တာအိုဆရာ
Vol. 93 Ch. 1294
အချိန်က မျက်စိတစ်မှိတ်အတွင်း ၅နှစ်တာ ကုန်ဆုံးသွားခဲ့သည်။
ထာဝရကြယ်စင်ကုန်းမြေရှိ ပထမပိုင်နက်ထဲ မြို့တစ်မြို့ ရှိလေသည်။ အဝေးမှကြည့်လျှင် ထိုအရာက ဧရာမခရုကြီးနှင့် တူ၏။ လေထုထဲ အံ့ဖွယ်စွမ်းအားများ ပြည့်နှက်နေကာ ခရု၏ ကျောပေါ်ရှိ အခွံကြီးသာ ကျန်ရှိတော့သည်။
ထိုအရာက မြေဆွဲအားကို ပိုင်ဆိုင်ထားသည့်အလား ခရုခွံကြီးက မားမားမတ်မတ် ရှိနေလေ၏။ သို့သော်လည်း အထဲတွင် နေထိုင်ကြသည့်သူများအတွက်မူ အရာအားလုံးက ပုံမှန်သာ ဖြစ်၏။ ကောင်းကင်ကြီးက ကောင်းကင်သာ ဖြစ်နေဆဲဖြစ်ပြီး ကွဲပြားချက်ဟူ၍ မရှိပေ။
ဤကျယ်ပြောလှသည့် မြို့အတွင်း တာအိုကျောင်းဆောင်တစ်ခုက အာရုံများများစားစား ဖမ်းစားနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအရာက အင်မတန် သေးငယ်သော်လည်း တာအိုကျောင်းဆောင်ကိုယ်တိုင်က လူများစွာအတွက် အရေးကြီးနေခဲ့သည်။
ထာဝရကြယ်စင်ကုန်းမြေထဲတွင် မိသားစုများက သူတို့၏ ကလေးများကို သင့်တော်သည့်အရွယ်တွင် တာအိုကျောင်းဆောင်ဆီ ပို့ဆောင်ကာ ကျင့်ကြံရေး ဉာဏ်အလင်းပွင့်မှုကို ဖြတ်သန်းကြရသည်။
ထာဝရကြယ်စင်ကုန်းမြေအတွက် ကျင့်ကြံရေးက သာမန်အခြေအနေသာ ဖြစ်ပြီး ကျောက်ပြားကမ္ဘာရှိ ကောင်းကင်ကျောင်းတော်သဖွယ် ဖြစ်၏။ သင့်တော်သည့် အရွယ်သို့ ရောက်ရှိပြီးသည့်နောက်တွင် ကလေးများက ဉာဏ်အလင်းပွင့်မှုကို ရယူဖို့အတွက် တာအိုကျောင်းဆောင်ဆီကို သွားကြရလိမ့်မည်။
တာအိုကျောင်းဆောင်တည်ရှိမှုက အလားအလာကောင်းသည့်သူများကို စစ်ထုတ်ပြီး ပိုမိုမြင့်မားသည့် ဂိုဏ်းများဆီ ပို့ဆောင်ပေးဖို့ ဖြစ်၏။ သူတို့က တစ်လမ်းချင်းစီ တိုးတက်သွားကာ နောက်ဆုံးတွင် ထာဝရကြယ်စင်ကုန်းမြေ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးတန်လာကာ အရေးကြီးလာလိမ့်မည်။
ထိုဖြစ်စဉ်အတွင်း ထာဝရကြယ်စင်ကုန်းမြေတစ်လျှောက် ပျံ့နှံ့နေသည့် ဇာတ်ကြောင်းများစွာလည်း ရှိခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သင့်တော်သည့် အရွယ်ရောက်နေသည့် ကလေးငယ်တိုင်းက မြို့အသီးသီးသို့သွားကာ ဉာဏ်အလင်းပွင့်မှုအတွက် တာအိုကျောင်းဆောင်များဆီ ဝင်ရောက်လေ့ရှိသည်။
တာအိုကျောင်းဆောင်၏ တည်ရှိမှုက ကျင့်ကြံသူအများစု သူတို့၏ ကျင့်ကြံရေး ဘဝတွင် ပထမဦးဆုံး ထိတွေ့မိသည့်နေရာဟု ဆိုရပေမည်။
ထာဝရကြယ်စင်ကုန်းမြေရှိ တာအိုကျောင်းဆောင် အားလုံးနီးပါးက ဂိုဏ်းအကြီးကြီးများက ဆောက်လုပ်ထားခြင်း ဖြစ်၏။ သူတို့၏ ကျင့်ကြံရေးနည်းလမ်းများကလည်း အစစ်အမှန် ဖြစ်ပေသည်။ ထို့ကြောင့် မိဘများကိုယ်တိုင်က သေချာသည့် အရင်းအမြစ်နှင့် စွမ်းအားမရှိသရွေ့ ကျင့်ကြံသူများကပင် သူတို့၏ ကလေးငယ်များကို တာအိုကျောင်းဆောင်ဆီ ပို့ဖို့ရာ ရွေးချယ်ကြလေ့ရှိသည်။
တာအိုကျောင်းဆောင်များတွင်လည်း အားသာချက်၊ အားနည်းချက်ဟူ၍ ရှိ၏။ အရာအားလုံးကို ပြုစုပျိုးထောင်ပေးထားသည့် မျိုးစေ့အရေအတွက်ဖြင့် သတ်မှတ်နိုင်သည်။ ထို့ကြောင့် တာအိုကျောင်းဆောင်က နာမည်ကျော်ကြားလေလေ၊ မိသားစုများက သူတို့၏ ကလေးငယ်များကို ပို့လာလေလေ ဖြစ်၏။
ဤခရုနှင့် တူသည့် မြို့အတွင်း လွန်ခဲ့သည့် ၅နှစ်ခန့်က ပေါ်ထွက်လာသည့် တာအိုကျောင်းဆောင်က အံ့အားသင့်စရာ သိပ်မရှိပေ။ သို့သော်လည်း လွန်ခဲ့သည့် သုံးနှစ်ခန့်က တာအိုကျောင်းဆောင်မှ ပထမကလေးငယ် တစ်သုတ် ထွက်ပေါ်လာခဲ့ကာ ဤပိုင်နက်ထဲရှိ ပထမအဆင့်ဂိုဏ်းဆီ ဝင်ရောက်နိုင်ခဲ့သည့်အတွက် တာအိုကျောင်းဆောင်၏ ဂုဏ်သတင်းက အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။
ထာဝရကြယ်စင်ကုန်းမြေရှိ ပိုင်နက်တိုင်းတွင် ဂိုဏ်းများစွာရှိပြီး ပိုင်နက်တစ်ခုချင်းစီက မြို့ပေါင်း၈ထောင်ရှိလေသည်။ ဤနေရာတွင် လူများစွာရှိသည့်အတွက် ပထမအဆင့်ဂိုဏ်းတွင် ဝင်ရောက်နိုင်ခြင်းက မည်မျှပင် ထူးချွန်ကြောင်း ပြသနေလေ၏။ အထူးသဖြင့် ဤပိုင်နက်ထဲရှိ ပထမအဆင့်ဂိုဏ်းအတွက် မှန်ကန်ပေသည်။ သူတို့က ဝင်ရောက်လာမည့် တပည့်များအတွက် ကိုယ်ပိုင်နှစ်စဉ် ဝင်ငွေရှိကြသည့်အတွက် တင်းကြပ်သော လိုအပ်ချက်များရှိသလို နေရာလွတ်များစွာလည်း မရှိပေ။
ထို့ကြောင့် လူဒါဇင်ချီ တစ်ပြိုင်နက် လက်ခံလိုက်သည့် အချက်က လူများစွာ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုအပြင် ထိပ်သီးပထမအဆင့်ဂိုဏ်းဆီမှ လက်ခံခြင်း မခံလိုက်ရသည့် တပည့်များက ဤပိုင်နက်ရှိ ထိပ်သီး ဂိုဏ်း ၃ခုဆီ ဝင်ရောက်ခွင့်ရသည့်အတွက် အုတ်အုတ်သောင်းသောင်း ဖြစ်သွားစေသည်။
အကြောင်းအရင်းကမူ ဤသည်က ရာနှုန်းပြည့် ဝင်ရောက်နိုင်ခွင့်ကြောင့် ဖြစ်၏။ အကယ်၍ အခြားသော တာအိုကျောင်းဆောင်များဆိုပါက ထိုအရာကို ရရှိဖို့ အင်မတန်ခက်ခဲလှသည်။
ဤတာအိုကျောင်းဆောင်မှ ကျင့်ကြံရေး မျိုးစေ့များသည် ပထမနယ်မြေရှိ ပထမဂိုဏ်းမှ ယူဖို့ ရည်ရွယ်ထားသည်ဟု ကောလဟာလများပင် ရှိခဲ့သည်။ သို့သော်လည်း တခြားသောဂိုဏ်းများက မနာလိုဖြစ်နေသည့်အတွက် သူတို့ကို ခွဲပေးလိုက်ရခြင်း ဖြစ်သည်။
နှိုင်းယှဉ်ကြည့်ပါက တာအိုကျောင်းဆောင်ကို ပို၍ကျော်ကြားစေသည့်အချက်က လွန်ခဲ့သည့်သုံးနှစ်ခန့်က ကလေးငယ်တစ်ယောက်သည် တာအိုကျောင်းဆောင်ရှိ တာအိုဆရာ၏ ကိုယ်ပိုင်တပည့်တစ်ယောက် ဖြစ်လာ၍ ဖြစ်၏။ သူက ပထမပိုင်နက်ရှိ အထွတ်အထိပ်ဂိုဏ်းဖြစ်သည့် ရွှမ်ထျန်းဂိုဏ်းမှ ခေါ်ယူသွားခြင်းခံရသည်။ ဤသည်က ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပြီး လူများစွာပင် အံ့အားသင့်သွားစေသည်။
ထို့ကြောင့် နောက်နှစ်နှစ်အတွင်း မိသားစုတိုင်းနီးပါးက သူတို့၏ ကလေးငယ်ကို ဤတာအိုကျောင်းဆောင်ဆီ ပို့ဖို့ရာအတွက် အလုအယက်ဖြစ်နေကြသည်။
တစ်ချိန်တည်းဆိုသလို ဤကျောင်းဆောင်၏ ဇစ်မြစ်ကို စုံစမ်းသည့် ကျင်ကြံသူများလည်း များပြားလာခဲ့၏။ ကျောင်းဆောင်က အင်မတန် ထူးဆန်းလှပြီး တခြားသော ကျောင်းဆောင်များဖြင့် ကွဲပြားနေသည်။ ပြောရမည်ဆိုလျှင် ကျောင်းဆောင်၌ တာအိုဆရာတစ်ယောက်သာ ရှိ၏။ အတိအကျပြောရမည်ဆိုလျှင် ကျောင်းဆောင် အပြင်နှင့် အထဲတွင် ဆရာတစ်ယောက်သာ ရှိလေသည်။
ထိုသူကို တာအိုဆရာဝမ်ဟု အသိများကြ၏။ သူ့နာမည်အရင်းကိုမူ မည်သူကမှ မသိကြပေ။ သူ့ဇစ်မြစ်က ဆန်းကြယ်လွန်းပြီး သူ့ကျင့်ကြံဆင့်က လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေသည်။ အရာအားလုံးက လျှို့ဝှက်ဆန်းကြယ်ဟန်ပေါ်သည့်အတွက် လူများစွာက သူ့အကြောင်းကို ဖော်ထုတ်ဖို့ မည်မျှပင် ကြိုးစားစေကာမူ တာအိုဆရာဝမ်နှင့် ပတ်သက်ပြီး ဘာမှရှာမတွေ့ကြပေ။
ကြည့်ရသည်မှာ သူ့အကြောင်း သိသည့်သူအားလုံးက လျှို့ဝှက်ပြီး ထုတ်မပြောလိုကြပေ။ သူတို့က ရံဖန်ရံခါ ထုတ်ပြောမိလျှင်ပင် ကြားသည့်သူများကပင် ပါးစပ်ပိတ်နေဖို့ ရွေးချယ်ကြလေ့ ရှိ၏။
ဖြည်းဖြည်းချင်းဖြင့် ထိုတာအိုကျောင်းဆောင်က ပိုမိုလျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။
ထိုကျောင်းဆောင်ရှိ တာအိုဆရာဝမ်က ဝမ်ပေါင်လဲ့သာ ဖြစ်၏။
လွန်ခဲ့သည့် ငါးနှစ်ခန့်က သူသည် သူ့ဂိုဏ်းတူအစ်ကိုကြီး မွေးဖွားလာသည်ကို သိသည့်အခါ တောင်ထိပ်မှ ဆင်းလာပြီး မြို့ထဲ ရောက်ရှိလာသည်။ သူက သူ့ဂိုဏ်းတူအစ်ကိုကြီး၏ အိမ်နှင့် မနီးမဝေးတွင် ခြံဝန်းတစ်ခု ဝယ်ယူပြီး ကျောင်းဆောင်ကို ဆောက်လုပ်ခဲ့သည်။
သူက ဤကုန်းမြေရှိ တာအိုကျောင်းဆောင်၏ အရေးပါမှုကို နားလည်ထားလေ၏။ သူ့မူလအစီအစဉ်က သူ့ဂိုဏ်းတူအစ်ကိုကြီး အရွယ်ရောက်သည်အထိ စောင့်ဆိုင်းကာ သူ့ကို ခေါ်ဆောင်သွားပြီး အမှောင်ပညာရပ်ကို သင်ပေးဖို့ ဖြစ်၏။
သူက သူ စိတ်ကျေနပ်သည့် တခြားသော ကလေးငယ်များကိုပင် လက်ခံခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ကလေးငယ်များက ဂိုဏ်းကြီးများထံ ဝင်ရောက်ခွင့်ရရှိခဲ့၏။ ထိုသတင်းများက ပျံ့နှံ့သွားသော်လည်း ဝမ်ပေါင်လဲ့က ဂိုဏ်းကြီးများ၏ ခေါင်းဆောင်များသည် သူ့အကြောင်းကို သိရှိသွား၍သာ ဖြစ်ကြောင်း သိလေသည်။ အကြောင်းအရင်းကမူ သူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ရာ ဖြစ်၏။
ထိုအရာက ပထမပိုင်နက်ရှိ အထွတ်အထိပ်ဂိုဏ်းဖြစ်သည့် ရွှမ်ထျန်းဂိုဏ်းလည်း အပါအဝင် ဖြစ်၏။ သူတို့ခေါင်းဆောင်၏ ကျင့်ကြံဆင့်က စတုတ္ထအဆင့်ဖြစ်နေပြီး စကြဝဠာထဲရှိ နေမင်းကိုးစင်းထဲမှ တစ်စင်း ဖြစ်လေသည်။ ဤသို့ သူက တွေးမိထားခြင်း ဖြစ်၏။
ထိုအရာများက သူ့ငြိမ်းချမ်းမှုကို နှောင့်ယှက်နေသော်လည်း သူ့ခေါင်းထဲက အာရုံများများစားစား မစိုက်ပေ။ သူက ထာဝရကြယ်စင်ကုန်းမြေအပေါ် ရောက်ရှိလာကတည်းက ဤနေရာတွင် ကံကြွေးတစ်ခု ချန်ထားခဲ့ဖို့ ငြင်းဆန်မည် မဟုတ်ပေ။
ထိုစဉ် တာအိုကျောင်းဆောင်ငယ်အတွင်း ဝမ်ပေါင်လဲ့က ဉာဏ်အလင်းပွင့်ဖို့ ရောက်လာသည့် ကလေးငယ်များကို ပြန်လွှတ်ပြီးသည့်နောက်တွင် တာအိုကျောင်းဆောင်အဝင်ဝအပြင်ဘက် သစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအရာက တစ်ဝက်စိမ်းကာ တစ်ဝက်နီနေပြီး သစ်ရွက်များကပင် ကြွေလွင့်လာသည်။ သူတို့က တာအိုကျောင်းဆောင်မှ ဆွဲဆောင်ခံရဟန်ဖြင့် အများစုက ခြံဝန်းရှေ့တွင် မြောလွင့်နေပြီး မြေပြင်ပေါ် ဝေ့ဝဲနေကြသည်။ သူတို့က ထွက်မသွားလိုဟန်ဖြင့် ဝမ်ပေါင်လဲ့အနီးတွင် စုဝေးနေကြသည်။
ဝမ်ပေါင်လဲ့က ထိုကြွေကျပြီးသည့် သစ်ရွက်များကို မကြည့်ပေ။ သူ့အကြည့်က ပြောင်းလဲခြင်းမရှိဘဲ အဝေးတစ်နေရာမှ မိသားစုကို ကြည့်နေခြင်း ဖြစ်၏။
လေအေးတစ်ချက် တိုက်လာကာ ထိုအရာက ဆောင်းတွင်းကို ယူဆောင်လာရုံသာမက ကလေးငယ်များ၏ ရယ်မောသံများကိုလည်း ဆောင်ကြဉ်းလာသည်။
ထိုအသံကို နားထောင်ပြီး ဝမ်ပေါင်လဲ့၏ အမူအရာက ပိုမိုညင်သာလာ၏။ သူက တံမြက်စည်းကို ကိုင်ကာ ကြွေလွင့်ပြီးသားသစ်ရွက်များကို ဖြည်းဖြည်းချင်း လှဲကျင်းပြီး ခြံဝန်း၏ ထောင့်တစ်နေရာ၌ စုပုံထားလိုက်သည်။ တံမြက်စည်းက မြေကြီးအပေါ် ထိတွေ့သွားသည့်အခါ တံမြက်စည်းလှဲသံများပင် ဆက်တိုက်ထွက်ပေါ်နေပြီး ခြံဝန်းတစ်ခုလုံးက ပိုမိုစိတ်ငြိမ်လာ၏။ ဝမ်ပေါင်လဲ့ ဝန်းကျင်တွင် တာအိုစည်းချက်တစ်ခု ထွက်ပေါ်နေကာ ထိုအရာက ငြိမ်းအေးလှသည်။
ဤသို့ဖြင့် နေ့ရက်များက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး ဆောင်းတွင်းကလည်း ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ တစ်ရက်သား ပထမနှင်းကျလာသည့်အခါ ခြံဝန်းထဲတွင် နှင်းများကို လှဲကျင်းနေသည့် ဝမ်ပေါင်လဲ့က ခံစားချက်တစ်ခုကို ရရှိ၍ ခေါင်းမော့ကြည့်လိုက်သည်။
ခြံဝန်းအပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ထိုခြံဝန်းအပြင်ဘက်တွင် အမျိုးသားငယ်နှင့် အမျိုးသမီးငယ်လေးတို့က ကလေးကို လက်ဆွဲလျက် ရောက်ရှိနေကြသည်။
“တာအိုဆရာဝမ် ဒီအငယ်လေးက ချန်ယွင်လော့ပါ။ ဒါကတော့ အငယ်ဆုံးလေး ချန်ရှင်းပါ။ သူက တာအိုကျောင်းဆောင်ဆီ ဝင်ပြီးတော့ တာဆိုဆရာဝမ်ရဲ့ ဉာဏ်အလင်းပွင့်မှုကို ခံချင်လို့ပါတဲ့။ တာအိုဆရာဝမ်က သူ့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးလို့များ ရမလား” တာအိုကျောင်းဆောင် တံခါးဖွင့်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ထိုမိသားစု၃ယောက်ရှေ့ ထွက်ပေါ်လာသည်။ လူငယ်လေးက သူ့ဇနီးကို ဆွဲရင်း ဝမ်ပေါင်လဲ့ရှေ့ ဦးညွှတ်လိုက်၏။
ကလေးငယ်လေးကသာ မျက်လုံးအပြူးသားဖြင့် ဝမ်ပေါင်လဲ့ကို သိချင်စွာ ကြည့်နေသည်။ သူက တစ်စုံတစ်ခုကို ပြောလိုသော်လည်း သူ့ဘေးတွင် ရှိနေသည့် သူ့ဖခင်က သူ့ကို ကြည့်ကာ အောက်ဆွဲကာ ခေါင်းငုံ့ခိုင်းလိုက်သည်။
ဝမ်ပေါင်လဲ့က ဘေးကိုသွားကာ ထိုကောင်လေး၏ ဦးညွှတ်မှုကို ရှောင်ရှားလိုက်သည်။ သူက ထိုကောင်လေး၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်၏။ သူက ထိုကောင်လေးသာ ကြားရအောင် ညင်သာစွာ တီးတိုးပြောလိုက်သည်။
“ဒီဘဝမှာလည်း ဉာဏ်အလင်းဖွင့်ပေးချင်ပါတယ် … ”