← Chapters

ကျေးဇူးပါ

Vol. 93 Ch. 1289

ကျေးဇူးပါ

Vol. 93 Ch. 1289

ဝမ်ရီရီ၏ ဒဏ်ရာက ဘာလဲ။ ဘယ်လိုဖြစ်ပေါ်လာတာလဲ။ သူ့အဖေလို အားကောင်းတဲ့သူတောင် မကုသနိုင်ရတာလဲ…

အင်မော်တယ်များကသာ ကုသနိုင်လိမ့်မည်။

ဝမ်ပေါင်လဲ့က ထိုအရာအကြောင်း သေချာမသိသော်လည်း မှန်းဆချက်တချို့ ရှိ၏။

အဲဒီအရာက လော့နဲ့ ပတ်သက်နေလိမ့်မယ် …

ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ တွေးလိုက်သည်။ ဝမ်ရီရီ၏အဖေက မပြောသရွေ့ အဖြေမရနိုင်ပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာတွင် သူ့ပေါ်ထွက်လာမှုက တိုက်ဆိုင်မှုတစ်ခုဟု မယုံပေ။

အကြောင်းအရင်းကမူ ဝမ်ရီရီနှင့် သူ့အဖေသာ ပေါ်ထွက်မလာပါက ကျောက်ပြားကမ္ဘာသည် လော့၏ ညာဖက်လက်ဖြင့် ဖွဲ့စည်းထားသည်ဆိုလျှင်ပင် သူ့အတွက် နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ်ကို ဆန့်ကျင်မည့် တိုက်ပွဲ၌ အနိုင်ရရှိဖို့ ခက်ခဲလိမ့်မည်။

ထိုအရာက သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအတွက်လည်း အတူတူသာ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူက နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ်ကို အောင်အောင်မြင်မြင် အနိုင်ပိုင်းနိုင်မည့် ဖြစ်နိုင်ချေအနည်းငယ် ရှိနေသည်ဆိုလျှင်ပင် သူတစ်ဘဝတာ ပျော်ပျော်ရွှင်ရွှင် နေနိုင်မည် မဟုတ်ပေ။ သူ့အနေဖြင့် လက်နက် ဖြစ်လာရခြင်း၏ ကံကြမ္မာမှ လွတ်မြောက်ဖို့ရာ ခက်ခဲလှသည်။

လော့၏ လက်ဖြင့် ဖွဲ့စည်းထားသည့် ကျောက်ပြားကမ္ဘာအပြင် ဤနေရာရှိ အကြီးမားဆုံး အပြောင်းအလဲများက ဝမ်ရီရီနှင့် သူ့ဖခင် ရောက်ရှိလာမှု ဖြစ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုအရာနှင့် မသက်ဆိုင်ဘဲ နေလိမ့်မည်ဟု မယုံပေ။

ကူနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် လော့၏ လက်က အဆုံးမဲတာအိုနယ်မြေအဖြစ် ပြောင်းလဲသွားကြောင်း သိထားပြီးသား ဖြစ်၏။ ထို့နောက် လော့က နတ်ဧကရာဇ်နှင့် တိုက်ပွဲအတွင်း ကျရှုံးသွားခဲ့သည်။ သူက နတ်ဧကရာဇ်နှင့် တိုက်ပွဲမတိုင်ခင် အင်မော်တယ်တစ်ဝက်ကျော်ကို စုစည်းပြီးသား ဖြစ်နိင်ကာ ရှေ့ပြေးနိမိတ်တစ်ခုကို ချန်ထားခဲ့သည်။

ထို့ကြောင့် ထိုရှေ့ပြေးက ဝမ်ရီရီ ဒဏ်ရာများ၏ အရင်းအမြစ် ဖြစ်ပေသည်။ ထိုအရာက ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို မသေမျိုး အင်မော်တယ်ကို ရှာဖွေဖို့ ဤနေရာဆီ ရောက်ရှိလာစေခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့က ထိုအရာသည် အမှန်တရားလား မသိသလို သိလည်းမသိချင်ပေ။

ထိုအရာက အရေးမကြီးလှပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့၏ ဝမ်ရီရီအပေါ် ဆက်ဆံမှုက နောင်တတရားမရှိသည့် ရွေးချယ်မှုတစ်ခုသာ ဖြစ်၏။ သူ့လက်တစ်ချက်အဝှေ့တွင် သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး မှုန်ဝါးဝါးပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ သိပ်မကြာခင် ထိုပုံရိပ်က သူ့ခန္ဓာကိုယ်မှ လျှောက်လှမ်းထွက်လာ၏။

ထိုသူက ဝမ်ပေါင်လဲ့ဖြစ်သော်လည်း အနည်းငယ် ငယ်ရွယ်နေသည်။ အကယ်၍ အနီးကပ်ကြည့်ပါက ကလေးဘဝမှ လွတ်မြောက်ဖို့ ကြီးထွားလာသည့် ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့နိုင်လိမ့်မည်။

တစ်ချိန်တည်းဆိုသလို ထိုအရာက သူ့အတိတ်၏ အရာအားလုံး ပါဝင်နေဟန်ပေါ်၏။

ပြောရမည်ဆိုလျှင် ထိုပုံရိပ်ထဲ အတိတ်မှ စုစည်းထားသမျှ အရာအားလုံးကို ထည့်သွင်းထားသလိုမျိုး ဖြစ်ကာ ထိုပုံရိပ်က မှုန်ဝါးလာပြီး အနက်ရောင် အလင်းလုံးအဖြစ် ပြောင်းလဲသွားသည်။

ဝမ်ပေါင်လဲ့က သူ့ခေါင်းကို မော့ကာ အတိတ်ကို ကိုယ်စားပြုသည့် သူ့ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်သည်။ သူက အချိန်အတော်ကြာ ကြည့်ပြီးသည့်နောက်တွင် ပြုံးလိုက်မိ၏။ သူက ဘယ်ဖက်လက်ကို မြှောက်လိုက်သည့်အချိန် ပုံရိပ်ယောင်ဓားရှည်တစ်ခုက သူ့ဓားအထက် ပေါ်ထွက်လာသည်။ ထိုဓားက နေမင်းကို ထိုးဖောက်ထားသည့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ဖြစ်၏။ သို့သော်လည်း ကျောက်ပြားကမ္ဘာက ဝမ်ပေါင်လဲ့၏ လက်ဖြင့် ပေါင်းစည်းထားသည့်အတွက် ထိုဓားကလည်း ပြောင်းလဲသွားခဲ့သည်။

“သွားတော့” ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။ ထိုသို့ပြောလိုက်သည်နှင့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးက ဝမ်ပေါင်လဲ့နှင့် သူ့အတိတ်ကိုယ်ကြားရှိ ဆက်နွယ်မှုကြား ကျရောက်လာသည်။ ပြောရမည်ဆိုလျှင် ထိုအရာက ဗလာနတ္ထိအဖြစ် ဖြတ်တောက်သလိုမျိုး ဖြစ်၏။

ထိုနေရာတွင် မိုးခြိမ်းသံများနှင့် လျှပ်စီးများပင် ပေါ်ထွက်လာသည်။ ကြယ်တာရာကောင်းကင်တစ်ခုလုံးက အပြင်းအထန် တုန်ယင်လာပြီး ဝဲကတော့ပင် ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ သူက လှမ်းကြည့်လိုက်သည့်အခါ သူ့အတိတ်ကိုယ်က သူနှင့် ဆက်နွယ်မှု မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။

သူ့လက်တစ်ချက်အဝှေ့တွင် သူ့အတိတ်ခန္ဓာကိုယ်က အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်ရီရီဆီ ပြေးဝင်သွား၏။

ဝမ်ရီရီက ရှောင်ရှားလိုသော်လည်း မတတ်နိုင်ခဲ့ပေ။

ထိုအခိုက်အတန့်၌ သူမက တည်ရှိဟန်ထင်ရသော်လည်း လက်တွေ့တွင်မူ သူမနှင့် ပတ်သက်သမျှ အရာအားလုံးက ပုတီးစေ့တစ်လုံးအတွင်းသာ ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အတိတ်ကို ကိုယ်စားပြုနေသည့် အနက်ရောင်အလင်းတန်းက ရောက်ရှိလာသည့်အခါ ဝမ်ရီရီ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ပုတီးစေ့သာ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က ပုတီးစေ့ဖြင့် ပေါင်းစည်းသွားခဲ့၏။

နောက်အခိုက်အတန့်တွင် ပုတီးစေ့က ကြေမွသွားခဲ့သည်။

အသွေးအသားဖြင့် ပြုလုပ်ထားသည့် ခန္ဓာကိုယ်တစ်ခုက ဝမ်ပေါင်လဲ့၏ အတိတ်ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတန်း၏ အားဖြည့်မှုအောက်တွင် ဖြည်းဖြည်းချင်း ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ မြင်ကွင်းရှေ့ ထွက်ပေါ်လာသည့် မမလေး၏ တကယ့်ခန္ဓာကိုယ် ဖြစ်၏။

ထိုအရာက ပြီးပြည့်စုံကာ ဟာကွက် မရှိပေ။ သို့သော်လည်း ထိုအရာက အသက်ဓာတ်ကင်းမဲ့သည့်ပန်းချီကားတစ်ချပ်လိုမျိုး ဖြစ်နေသည်။

ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်း ရှူလိုက်၏။ အခိုက်အတန့်လေးတွင် သူ့ခန္ဓာကိုယ်ထဲ  ထပ်နေသည့် ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာကာ ဒုတိယပုံရိပ်က အလျင်အမြန် လမ်းလျှောက်ထွက်လာသည်။

ထိုပုံရိပ်ပေါ်ထွက်လာသည်နှင့် အဖြူရောင်အလင်းတန်းက တောက်ပလာခဲ့၏။ ထိုအရာက သူ့အနာဂတ် ဖြစ်ပေသည်။

ပုံရိပ်ယောင် ပုံရိပ်များစွာက လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။  တချို့က ပျော်ရွှင်ကာ တချို့က ဝမ်းနည်းပြီး တချို့က ကောင်းကင်ထဲ ရပ်နေကာ တချို့က ငရဲ၉ထပ်အောက်တွင် ရှိနေခဲ့သည်။ ထိုပုံရိပ်များက အလျင်အမြန် ပျောက်ကွယ်သွားပြီး စူးရှသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာစေသည်။

သူက သူ့အနာဂတ်ကိုယ်ကို ကြည့်လိုက်မိသည်။ သို့သော် သူ့အတိတ်ခန္ဓာကိုယ်ကို ကြည့်သည်ထက် အကြိမ်ရေ နည်းပါး၏။ ပြောရမည်ဆိုလျှင် ဝမ်ပေါင်လဲ့က အနာဂတ်ကို သိပ်ဂရုမစိုက်ပေ။

သူက အနာဂတ်ထက် အတိတ်ကို ပိုမိုဂရုစိုက်၏။ သူက အကြည့်ရုတ်သိမ်းပြီးသည့်နောက်တွင် ညာဖက်လက်ကို မြှောက်ကာ ထပ်မံရိုက်ချလိုက်သည်။ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ ဓားရှည်က အနာဂတ်ကို ဖြတ်တောက်လိုက်၏။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က နောက်ထပ်တစ်ဖန် တုန်ယင်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူက အလျင်အမြန် ပြန်လည်အသိဝင်လာသော်လည်း သူ့ခန္ဓာကိုယ်က အနည်းငယ် ပိန်ပါးသွားဟန်ပေါ်၏။

သူက ခေါင်းကိုမော့ကာ သူ့အနာဂတ်ကိုယ်က အဖြူရောင်အလင်းတန်း ပြောင်းလဲပြီး မမလေး၏ တကယ့်ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ ထိုအရာက သူမကို လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပေါင်းစည်းသွားကာ ဝမ်ရီရီ၏ ခန္ဓာကိုယ်ထဲ အသက်ဓာတ်ကို ဖြည်းဖြည်းချင်း ယူဆောင်လာသည်။

ဝမ်ပေါင်လဲ့က ပြုံးကာ ဝမ်ရီရီကို ကြည့်လိုက်သည်။ သူ့အမြင်တွင် ဝမ်ရီရီ၏ ခန္ဓာကိုယ်အတွင်း သူ့အတိတ်နှင့် အနာဂတ်က ရစ်ပတ်နေသော်လည်း သူတို့က ပေါင်းစည်းခြင်း မရှိပေ။ ထို့အပြင် ဝမ်ရီရီ၏ နဂိုမူလခန္ဓာကိုယ်မှ အသိစိတ်က အကောင်းဆုံးကြိုးစားကာ တားဆီးဖို့ လုပ်ဆောင်နေလေသည်။

“ဒါဆို လုံလောက်ပါပြီ” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။ သူက သူ့ရှေ့တွင် လက်နှစ်ဖက်ကို ပူးကပ်ပြီး ပြောလိုက်၏။

“ကံကြမ္မာ”

သူ ပြောလိုက်သည့်အခါ ဝမ်ရီရီ၏ အတိတ်နှင့် ပစ္စုပ္ပန်၏ ပေါက်ထွက်လာပြီး ချက်ချင်းဆိုသလို ပေါင်းစည်းသွား၏။

အဖြူနှင့် အနက်အလင်းတန်း နှစ်ခုက အချင်းချင်း ပေါင်းစည်းသွားခဲ့သော်လည်း မီးခိုးရောင်ပြောင်းလဲသွားခြင်း မရှိပေ။

ထိုအစား သူက အရောင်စုံကာ ပိုမိုလှပလာ၏။

ဤသည်က ကံကြမ္မာ ဖြစ်ပေသည်။

ကံကြမ္မာက ပြောင်းလဲ၍ မရပေ။

ထိုအရောင်နှစ်ခု ပေါင်းစည်းသွားသည့်အခါ သူတို့ထဲ မသေမျိုးစည်းချက်များပင် ပါဝင်နေသည်။

“သွားတော့” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်၏။ ဝမ်ရီရီ၏ ခန္ဓာကိုယ်မှ အရောင်ငါးရောင် ပေါက်ထွက်လာကာ သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် ဝိညာဉ်လှိုင်းအတက်အကျက သူမ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ထွက်လာ၏။

သူမဘေးတွင် ရပ်နေသည့် စန္ဒကြယ်ဂိုဏ်းခေါင်းဆောင်ကြီးက စိတ်ခံစားချက် ရောပြွန်းနေသည်။ သို့သော် သူက စိတ်လှုပ်ရှားနေ၏။ သူက သခင်မလေးဆီမှ ဝိညာဉ်စွမ်းအား အတက်အကျကို ခံစားမိလိုက်၍ သူမ နိုးထလာတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။

မျောက်ဝံအိုကြီးနှင့် မြေခွေးလေးတို့ကလည်း တိတ်ဆိတ်နေကြသည်။ ရှေ့တစ်ယောက်က တိတ်ဆိတ်နေပြီး ဝမ်ပေါင်လဲ့ကို ကြည့်သည့်အခါ စိတ်ခံစားချက်များ ရောထွေးနေ၏။ နောက်တစ်ယောက်ကမူ အံ့အားသင့်နေသည်။

သို့သော်လည်း အသက်ဆယ်ရှိုက်စာ ကြာမြင့်ပြီးသည့်နောက်တွင်ပင် ဝမ်ရီရီ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်အတက်အကျလှိုင်းက ပိုမိုအားကောင်းလာသော်လည်း သူမက နိုးထလာခြင်း မရှိပေ။ သူမက ရပ်တန့်တော့မည့် လက္ခဏာအရိပ်အယောင်များပင် ရှိသည့်အတွက် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက စိုးရိမ်ပူပန်လာလေ၏။

သူမက မနိုးထချင်ဘူးပဲ…

ဝမ်ပေါင်လဲ့က သက်ပြင်းအသာချလိုက်သည်။ သူ့အကြည့်က ပိုမိုညင်သာလာ၏။ သူက ခေါင်းကိုမော့ကာ ဝမ်ရီရီ၏ အနောက်ဖက်မှ လေဟာနယ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် လှေတစ်စင်းက ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေ၏။

ထိုပုံရိပ်တွင် ထိုင်နေသည့်သူကို မြင်လိုက်ရသည်။

“သခင်” စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးက ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။

မျောက်ဝံအိုကြီးနှင့် မြေခွေးလေးတို့ကလည်း ဦးညွှတ်လိုက်ကြသည်။

ထိုပုံရိပ်က ထကာ လှေပေါ်မှ ဆင်းလာလိုက်သည်။ သူက စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး၊ မျောက်ဝံအိုကြီးနှင့် မြေခွေးလေးတို့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဝမ်ရီရီ၏ ဘေးတွင်ရပ်ကာ ညာဖက်လက်ဖြင့် ဝမ်ရီရီ၏ မျက်ခုံးကို အသာထိတွေ့လိုက်သည်။

“ရီရီ အခုထိ မနိုးသေးဘူးလား”

ဝမ်ရီရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏ မျက်တောင်များက လှုပ်ခတ်လာကာ ပါးပြင်အထက် မျက်ရည်များ စီးကျလာလေ၏။ သူမက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လာလေသည်။ ပထမဦးဆုံး သူမ မြင်လိုက်ရသည့်အရာက သူမ၏ ဖခင် မဟုတ်ဘဲ အဝေးတစ်နေရာတွင်ရှိနေသည့် အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ဖြစ်၏။

အဖေဝမ်က ဂရုမစိုက်ဘဲ သူ့သမီး၏ ခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်ပေးလိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လိုက်သည့်အခါ သူ့အမူအရာက အလေးအနက် ဖြစ်နေ၏။ သူက လက်နှစ်ဖက်ကို ယှက်ကာ ဝမ်ပေါင်လဲ့ထံ ဦးညွှတ်လိုက်သည်။

“တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်”

“လူကြီးမင်းက အားနာလို့ နေပါပြီ။ အခု ကျွန်တော် သွားလိုက်ပါဦးမယ်” ဝမ်ပေါင်လဲ့က ခေါင်းငုံ့ပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူက လှည့်ထွက်သွားတော့မည် ဖြစ်၏။

သူ့တွင် အတိတ်နှင့် အနာဂတ် မရှိတော့ပေ။ သူက သူ့ဂိုဏ်းတူအစ်ကိုကြီး ရှိခဲ့ဖူးသော်လည်း ယခုအခါ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုအခိုက်အတန့်၌ သူ့လက်ဖဝါးပြင်ထက်က ကမ္ဘာကလွဲ၍ ဘာမှရှိတော့ဟန်မပေါ်ပေ။

သူမက ဝမ်ပေါင်လဲ့၏ ကျောပြင်ကို ကြည့်နေရင်း ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့သည်။ သူမက ပါးစပ်ဟကာ ပြောတော့မည့်ဆဲဆဲတွင် သူမဘေးတွင်ရှိနေသည့် သူမ၏ အဖေက စကားပြောလိုက်သည်။

“ဝမ်ပေါင်လဲ့ ငါ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းရဲ့ ဝိညာဉ် မပျောက်ဆုံးသွားခင်က ကယ်ထားလိုက်နိုင်တယ်။ အခု သူ့ရဲ့ အာဟာရဖြည့်တာ ပြီးစီးသွားပြီဆိုတော့ သူ့ရဲ့ ဝိညာဉ်မျက်နှာကို ကိုယ်တိုင်ရေးဆွဲပြီး ပြန်လည်ဝင်စားစေချင်လား”

အဝေးတစ်နေရာဆီ လျှောက်လှမ်းနေသည့် ဝမ်ပေါင်လဲ့က အပြင်းအထန် တုန်ယင်သွားခဲ့သည်။ သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူထံ အလျင်အမြန် လှည့်ကြည့်လာခဲ့၏။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြင့် ဦးညွှတ်လိုက်တော့သည်။

“ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်”

All Chapters