တာအို
Vol. 93 Ch. 1290
ထိုစကားများက ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားမှ အလေးနက်ဆုံး ကျေးဇူးတင်မှုနှင့် မဖော်ပြနိုင်သည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဝမ်ပေါင်လဲ့၏ ဘဝကို လွှမ်းမိုးနိုင်သည့်သူများစွာ ရှိ၏။ သို့သော်လည်း ထိုသူများကြား အလွှမ်းမိုးနိုင်ဆုံးရှိသည့်သူများကြားထဲ သူ့ဂိုဏ်းတူအစ်ကိုကြီးက သေချာပေါက် ပါဝင်နေသည်။
သူတို့ ပထမဦးဆုံးတွေ့ဆုံကတည်းက အတွေ့အကြုံများကို ဖြတ်သန်း၍ နောက်ဆုံးအဆင့် ပဋိပက္ခများအထိ သူတို့က ဂိုဏ်းတူညီအစ်ကိုများကြားမှ ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ခဲ့သလို အမှတ်တရများစွာနှင့် မှတ်ဉာဏ်များစွာ ရှိနေသည်။ သူတို့က ဆရာတူညီအစ်ကို ဖြစ်သလို ဂိုဏ်းတူညီအစ်ကိုလည်း ဖြစ်၏။
ထို့ကြောင့် အဖေဝမ်၏ စကားများကို ကြားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ ခံစားရသည့် စိတ်လှုပ်ရှားမှုက အင်မတန် ပြင်းထန်လာသည်။ သူ ဆုံးရှုံးလိုက်ရသည့် အရာကို ပြန်လည်ရရှိသည့် အတွေးက မုန်တိုင်းသဖွယ်ဖြစ်ပြီး သူ့စိတ်ထဲ လှိုင်းလုံးများစွာ ဖြစ်ပေါ်သွားစေသည်။ သူက အတိတ်နှင့် အနာဂတ်ကို ဆုံးရှုံးပြီးပြီဖြစ်ပြီး သူ့အကျင့်စရိုက်ပင် ပြောင်းလဲသွားခဲ့၏။
ထိုအရာက တည်ငြိမ်နေသည့် ရေကန်အပေါ် လှိုင်းတွန့်များသဖွယ် ထွက်ပေါ်လာခဲ့သည်။
အဖေဝမ်က ဝမ်ပေါင်လဲ့၏ ဦးညွှတ်မှုကို လက်ခံလိုက်၏။
သူ့လက်တစ်ချက်အဝှေ့တွင် ဝိညာဉ်တစ်ခု ပါဝင်နေသည့် ပုတီးစေ့က ဝမ်ပေါင်လဲ့ဆီ ပြန်လည်ရောက်ရှိလာသည်။ ထိုအရာက သူ့ရှေ့တွင် လွင့်မြောနေ၏။
ဝမ်ပေါင်လဲ့က ပုတီးစေ့အလယ်ကို ကြည့်လိုက်သည်။ သူ့အကြည့်က အချိန်ကာလံကို ဖြတ်သန်းသွားဟန်ပေါ်၏။
ထိုပုတီးစေ့က အရောင် ၇ရောင်ဖြင့် ပြည့်နှက်နေသည်။ ပြောရမည်ဆိုလျှင် အရောင်၇ရောင်က အထဲတွင် လှည့်ပတ်နေ၏။ အရောင်များစွာ ရှိသော်လည်း ထိုအရာက အလယ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့် ချန်ရှင်း၏ ဝိညာဉ်ကို မဖုံးလွှမ်းနိုင်ပေ။
သူက မျက်လုံးမှိတ်လျက်သားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန်ပေါ်၏။ သူ့ဝိညာဉ်အပြင်ဘက်တွင်ရှိနေသည့် အခိုးအငွေ့၇ရောင်က သူ့ဝိညာဉ်ကို အားဖြည့်ပေးသည့် အာဟာရများ ဖြစ်၏။ ထိုအရာက သူ့ဝိညာဉ်ကို ဖြတ်သန်းသွားသည့် အချိန်တိုင်း သူ့ဝိညာဉ်က သိသိသာသာ ပိုမိုအားကောင်းလာသည်။
ဝမ်ပေါင်လဲ့က သူ့ရှေ့တွင် ရှိနေသည့် ပုတီးစေ့ကို ကြည့်လိုက်သည်။ ဝမ်ရီရီ၏ ဝိညာဉ်သည်လည်း ယခင်က တူညီသည့် အနေအထားတွင် ရှိခဲ့ဖူး၏။ ထိုအရာက အထွတ်အထိပ်ရတနာတစ်ခု ဖြစ်မှန်း သိသာလှသည်။ ထိုသို့သော အထွတ်အထိပ်ရတနာမျိုးကသာ ကောင်းကင်ဘုံသွေဖယ်နေသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားမည်ဖြစ်ကာ ပျောက်ကွယ်သွားသင့်သည့် ဝိညာဉ်ကို အာဟာ ရဖြည့်ပေးနိုင်လိမ့်မည်။
အထဲတွင် ရှိနေသည့် ၇ရောင် အခိုးအငွေ့များအတွက်မူ ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် ထိုအခိုးအငွေ့တစ်ခုချင်းစီက စည်းမျဉ်းဥပဒေသများ ပါဝင်နေကြောင်း ပြောနိုင်လေ၏။ ထိုအခိုးအငွေ့တစ်ခုချင်းစီက အဆုံးမဲ့ အသက်စောင့်စွမ်းအား ပါဝင်နေသည်။
အတိအကျပြောရမည်ဆိုလျှင် တာအိုလမ်းစဉ် ၇သွယ် ဖြစ်၏။
တာအိုလမ်းစဉ် ၇သွယ်က ချန်ရှင်း၏ ဝိညာဉ်ကို ပြုပြင်ဖို့ စကြဝဠာကြီးထဲမှ ယူထုတ်ထားဟန်ပေါ်သည်။ ထိုသို့သော ကိစ္စမျိုးက အံ့မခန်းဖြစ်ကာ မည်မျှအရေးကြီးကြောင်း မြင်တွေ့နိုင်သည်။
အချိန်အတော်ကြာ စိုက်ကြည့်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ချန်ရှင်း၏ ဝိညာဉ် ပါဝင်နေသည့် ပုတီးစေ့ကို သူ့လက်ဖဝါးထဲယူကာ ကမ္ဘာအဖြစ် ပေါင်းစည်းလိုက်သည်။ သူက ခေါင်းမော့ကြည့်လိုက်ပြီး ဝမ်ရီရီ၏ ဖခင်ဖြစ်သူကိုကြည့်ကာ လက်နှစ်ဖက်ယှက်ပြီး ထပ်မံဦးညွှတ်လိုက်၏။
“ကျောက်ပြားကမ္ဘာက မပြီးပြည့်စုံဘူး။ တကယ်လို့ မင်း အဲဒါကို ပြီးပြည့်စုံချင်တယ်ဆိုရင် အချိန်အတော်ကြာ သန့်စင်ပေးဖို့ လိုလိမ့်မယ်။ အဲဒါကြောင့် မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဝိညာဉ်က ကျောက်ပြားကမ္ဘာမှာ ပြန်လည်ဝင်စားမယ်ဆိုရင် သူ့အနာဂတ်က ကန့်သတ်ချက် ရှိနေလိမ့်မယ်။ သူ့အတွက် တာအိုမျိုးစေ့နဲ့ အလားအလာကို ပိုင်ဆိုင်ထားတာ သူ့အနာဂတ်က ကန့်သတ်ချက်မဲ့တယ်” အဖေဝမ်က ဝမ်ပေါင်လဲ့ကို ကြည့်ရင်း ပြောလိုက်သည်။
“သူက ပိုပြီးနက်နဲတဲ့ တာအိုရှိတဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကို လိုတယ်။ နမူနာအနေနဲ့ဆိုရင် ငါ့ရဲ့ မွေးရပ်မြေပေါ့” အဖေဝမ်က လှေဆီ လျှောက်လှမ်းသွားရင်း ပြောလိုက်သည်။ မျောက်ဝံအိုကြီး၊ မြေခွေးလေးနှင့် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့ကလည်း ချက်ချင်း လိုက်ပါသွားကြ၏။ ဝမ်ရီရီကသာ ထိုနေရာတွင် ရပ်နေပြီး တစ်စုံတစ်ခု ပြောချင်နေဟန်ပေါ်သည်။
“ရီရီ” အဖေဝမ်၏ အသံက ပျံ့လွင့်လာသည်။
ဝမ်ရီရီက တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခေါင်းငုံ့နေလျက် လှေဆီ လျှောက်လှမ်းသွားလိုက်၏။ သူမက လှေကို တက်တော့မည့်ဆဲဆဲတွင် သတ္တိစုစည်းလျက် ဝမ်ပေါင်လဲ့ထံ ရုတ်တရက် လှည့်ကာ ပြောလိုက်သည်။
“ဖက်တီး လာမှာလား မလာဘူးလား”
ဤသို့ခေါ်ဝေါ်ပုံက ဝမ်ပေါင်လဲ့ကို ငေးမောသွားစေသည်။ မမလေးက ဤသို့ခေါ်ဝေါ်ပုံ မကြားရသည်မှာ အချိန်အတော်ကြာ ကြာမြင့်လှပြီဖြစ်၏။ ခေတ္တကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ရယ်မောလိုက်သည်။
“လှေပေါ်မှာ နေရာလွတ် ရှိသေးလား”
ထိုသို့ ပြောပြီးသည့်နောက်တွင် သူက ရှေ့တစ်လှမ်းတိုးကာ လှေပေါ် ရောက်ရှိလာသည်။
ကြယ်တာရာအထက် လှိုင်းတွန့်များက ပျံ့နှံ့လာပြီး လှေက အနည်းငယ်ရွေ့လျားကာ ကွာဝေးသည့် ကြယ်တာရာကောင်းကင်ထဲ ဦးတည်သွားသည်။ ထိုအရာက နှေးကွေးဟန်ပေါ်သော်လည်း အရှေ့တိုးသွားသည်နှင့် ဘေးတွင်ရှိနေသည့် လေဟာနယ်က ပျက်ယွင်းသွားကာ ပုံရိပ်များစွာ ဖြတ်သန်းသွားသည်။ ထိုပုံရိပ်များထဲတွင် ကြယ်စင်များနှင့် စကြဝဠာများကိုပင် မြင်တွေ့နိုင်၏။
ဒါက မဟာစကြဝဠာကြီးလား…
ဝမ်ပေါင်လဲ့က လှေပေါ်တွင်ထိုင်ရင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ သူက ထိုလှေသည် မနှေးကြောင်း ကောင်းကောင်းသိထားသည်။ ထိုအရာ၏ အရှိန်က အံ့မခန်းအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ မြန်သည်နှင့် နှေးသည်ကြားပင် ခွဲခြားဖို့ မဖြစ်နိုင်တော့ပေ။
ထိုအရာကို ခွဲခြားနိုင်သည့်အရာက ကိုယ်တိုင်မဟုတ်ဘဲ စံနမူနာတစ်ခုသာ ဖြစ်၏။
အဖေဝမ်က ဝမ်ပေါင်လဲ့၏ အတွေးများကို ခံစားမိဟန်ဖြင့် ခေါင်းလှည့်မလာဘဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“မင်းက အဲဒါရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ နားလည်သေးတယ်။ ထပ်ပြီး နားလည်ဖို့ ကြိုးစားရဦးမယ်။ ရွေ့လျားနေတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ”
ဝမ်ရီရီက မျက်တောင်ခတ်ပြီး သူမ၏ စိတ်နှလုံးသားထဲမှ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များကို ဖိနှိပ်ထားလိုက်သည်။ သူမ၏ မျက်ဝန်းထဲ နက်ရှိုင်းသည့် အတွေးတချို့ ပေါ်ထွက်လာကာ ကြယ်တာရာကောင်းကင်ကြီးကိုသာ လှမ်းကြည့်နေလိုက်သည်။ ဝမ်ပေါင်လဲ့ကလည်း ကြောင်အမ်းနေ၏။ သူက ပထမဦးစွာ လှေအပြင်ဘက်ကို ကြည့်လိုက်သော်လည်း အကြည့်ကို ရုတ်သိမ်းလိုက်သည့်အချိန် သူ့မြင်ကွင်းထဲ အံ့အားသင့်မှု ပေါ်ထွက်လာခဲ့သည်။
သူ ရှိနေသည့်လှေက အစမှ အဆုံးထိ ရွေ့လျားနေခြင်းမျိုး မရှိကြောင်း သဘောပေါက်သွားခဲ့၏။
“ရွေ့လျားနေတာက လှေ မဟုတ်ဘဲနဲ့ စကြဝဠာကြီးပဲ” သူက ရေရွတ်လိုက်သည်။ ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ဝမ်ရီရီ၏ ဖခင်ဖြစ်သူနောက်ကျောကို လှမ်းကြည့်လိုက်၏။ သူက အတော်လေးကို တုန်လှုပ်နေမိသည်။
ထိုသူက မည်သည့်အနေအထားကို ရောက်ရှိနေမှန်း ခန့်မှန်းမကြည့်နိုင်တော့ပေ။ သူ့ရှေ့တွင် ရှိနေသည့် စကြဝဠာကြီးကိုပင် လှုပ်ရှားနိုင်အောင် လုပ်နိုင်လေသည်။
“ကျင့်ကြံသူတွေရဲ့ အရှိန်က ကန့်သတ်ချက် ရှိတယ်။ မင်းက ကွဲပြားတဲ့ အမြင်ကနေ ကိစ္စတွေကို ကြည့်မယ်ဆိုရင် ကျင့်ကြံရေးက အရမ်းရိုးရှင်းတယ်ဆိုတာကို သဘောပေါက်လာလိမ့်မယ်။” အဖေဝမ်၏ အသံက ဝမ်ရီရီနှင့် ဝမ်ပေါင်လဲ့တို့၏ နားထဲ ပျံ့လွင့်လာ၏။
ရှေ့တစ်ယောက်က စိတ်ရှုပ်ထွေးနေပြီး နားမလည်သလို ဖြစ်နေသည်။ သို့သော်လည်း နောက်တစ်ယောက်ကမူ အကြည့်များ တောက်ပလာ၏။ သူ့စိတ်ထဲမှ တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်သလိုမျိုး ဖြစ်၏။
ထိုအရာကို ဖွင့်လှစ်လိုက်သည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်က တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ဓာတ်ငါးပါးတာအိုက တောက်ပလာသည်။ အတိတ်နှင့် အနာဂတ်တာအိုတို့က ဗလာကျင်းနေဟန်ပေါ်သော်လည်း ယခုအခိုက်အတန့်တွင်မူ သူတို့က အဖြူနှင့်အနက်ရောင် အလင်းတန်းအသွင် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ဓာတ်ငါးပါးက အရေးမကြီးတော့ပေ။ အတိတ်နှင့် အနာဂတ်ကလည်း အရေးမကြီးတော့ပေ။
အမှောင်ယင်နှင့် ယန်ဓာတ်တို့ကလည်း အရေးမကြီးတော့ပေ။
“ဒီကမ္ဘာကြီးထဲမှာရှိနေတဲ့ အရာအားလုံးက ငါ အသုံးပြုဖို့အတွက်ပဲ” ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို ခေါင်းမော့ကာ ပြောလိုက်၏။
“ဇစ်မြစ်ဖြစ်လာတာက စကြဝဠာကြီးရဲ့ ခြေနင်းရဲ့ အုတ်မြစ်တစ်ခုပဲ။ မင်း ပြောတာကို သဘောပေါက်ပြီး ရယူနိုင်မယ်ဆိုရင် မင်းက ပဉ္စမအဆင့်ကို ရောက်လာလိမ့်မယ်” အဖေဝမ်က ခေါင်းလှည့်ကာ ပြောလိုက်သည်။ သူက တငေးတမော ဖြစ်နေသည့် ဝမ်ရီရီကို လှည့်ကြည့်လိုက်၏။ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဝမ်ပေါင်လဲ့ကို အထင်ကြီးစွာ ကြည့်လိုက်၏။
“အဲဒါဆို ဆဌမဆင့်မြောက်ကရော” ဝမ်ပေါင်လဲ့က ချက်ချင်းမေးလိုက်သည်။
“ဆဌမအဆင့်လား” အဖေဝမ်၏ အကြည့်ကာ အဝေးတစ်နေရာ လေဟာနယ်ကို ကြည့်နေရင်း နက်နဲနေသည်။
“ပဉ္စမအဆင့်ကို ရောက်ရှိထားတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တိုင်းက ကွဲပြားတဲ့ ဆဌမအဆင့် ရှိကြတယ်။ တချို့က စကြဝဠာကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ်တိုင်ဆဌမ၊ သတ္တမ၊ အဌမနဲ နဝမအဆင့်တွေကို သတ်မှတ်တယ်။ အဲဒါတွေက ငါ့အကြိုက်တော့ မဟုတ်ဘူး။ တချို့ကကျတော့ သူတို့ရဲ့ တာအိုနှလုံးသားကို ကာကွယ်ဖို့အနေနဲ့ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြတယ်။ အားလုံးက တည်ရှိနေပြီးတော့ သူပဲ ပျောက်ကွယ်သွားပေမဲ့ သူ့ဇာတ်ကြောင်း ပျံ့နှံ့နေသရွေ့ သူက အမြဲတမ်း တည်ရှိနေလိမ့်မယ်။ အတိတ်မှာ နေထိုင်ပြီးတော့ အဆုံးမဲ့ကျင့်ကြံနေလိမ့်မယ်”
“တချို့ကကျတော့ ဇစ်မြစ်ကို သူတို့ရဲ့ ပျက်သုဉ်းမှုအဖြစ် အသုံးပြုတယ်။ ကိစ္စတွေက ဖျက်ဆီးမခံရဘူးဆိုရင် သူတို့ရဲ့ တာအိုတွေက ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပိုမိုမပြီးပြည့်စုံလေလေ သူတို့က ပြန်လည်ခံစားပြီးတော့ ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်လေလေပဲ။ သူတို့က ပိုမိုဝေးသည်ထက် ဝေးအောင် လျှောက်လှမ်းနိုင်လိမ့်မယ်။
တချို့က ကံအကြောင်းတရားကို အသုံးပြုပြီး လုပ်ကြတာတွေလည်း ရှိတယ်။ အတိတ်ကို ခြုံငုံပြီး အနာဂတ်မှာ နေကြတယ်။ အစလည်း မရှိသလို အဆုံးသတ်လည်း မရှိဘူး”
“အဲဒါဆို ဧကရာဇ်တွေကရော” ဝမ်ပေါင်လဲ့က တစ်ခုကို တွေးမိကာ မေးလိုက်သည်။
“ဧကရာဇ်လား” အဖေဝမ်က ပြုံးလိုက်၏။
“ငါတို့တွေက ငါတို့ရဲ့ စကြဝဠာကို စားပွဲတစ်ခုနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် တချို့ကကျတော့ ဒီစားပွဲကို ဘယ်လိုဖန်တီးရတယ်ဆိုတာကို လေ့လာကြပြီး တချို့ကကျတော့ ဒီစားပွဲရဲ့ အတိတ်ကို လေ့လာကြမယ်။ တချို့ကကျတော့ ဒီစားပွဲကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ လေ့လာကြလိမ့်မယ်။ တချို့ကကျတော့ ဒီစားပွဲရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို သိချင်ကြလိမ့်မယ်။
အဲ့လိုပဲ။ ဧကရာဇ်ဆိုတာက အဲဒီလေ့လာသူတွေ မလေ့လာနိုင်လောက်အောင် ခိုင်မာနေတဲ့ စားပွဲလိုမျိုးပေါ့။ ဘာနဲ့မှ ဖျက်ဆီးပစ်လို့ မရသလို အတိတ်နဲ့ အနာဂတ်ကို ပိုင်စိုးထားတဲ့သူတွေကို မောင်းထုတ်လိမ့်မယ်။ တစ်ချိန်တည်းဆိုသလို သူက အဲဒီလူတွေကို ဝါးမျိုပြီးတော့ သူကိုယ်တိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားစေလိမ့်မယ်”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူက နောက်ဆုံးမေးခွန်းကို မမေးဘဲ မနေနိုင်တော့ပေ။
“အဲဒါဆိုရင် လူကြီးမင်းကရော… ”