သူ့ကမ္ဘာ
Vol. 93 Ch. 1287
ကြယ်တာရာကောင်းကင်ကြီးက တိတ်ဆိတ်နေ၏။ ဝမ်ရီရီ၏ ဖခင်ဖြစ်သူက စကားတစ်ခွန်းမှ မပြောပေ။ အဝေးတစ်နေရာတွင်ရှိနေသည့် လူအိုကြီးကလည်း အတူတူသာ ဖြစ်၏။ သို့သော်လည်း သူ့အမူအရာက အကြိမ်များစွာ ပြောင်းလဲနေခဲ့သည်။ အဆုံးသတ်၌ သူ့စိတ်ထဲမှ အကြောက်တရား ပေါ်ထွက်လာ၏။
သူက ကြယ်တာရာကောင်းကင်အထက် မြင့်မားစွာ တည်ရှိနေသည့် ဧရာမသစ်ပင်ကြီးကို ကြည့်ပြီးသည့်နောက်တွင် သင်္ဘောပေါ်မှ တစ်ကိုယ်တည်းပုံရိပ်ကို ကြည့်ပြီးသည့်နောက် ထွက်သွားဖို့ ရွေးချယ်လိုက်သည်။
သူ ထွက်သွားခဲ့သော်လည်း နောက်ထပ် လူတစ်ယောက် ရောက်ရှိလာသည်။ ထိုမှုန်ဝါးဝါးပုံရိပ်က ကြယ်တာရာကောင်းကင်ကို ထိုးခွင်းလာပြီး အဖက်ဖက်မှ စုဝေးလာသလိုမျိုး ဖြစ်၏။ ထို့နောက် အမျိုးသားတစ်ဦး၏ ပုံရိပ်က ဝမ်ရီရီ၏ ဖခင်ဖြစ်သူဘေးတွင် ပေါ်ထွက်လာသည်။
သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ့စကားများက လေနှင့်အတူ မြောလွင့်နေပြီး သူ့ဆံပင်တစ်မျှင်ချင်းစီက ကြယ်တာရာမြစ်နှင့် တူသည်။ ထိုအရာကလွဲ၍ ထိုပုဂ္ဂိုလ်၏ ဝတ်ရုံ၏ အစွန်းတွင် ဆေးပြင်းမီးဖို အမှတ်အသားကို ပန်းထိုးထားသည်။
“အစွန်းရောက်တာအိုရှစ်ပါးလား” ထိုပုဂ္ဂိုလ်က ကြယ်တာရာကောင်းကင်ရှိ အနက်ရောင်သစ်သားပြားကို ကြည့်လိုက်သည်။ သူက သူ့ကိုယ်သူ ရေရွတ်နေဟန်ပေါ်သော်လည်း မေးခွန်းများ မေးနေလေ၏။
“အစွန်းရောက်တာအို ၈ပါး” ဝမ်ရီရီ၏ ဖခင်ဖြစ်သူ၏ အမူအရာက အတူတူသာဖြစ်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ထိုပုဂ္ဂိုလ်က ဖြည်းဖြည်းချင်း ထုတ်ပြောလိုက်သည်။
“ဓာတ်ငါးပါးက ပထမတာအိုငါးခုလို့ ကြားတယ်။ အဲဒီနောက်မှာ အချင်းချင်းဆန့်ကျင်တဲ့ တာအိုနှစ်ခု ရှိလာလိမ့်မယ်။ ဒီမိတ်ဆွေလေးက ဉာဏ်အလင်းပွင့်ဖို့ အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ပုံပဲ။ ၆ခုမြောက် အစွန်းရောက်တာအိုအတွက် မြင်ပြီးသွားပြီလား”
“သတ္တုတာအိုထဲမှာ ခင်ဗျားရဲ့ ကံအကြောင်းတရားလည်း ပါတယ်။ ဘာလို့ လာမေးနေတာလဲ” ဝမ်ရီရီ၏ ဖခင်ဖြစ်သူက အမူအရာ အပြောင်းအလဲမရှိ ပြန်ဖြေလိုက်သည်။
“ဒီလိုဆိုရင်တောင် ကျုပ်က အစွန်းရောက်တာအို ၈ပါးနဲ့ ရင်းနှီးတာ မဟုတ်ဘူးလေ။ သူ့ရဲ့ ၆ခုမြောက် တာအိုက ကျရှုံးသွားတဲ့ လော့ ပါဝင်နေတာလား” ထိုပုဂ္ဂိုလ်က အသက်ရှိုက်စာ အနည်းငယ် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
“အဲဒါတင် မကသေးဘူး” ဝမ်ရီရီ၏ ဖခင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။
“သူက အတိတ်နဲ့ ပေါင်းစည်းထားတာ။ ၆ခုမြောက် တာအိုက အစွန်းရောက်ယင်ဓာတ် ပါဝင်နေသလို အတိတ်လည်း ပါဝင်နေတယ်။”
“အဲ့လိုဆိုရင် ၇ခုမြောက် တာအိုက အစွန်းရောက်ယင်နဲ့ အနာဂတ်မှာ ဖြစ်မှာပဲ။ ဒီဟာက ဆန့်ကျင်ဘက်နှစ်ခု ဖြစ်တယ်ဆိုပေမဲ့ ဆန့်ကျင်ဘက် လေးခုလိုမျိုးပဲ။ မဆန်းတော့ဘူး။ မဆန်းတော့ဘူး”
ထိုပုဂ္ဂိုလ်က ဘာမှမပြောဘဲ လေဟာနယ်ထဲ လျှောက်လှမ်းလိုက်၏။ သူ့ခြေထောက်က မြေပေါ် ထိတွေ့သည်နှင့် ကြယ်တာရာကောင်းကင်ကြီးထဲ ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း သူ့ပုံရိပ် အပြီးတိုင် ပျောက်ကွယ်သွားသည်နှင့် သူ့အသံက လေဟာနယ်ထဲ ပျံ့လွင့်လာပြီး ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီ ရောက်ရှိလာသည်။
“အစ်ကိုဝမ် အစွန်းရောက်တာအို၈ပါးကို နတ်ဘုရားဘိုးဘေးက ဖန်တီးခဲ့တာ။ အဲဒီလူကြီးမင်းရဲ့ မသေနိုင်စွမ်းက ဒီဝမ်ပေါင်လဲ့နဲ့ တူညီတဲ့ ဇစ်မြစ် ရှိနေတာလား”
သူက အဖြေအတွက် မေးလိုက်သော်လည်း သူက အဖြေမလိုချင်မှန်း သိသာလှသည်။ ပြောရလျှင် သူက အဖြေကို မလိုအပ်ပေ။
ဝမ်ရီရီ၏ ဖခင်ဖြစ်သူက သူ့သင်္ဘောပေါ်မှ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူက ဘာမှမပြောသော်လည်း သူ့မျက်ဝန်းက နက်ရှိုင်းနေ၏။ အချိန်အတော်ကြာ ကုန်ဆုံးပြီးသည့်နောက်တွင် သူက ကြယ်တာရာကောင်းကင်ထဲမှ အနက်ရောင်သစ်ပင်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှ နက်ရှိုင်းမှုတို့က ပျောက်ကွယ်သွားပြီး ညင်သာမှုတို့က အစားထိုးလာ၏။
သူက သမီးဖြစ်သူသည် ထိုကမ္ဘာမှ ထွက်လာတော့မည်ဖြစ်ကြောင်း ခံစားချက် ရရှိလာသည်။
သူက စောင့်ဆိုင်းနေစဉ် ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာ ဖြစ်ခဲ့ဖူးသည့် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းလာသည်။ သူက အဆုံးမဲ့သည်ဟု တစ်ခါက တွေးထင်ခဲ့ဖူးသည့် စကြဝဠာကို ကြည့်လိုက်၏။ သူက စကြဝဠာအတွင်းရှိ နေသည့် ဂြိုဟ်များစွာနှင့် သက်ရှိများစွာကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်၏။
“ငါ့ဆီမှာ အတိတ်နဲ့ အနာဂတ် မရှိဘူး” သူက ရေရွတ်လိုက်သည်။ သူ့အတိတ်နဲ့ အနာဂတ်က သူ့ကြမ္မာဖြစ်လာပြီး မမလေးကို ပေးအပ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက သူ့တာအို ဖြစ်လာခဲ့၏။
တာအိုက ဓာတ်ငါးပါးတာအိုလိုမျိုး တာအို သယ်ဆောင်ဖို့ လိုတယ်။ အတိတ်နဲ့ အနာဂတ်ကိုလည်း သယ်ဆောင်ဖို့လိုတယ်…
ထို့ကြောင့် သူသည် အမှောင်တာအိုကို သူ့အတိတ်အတွက် အခွံအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။ ထိုတာအို၏ ကျယ်ပြောမှုက လော့၏ စွဲလမ်းမှုမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
“အနာဂတ်အတွက်တော့ တာအိုကို သယ်ဆောင်မဲ့ ပစ္စည်း လိုတယ်။ အဲဒီပစ္စည်းအတွက်တော့ ငါ တွေးထားပြီးပြီ” ဝမ်ပေါင်လဲ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူက ကြယ်တာရာကောင်းကင်ကို ငုံ့ကြည့်ကာ အကြည့်တို့က နူးညံ့ပျော့ပျောင်းသွား၏။
“အဲဒါဆိုတော့ အခု ငါ့ဆီမှာ ရှိတာက ပစ္စုပ္ပန်နဲ့ ငါ့ကမ္ဘာပဲ” ဝမ်ပေါင်လဲ့က ပြောလိုက်ရင်းဖြင့် အနက်ရောင်သစ်ပင်ထံ လျှောက်လှမ်းသွားခဲ့သည်။ ထိုအရာက ကျောက်ပြားကမ္ဘာ၏ လျှို့ဝှက်ဆန်းကြယ်ဆုံးနေရာတစ်ခု ဖြစ်၏။
ထိုနေရာတွင် ကံကြမ္မာကြယ်စင် ရှိနေသည်။ ထိုနေရာတွင် ထိုအရာကို ဖန်တီးထားသည့် ဓမ္မသခင်ကြီးလည်း ရှိနေသည်။ ဓမ္မသခင်ကြီးတွင် ကံကြမ္မာစာအုပ်ဟု ခေါ်ဆိုသည့် စာအုပ်တစ်အုပ် ရှိ၏။
ဝမ်ပေါင်လဲ့က ကံကြမ္မာကြယ်စင်အပေါ် လျှောက်လှမ်းလာသည့်အခါ သူ့ယခင်က ရှိခဲ့ဖူးသည့် တောင်ထိပ်ဆီ ရောက်ရှိလာသည်။ ဓမ္မသခင်ကြီးက ထိုနေရာတွင် တင်ပျဉ်ခွေလျက် ထိုင်နေ၏။ သူ့မျက်လုံးဖွင့်နေကာ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်နေသည်။
“ငါ့ရဲ့ အသိစိတ် မွေးဖွားလာကတည်းက အသံတစ်သံက ပြောနေခဲ့တာ။ တစ်ရက်ကျရင် ငါ အစစ်အမှန်နတ်ဘုရား ဆင်းသက်လာတာကို မြင်တွေ့ရမယ်တဲ့။ အဲဒီအသံက ငါ နတ်ဘုရားကို မြင်တဲ့အချိန် ငါလွတ်မြောက်သွားပြီလို့ ပြောတယ်။ ငါ အဲဒီအချိန်ကို အမြဲတမ်း စောင့်နေခဲ့ရတာ” ဓမ္မသခင်ကြီးက တီးတိုးပြောလိုက်ပြီး သူက ဖြည်းဖြည်းချင်း ထရပ်ကာ ဝမ်ပေါင်လဲ့ကို ဦးညွှတ်လိုက်သည်။
သူ ဦးညွှတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ဝေဝါးသွားပြီး ကံကြမ္မာကြယ်စင်သည်လည်း ဝေဝါးသွား၏။ ဖြည်းဖြည်းချင်းဖြင့် ဂြိုဟ်ပေါ်မှ ပျောက်ကွယ်သွားကာ ဧရာမစာအုပ်ကြီးတစ်ခုသာ ကောင်းကင်အထက် မြောလွင့်လျက် ကျန်ရှိနေသည်။
ဓမ္မသခင်ကြီးက ပျောက်ကွယ်သွားပြီး မျောက်ဝံအိုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ဝမ်ပေါင်လဲ့ထံ ဦးညွှတ်ပြီးသည့်နောက်တွင် ကွယ်ပျောက်သွား၏။
တစ်ချိန်တည်းဆိုသလို ကောင်းကင်ကံကြမ္မာစာအုပ်က တုန်ခါပြီး ဝမ်ပေါင်လဲ့ရှေ့မှောက် ရောက်ရှိလာသည်။ ထိုအရာက သူ့ကို ယူဆောင်ဖို့ စောင့်ဆိုင်းနေသည့်အလား ဖြစ်၏။
ဝမ်ပေါင်လဲ့က ထိုအရာကို ချက်ချင်းမယူဆောင်ခဲ့ပေ။ သူက စာအုပ်ရှေ့တွင် ရပ်နေရင်း ကြယ်တာရာကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက တီးတိုးစွာ ပြောလိုက်သည်။
“ဒီနေ့ကစပြီး ငါ့အပိုင် ဖြစ်လာမလား”
ထိုအသံက ရှင်းလင်းကာ တီးတိုးသော်လည်း ထိုအရာပျံ့နှံ့သွားသည်နှင့် အနက်ရောင်သစ်သားကမ္ဘာတစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွားခဲ့သည်။ ထိုအရာက ထိုကမ္ဘာရှိ ဂြိုဟ်တိုင်းနှင့် သက်ရှိတိုင်း၏ အသိစိတ်ထဲ ဝင်ရောက်သွားသည်။
ထိုအခိုက်အတန့်၌ ကျောက်ပြားကမ္ဘာရှိ သက်ရှိအားလုံးက ထိုအရာကို ခံစားမိလိုက်ကြ၏။ သူတို့၏ စိတ်နှလုံးက တုန်ယင်ကာ ဝိညာဉ်ကလည်း လှုပ်ခတ်နေသည်။ သူတို့၏ စိတ်ထဲ၌ ဝမ်ပေါင်လဲ့၏ ဘဝပုံရိပ်များ ထွက်ပေါ်လာသည်။
သူတို့က ဝမ်ပေါင်လဲ့၏ ပျော်ရွှင်မှု၊ ကြီးထွားမှု၊ ဝမ်းနည်းမှုနှင့် ရူးသွပ်မှုတို့ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ဤအနက်ရောင်သစ်သားကမ္ဘာကို ကာကွယ်ဖို့ ဆုံးဖြတ်ချက်ကိုလည်း မြင်တွေ့လိုက်ရသည်။
ဤသည်က သူ့ကိုယ်ပိုင်အဖြစ် မှတ်ယူထားသည့် တစ်ခုတည်းသောအရာ ဖြစ်၏။
အချိန်အတော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် ကျောက်ပြားကမ္ဘာရှိ သက်ရှိအားလုံး၏ အသံက တုံ့ပြန်လာကြသည်။
“လိုလားပါတယ်”
“အလိုရှိပါတယ်”
“လိုလားပါတယ်”
ဤသည်က အပင်များ၊ ကျင့်ကြံသူများ၊ သေမျိုးများ၊ သားရဲများ၊ တောင်တန်းများ၊ မြစ်ချောင်းနှင့် ဂြိုဟ်များသာပင်မကဘဲ သက်ရှိအားလုံးက တုံ့ပြန်ခဲ့ကြသည်။ သူတို့၏ အသိစိတ်က စုဝေးလာပြီး ဝမ်ပေါင်လဲ့ရှေ့တွင်ရှိနေသည့် ကောင်းကင်ကံကြမ္မာစာအုပ်က ဝင့်ဝင့်စွားစွား တောက်ပလာခဲ့သည်။
ထိုအလင်းရောင်ထဲတွင် တုံ့ပြန်မှု မြောက်များစွာ ပါဝင်နေ၏။ ဝမ်ပေါင်လဲ့က သူ့မိသားစုနှင့် မိတ်ဆွေများမှ အသံကိုပင် ကြားလိုက်ရသည်။ သူက သူ့ဆရာ၏ စိတ်လှုပ်ရှားမှုနှင့် သူ့ငယ်သူငယ်ချင်းများ၏ စိတ်လှုပ်ရှားမှုကိုပင် ခံစားလိုက်မိ၏။
ကျောက်ယမုန့်၊ ကျိုးရီဖန်း၊ လင်တျန်းဟောက်နှင့် တုမင်…
ဤသည်က နေအဖွဲ့အစည်းသာမကဘဲ မဟာဒိဋ္ဌိနယ်မြေဖြစ်စေ၊ အလယ်ပိုင်းတာအိုနယ်မြေဖြစ်စေ၊ မဟာလက်ဝဲတာအိုနယ်မြေဖြစ်စေ အရေးမကြီးပေ။ သူနှင့်သိသည့်သူများနှင့် သူ့ကို ရန်လိုသည့်သူများကပင် အားလုံးကပင် တုံ့ပြန်နေကြခြင်းဖြစ်၏။
အဆုံးသတ်တွင် ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီးနှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့က တိတ်ဆိတ်နေကြသည်။ သူတို့က သက်ပြင်းအသာချလိုက်ကြ၏။
သူတို့က ထုတ်ပြောလိုက်သည့်အခါ ကျောက်ပြားကမ္ဘာတစ်ခုလုံးက ဝင့်ဝင့်စွားစွား တောက်ပလာခဲ့သည်။ အဆုံးသတ်၌ ကျဆုံးသွားသော ကုန်းမြေဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအရာက ကျောက်ပြားကမ္ဘာ၏ အသံအားလုံးက စုဝေးပြီး ရှေးကျသည့် အသံတစ်သံအဖြစ် ပေါင်းစည်းသွားဟန်ပေါ်သည်။
ထိုအရာက သက်ရှိအားလုံး၏ အသံ ဖြစ်၏။ ထိုအရာက ကျောက်ပြားကမ္ဘာ၏ စိတ်ဝိညာဉ်မှ အသံ ဖြစ်ပေသည်။
“လိုလားပါတယ်”
ထိုအသံ ထွက်ပေါ်လာသည်နှင့် ကျောက်ပြားကမ္ဘာက ပေါက်ကွဲသွားခဲ့ပြီး အရာအားလုံးက အလင်းတန်းအဖြစ် ပြောင်းလဲကာ ကံကြမ္မာစာအုပ်ထဲ အဖက်ဖက်မှ စုဝေးသွားသည်။ စာရွက်များပေါ်တွင် သူတို့က စာလုံးများ ဖြစ်လာကြ၏။
ထိုစာအုပ်များကို စကားလုံးများဖြင့် ဖွဲ့စည်းထားလေသည်။
ထိုစာအုပ်က ကမ္ဘာ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းက ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် တောက်ပနေသည်။ သူက ညာဖက်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။
သူ့လက်က အပေါ်လှန်ထားလျက်ရှိကာ ကံကြမ္မာစာအုပ်က အလင်းတန်းအသွင်ပြောင်းပြီး ဝမ်ပေါင်လဲ့၏ လက်အတွင်း ကျရောက်လာသည်။ ထို့နောက် ထိုအရာက သေးငယ်ပြီးသည့်နောက်တွင် သူ့လက်ဖဝါးထဲ ကျရောက်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ လက္ခဏာမျဉ်းဖြင့် အစားထိုးသွားကာ သူ့လက်ဝါးဖြင့် အပြီးတိုင် ပေါင်းစည်းသွားခဲ့သည်။
ထိုအခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့က ညာဖက်လက်ကို အသာဆုပ်လိုက်သည်။
သူက အဖိုးတန်ရတနာတစ်ခုကို ကိုင်ဆောင်ထားသလိုမျိုး ဖြစ်၏။
သူက ခေါင်းကို မော့လိုက်သည့်အချိန် ရှေ့တွင် ကြယ်တာရာကောင်းကင်ဟူ၍ မရှိတော့သလို နတ်ဘုရားဟူ၍လည်း မရှိတော့ပေ။ ဤသည်က အဆုံးမဲ့လေဟာနယ်တစ်ခုတည်းသာ ရှိ၏။ စုပ်ယူအားမရှိသည့် တွင်းနက်ကြီးသဖွယ် ဖြစ်နေသည်။ ဤလေဟာနယ်အတွင်း သူက လွဲ၍ နောက်ထပ်ပုံရိပ်အနည်းငယ်သာ ရှိနေ၏။ သူတို့က သူ့ထက် နိမ့်ကာ သူ့ကို တိတ်တဆိတ် ကြည့်နေကြသည်။ ထိုပုံရိပ်များကို မမလေးက ဦးဆောင်လာ၏။ သူ့မဘေးတွင် စန္ဒာကြယ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့်အတူ မျောက်ဝံအိုကြီးနှင့် မြေခွေးတစ်ကောင်လည်း ပါရှိသေးသည်။
အချိန်အတော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခေါင်းကိုငုံ့လိုက်၏။ သူက မမလေးကို မကြည့်ဘဲ သူ့လက်ဖဝါးကို ကြည့်လိုက်သည်။ ထိုလက်ဖဝါးပေါ်တွင် သူ့ကမ္ဘာ ရှိနေသည်။