တံတား၉စင်း
Vol. 93 Ch. 1296
သူက မိုးမြေကြား၊ ဥတုလေးခုကြား ဖြတ်သန်း၍ လျှောက်လှမ်းလာသည်။
ဝမ်ပေါင်လဲ့က တစ်လှမ်းချင်းစီ လျှောက်လှမ်းလာပြီး သူ လျှောက်လှမ်းလာလေလေ သူ့နှလုံးသားနှင့် ဝိညာဉ်က ပိုမိုတည်ငြိမ်လာလေလေ ဖြစ်၏။ သူက ပိုမိုလျှောက်လှမ်းလာလေလေ သူ့အကြည့်တို့က ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး နှင်းမှ မိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ နေ့နေ့ညညတို့လည်း ပြောင်းလဲသွားခဲ့၏။ ထိုသံသရာစက်ဝန်းအတွင်း ဝမ်ပေါင်လဲ့က သူ့အနေဖြင့် နယ်မြေ၊ ပိုင်နက်နှင့် ပင်လယ် မည်မျှပင် ဖြတ်ကျော်ခဲ့မှန်းပင် မသိတော့ပေ။
ထို့နောက် တစ်ရက်ကျ သူ တံတားတစ်စင်းကို မြင်လိုက်ရ၏။
သူ့ရှေ့တွင် ဧရာမတံတားတစ်စင်း ပေါ်ထွက်လာသည်။ ထိုအရာက ကောင်းကင်ထိလုမတတ် မြင့်မားကာ အဆုံးအစမဲ့ ကျယ်ပြောလှသည်။
ရိုးရှင်းသည့် ရေးထွင်းမှုများ၊ အမည်မသိ သင်္ကေတများ၊ အစိမ်းရင့်ရင့် အုတ်များနှင့် ပတ်ဝန်းကျင် ကောင်းချီးမင်္ဂလာသားရဲများက တံတားကို စကြဝဠာကြီးကိုယ်တိုင် ဖန်ဆင်းထားသကဲ့သို့ ဖြစ်စေသည်။ ထိုအရာက လက်ရာမြောက်ခြင်း မရှိဘဲ အကြမ်းထည်ဆန်သော်လည်း လွှမ်းမိုးမှုရှိသည့် အငွေ့အသက်မျိုး ပေးစွမ်း၏။
ထိုအငွေ့အသက်က အံ့မခန်းဖြစ်ကာ တံတားအရှေ့တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့ပင် နှလုံးခုန်မြန်လာမိသည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက လောကဓံအနိမ့်အမြင့်ကို ဖြတ်ကျော်ခဲ့ရသည့် အရိပ်အမြွက်တို့လည်း ရှိနေ၏။ ဝမ်ပေါင်လဲ့က သူ့အိပ်မက်ထဲရှိ ရှေးခေတ်အချိန်တစ်ခုကို ပြန်လည်ရောက်ရှိသွားသလိုမျိုး ခံစားလိုက်ရသည်။ လူသူကင်းမဲ့သည့် တောရိုင်းတစ်ခုအတွင်း လေတိုက်သံများကြား အထီးကျန်သည့် ပလွေသံသာ ထွက်ပေါ်နေသလို ခံစားလိုက်ရသည်။
ထိုအသံများ ပဲ့တင်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့က တံတားပေါ်တွင် ပေါ်ထွက်လာသည့် ပုံရိပ်များကို မြင်လိုက်ရသည်။ ထိုပုံရိပ်များက အများစုက ကျင့်ကြံသူဖြစ်ပြီး တစ်ဦးချင်းစီက မိုးမြေကို တုန်လှုပ်နိုင်သည့် ကျင့်ကြံဆင့်မျိုး ပိုင်ဆိုင်ထားကြသည်။ သူတို့က တံတားအပေါ်တွင် အချိန်အမျိုးမျိုး၊ နှစ်အသီးသီး၌ ထွက်ပေါ်လာသည့် တံတားအပေါ် လျှောက်လှမ်းနေကြခြင်း ဖြစ်၏။
“ဒါက…” အချိန်အတော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် တံတားအပေါ်ရှိ ပုံရိပ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
“ကောင်းကင်တံတားကို လျှောက်လှမ်းခြင်း” ထိုစကားကို ရေရွတ်လိုက်သည့်သူက ဝမ်ပေါင်လဲ့ မဟုတ်ဘဲ သူ့ဘေးတွင် ပေါ်ထွက်လာခဲ့သည့် အဖေဝမ်သာ ဖြစ်၏။
အဖေဝမ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ခေါင်းလုံးက ဖွေးစွတ်နေသည်။ သူ့အကြည့်များက တည်ငြိမ်နေပြီး ကောင်းကင်တံတားကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက သူ့ကို နှုတ်ဆက်နေသည့် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။
“ပေါင်လဲ့ မင်း ဒီကိုလာဖို့ ပြင်ဆင်ပြီးသွားပြီလား”
ဝမ်ပေါင်လဲ့က ခေတ္တမျှ တွေးမိသွားပြီး ခေါင်းအသာယမ်းကာ ပြောလိုက်သည်။
“လူကြီးမင်း ကျွန်တော်ကို နည်းနည်းလောက် စောင့်ပေးပါဦး။ ကျွန်တော်ရဲ့ တာအိုနှလုံးသား အစွဲအလမ်းက မပြီးပြည့်စုံသေးဘူး”
“ကောင်းပြီလေ။ ငါ မင်းကို ဒီနေရာမှာ စောင့်နေမယ်” အဖေဝမ်က ဝမ်ပေါင်လဲ့ကို ကြည့်ပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။ သူက တံတားရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလိုက်၏။
ဝမ်ပေါင်လဲ့က ထပ်မံ ဦးညွှတ်ပြီးသည့်နောက်တွင် တံတားရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး သူက ညာဖက်လက်ကို ဝှေ့ကာ လက်ဖဝါးကို ကြည့်လိုက်၏။ ထိုအထဲတွင် ရှိနေသည့် လူသားကမ္ဘာကို ကြည့်ပြီးသည့်နောက်တွင် မျက်လုံးအသာမှိတ်လိုက်သည်။
သူ့ဝိညာဉ်က သူ့မွေးရပ်မြေတွင် ပြန်လည်ရောက်ရှိလာ၏။
ဂိုဏ်းတူညီလေးတစ်ယောက်အနေဖြင့် ဂိုဏ်းတူအစ်ကိုကြီး၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရမည်။ ဤသည်က ဝမ်ပေါင်လဲ့၏ ရည်ရွယ်ချက်နှင့် အကြောင်းအရင်း ဖြစ်၏။
တူညီလှစွာ သားတစ်ယောက်အနေဖြင့် သားသမီးဝတ် ကျေပွန်ဖို့က အရေးကြီးလှသည်။ ထို့ကြောင့် ကောင်းကင်တံတားကို မလျှောက်လှမ်းခင် ဝမ်ပေါင်လဲ့၏ အပြင်ရုပ်ခန္ဓာက ကျန်ရှိနေစဉ် ဝိညာဉ်ကမူ သူ့လက်ဖဝါးပြင်အထက်ရှိ လူသားကမ္ဘာဆီ ဝင်ရောက်ကာ ကျောက်ပြားကမ္ဘာမှတဆင့် နေအဖွဲ့အစည်း၊ ကမ္ဘာမြေဆီ ရောက်ရှိလာသည်။
သူ့မိဘများက အသက်ကြီးရင့်နေကြပြီ ဖြစ်၏။
ကျောက်ပြားကမ္ဘာရှိ ကပ်ဘေးက ပြည်ထောင်စုအပေါ် သက်ရောက်မှု မရှိခဲ့သော်လည်း အချိန်ကုန်သည်နှင့်အမျှ သူ့မိဘများ၏ အနက်ရောင်ဆံပင်များက အဖြူရောင် အစားထိုးလာကာ မျက်နှာအထက် အရေးကြောင်းများပင် ကျန်နေခဲ့သည်။
ဝမ်ပေါင်လဲ့ ပြန်လည်ရောက်ရှိလာမှုက ထိုမိဘနှစ်ပါးကို အတော်လေး ပျော်ရွှင်သွားစေသည်။ ဝမ်ပေါင်လဲ့၏ ညီမလေးကလည်း လက်ထပ်ကာ သာမန်ဘဝတွင် နေထိုင်နေပြီ ဖြစ်၏။ ဝမ်ပေါင်လဲ့၏ တည်ရှိမှုက သူတို့အား သာမန်လူများနှင့် ကွဲပြားစေခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်မှုက အရေးကြီးပေသည်။
သူ့မိဘများနှင့် ညီမငယ်လေးက ပျော်ရွှင်နေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ ပျော်ရွှင်လာမိသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။ ကျောက်ပြားကမ္ဘာအတွင်း ကမ္ဘာမြေတွင် ဝမ်ပေါင်လဲ့ ပြန်လည်ရောက်ရှိလာမှုက သာမန်သေမျိုးတစ်ယောက်အသွင် ပြောင်းလဲသွားဟန်ပေါ်သည်။ သူက သူ့မိဘများကို အဖော်ပြုကာ နောက်ဆုံးသော လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။
တစ်ရက်ပြီးတစ်ရက် သူ့မိဘများ၏ ဆံပင်ဖြူများက ပိုမို များပြားလာခဲ့၏။ အဆုံးသတ်၌ သူတို့က ဝမ်ပေါင်လဲ့၏ လက်ကို ဆုပ်ကိုင်ထားခဲ့သည်။ သူ့အဖေ၏ ဝမ်းနည်းမှု၊ သူ့အမေ၏ တိုက်တွန်းမှုကြားတွင် ဝမ်ပေါင်လဲ့၏ တီးတိုးရေရွတ်သံများက သူတို့ကို ဖြည်းဖြည်းချင်း ဖျောင်းဖျနိုင်ခဲ့ကာ နောက်ဆုံးတွင် မိဘနှစ်ပါးက မျက်လုံးမှိတ်သွားကြသည်။
ဝမ်ပေါင်လဲ့က ကိစ္စများကို ပြောင်းလဲပစ်ဖို့ နည်းလမ်း ရှိလေသည်။ သူက သူ့မိဘများအား ကျောက်ပြားကမ္ဘာတွင် ထာဝရနေထိုင်နိုင်မည့် အခွင့်အရေးကိုပင် ခွင့်ပြုပေးနိုင်၏။ သို့သော်လည်း ထိုအကြံပြုချက်ကို မိဘများက ငြင်းပယ်ခဲ့သည်။ သူက သူတို့၏ ဆန္ဒကို ခံစားမိ၏။ သူတို့က ပြန်လည်ဝင်စားကာ ဘဝအသစ် စလိုကြသည်။
အားလုံးက သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကို လုပ်ဆောင်ဖို့ အခွင့်အရေးရှိဖို့ လိုအပ်သည်။ သူက သားတစ်ယောက် ဖြစ်နေလျှင်ပင် မိဘများကို အတင်းအကြပ် မတိုက်တွန်းနိုင်ပေ။
သူ့အမေ၏ တစ်ခုတည်းသော ရည်ရွယ်ချက်က သူမ ပြန်လည်ဝင်စားပြီးသည့်နောက်တွင် သူမနှင့် ဝမ်ပေါင်လဲ့တို့၏ အဖေက ချစ်ရသူ ဖြစ်နေဖို့အတွက်သာ ဖြစ်၏။ သူတို့က ဘဝအမျိုးမျိုးတွင် ချစ်ခြင်းမေတ္တာကို တွေ့ကြုံခံစားပြီး ဘဝတစ်သက်တာ အတူတူကုန်ဆုံးသွားချင်ကြသည်။
ဝမ်ပေါင်လဲ့၏ ဖခင်ကလည်း ထိုတောင်းဆိုချက်ကို ကြားသည့်အခါ တစ်စုံတစ်ခု ပြောတော့မည်ဖြစ်သော်လည်း သူ့ဇနီး၏ အကြည့်ကို ခံစားပြီးသည့်နောက်တွင် မျက်လုံးအသာမှိတ်လိုက်တော့သည်။
ဤသည်က သေခြင်းတရား မဟုတ်ဘဲ ခရီးစဉ်အသစ်စတင်ခြင်း ဖြစ်၏။ ထို့ကြောင့် သူက ဝမ်းနည်းမနေတော့ပေ။
သို့သော် ဝမ်ပေါင်လဲ့က မျက်ရည်များကို ချုပ်တည်းမထားနိုင်ပေ။ သို့သော်လည်း သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ရှိနေလေ၏။ သူက သူ့မိဘများ၏ ဝိညာဉ်ပေါ် မျက်နှာကို ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲပေးခဲ့ပြီး သူတို့၏ လက်ထပ်ပွဲကို စီမံကာ ပြန်လည်ဝင်စားခြင်းသံသရာဆီ ပို့ဆောင်ပေးခဲ့သည်။
သူ့ဂိုဏ်းတူအစ်ကိုကြီးကို ပို့ဆောင်ပေးသကဲ့သို့ သူ့မိဘများက ပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အပြုံးက ပိုမိုနက်ရှိုင်းလာလေ၏။
သူ့ညီမငယ်အတွက်လည်း ဝမ်ပေါင်လဲ့က တူညီသည့် စီစဉ်မှုများ ပြုလုပ်ထားခဲ့သည်။ ထိုအရာက သူ့ညီမငယ် ဆုံးဖြတ်ဖို့သာ လိုအပ်၏။
ထိုအရာများကို လုပ်ဆောင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ပိုမိုတည်ငြိမ်လာ၏။ ကမ္ဘာမြေတွင် သူက ကောင်းကင်မြို့တော်ဆီ လျှောက်လှမ်းလာသည်။ ကောင်းကင်ယံမှ မိုးရွာသွန်းနေသည့်အတွက် လမ်းသွားလမ်းလာ များများစားစား မရှိကြပေ။
မိုးမြေက အနည်းငယ် မှုန်မှိုင်းနေလေ၏။
ဝမ်ပေါင်လဲ့က တစ်လှမ်းခြင်းစီ လျှောက်လှမ်းလာ၏။ သူက လမ်းကို ဖြတ်တော့မည့်အချိန် ရုတ်တရက်လှည့်ကာ နောက်ကို လှည့်ကြည့်လိုက်သည်။ သူ့အနောက်ဖက်တွင် လမ်းထောင့်တစ်ခု၌ ပုံရိပ်လှလှလေးတစ်ခုက ရပ်နေလေ၏။ သူမက အနီရောင်အစင်းကြားထီးကို ကိုင်ဆောင်ထားပြီး အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားလေသည်။ သူမက သူ့ကို စိုက်ကြည့်နေလေ၏။
သူတို့က အကြည့်ချင်း အသက်၃ရှိုက်စာမျှ ဆုံတွေ့သွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ မျက်နှာအထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။ သူက လက်နှစ်ဖက်ယှက်ကာ ထိုပုံရိပ်ထံ ဦးညွှတ်လိုက်သည်။
ထိုလှပသည့် ပုံရိပ်လေးက တိတ်ဆိတ်နေပြီး ထီးကို သိမ်းဆည်းလိုက်သည့်အခါ လီဝမ်အာ၏ လှပသည့် မျက်နှာလေး ပေါ်ထွက်လာသည်။ သူမက မိုးရေများဖြင့် စိုရွဲစေလိုက်ပြီး ဝမ်ပေါင်လဲ့ကို ကြည့်ကာ ဦးညွှတ်လိုက်၏။
သူတို့နှစ်ဦးသားက ဦးညွှတ်ပြီးသည့်နောက်တွင် လှည့်ကာ အဝေးသို့ လျှောက်လှမ်းသွားကြသည်။
ဝမ်ပေါင်လဲ့က ကောင်းကင်မြို့မှ ထွက်လာပြီး ကောင်းကင်တာအိုကျောင်းတော်ဆီ ရောက်ရှိလာသည်။ တာအိုကျောင်းအနောက်ဘက်တွင် လမ်းတစ်ဖက်တစ်ချက်စီ၌ မက်မွန်ပင်များ ပွင့်နေသည့် တောအုပ်ငယ်တစ်ခု ရှိလေသည်။ ထိုအရာက အင်မတန် လှပလှ၏။
မိုးရွာသွန်းမှုကလည်း ရပ်တန့်သွားပြီး သူတို့ကို နှောင့်ယှက်လိုဟန်မပေါ်ပေ။
ပွင့်ချပ်များက ကြွေလွင့်ပြီး လှပသည့် ပုံရိပ်တစ်ခုနားတွင် ဝေ့ဝဲနေ၏။ သူတို့က သူမနှင့် ရနံ့ချင်း ယှဉ်ပြိုင်နေကာ ထွက်သွားလိုသည့်ပုံမပေါ်ပေ။
မက်မွန်ပွင့်များက လေထဲ ပြည့်နှက်နေစဉ် ဝမ်ပေါင်လဲ့က လျှောက်လှမ်းလာခဲ့သည်။ သူက အပြစ်ကင်းကာ ရိုးသားသည့် မျက်နှာပိုင်ရှင်ကို လှမ်းကြည့်လိုက်၏။ ထိုသူက ကျိုးရှောင်ရ ဖြစ်၏။
“နှုတ်ဆက်စကားပြောဖို့ ရောက်လာတာလား” ကျိုးရှောင်ရက မေးလိုက်သည်။
“ဟုတ်တယ်” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်” ကျိုးရှောင်ရက ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြောလိုက်သည်။
နှုတ်ဆက်ပါတယ်။ နောင်မှ ထပ်တွေ့ကြတာပေါ့…
“နှုတ်ဆက်ပါတယ်” ဝမ်ပေါင်လဲ့က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ မက်မွန်ပွင့်များက လေနှင့်အတူ ကခုန်နေစဉ် သူက လက်နှစ်ဖက်ယှက်ကာ မနှုတ်ဆက်ခဲ့ပေ။ သူက ထွက်သွားလိုက်၏။ သူက သူ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးနှင့် မိတ်ဆွေဟောင်းများကိုလည်း နှုတ်ဆက်စကားဆိုခဲ့သည်။ နောက်ဆုံးတွင် သူက ဝန်ရိုးစွန်းဘက်ရှိ တောင်ထိပ်တစ်ခုဆီ ရောက်ရှိလာ၏။ ထိုနေရာက နှင်းများဖြင့် ပြည့်နှက်နေသည့် တောင်ထိပ်တစ်ခု ဖြစ်၏။
နှင်းပွင့်များက ကောင်းကင်အထက် ပြည့်နှက်နေပြီး ကြည်လင်နေသည့်အတွက် ထူးဆန်းသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
ထိုတောင်ထိပ်ပေါ်တွင် သစ်သားအိမ်တစ်အိမ် ရှိ၏။ နှင်းများ ကျဆင်းလာသည့်အခါ ထိုသစ်သာအိမ်လေးက အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
ထိုမင်္ဂလာဝတ်စုံနှင့် တူသည့် သစ်သားအိမ်ငယ်လေးထဲ အမျိုးသမီးတစ်ဦးက တင်ပျဉ်ခွေထိုင်ကာ တရားကျင့်ကြံနေသည်။ သူမ၏ အမူအရာက ဆုံးဖြတ်ထားဟန်ပေါ်ပြီး ကျင့်ကြံရေးကသာ သူမ တစ်ဘဝလုံးအတွက် ခရီးလမ်း ဖြစ်ဟန်ပေါ်သည်။
သူ့မ၏ နာမည်က ကျောက်ယမုန့် ဖြစ်၏။
ဝမ်ပေါင်လဲ့က လျှောက်လှမ်းလာသည့်အခါ ကျောက်ယမုန့်က မျက်လုံးဖွင့်လာသည်။ သူ့မျက်နှာအထက် ပွင့်လန်းလာသည့် ပန်းလေးနှင့်တူသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။
“ပေါင်လဲ့ တာအိုလက်တွဲဖော်ဆိုတာ ဘာကိုပြောတာလဲ”
“ကျင့်ကြံရေးခရီးလမ်းဆိုတာက အထီးကျန်ဖို့ ကောင်းတယ်။ အဲဒီအချိန်မှာ လမ်းစဉ်ရဲ့ အဆုံးသတ်ကို ဖုံးလွှမ်းဖို့ ဘေးနားမှာ အဖော်ပြုပေးတဲ့သူ လိုတယ်။ သူတို့က တာအိုရောင်းရင်းလည်း ဖြစ်နိုင်သလို ဆရာ၊ မိတ်ဆွေနဲ့ လက်တွဲဖော်အထိ ဖြစ်နိုင်တယ်။” ဝမ်ပေါင်လဲ့က ပြုံးကာ ရှင်းပြလိုက်၏။
“အဲ့လိုဆို ကောင်းတယ်” ကျောက်ယမုန့်က ပြုံးကာ ပြောလိုက်သည်။ သူမ၏ အပြုံးက ကြော့ရှင်းပြီး သူမ၏ အကြည့်များက တည်ငြိမ်နေ၏။
“ကောင်းပြီ” ဝမ်ပေါင်လဲ့ကလည်း ပြုံးကာ ပြောလိုက်သည်။ သူက ကျောက်ယမုန့်ဘေးတွင် ဝင်ထိုင်ကာ မျက်လုံးကို မှိတ်လိုက်၏။
သူက မျက်လုံးပြန်ဖွင့်လာသည့်အခါ ကမ္ဘာမြေတွင် မရှိတော့ဘဲ သူ့ဝိညာဉ်က ထာဝရကြယ်စင်ကုန်းမြေဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်၏။ သူက တံတားရှေ့တွင် ထိုင်နေသည့် အဖေဝမ်ကို ကြည့်ပြီးသည့်နောက်တွင် အကြည့်များက တောက်ပလာကာ ပြောလိုက်သည်။
“လူကြီးမင်း ကျွန်တော်ကို အချိန်အကြာကြီး စောင့်ခဲ့ရပြီ။ အခု ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ”
ဒီစာစဉ် (၉၃)လေး ပြီးရင်တော့ စာမေးပွဲရှိလို့ နောက်လ ၁၀ ရက်နေ့အထိ ခွင့်ယူပါရစေရှင့် …