ဒီဘဝ
Vol. 93 Ch. 1295
ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ ချန်ယွင်လော့နှင့် သူ့ဇနီးတို့က သူ့အသံကို မကြားရဘဲ ကလေးလေးကသာ ဝမ်ပေါင်လဲ့ကို တအံ့တဩ မော့ကြည့်လာသည်။ ထိုကလေးလေးက ထိုအရာကို နားမလည်သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူ့စိတ်ထဲ၌ ရင်းနှီးပြီးသား ခံစားချက်နှင့် မရင်းနှီးသေးသည့် ခံစားချက် နှစ်ခု ပေါ်ထွက်လာသည်။
ထိုခံစားချက်က ပူပူနွေးနွေးဖြစ်ပြီး သူ့နှလုံးသား၊ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံးကို ပြည့်နှက်သွားလေသည်။ ထိုအခိုက်အတန့်၌ ဤနှစ်၏ ပထမဦးဆုံး နှင်းကျမှုကပင် နွေးထွေးလာဟန်ပေါ်သည်။
သူ့ရှေ့တွင် ရှိနေသည့် တာအိုဆရာက သူ့ကို စိတ်လှုပ်ရှားမှု ပေး၏။ သူ့ရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်ကို သူ့ဘေးတွင် ထားကာ အတူတူ ရှိလိုမိသည်။
ထိုနွေးထွေးမှုကြားတွင် ချန်ယွင်လော့နှင့် သူ့ဇနီးတို့က ဝမ်ပေါင်လဲ့၏ ကြင်နာမှုနှင့် အသိအမှတ်ပြုမှုတို့ကို ခံစားမိကြသည်။ သူတို့ကလည်း ပတ်ဝန်းကျင်ရှိ နွေးထွေးမှုကြောင့် သက်ရောက်ခံလိုက်ရပြီး စိတ်အေးသွားကာ ဝမ်ပေါင်လဲ့ထံ ဦးညွှတ်ပြီးသည့်နောက်တွင် ကလေးလေးနှင့် ထွက်ခွာသွားခဲ့သည်။ ထိုသို့ ထွက်ခွာမသွားခင် သူ့အဖေဘေးတွင် ရှိနေသည့် ကလေးလေးက ခေါင်းကို သုံးကြိမ်လှည့်လာသည်။ တတိယအကြိမ် လှည့်လာသည့်အခါ ကလေးလေးက မနေနိုင်ဘဲ လှမ်းကာ မေးလိုက်တော့သည်။
“တာအိုဆရာကြီး ကျွန်တော်တို့ အရင်က တွေ့ခဲ့ဖူးလား”
သူ့အသံက ချန်ယွင်လော့နှင့် သူဇနီးကို ကပျာကယာဖြစ်သွားစေ၏။ သို့သော်လည်း သူ့ဖခင်ဆီမှ သတိပေးသည့် အကြည့်နှင့် သူ့မိခင်ဆီမှ ကပျာကယာဖြစ်နေသည့် အမူအရာတို့က ကလေးလေးအား ခေါင်းပြန်လှည့်လာအောင် မစွမ်းဆောင်နိုင်ပေ။ သူက တာအိုကျောင်းဆောင်ဆီ အဖြေကို စောင့်နေသည့်အလား ဆက်လက်ကြည့်နေသည်။
“ဒါပေါ့” ဝမ်ပေါင်လဲ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ အရင်ဘဝမှာလေ” သူက တီးတိုးပြောလိုက်သည်။
“အွန်း … ” ကလေးလေး၏ အကြည့်များက အနည်းငယ် ပျောက်ဆုံးသွားဟန်ပေါ်၏။ သို့သော်လည်း သူက ကလေးလေးသာ ဖြစ်နေသေးသည့်အတွက် အလျင်အမြန် အာရုံပြောင်းသွားသည်။ သူ့မိဘများ၏ တောင်းပန်မှုနှင့် ဝမ်ပေါင်လဲ့တို့၏ ညင်သာသည့် အပြုံးဖြင့် မိသားစုသုံးဦးက အဝေးသို့ လျှောက်လှမ်းသွားလေသည်။
ချန်ယွင်လော့၏ ဆုံးမသံများကိုလည်း လေနှင့်အတူ ပျံ့လွင့်လာ၏။
အဝေးမှ ကောင်းကင်မှ မီးခိုးရောင်သန်းနေပြီး နှင်းပွင့်များက ကျဆင်းနေသည်။ မြို့တစ်မြို့လုံးက အဖြူရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားသလိုမျိုး ဖြစ်နေ၏။ တာအိုကျောင်းဆောင်အပြင်ဘက်တွင် ချန်ယွင်လော့တို့၏ မိသားစုသုံးယောက်က ဖြည်းဖြည်းချင်း နှင်းမုန်တိုင်းကြား ပျောက်ကွယ်သွားလေသည်။
တာအိုကျောင်းဆောင်အတွင်း ဝမ်ပေါင်လဲ့က တံခါးဝတွင် ရပ်နေကာ တံမြက်စည်းကို ကိုင်ဆောင်ထားလျက် ရှိသည်။ သူက ခေါင်းမော့ကာ ကြည့်လိုက်၏။ သူ့မျက်နှာအထက် အပြုံးက ပိုမိုတောက်ပလာသည်။ နှင်းပွင့်များက သူ့ရှေ့မှ ကမ္ဘာထဲ ပြည့်နှက်လာသည့်အခါ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပင် ပိုမိုသိမ်မွေ့နူးညံ့သွားစေ၏။
နှင်းမုန်တိုင်းက တစ်လတာ ကြာမြင့်ခဲ့သည်။ သို့သော် ကမ္ဘာများတွင် သေမျိုးများအတွက် တစ်လတာ နှင်းကျမှုက ကပ်ဘေးကို ဖြစ်စေလိမ့်မည်။ သို့သော်လည်း ဤထာဝရကြယ်စင်ကုန်းမြေအတွက်မူ ဤသည်က ပုံမှန်ဖြစ်ရပ်တစ်ခုသာ ဖြစ်၏။
နှင်းများက ဆက်တိုက် ကျဆင်းနေသော်လည်း ကလေးများ၏ အလင်းပွင့်မှုကို အဟန့်အတားမဖြစ်စေပေ။ မနက်ခင်းတိုင်းဆိုသလို ကလေးများက တာအိုကျောင်းဆောင်ဆီ အလျင်အမြန် ပြေးလာကာ တာအိုဆရာ၏ ဟောပြောပို့ချချက်ကို နားထောင်ကြသည်။
ချန်ရှင်းကလည်း သူတို့ထဲမှ တစ်ယောက် ဖြစ်၏။
သူက သူ့ဘေးနားတွင် ရှိနေသည့် အပေါင်းအပါများကို သဘောကျခဲ့သည်။ သို့သော်လည်း သူက တာအိုဆရာကို သဘောအကျဆုံး ဖြစ်၏။
ဝမ်ပေါင်လဲ့၏ ဟောပြောပို့ချချက်က တခြားသော တာအိုကျောင်းဆောင်များဖြင့် ကွဲပြားချက် မရှိပေ။ သူက ကျင့်ကြံရေးမှ ရရှိလာသည့် ဉာဏ်အလင်းပွင့်မှု အသိအမြင်များအကြောင်း ဟောပြောခြင်း ဖြစ်၏။ ထိုအမှန်တရားကို ကလေးများ နားလည်စေဖို့ ရိုးရိုးရှင်းရှင်း စကားလုံးများဖြင့် ဖော်ပြဖို့ရာ ခက်ခဲလှသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ထုတ်လွှတ်နေ၏။
ထိုတာအိုစည်းချက်၏ လွှမ်းမိုးမှုအောက်တွင် ကလေးငယ်များက အပြည့်အဝ နားမလည်နိုင်လျှင်ပင် သူတို့၏ မှတ်ဉာဏ်များထဲ မြှုပ်နှံထားနိုင်လိုက်သည်။ နောင်အနာဂတ် သူတို့အရွယ်ရောက်လာပြီး ကျင့်ကြံသည့်အခါ ယခုအခိုက်အတန့်တွင် ရရှိထားသည့် အသိအမြင်များက သူတို့၏ ကျင့်ကြံရေးခရီးလမ်းအတွက် တောက်ပသည့် မီးအိမ်သဖွယ် ဖြစ်လာလိမ့်မည်။
ထိုတောက်ပသည့်မီးအိမ်က ချန်ရှင်း၏ စိတ်နှလုံးသားထဲတွင် အတောက်ပဆုံး ဖြစ်နေ၏။
သူက သူ့တာအိုရောင်းရင်းများသည် အဘယ်ကြောင့် ပြောစကားကို နားမလည်လဲဟု သိချင်နေမိသည်။ ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ တစ်နှစ်တာက ကုန်ဆုံးသွားခဲ့၏။
ချန်ရှင်းက ယခုအခါ ၆နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ တခြားသော ကလေးများနှင့် နှိုင်းယှဉ်ပါက ချန်ရှင်းသည် ဉာဏ်အလင်းပွင့်မှု ကြိုးစားရုံအပြင် မေးခွန်းများလည်း မကြာခဏ မေးလေ့ရှိသည်။ မေးခွန်းတစ်ခုချင်းစီကို တာအိုဆရာဝမ်က စိတ်အားထက်သန်စွာ ဖြေပေးလေ့ရှိ၏။
ထိုအရာက ချန်ရှင်းအား ကျင့်ကြံရေးအပေါ် ပိုမို စိတ်အားထက်သန်လာစေသည်။ တစ်ချိန်တည်းဆိုသလို သူက တာအိုစည်းချက်များကို နားလည်လာသည့်အခါ ပိုမိုအကျိုးကျေးဇူး ရရှိလာ၏။ တစ်ချိန်တည်းဆိုသလို သူ့အပေါင်းအပါများအတွက်လည်း တခြားသော ကလေးများကလည်း ထိုအကြောင်းအရင်းကြောင့် အကျိုးကျေးဇူး ရရှိခဲ့သည်။
“တာအိုဆရာကြီး မိုးမြေထဲမှာ ဘာလို့ဝိညာဉ်စွမ်းအားတွေ ရှိနေရတာလဲ”
“အပင်၊ တိရစ္ဆာန်၊ မင်းနဲ့ ငါလိုမျိုးပဲ … မိုးမြေနဲ့ တခြား သက်ရှိတွေမှာလည်း စိတ်ဝိညာဉ်ဆိုတာ ရှိတယ်။ အဲဒါကြောင့် ဒီစကြဝဠာကြီးထဲမှာ စိတ်ဝိညာဉ်ဆိုတာကို ရှိကြတာပေါ့။ ဒီစိတ်ဝိညာဉ်ဆိုတာက သူတို့ရဲ့ အငွေ့အသက်တစ်ခုပဲ”
“တာအိုဆရာကြီး တာအိုဆိုတာက ဘာကိုပြောတာလဲ”
“တာအိုဆိုတာက အရေးမကြီးဘူး။ နမူနာအနေနဲ့ ချန်ရှင်း မင်းက အိမ်ပြန်ဖို့ လမ်းတွေအများကြီးရှိတယ်။ တစ်ခုချင်းစီက ကွဲပြားတယ်။ တာအိုကလည်း ကွဲပြားတယ်။ ဒါပေမဲ့ အိမ်ကို ပြန်မဲ့ ရည်ရွယ်ချက်က အရေးကြီးဆုံးပဲ။ အဲဒါကြောင့် တာအိုဆိုတာက ငါ နားလည်ထားသလိုမျိုးဆိုရင် မင်း ဦးတည်ချက်ကို ရရှိပြီးတာနဲ့ ရွေးချယ်မဲ့ လမ်းကို ပြောတာပဲ”
“တာအိုဆရာကြီး ကျွန်တော် ရွေးချယ်လိုက်တဲ့ တည်နေရာက လမ်း မရှိဘူးဆိုရင်ရော”
ဝမ်ပေါင်လဲ့က ချန်ရှင်းကို သေချာကြည့်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။
“အဲ့လိုဆိုရင်တော့ မင်းကိုယ်တိုင် လမ်းဖောက်ရမယ်”
ချန်ရှင်းက အတွေးနက်နေပြီး မေးခွန်းများ မေးစရာ ရှိနေသေးသည်။ အချိန်ကုန်ဆုံးပြီး နောက်ထပ် တစ်နှစ်တာ ကုန်ဆုံးသွားလေ၏။ ချန်ရှင်းက ယခုအခါ ၇နှစ် အရွယ်သို့ ရောက်ရှိလာခဲ့သည်။ သူ့စိတ်ထဲရှိ မေးခွန်းအားလုံးကလည်း ဖြေပြီးပြီဖြစ်ကာ သူ့၇နှစ်မြောက် မွေးနေ့၌ သူက ဉာဏ်အလင်းပွင့်လာခဲ့သည်။
ကလေးများ ဉာဏ်အလင်းပွင့်မှု၏ အဓိကရည်ရွယ်ချက်က စိတ်ဝိညာဉ်ဆိုင်ရာ ဉာဏ်အလင်းပွင့်မှု ဖြစ်၏။ စကြဝဠာ၏ အငွေ့အသက်ကို ဖမ်းဆုပ်မိပြီး သူတို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲနိုင်လိမ့်မည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ကလေးအများစုက ၇နှစ် သို့မဟုတ် ၈နှစ်အရွယ်တွင် စိတ်ဝိညာဉ်ဆိုင်ရာ ဉာဏ်အလင်းပွင့်မှုကို ရရှိတတ်ကြသည်။
ထိုဖြစ်စဉ်၏ အချိန်အခါက လူတစ်ယောက်၏ အလားအလာကို ဆုံးဖြတ်မပေးနိုင်ပေ။
ချန်ရှင်း၏ စိတ်ဝိညာဉ်ဆိုင်ရာ ဉာဏ်အလင်းပွင့်မှုက အတော်လေး ကွဲပြား၏။ ယခင်၂နှစ်တာအတွင်း ဝမ်ပေါင်လဲ့က အမှောင်တာအိုကို သူ့စိတ်ထဲ ချန်ထားပေးခဲ့သည်။ သူ့နောင်အနာဂတ်ကိစ္စများက ချန်ရှင်း၏ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်သာ မူတည်နေလိမ့်မည်။
ဤသည်က ဝမ်ပေါင်လဲ့အနေဖြင့် ချန်ရှင်းကို မွေးနေ့လက်ဆောင် ပေးလိုက်သည့်အနေနှင့် တစ်ရက်တည်း ဖြစ်၏။ ဤသည်က နေမင်း၉စင်း ပုံရိပ်ယောင်စက်လုံးနှင့် လမင်းနှင့်တူသည့် ပုံရိပ်ယောင်စည်းတံဆိပ်တစ်ခုတို့ ဖြစ်သည်။ ထိုအရာက ချန်ရှင်းအနားတွင် မြောလွင့်နေ၏။ သူက ပထမဦးဆုံး ရောက်ရှိလာသည့်အခါ နှင်းများက ကျဆင်းလာခဲ့သည်။
နှင်းမှုန်များအလယ်တွင် ချန်ရှင်းက နေမင်း၉စင်းနှင့် လမင်းအမှတ်အသားကို ကြည့်လိုက်၏။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။
“တစ်ခုကို ရွေးလိုက်။ ဒါက ဒီဘဝမှာ မင်းရဲ့ ပထမဦးဆုံး လမ်းစဉ်ပဲ”
ချန်ရှင်းက တိတ်ဆိတ်စွာဖြင့် ဘေးပတ်လည်ကိုကြည့်ပြီးသည့်နောက် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေတ္တမျှ တုံ့ဆိုင်းနေလေ၏။
“ကျွန်တော် တာအိုဆရာကြီးနောက်ကို လိုက်လို့ရမလား”
ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သူက ချန်ရှင်း၏ ခေါင်းကို အသာပုတ်ပေးပြီး ပြောလိုက်၏။
“ဒါပေမဲ့ ငါက မကြာခင် လုပ်စရာတွေ ရှိသေးတယ်။ အဲဒါကြောင့် တစ်ခုကို ရွေးချယ်ပြီး ငါ ပြန်လာတာကို စောင့်နေ”
ချန်ရှင်းက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ သူက နေမင်း၉စင်းနှင့် လမင်းစည်းတံဆိပ်များကို ကြည့်လိုက်ပြီး သူက လမင်းကို ဆွဲကိုင်လိုက်သည်။
“အဲဒါဆိုရင် ဒီတစ်ခုကို အရင်ရွေးလိုက်မယ်”
သူက ရွေးချယ်မှု လုပ်လိုက်သည်နှင့် ကောင်းကင်အထက်မှ ရယ်မောသံ ထွက်ပေါ်လာသည်။ ပုံရိပ်က ကောင်းကင်အထက် ထွက်ပေါ်လာကာ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာ၏။ သူ့အနောက်ဖက်တွင် တိမ်တိုက်များကြား ကြီးမားသည့် ပုံရိပ်၉ခုကိုပင် မြင်တွေ့နိုင်သည်။ သူတို့က သက်ပြင်းချကာ ဝမ်ပေါင်လဲ့ကို ခေါင်းညိတ်ပြလိုက်၏။ ဝမ်ပေါင်လဲ့က သူတို့ကို အပြုံးဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။
ထို့နောက် သူတို့က တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
စစ်ထူကသာ ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းဘေးမှာ ရောက်ရှိလာပြီး အားပါးတရ ရယ်မောလိုက်သည်။
“ပေါင်လဲ့ … ချန်ရှင်းရဲ့ အမြင်က မင်းထက်တောင် ကောင်းနေသေးတယ်။ ငါက တပည့်တွေ လက်မခံတာကြာလှပြီ။ အရင်တုန်းကတော့ သူတို့ကို ထိန်းနိုင်ရုံလောက်ပဲ။ နောက်ပိုင်းတော့ အထွတ်အထိပ်သက်ရှိတစ်ယောက်ကိုတောင် မွေးထုတ်ပေးနိုင်တယ်လေ” စစ်ထူ၏ ရယ်သံက ပိုမိုကျယ်လောင်ကာ ရှင်းလင်းလာသည်။ ဝမ်ပေါင်လဲ့ကလည်း ရယ်မောလိုက်၏။ ထို့နောက် သူ့အမူအရာက အလေးအနက်ဖြစ်လာကာ စစ်ထူထံ ဦးညွှတ်လိုက်သည်။
“လူကြီးမင်းကို ဒုက္ခပေးရပါဦးမယ်”
“မစိုးရိမ်နဲ့။ ငါ ဒီမှာရောက်နေတာပဲ။ ချန်ရှင်း လာသွားကြစို့” စစ်ထူက ပြောလိုက်ရင်းဖြင့် လက်ဝှေ့လိုက်ပြီး ချန်ရှင်းကို ကောင်းကင်အထက် ခေါ်ဆောင်လိုက်သည်။
“တာအိုဆရာဝမ်” ချန်ရှင်း၏ တုံ့ဆိုင်းဆိုင်း အသံက ထွက်ပေါ်လာသည်။ သူ့အမြင်က သေးငယ်သွားပြီး မြို့ကလည်း သေးငယ်သွားခဲ့သည်။ လက်ဝှေ့ပြနေသည့် တာအိုဆရာဝမ်ကသာ ကျန်ရှိခဲ့သည်။
“တုံ့ဆိုင်းမနေနဲ့ ကောင်လေး။ မင်းရဲ့ ဂိုဏ်းတူညီလေးက တခြားလုပ်စရာတွေ ရှိသေးတယ်။ မကြာခင် ပြန်လာလိမ့်မယ်” စစ်ထူက ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော်ရဲ့ ဂိုဏ်းတူညီလေးလား” ချန်ရှင်းက အံ့အားသင့်သွား၏။
“ဟုတ်တယ်။ ငါက မင်းရဲ့ နံပါတ်တစ် ဆရာတော့ မဖြစ်ရဲပါဘူး။ ငါက မင်းအတွက် ဆရာတစ်ပိုင်းလောက်ပဲ မှတ်ယူလို့ရမှာ။ မင်းက ဝမ်ပေါင်လဲ့က သူ့ဆရာကိုယ်စား လက်ခံလိုက်တဲ့ တပည့်ပဲ။ သူက မင်းကို သူ့ဂိုဏ်းတူအစ်ကိုကြီး လုပ်စေချင်နေတာ။ အဲဒါဆိုတော့ ကောင်လေး မင်း ကျင့်ကြံရေးမှာ ကြိုးစားရမယ်နော်”
“အာ…” ချန်ရှင်းက ဆွံ့အသွားမိသည်။ သူက ပြောတော့မည့်ဆဲဆဲတွင် သူ့အကြည့်က အဝေးတစ်နေရာတွင် ကျန်ရှိနေခဲ့သည့် မြို့အပေါ် ကျရောက်လာ၏။
တာအိုကျောင်းဆောင်အတွင်း လေနှင့် နှင်းပွင့်များက တိုက်ခတ်နေဆဲဖြစ်သော်လည်း ဝမ်ပေါင်လဲ့က သူ့ဂိုဏ်းတူအစ်ကိုကြီး ပျောက်ကွယ်သွားသည့် ပုံရိပ်ကို စိုက်ကြည့်နေသည်။ နှင်းပွင့်များက ကောင်းကင်အထက်မှ သက်ဆင်းလာကာ ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားထံ ကျရောက်လာ၏။ သူတို့က ဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည့် လှိုင်းတွန့်သဖွယ် ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လွှမ်းခြုံသွားခဲ့သည်။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အပြုံးက ပိုမိုနွေးထွေးလာ၏။ သူက ဘေးပတ်လည်ကို ကြည့်ပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
အရင်ဘဝတုန်းက ကျွန်တော့်ရှေ့ကနေ ရပ်တည်ခဲ့ပြီးတော့ ကျင့်ကြံရေးခရီးလမ်းအစမှာ လေဒဏ်မိုးဒဏ်ကနေ ကာကွယ်ပေးခဲ့တယ်။ အခု ကျွန်တော်ရဲ့ ကျင့်ကြံရေးခရီးလမ်းက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်ကိုကြီးက ကျွန်တော်ကို အမြဲတမ်း တိတ်တဆိတ် စောင့်ကြည့်ပေးနေတုန်းပဲ။
အန္တရာယ်ကြားမှာ ကျရောက်သွားတဲ့အချိန်မှာတောင်မှပဲ ကျွန်တော်ကို ချောချောမွေ့မွေ့ လျှောက်လှမ်းအောင် လုပ်ပေးခဲ့တယ်။ အဲဒါက ကျွန်တော်က ဂိုဏ်းတူညီလေးဖြစ်ပြီးတော့ ခင်ဗျားက ဂိုဏ်းတူအစ်ကိုကြီး ဖြစ်နေလို့ပဲ…
ကျွန်တော်အမြင်မှာ ဂိုဏ်းတူအစ်ကိုကြီးရဲ့ ပုံရိပ်က သစ်ပင်ကြီးလိုပဲ။ အချိန်အများစုမှာ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် မဟုတ်ဘဲနဲ့ ဆရာတစ်ယောက်နဲ့ ပိုတူတယ်။ ပြီးတော့ တကယ့်အစ်ကိုအရင်းနဲ့ တူတယ်…
ပထမဦးဆုံးသွင်ပြင်ကိုလည်း မမေ့နိုင်သေးဘူး။ အစိမ်းရောင်ဝတ်ရုံသေရည်အိုးနဲ့ ကြော့ရှင်းနေတဲ့ ဆံပင်ရှည်နဲ့ ထူးကဲတဲ့ မသေမျိုးတစ်ယောက်ရဲ့ အငွေ့အသက်ကို ပိုင်ဆိုင်ထားတဲ့သူ…
ထွက်ခွာသွားတဲ့ ပုံရိပ်ကိုလည်း ဘယ်သောအခါမှ မမေ့နိုင်ခဲ့ဘူး။ အစိမ်းရောင်ဝတ်ရုံက အနက်ရောင်ပြောင်းလဲသွားပြီးတော့ သေရည်အိုးကလည်း သေရည်တွေနဲ့ စွန်းထင်းသွားခဲ့တယ်။ သစ်သားဓားကလည်း အစက်အပြောက်တွေ ရှိလာခဲ့တယ်။ အရာအားလုံးက အထီးကျန်လွန်းလှတယ်…
ဂိုဏ်းတူအစ်ကိုကြီးကို ကြည့်နေတုန်းမှာပဲ ဗလာနတ္ထိအဖြစ် ပြိုလဲသွားတယ်။ အခု ဂိုဏ်းတူအစ်ကိုကြီးက ကိုယ်ပိုင်တာအိုကို ရှာဖွေနေပေမဲ့ တကယ်တမ်းကျတော့ အဖိုးမတန်တဲ့ ဂိုဏ်းတူညီလေးအတွက် ပျက်သုဉ်းရေးလမ်းစဉ်ကို စမ်းသပ်ပေးခဲ့တာပဲ…
ဂိုဏ်းတူအစ်ကိုကြီးကို ကြည့်လိုက်ရင် ကျွန်တော်ရဲ့ စိတ်ထဲမှာ ဒီဘဝရဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ပြန်လည်အမှတ်ရခဲ့တယ်။ ကျွန်တော်အပေါ် ချစ်ခြင်းမေတ္တာ၊ ကာကွယ်မှု၊ ကြင်နာမှုနဲ့ အပြုံး…
ချန်ရှင်း ချန်ရှင်း
“ဒီဘဝမှာ ကျွန်တော်က ကာကွယ်ပေးမယ်။ ဒီဘဝမှာ တာအိုဆီ ရောက်အောင် ခေါ်သွားပေးမယ်။ ဒီဘဝမှာလည်း ကျွန်တော်က ဂိုဏ်းတူညီလေးဖြစ်နေဦးမှာပဲ”