ့ဘူး။”

“ကြားရတာ စိတ်မကောင်းပါဘူး။” မက်ဒါနာက အပြာရောင်ကျောက်ကို ပွတ်သပ်လိုက်ရင်း ပြောပါတယ်။

နဂါးပြာဆီကနေ ရယ်သံသဲ့သဲ့ထွက်လာပြီး ပြောလိုက်တယ်။ “ဒီတော့ စစ်ဆေးမှုစကြတော့မလား။ ဒါပေါ့၊ တခြားသူတွေနဲ့မတူတာက ငါက ကြိုးစားတဲ့မင်းလိုသူမျိုးတွေကို ဆုပေးတတ်တယ်။ မင်းရဲ့လက်ရှိအခြေအနေကနေ ဖောက်ထွက်နိုင်မယ့်နည်းကို ငါမသိပေမဲ့ ကူညီနိုင်မယ့်သူတစ်ယောက်ကိုတော့ ငါသိမှာပါ။ ကျန်တာက မင်းကံပဲ။”

မက်ဒါနာက သက်ပြင်းချလိုက်တယ်။ “ရှင့်ရဲ့စွမ်းအားကို ငှားသုံးပြီးပြီဆိုတော့ ကျွန်မရင်ဆိုင်ရမယ့် စစ်ဆေးမှုက အတိတ်၊ ပစ္စုပ္ပန်နဲ့အနာဂတ်မဟုတ်လား။”

“မင်းပြောတာ မှန်ပါတယ်။”

“ဒါပေမဲ့ အဲဒီကိစ္စမတိုင်ခင် ကျွန်မသိတဲ့လူတွေကို လိုက်နှုတ်ဆက်လို့ရမလား။ ဘာဆက်ဖြစ်မလဲ မကျိန်းသေတော့ အနည်းဆုံးတော့ ဒီမြို့ကအသိတွေကို နောက်ဆုံးအနေနဲ့တွေ့ချင်သေးတယ်။”

“ရပါတယ်၊ ဒါပေမဲ့ မြန်မြန်လုပ်တာကောင်းမယ်နော်။ ငါ့စစ်ဆေးမှုက အချိန်ကြာနိုင်တယ်။ မင်းမှာ တစ်ပတ်ပဲအချိန်ရှိတာ။”

All Chapters