သန့်စင်ခြင်း
Vol. 93 Ch. 1293
ထိုအသံပိုင်ရှင်က သူရဲကောင်းဆန်ပြီး မဖုံးကွယ်နိုင်သည့် လွှမ်းမိုးတတ်သော အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။ ထိုသူ၏ စကားတစ်လုံးကပင် မိုးမြေကို လှုပ်ခတ်သွားစေနိုင်၏။ မိုးရွာသွန်းလာသည်နှင့် ထိုပုဂ္ဂိုလ်က အဝေးမှ လျှောက်လှမ်းလာသည်။
ထိုပုဂ္ဂိုလ်က အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်း ဖြစ်၏။ သူက ခရမ်းရောင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ခေါင်းတွင် သရဖူကို ဝတ်ဆင်ထားခြင်း မရှိပေ။ ထိုအစား သူ့ဆံပင်ရှည်တို့က ပုခုံးအထက် ကျနေသည်။ သူ့မျက်နှာက ကြမ်းတမ်းသော်လည်း သူ့မျက်ဝန်းက ကြယ်စင်များနှင့် တူပြီး လူများက သူ့ကို ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းများကို မှတ်မိရုံမှလွဲ၍ မတတ်နိုင်ပေ။
သူ လျှောက်လှမ်းလာသည်နှင့် သူ့ခေါင်းအထက် မိုးရွာသွန်းနေသော်လည်း သူ့အပေါ် မိုးတစ်စက်မှ မကျပေ။
သူက သူ့အပေါ် ရေလောင်းချလျှင်ပင် ရေတစ်စက်မှ မစိုသကဲ့သို့ ဖြစ်၏။
ဝမ်ပေါင်လဲ့ကပင် ထိုသို့မလုပ်နိုင်ပေ။
သဘောတရားအရ ပြောရလျှင် ထိုအရာက မဖြစ်နိုင်ပေ။ ပြောရလျှင် ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်က မိုးစက် မဆိုထားနှင့် စွမ်းအားကြီးနတ်ဘုရားကပင် သူ့ကို အနည်းငယ်မှ တားဆီးနိုင်မည် မဟုတ်ပေ။
တကယ်တော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က သေမျိုးကမ္ဘာမှ မိုးစက်ကို ကာကွယ်နိုင်လိမ့်မည်။
သို့သော်လည်း သူ့ဝန်းကျင်တွင် မိုးပေါက်များ ပေါ်ထွက်လာသည်။ သူ့ကျင့်ကြံဆင့် လှည့်ပတ်လိုက်သော်လည်း ထိုမိုးစက်များက သူ့အပေါ် ကျရောက်လာဆဲ ဖြစ်၏။
ထိုအရာက တိုက်ခိုက်စွမ်းရည်နှင့် ဘာမှမဆိုင်ဘဲ ကျင့်ကြံဆင့်ဖြင့်သာ သက်ဆိုင်နေဟန်ပေါ်သည်။
ထိုအရာမှ ယခင်နှစ်နှစ်အတွင်း အကြိမ်များစွာ လာရောက်ခဲ့သည့် ထိုအရပ်ရှည်ရှည် ခပ်ထွားထွားအမျိုးသားကလည်း စတုတ္ထအဆင့် ရှိသေးဟန်မပေါ်ပေ။
တစ်ချိန်တည်းဆိုသလို မိုးစက်များကလည်း သာမန်ဟုတ်ဟန် မပေါ်ပေ။ တကယ်တော့ အဝေးတစ်နေရာရှိ တောင်ထိပ်မှ လှမ်းကြည့်ပါက မီတာရာချီ မိုးရွာသွန်းနေသည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည်။ ထိုအပြင်ဘက်တွင် မိုးတစ်စက်မှ မကျပေ။
ထိုသို့ဆိုလျှင်ပင် ဝမ်ပေါင်လဲ့က မိုးရေထဲ ရပ်နေသည့်အတွက် သူ့ဆံပင်နှင့် အဝတ်အစားများက စိုရွှဲနေလေ၏။ သူ မည်မျှပင် တားဆီးဖို့ ကြိုးစားစေကာမူ အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း ထိုအမျိုးသားက လွန်ခဲ့သည့် နှစ်နှစ်ခန့် ပထမဦးဆုံးလာစဉ်အချိန်ကလည်း ဝမ်ပေါင်လဲ့က မိုးရေဖြင့် စိုရွှဲနေခဲ့သည်။ ယခု သူက ထိုသူ့ကို ကြည့်ပြီးသည့်နောက်တွင် လက်နှစ်ဖက်ယှက်လိုက်ကာ ဦးညွှတ်လိုက်သည်။
“လူကြီးမင်း စစ်ထူကို ဂါရဝပြုပါတယ်” သူက ပြောလိုက်ရင်းဖြင့် သူ့ဆံပင်မှ မိုးရေစက်များက ပါးပြင်တစ်လျှောက် စီးကျလာသည်။ တချို့က မြေကြီးအပေါ် တိုက်ရိုက်ကျကာ တချို့ကမူ အင်္ကျီအတွင်း စီးဝင်သွား၏။
“ဟား…ဟား…ဟား…ဖက်တီးလေး ငါတို့တွေ ထပ်တွေ့ပြန်ပြီ” ဝမ်ပေါင်လဲ့က ပြောပြီးသည့်နောက်တွင် ထိုခပ်ထွားထွားအမျိုးသားက အားပါးတရ ရယ်မောပြီး ဝမ်ပေါင်လဲ့ကို ဖက်လိုက်၏။
“တစ်လပဲ ရှိပါသေးတယ်” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။ ထိုခပ်ထွားထွားအမျိုးသားက လွှတ်ပေးလိုက်ပြီးသည့်နောက်တွင် သူ့အနားမှ မိုးရေစက်များကို သုတ်ပြီး လက်ခါလိုက်သည်။
“တစ်လဆိုတာ အချိန်အကြာကြီးပဲကွ။ လာ လာ လာ ဖက်တီးလေး … နောက်ဆုံးတစ်ကြိမ်တုန်းက မင်းကို တမင်သက်သက် နိုင်ခွင့်ပေးလိုက်တာ။ ဒီတစ်ကြိမ် မင်းနဲ့ အလေးအနက် ယှဉ်ပြိုင်မယ်” ခပ်ထွားထွား အမျိုးသားက ပြောလိုက်သည်။ သူက ဝမ်ပေါင်လဲ့ရှေ့တွင် ဝင်ထိုင်လိုက်၏။ သူ့လက်တစ်ချက်အဝှေ့တွင် စစ်တုရင်ခုံ ပေါ်ထွက်လာသည်။ သူက နယ်ရုပ်တစ်ခုကို အလျင်အမြန် ကောက်ယူလိုက်၏။
ဝမ်ပေါင်လဲ့က ပြုံးလိုက်၏။ အတိအကျပြောရလျှင် လူကြီးမင်းစစ်ထူက ယခင်နှစ်နှစ်အတွင်း ခုနစ်ကြိမ် လာရောက်ခဲ့သည်။
ပထမဦးဆုံးလာစဉ်အခါက စကားစမြည်ပြောပြီး လာရောက်တွေ့ဆုံရုံမျှသာ ဖြစ်၏။ ထို့နောက် သူ ထွက်မသွားခင် စစ်တုရင်ကစားနည်းကို သိလားဟု မေးခဲ့သည်။
ဝမ်ပေါင်လဲ့က စစ်တုရင် ကစားနည်းကို မသိပေ။ ကျောက်ပြားကမ္ဘာတွင် စစ်တုရင်ကစားနည်းက ဤနေရာနှင့် စည်းမျဉ်းဥပဒေသများ ကွဲပြားနေ၏။ ထို့ကြောင့် သူက အဆုံးသတ်တွင် သိချင်လာကာ မေးကြည့်လိုက်သည်။
နှစ်ဦးသားက ပထမဆုံးအကြိမ် တွေ့ဆုံကတည်းက တစ်ယောက်က စိတ်အားတက်ကြွကာ တစ်ယောက်ကမူ သင်ယူဖို့ စိတ်အားထက်သန်နေခဲ့သည်။
နောက်ဆုံးတွင် သူက အနိုင်ရရှိခဲ့၏။
ထိုအရာက စစ်ထူအား မခံမရပ်နိုင်ဖြစ်စေသည်။ ထို့ကြောင့် ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့ ရောက်ရှိလာလေ၏။
အချိန်တိုင်းဆိုသလို ဝမ်ပေါင်လဲ့ကသာ အနိုင်ရရှိခဲ့သည်။
သူကိုယ်တိုင်ကပင် မယုံကြည်နိုင်ဖြစ်နေမိ၏။ သူက သူတစ်ခါမှ ရှာမတွေ့သေးသည့် ပါရမီတစ်ခု ရှိနေသည်လား သို့မဟုတ် လူကြီးမင်း စစ်ထူ၏ စစ်တုရင် အရည်အချင်းကပင် ညံ့ဖျင်းလွန်းနေသည်လား မသိရပေ။
ဤသို့ဖြင့် ခုနစ်ကြိမ်မြောက်အထိ ရောက်ရှိလာလေ၏။
ထိုစဉ် ဝမ်ပေါင်လဲ့က သူ့မျက်နှာအပေါ် စီးဆင်းနေသည့် မိုးရေစက်များကို ဂရုမစိုက်တော့ဘဲ သူက နယ်ရုပ်တစ်ရုပ်ကို ကောက်ကိုင်ကာ စစ်တုရင်ခုံပေါ် ထားလိုက်သည်။ ထို့နောက် သူက စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းလိုက်၏။ ယခင်အတွေ့အကြုံများအရ လူကြီးမင်းစစ်ထူ၏ ကစားနှုန်းသည် အင်မတန် နှေးကွေးလာသည်။
ထင်ထားသည့်အတိုင်း ဤတစ်ကြိမ်လည်း အတူတူသာ ဖြစ်၏။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက် ကြာမြင့်ပြီးသည့်နောက်တွင် စစ်ထူက စစ်တုရင်ရုပ်ကို လှုပ်ရှားလာခဲ့သည်။ ဝမ်ပေါင်လဲ့က စိတ်မရှည်သည့် အရိပ်အယောင် မပြပေ။ သူက စစ်တုရင်နယ်ရုပ်ကို ကောက်ကိုင်ပြီး စစ်တုရင်ခုံပေါ်တင်ကာ ထပ်မံ စောင့်ဆိုင်းလိုက်သည်။
ဤသို့ဖြင့် သုံးရက်တာ ကုန်ဆုံးသွားလေ၏။
စစ်တုရင်ခုံ တစ်ဝက်ကျော်လောက်က နေရာယူပြီးထားသည်ကို မြင်လိုက်ရသည့်အခါ စစ်ထူက တွေးတောဖို့ ပိုမို အချိန်ကြာကြာယူလာသည်။ ဝမ်ပေါင်လဲ့က လက်ကိုမြှောက်ပြီး သူ့နဖူးမှ မိုးရေစက်များကို သုတ်ကာ ပြောလိုက်၏။
“လူကြီးမင်းက လှုပ်ရှားမှုတစ်ခု လွဲချော်သွားတဲ့ပုံပဲ”
စစ်ထူက စစ်တုရင်ခုံကိုသာ အသေအချာကြီး စိုက်ကြည့်နေသည်။ သူက တုံ့ဆိုင်းနေပြီး မည်သို့လှုပ်ရှားရမည်မှန်း မသိတော့ဟန်ပေါ်သည်။ ဖြည်းဖြည်းချင်းဖြင့် သူ့မျက်နှာအထက် နောင်တတရားတို့ ပေါ်ထွက်လာ၏။ သူက ခေါင်းငုံ့ပြီးသည့်နောက်တွင် ကောင်းကင်ကို မော့ကြည့်လိုက်၏။
“မင်းက ဆော့လို့ဝပြီမလား။ ငါ့အတွက် ရှင်းပေးလိုက်တော့”
စကားများ ပြောလိုက်သည့်အခါ ကောင်းကင်က လှုပ်ခတ်သွားပြီး လှိုင်းတွန့်များ ထလာကာ တိမ်များက ရွေ့လျားလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့အား ကောင်းကင်သည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသလိုမျိုး ခံစားချက် ပေးစွမ်း၏။
တိမ်တိုက်များ ပျောက်ကွယ်သွားသည့်အခါ မိုးက ရပ်တန့်သွားခဲ့သည်။
မိုးရပ်တန့်သွားသည်ကို မြင်သည့်အခါ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ကလည်း ပြောင်းလဲသွားခဲ့၏။ သူ့အဝတ်အစားနှင့် ဆံပင်များက စိုရွှဲနေခြင်း မရှိတော့ပေ။ သူက မတ်တတ်ရပ်ကာ သူ့ရှေ့တွင်ရှိနေသည့် ခပ်ထွားထွား အမျိုးသားကို ဦးညွှတ်လိုက်၏။
“လူကြီးမင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
ခပ်ထွားထွား အမျိုးသားက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စစ်တုရင်ခုံကို သိမ်းဆည်းလိုက်သည်။
“ငါက ဒီတစ်ကြိမ် စိတ်အခြေအနေမကောင်းလို့ ငါ အိပ်ပြီး နိုးလာတော့မှ မင်းနဲ့ တစ်ခါလာပြီး ယှဉ်ပြိုင်မယ်” ဤသို့ဖြင့် ခပ်ထွားထွား အမျိုးသားက ပျင်းရိစွာ အညောင်းအညာဆန့်ရင်း ထွက်သွားတော့မလို ပြင်လိုက်သည်။
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ ထပ်မံ ဦးညွှတ်လိုက်၏။
“လူကြီးမင်းရဲ့ ကြင်နာမှုအတွက် လုံလုံလောက်လောက် ကျေးဇူးမတင်နိုင်လိုက်ပါဘူးဗျာ”
“ကြင်နာမှုအတွက်တဲ့လား” ခပ်ထွားထွားအမျိုးသားက ကြောင်အမ်းသွား၏။
“လူကြီးမင်း ဘာမှဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒုတိယအကြိမ်ကတည်းက ကျွန်တော် သိပြီးသွားပြီ” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်သည်။
“မင်းက ဘာကို သိတာလဲ” ခပ်ထွားထွားအမျိုးသားက တအံ့တဩဖြင့် ပြန်မေးလိုက်၏။
“လူကြီးမင်းက ၇ကြိမ်လာပြီးတော့ မိုးလည်း ၇ကြိမ် ရွာသွန်းခဲ့တယ်။ ဒီမိုးက ထူးကဲတယ်။ လူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ကို ပြောင်းလဲစေပြီးတော့ ကံအကြောင်းတရားကိုလည်း ပျောက်စေပြီး စိတ်ဝိညာဉ်ကိုလည်း အာဟာရပေးနိုင်တယ်။ ပြီးတော့ စိတ်ကို တည်ငြိမ်စေတယ်။
ဒါက ကျွန်တော်ရဲ့ တာအိုနှလုံးသား အစွဲအလမ်းကို ပြီးမြောက်စေဖို့ ကူညီပေးတယ်ဆိုတာကို ဒီလိုအချိန်အထိမှ မသိဘူးဆိုရင် လူကြီးမင်းနဲ့ စစ်တုရင်ကစားဖို့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ”
“တကယ်တော့ ဒီမိုးရဲ့ သက်ရောက်မှုက အတော်လေးကို အံ့မခန်းပဲ။ ကျွန်တော်က အခုငြိမ်းအေးသွားပြီးတော့ ကျွန်တော်ရဲ့ တာအိုနားလည်နိုင်စွမ်းက အရင်နှစ်နှစ်ကထက် ပိုပြီးတော့ နက်နဲလာပြီ။ ကျွန်တော်ရဲ့ နှလုံးသားကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတဲ့ အကြံတချို့ပါ ရလာခဲ့ပြီ” ဝမ်ပေါင်လဲ့၏ စကားများက လေးနက်လွန်းပြီး ထပ်မံ ဦးညွှတ်လိုက်သည်။
ဝမ်ပေါင်လဲ့၏ စကားများကို ကြားကာ ခပ်ထွားထွားအမျိုးသားက ဆွံ့အသွားလေ၏။ ထို့နောက် သူက မျက်တောင်ခတ်ပြီး ချောင်းအသာဟန့်လိုက်သည်။
“အား ဒီလိုကိုး”
“အား ကောင်လေး မင်းကတော့ တစ်ခုခုပဲ။ ငါက ဒီလိုမျိုး ဖုံးကွယ်ထားတာတောင် မင်းက ငါ့ရဲ့ ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် သဘောပေါက်သွားသေးသားပဲ” ခပ်ထွားထွားက အမျိုးသားက ချောင်းအသာဟန့်လိုက်သည်။ သူ့စိတ်နှလုံးသားထဲ ထူးဆန်းသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာသော်လည်း အပေါ်ယံ မျက်နှာပြင်အထက်၌ ထွက်ပေါ်လာခြင်း မရှိပေ။ ထိုအစား သူက ရယ်ရယ်မောမောဖြင့်သာ အဆုံးသတ်လိုက်၏။
“လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် မွေးရပ်မြေမှာ ရှိတုန်းက ရီရီက ဒီနည်းလမ်းကို သုံးပြီးတော့ ကျွန်တော်ကို အများကြီး ကူညီပေးခဲ့လို့ နားလည်တာပါ” ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ပြောလိုက်၏။
ဤတစ်ကြိမ် ထိုအမျိုးသား၏ စိတ်ထဲမှ ထူးဆန်းသည့် ခံစားချက်ကို မဖုံးကွယ်နိုင်တော့ဘဲ မျက်နှာအထက် ပေါ်ထွက်လာခဲ့သည်။ သူက မသိမသာ လက်ကိုမြှောက်ပြီး ဝမ်မိသားစုရှိရာ လှိုဏ်ဂူဘက် လှမ်းကြည့်လိုက်သည်။ သူက သူသာလျှင် ကြားရသည့် စကားတချို့ကို ရေရွတ်လိုက်၏။
ထို့နောက် ခြောက်ကပ်ကပ် ချောင်းအသာဟန့်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် …
သို့သော်လည်း ထိုအခိုက်အတန့်၌ ကောင်းကင်ယံမှ ကလေးငိုသံ ထွက်ပေါ်လာလေသည်။
ထိုအသံက စည်ကားလှသည့် မြို့အတွင်း ဘာမှမဟုတ်ပေ။ ထို့အပြင် မြို့က ကြီးမားကျယ်ပြန့်လွန်းသည့်အတွက် အာရုံမစိုက်ပါက ထိုအရာကို ခွဲခြားဖို့ ခက်လှ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က သူ့နတ်ဘုရားအသိစိတ်ကို မြို့ထဲမှ မိသားစုတစ်ခုအပေါ် အမြဲတမ်း အာရုံစိုက်ထားလေ့ရှိသည်။
ထို့ကြောင့် ထိုငိုသံကြားသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အလိုလို လှုပ်ရှားသွားကာ လှမ်းကြည့်လိုက်မိသည်။
ထို့နောက် ထိုအိမ်တော်အတွင်း ကလေးလေးတစ်ယောက် မွေးဖွားလာသည်ကို မြင်လိုက်ရ၏။
“ဂိုဏ်းတူအစ်ကိုကြီး ... ” ဝမ်ပေါင်လဲ့က ထိုကလေးလေးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်နှာအထက် ပျော်ရွှင်သည့် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။