ထာဝရကြယ်စင် ကုန်းမြေ
Vol. 93 Ch. 1291
“ငါလား”
ဝမ်ရီရီ၏ ဖခင်ဖြစ်သူက မေးလိုက်သည်။
“မှန်းကြည့်လေ”
ဝမ်ပေါင်လဲ့က ထူးဆန်းသည့် အမူအရာမျိုး ရှိလာလေ၏။ သူက သူ့ရှေ့တွင်ရှိနေသည့် ဝမ်ရီရီ၏ ဖခင်ဖြစ်သူသည် ဤသို့သော ဘက်အခြမ်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် မရေမရာဖြင့် ပြောလိုက်သည်။
“ကစားပွဲကို လှန်ပစ်နိုင်လောက်တဲ့အထိလား”
ဝမ်ပေါင်လဲ့၏ စကားကို ကြားပြီးသည့်နောက်တွင် ဝမ်ရီရီက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ သူမ၏ အဖေကမူ အားပါးတရ ရယ်မောနေ၏။ သူ့သမီး ပြန်လည်ကောင်းမွန်လာမှုက သူ့ကို နဂိုထက် ပိုမိုအသက်ဝင်လာစေသည်။ ထိုစဉ် သူက ရယ်မောရင်းဖြင့် သူ့နားမှ အငယ်လေးနှစ်ယောက်ကို မကြည့်နိုင်တော့ပေ။ သို့သော်လည်း သူ့စကားသံက ဝမ်ပေါင်လဲ့နှင့် ဝမ်ရီရီ၏ နားထဲ ဝင်ရောက်လာ၏။
“မင်းက ဝမ်ရီရီကို အသက်ပြန်မသွင်းနိုင်ရင် ကစားပွဲကို ပြောင်းပြန်လှန်လိုက်တာက ဖြစ်နိုင်လိမ့်မယ်။ ငါ့လမ်းမှာ ပိတ်ဆို့နေတဲ့သူတွေကို ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်လိုက်ရုံပဲလေ။
နတ်ဧကရာဇ်က အထွတ်အထိပ်အခြေအနေမှာ ရှိနေရင်တောင် သူက ငါ့လမ်းမှာ ပိတ်နေရင် ငါက သူနဲ့ တစ်ခါမှတောင် မတိုက်ခိုက်ဖူးပေမဲ့ ငါက သူ့ကို မသတ်နိုင်ဘူးလို့ ဘယ်လိုလုပ် သေချာမှာလဲ။ ငါ့တာအိုက ချစ်ခြင်းမေတ္တာမှာ တည်ရှိတယ်”
ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားလေသည်။ သူက သူ့ရှေ့တွင် ရှိနေသည့် အမျိုးသားကို ကြည့်လိုက်၏။ အဖေဝမ်၏ အဖြေက သူ့ကို အတွေးနက်သွားစေသည်။ ထိုစဉ် သူ့စိတ်ထဲ စိတ်ခံစားချက်များစွာ ထွက်ပေါ်လာ၏။ သူက ထိုနေရာတွင် ရှိနေပါက ဘာလုပ်မလဲဟု စဉ်းစားလိုက်သည်။
“လမ်းမှာပိတ်နေတဲ့သူတွေကို သတ်မှာ” ဝမ်ပေါင်လဲ့က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက် သူ့အကြည့်များက တောက်ပလာ၏။ သေချာသည့် အနေအထားအရ သူ့ရွေးချယ်မှုသည် အဖေဝမ်နှင့် တူနေလိမ့်မည်။ သူက ကစားပွဲအကြောင်း ဂရုစိုက်မည် မဟုတ်သလို ထိုအရာက မည်သူ့အပိုင် ဖြစ်ကြောင်း ဂရုစိုက်မည်မဟုတ်ပေ။
သူ ဂရုစိုက်သည်က လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းဖို့သာ ဖြစ်၏။
လက်ရှိ နတ်ဧကရာဇ်၏ တည်ရှိမှုက သူ့လမ်းကို ပိတ်ဆို့ထားသည့် အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့် နတ်ဧကရာဇ်က တစ်ဖက်တစ်ချက်ဆီမှ ရပ်နေပြီးသား ဖြစ်၏။
ဝမ်ပေါင်လဲ့က လက်လျှော့လိုက်လျှင်ပင် နတ်ဧကရာဇ် နိုးထလာသည်နှင့် သေချာပေါက် သူ့ကို ဖိနှိပ်လိမ့်မည်။ အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့၏ တကယ့်သွင်ပြင်က တာအို၏ ဇစ်မြစ်ဖြစ်နေ၍ ဖြစ်၏။
နတ်ဧကရာဇ်က မဟာစကြဝဠာ ဖြစ်လိုသည့် အခိုက်အတန့် သစ်သားအနှစ်သာရက သူ့မျက်ခုံးကြား ကျရောက်လာပြီး အနက်ရောင်သစ်သား စမ်းသပ်ချက်အသွင်ပြောင်းလဲသွားခဲ့၍ သူတို့နှစ်ဦးကြားမှ ကံအကြောင်းတရားက တည်ရှိခဲ့သည်။
နှစ်များစွာက ထိုကံအကြောင်းတရားကို မဆေးကြောနိုင်ခဲ့ပေ။ ထိုအစား ပိုမိုအားကောင်းလာလေ၏။ အကြောင်းအရင်းကမူ ဖြတ်သန်းသွားသည့် အချိန်တစ်လျှောက်တွင် သူတို့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုက တစ်ချိန်လုံး ဖြစ်ပျက်နေ၍ ဖြစ်သည်။
နတ်ဧကရာဇ်၏ တကယ့်သွင်ပြင် သို့မဟုတ် သူ၏ နတ်ဘုရားအသိစိတ်တစ်သိန်းမှ ဖွဲ့စည်းထားသည့် နယ်မြေကြားမှ ထိပ်တိုက်တွေ့ဆုံမှုဖြစ်စေ အတူတူသာ ဖြစ်၏။
သူက နတ်ဧကရာဇ်ကို မသတ်ဘဲနဲ့ မလွတ်လပ်နိုင်ဘူး…
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း စဉ်းစားလိုက်သည်။ သူက အဆုံးသတ်၌ မျက်လုံးကို မှိတ်ထားလိုက်၏။
ဘေးတွင်ရပ်နေသည့် ဝမ်ရီရီက သူ့အဖေနှင့် ဝမ်ပေါင်လဲ့တို့ကြားမှ စကားဝိုင်းကို နားမလည်သေးပေ။ သူမက သူတို့နှစ်ဦးကြားမှ စကားဝိုင်းထဲမှ စကားတစ်လုံးချင်းစီကို သိနေသော်လည်း အားလုံး ပေါင်းစည်းလိုက်သည့်အခါ သူတို့က နက်နဲသွားပြီး သူမက နားထောင်ရင်းဖြင့် လမ်းပျောက်သွားရသည်။
ဤသည်က သူမအနေဖြင့် ခံစားရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ တကယ်တော့ သူမ၏ မှတ်ဉာဏ်ထဲတွင် သူမ၏ မိဘများနှင့် ရှိခဲ့သည့်အချိန်များစွာတွင်လည်း ဤသို့ ဖြစ်ခဲ့ဖူး၏။ သို့သော်လည်း သူမဝန်းကျင်တွင် မည်သူကမှ မရှိသည့်အတွက် နှိုင်းယှဉ်စရာ မရှိပေ။ သူမက သူမ မိဘများ ပြောသည့် စကားများက နက်နဲသည်ဟု တွေးခဲ့မိသည်။ အကယ်၍ တခြားသူသာ ဖြစ်နေပါက ထိုအရာကို နားလည်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုတွင် ထိုအရာက ကွဲပြားသွားခဲ့၏။
ဂုဏ်ယူနေခဲ့သည့် သူမက ထိုအရာကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူမက ဝမ်ပေါင်လဲ့သည် မျက်လုံးမှိတ်လိုက်သည်ကို သတိထားမိ၍ သူမကလည်း နားလည်ချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်ဖို့ ရွေးချယ်လိုက်သည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က တကယ်ကို အတွေးနက်နေ၏။ သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူ ပြောလိုက်သည့် စကားများထဲတွင် ပါဝင်နေသည့် တာအိုကို သေချာလေ့လာဆင်ခြင်ကာ သူ့ကိုယ်ပိုင်လမ်းစဉ်အတွက် ဆုံးဖြတ်နေ၏။ ဝမ်ရီရီအတွက်မူ မျက်လုံးမှိတ်ထားသော်လည်း သူမ တွေးတောနေသည့်အရာများကို မသိနိုင်ပေ။
အားလုံးကို အဖေဝမ်က ကြည့်နေလေ၏။ သူက စိတ်ထဲမှ သက်ပြင်းချပြီးသည့်နောက်တွင် သူ့မျက်နှာအထက် အလိုလိုက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
ဤသို့ဖြင့် လှေဝန်းကျင်တွင် ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာရင်း စကြဝဠာ၏ ရွေ့လျားမှုက မဖော်ပြနိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် အသက်ရှိုက်စာ တစ်ရှိုက်စာ ကုန်ဆုံးသကဲ့သို့ သို့မဟုတ် ရာစုနှစ်တစ်စုစာ ကုန်ဆုံးသွားသကဲ့သို့ ဖြစ်နေသည်။
ကျယ်ပြောလှသည့် စကြဝဠာအတွင်း စကြဝဠာအသေးလေးများနှင့် ကြယ်တာရာကောင်းကင်ကြီးများစွာကို ဖြတ်သန်းလာခဲ့ရသည်။ နောက်ဆုံးတွင် စကြဝဠာ၏ ရွေ့လျားမှုက ဖြည်းဖြည်းချင်း နှေးကွေးသွားလေ၏။ ထိုအရာက ပုံမှန်ပြန်ဖြစ်သွားသည့်အခါ ဝမ်ပေါင်လဲ့က သူ့နားထဲတွင် အဖေဝမ်၏ အသံကို ကြားလိုက်ရသည်။
“ငါတို့တွေ ရောက်ပြီ”
ဝမ်ပေါင်လဲ့က ထိုအသံကို ကြားလိုက်သည်နှင့် မျက်လုံးဖွင့်လိုက်သည်။ သူက ကြယ်တာရာကောင်းကင်ကမ္ဘာကို မော့ကြည့်ရင်း သူ့ကျင့်ကြံဆင့်ဖြင့်ပင် မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်မိသွားဆဲ ဖြစ်၏။ သူက မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
ဝေဟင်အထက် ကြယ်စင်များ ရှိမနေပေ။ သူ့မျက်ဆံမှ ရောင်ပြန်ဟပ်မှုကြောင့် ဝမ်ပေါင်လဲ့ မြင်တွေ့သည်ကား မဖော်ပြနိုင်လောက်ဖွယ် ကျယ်ပြောလှသည့် ကုန်းမြေကြီးတစ်ခု ဖြစ်၏။
ထိုကုန်းမြေက ကျယ်ပြန့်လွန်းသည့်အတွက် ကျောက်ပြားကမ္ဘာကပင် တစ်ထောင်ပုံတစ်ပုံ အရွယ်အစားမျှသာ ရှိလေသည်။ ထိုအရာက အရှိန်ပြင်းပြင်းနှင့် ရွေ့လျားနေသည့်အတွက် သူ့ထောင့်စွန်းများက ဝေဝါးကာ အိပ်မက်ဆန်သည့် ခံစားချက်မျိုး ပေးစွမ်း၏။
ထိုအရာပင် မကသေးပေ။
ထိုဝန်းကျင်တွင် အရွယ်အစားမျိုးစုံရှိသည့် ကြယ်စင်များစွာ ရှိနေပြီး သူတို့က ကုန်းမြေကို လှည့်ပတ်လျက်ရှိသည်။ ထိုကုန်းမြေက စကြဝဠာတစ်လျှောက် တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်လှပြီ ဖြစ်မှန်း သိသာလှသည်။ တစ်ချိန်တည်းဆိုသလို ထိုကုန်းမြေမှ မဖော်ပြနိုင်ဖွယ် ကြီးကျယ်သည့် အသက်စောင့်စွမ်းအားတို့က ထွက်ပေါ်နေ၏။ ထိုအရာက အမှောင်ထုများအတွင်း မီးတောက်သဖွယ်ဖြစ်ကာ ညကောင်းကင်ယံကို အလင်းပေးထားလေသည်။
ဝမ်ပေါင်လဲ့က ထိုကုန်းမြေကို ကြည့်လိုက်၏။ အင်မတန် သိပ်သည်းလှသည့် အသက်စောင့်စွမ်းအား၏ သက်ရောက်မှုက ဝမ်ပေါင်လဲ့၏ စိတ်ထဲ၌ပင် အသံများ မြည်လာစေသည်။
ထိုအရာသာ အဆင်ပြေပါက ကိစ္စကြီးကြီးမားမား ဖြစ်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေသည်က ထိုဧရာမကုန်းမြေအထက် မျောလွင့်နေသည့် ထူးကဲသော ဂြိုဟ် ၉လုံး ရှိနေသည်။ သူတို့က နေမင်းနှင့်တူသော်လည်း တစ်ချိန်တည်းဆိုသလို ဖိနှိပ်ထားလေ၏။ သူတို့က တခြားသောဂြိုဟ်များကို ဖိနှိပ်ထားပြီး ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဝမ်ပေါင်လဲ့က ထိုအရာတစ်ခုချင်းစီက သူနှင့် အဆင့်တူကြောင်း ခံစားချက်ရ၏။ တကယ်တော့ သူတို့ထဲက နှစ်ခုက သူ့ကို အန္တရာယ်ခံစားမှုကိုပင် ပေးစွမ်းနေသည်။
ထိုနေမင်း၉စင်း အလယ်တွင် မြေပြင်မှ မားမားမတ်မတ်ရပ်တည်နေသည့် ဧရာမရုပ်ထုကြီးတစ်ခု ရှိ၏။ ထိုအရာက မြင့်မားလွန်းသည့်အတွက် ကောင်းကင်ကိုပင် ထိလုမတတ်ဖြစ်နေသည်။ ထိုရုပ်ထုက အဖေဝမ် ဖြစ်၏။
ဝမ်ပေါင်လဲ့ကို အံ့အားအသင့်ဆုံးအရာက ထိုရုပ်ထုကြီးရှေ့တွင် ဧရာမတံတားကြီး ၁၁စင်း ရှိနေ၏။
တံတားတစ်ခုချင်းစီက အရင်တစ်ခုထက် ပိုမိုကြီးကာ ပိုမိုရှည်လျားကြသည်။
သူတို့က လေဟာနယ်ထဲ တည်ရှိနေလေ၏။ အဝေးမှကြည့်လျှင် သူတို့က အလွှာတစ်ခုချင်းစီ ဖြတ်သန်းနေသည့် လှေကားများနှင့် တူလေသည်။
ထိုတံတား ၁၁စင်းက ရှေးကျသည့် အငွေ့အသက်မျိုးကို ပေးစွမ်း၏။ အချိန်ဖြတ်သန်းလာမှုက ပျက်ယွင်းသည့် အရိပ်အယောင်တို့ကိုပင် မကျန်ရှိစေပေ။ ကြယ်စင်အလင်းများက သူတို့ကို ဖြတ်သန်းနေလျှင်ပင် သူတို့အပေါ် အရိပ်အမြွက်တစ်ခုစီမှ မကျန်ရှိပေ။
သူတို့က စကြဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့သည့် နာမည်တစ်ခု ရှိ၏။
“ဒါက ကောင်းကင်လျှောက်လှမ်း တံတားပဲ။ အရင်ကတည်းက ပြိုလဲသွားပေမဲ့ ငါ ပြင်ထားတာ။ တံတား၉စင်းကနေပြီးတော့ ၁၁စင်း ဖြစ်လာခဲ့တယ်။ တံတား၉စင်းကို ဖြတ်ရင် ကောင်းကင်လျှောက်လှမ်းတံတားပဲ။ အခုကစပြီး အပိုတံတားတွေက ကျင့်ကြံဆင့်မှာ ခြေလှမ်းတစ်လှမ်းစီ အပိုရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ” အဖေဝမ်၏ အသံထဲတွင် အဖက်ဖက်သို့ ပျံ့နှံ့သွားသည့် သဘာဝစည်းမျဉ်းဥပဒေသများ ပါဝင်နေဟန်ပေါ်သည်။ ထိုတံတား၁၁စင်းက သူ ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုနေသည့်အလား အလင်းများ တောက်ပလာသည်။
ကောင်းကင်လျှောက်လှမ်း တံတားက တောက်ပလာသည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်ထဲ လှုပ်ခတ်သွားမိ၏။ ဝမ်ရီရီက ဘေးကနေ ပြောလိုက်သည်။
“ဖက်တီးလေး ငါ့ရဲ့ မွေးရပ်မြေ ထာဝရကြယ်စင်ကုန်းမြေကနေ ကြိုဆိုပါတယ်”