← Chapters

လျှို့ဝှက် အာဏာရှင် အဆင့် တိုက်ပွဲ

Vol. 73 Ch. 1009

လျှို့ဝှက် အာဏာရှင် အဆင့် တိုက်ပွဲ

Vol. 73 Ch. 1009

“အဲဒါက ဘာလဲ...”

လင်းရှန်းရှဲ့က နားမလည်စွာဖြင့် မေးလိုက်သည်။ သေမျိုး တာအို၏ အထွတ်အထိပ် လောကသခင် တစ်ယောက် အနေဖြင့်ပင် လျှို့ဝှက် စွမ်းအင်များဖြင့် ဖန်တီးထားသည့် ထိုပုံရိပ်ကို သူမ မြင်နိုင်စွမ်း မရှိပါချေ။ လင်းရှန်းရှဲ့သာ မက လူငယ်အားလုံးမှာ သူတို့၏ စီနီယာများကို ကြည့်လိုက်ကြ၏။

လင်းရှန်းရှန်းက ပြုံးကာ ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်သည်။

“လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို ပြင်ပ စွမ်းအင်တွေနဲ့ ဖန်တီးဖို့က အရမ်းကို ခက်တယ်... အချိန်လည်း ကြာတယ်... ဒီတော့ စိန်ခေါ်လာတဲ့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ချင်းစီတိုင်း အတွက် ထာဝရ အစည်းအရုံးက ပြိုင်ဘက်ကို ဘယ်လိုမှ ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး... ခုစင်မြင့်ပေါ်မှာ ရှိနေတဲ့ ပုံရိပ်က မြေကြီး ရှန့်ထိုရဲ့ ဝိညာဉ်အာရုံနဲ့ ထိန်းချုပ်ထားရဲ့ လျှို့ဝှက်စွမ်းအင်ထုထည် သက်သက်ပဲ”

“ဆိုတော့ကာ ဟောင်ရှောင်မင် အနေနဲ့ လျှို့ဝှက်စွမ်းအင်ထု ပျောက်ကွယ် မသွားခင် အချိန်အထိ တိုက်ခိုက်မှု တစ်ချို့ကို ခုခံဖို့ပဲ လိုတယ်... သေမျိုးတွေလိုမျိုး အနိုင်ယူဖို့ မလိုဘူး”

လင်းမင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။ လင်းရှန်းရှန်း အဘယ်ကြောင့် ပျော်ရွှင်နေပုံ ပေါ်ကြောင်း သူ နောက်ဆုံး၌ နားလည်သွားခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ သူတို့ ထိုက်တန်မှုကို သက်သေပြရန် အတွက် ပြိုင်ဘက်၏ တိုက်ခိုက်မှု အနည်းငယ်ကို ခုခံလိုက်ရုံမျှသာ လိုအပ်ပေသည်။

စင်မြင့်ထက်တွင်တော့...

ဟောင်ရှောင်မင်က လျှို့ဝှက် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ပြိုင်ဘက်ကို ကြည့်လိုက်၏။ သူ၏ အပြင်ပန်း အမူအရာက တည်ငြိမ်နေပုံ ပေါ်သည့်တိုင် မျက်လုံးများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ အဆုံးမဲ့ လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။ ရန်သူကို မြေကြီး ရှန့်ထို အဆင့် တစ်ယောက်က လျှို့ဝှက် အင်အားဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်လေရာ သူ မပေါ့ဆဝံ့ပါချေ။

လူသားပုံရိပ်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ဟောင်ရှောင်မင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ အဝါရောင် ဘူးသီး‌ခြောက် တစ်ခုကို လျှပ်စီးလက်သလို အရှိန်ဖြင့် ထုတ်ယူလိုက်သည်။ ထို့နောက် သူက ၎င်းကို အရှေ့တွင် နေရာချထားလိုက်၏။

ရွှီး... ရွှီး...

လျှပ်စီးကြောင်းများမှာ ဘူးသီးခြောက်ထံမှ ပေါက်ကွဲ ထွက်ပေါ်လာလေရာ စင်မြင့်တစ်ခုလုံးမှာ တုန်ရီ ယိမ်းထိုးသွား၏။ ၎င်းတို့က အဘက်ဘက်သို့ ပျံ့နှံ့သွားသော်လည်း စင်မြင့် ပတ်လည်ရှိ အလွန်ပါးလွှာသည့် အကာအကွယ် တစ်ခုက တားဆီးထားလိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာလေရာ အောက်ရှိ လူငယ် ကျင့်ကြံသူများမှာ ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူတို့ မမြင်နိုင်ကြပါချေ။

သူတို့ တွေ့လိုက်ရသမျှက ဟောင်ရှောင်မင် ဘူးသီးခြောက် တစ်ခုကို ထုတ်ယူကာ ရှေ့သို့ ပစ်ချလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းထံမှ ထွက်ပေါ်လာသည့် လျှပ်စီးတန်းများကိုပင် သူတို့ မမြင်လိုက်ရပါချေ။

ထို့နောက် ဟောင်ရှောက်မင်မှာ တုန်လှုပ် ချောက်ချားသည့် အမူအရာနှင့် လက်ဝါးကို ဆန့်ထုတ်လိုက်၏။ သူ၏ မျက်နှာထက်ရှိ အပြုံးများက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ အလွန် ကြမ်းတမ်း ခက်ထန်သည့် အမူအရာများသာလျှင် နေရာယူနေသည်။ ထို့နောက် ဟောင်ရှောင်မင်မှာ နေရာမှ ပျောက်ချင်းမလှပင် ပျောက်ကွယ်သွားခဲ့၏။

“ဆရာ...”

မိန်းကလေးက ကြာပန်း သဏ္ဌာန် ထိုင်နေရာမှ ထရပ်ရင်း စိုးရိမ်စွာ ရေရွတ်လိုက်၏။ ကျန်းယန်ကတော့ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ ဟောင်ရှောင်မင် ပျောက်ကွယ်သွားခဲ့သည်မှာ ငါးစက္ကန့် တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ပြန်လည် ပေါ်ထွက်လာသည့် ဘူးသီးခြောက်မှ အပ သူ ဘာကိုမှ မြင်နိုင်စွမ်း မရှိပါချေ။

လင်းရှန်းရှန်းနှင့် အခြား လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အမူအရာများကတော့ ပျက်သထက် ပျက်လာခဲ့၏။ သူတို့၏ မျက်နှာထက်ရှိ အပြုံးများက ပျောက်ကွယ်သွားကာ ဖြူရော်ခြင်းများနှင့် အစားထိုး သွားခဲ့သည်။ ဟုန်ရှောင်မင်နှင့် လူသား သဏ္ဌာန် စွမ်းအင်ထု၏ တိုက်ပွဲကို ကြည့်ရင်း သူတို့ လက်သီးများကို အလိုအလျောက် ဆုပ်လိုက်မိကြ၏။

“တိုက်ခိုက်မှု တစ်ခု နှစ်ခုလောက်ပဲ ရှိရမှာ မဟုတ်ဘူးလား...”

ကျန်းယင်က မေးလိုက်၏။ မြေကြီး ရှန့်ထိုများမှာ အလွန် လျှင်မြန်ကာ စက္ကန့်ပိုင်း အတွင်း ရာနှင့်ချီသည့် တိုက်ခိုက်မှုများကို ဖော်ထုတ်နိုင်စွမ်း ရှိသည်။ ယခု... သူတို့ နှစ်ယောက်၏ တိုက်ပွဲက ခြောက်စက္ကန့်လောက် ရှိနေခဲ့ပြီ ဖြစ်သည်။

ဘုန်း...

ထိုအခိုက်တွင်ပင် ပုံရိပ်တစ်ခုမှာ စင်ပေါ်တွင် ပြန်လည် ပေါ်လာခဲ့၏။ သူက ဒူးများကို ကွေးညွှတ်ထားကာ အဝါရောင် ဗူးသီးခြောက် တစ်ခုကို ခေါင်းပေါ် မြှောက်၍ ကိုင်ထားခဲ့သည်။ ဟုန်ရှောင်မင်မှာ အံကို တင်းတင်းကြိတ် ထား၏။ သူ့နဖူးထက်ရှိ သွေးများက ပေါက်ထွက်တော့မည့် အလား ထောင်ထနေသည်။

ခရက်...

ဗူးသီးခြောက်မှာ စတင်ကာ အက်ကွဲလာ၏။ ထိုအသံကို ကြားသည်နှင့် လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း၏ နှလုံးသားများက ရင်ဘတ်မှ ခုန်ထွက်တော့ မတတ် တုန်ယင်လာခဲ့သည်။

ဟုန်ရှောင်မင်က ဗူးသီးခြောက်ကိုကာကာ ရှေ့ကို တွန်းကန်ရန် ကြိုးပမ်းနေပုံ ရ၏။ သူ၏ ခြေထောက်များက အခိုင်မာဆုံးသော အင်အားနှင့် အတူ ကြမ်းပြင်ကို ထောက်ထားခဲ့သည်။ လင်းမင်မှာ မမြင်နိုင်သည့်တိုင် ဟုန်ရှောင်မင်ကို အပေါ်တည့်တည့်မှ ဖိချနေသည့် စွမ်းအင် တစ်ခု ရှိနေကြောင်း ခံစားနိုင်ပေသည်။

“ထာဝရ တည်မြဲမှု...”

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က အထိတ်တလန့်ဖြင့် ‌‌အော်ဟစ်လိုက်၏။ ပထမ၌ လျှို့ဝှက် စွမ်းအင်မှာ တိုက်ခိုက်မှု အနည်းငယ် အတွင်း ကုန်ဆုံးသွားလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အံ့အားသင့်စရာ ကောင်းစွာပင် ၎င်းက ထာဝရ တည်မြဲမှု စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ဆိုလိုသည်က စိန်ခေါ်မှုကို ကျော်လွှားရန် ပြိုင်ဘက်အား အပြီးတိုင် ဖျက်ဆီးမှ ဖြစ်ပေတော့မည် ဖြစ်သည်။

ကြယ်တာရာ အမြုတေ အဆင့်တွင် ဆိုလျှင်... သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ပိုင်ဆိုင်ထားမှသာ ထာဝရ တည်မြဲမှု စွမ်းရည်အား ရရှိသည်။ သို့သော်လည်း... လျှို့ဝှက် အာဏာရှင် အဆင့်ကို ဝင်ရောက်ပြီးသည်နှင့် ထိုစွမ်းရည်မှာ လျှော့ချခံရသည်။

အကယ်၍ သင့်အနေဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်တွင် ထာဝရ တည်မြဲမှုကို ရရှိလိုလျှင် လျှို့ဝှက် လမ်းစဉ် တစ်ခုကို ပြီးပြည့်စုံအောင် နားလည်ထားဖို့ လိုသည်။ ဆိုလိုသည်က မြေကြီး ရှန့်ထိုနှင့် အထက်ဆင့်များသာ ထိုကဲ့သို့ စွမ်းအားမျိုးကို ဆုပ်ကိုင်နိုင်စွမ်း ရှိသည်။

လင်းမင်မှာ တိတ်တဆိတ်ပင် စင်မြင့်ထက်ကို ငေးမော နေခဲ့၏။ ကြယ်တာရာ အမြုတေ အဆင့်တွင်ပင် ထာဝရ တည်မြဲမှု စွမ်းအား ရှိခြင်း၊ မရှိခြင်းကြားမှ ကွာခြားမှုကို သူ နားလည်ပေသည်။ ‌ဟောင်ရှောင်မင်သာ ပြိုင်ဘက်ထက် အပြတ်အသတ် ပိုအစွမ်းထက်ခြင်း မရှိပါက အဆက်မပြတ် တိုက်ခိုက်မှုများ အတွင်း သူ ထာဝရ ပိတ်မိသွားလိမ့်မည် ဖြစ်သည်။

“ကျုပ် အညံ့ခံတယ်...”

ဟောင်ရှောင်မင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ထိုအခိုက်၌ သူ၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ထက်သို့ ဝပ်ကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ့နဖူးနှင့် လက်များမှာ အဝါရင့်ရောင် သွေးများဖြင့် ဖုံးလွှမ်းနေ၏။

ဝှစ်...

သူ အညံ့ခံလိုက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ဘက်မှာ ရပ်တန့်သွားသည်။ လျှို့ဝှက် ကျောက်တိုင်မှာ လျှို့ဝှက် အလင်းများကို ထုတ်လွှတ်လာကာ လူသား ပုံရိပ်ကို ပြန်ခေါ်လိုက်သည်။

ဟောင်ရှောင်မင်က ဖြည်းညင်းစွာပင် ပြန်လည် မတ်တပ်ရပ်လိုက်၏။ တိုက်ပွဲ မစတင်ခင်တုန်းကနှင့် ခြားနားစွာပင် သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ အဆုံးသတ်၌ သူက သက်ပြင်းတစ်ချက် ချလိုက်၏။

ဟောင်ရှောင်မင်ကို ထာဝရ အစည်းအရုံးက အပြင်ဘက်သို့ ပို့ပေးစရာ မလိုချေ။ သူက အပြင်ကို မထွက်ခင် တပည့် ဖြစ်သူဘက် တစ်ချက် လှမ်းကြည့်ကာ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင် ကူးပြောင်းခြင်း နည်းလမ်းကို သုံးကာ အပြင်ဘက်သို့ လှမ်းထွက် သွားခဲ့တော့၏။

“...”

တိတ်ဆိတ် အုံ့မှိုင်းသည့် ခံစားချက် တစ်ခုက လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း၏ နှလုံးသားပေါ်သို့ ပိကျလာသည်။ ဟုန်ရှောင်မင်မှာ အသန်မာဆုံး သေမျိုးတစ်ပိုင်း အရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သို့တိုင်အောင် သူက အရှုံးဖြင့် ထွက်ခွာခဲ့ရသည်။

ဟုန်ရှောင်မင်လို လူမျိုးပင် ကျရှုံးခဲ့လေရာ သူတို့ အတွက် မည်ကဲ့သို့ မျှော်လင့်ချက် ရှိတော့မည်နည်း။

“ထာဝရ အစည်းအရုံးရဲ့ သတ်မှတ်ချက်တွေက နည်းနည်း မများဘူးလား...”

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်က ခံပြင်းဟန်ဖြင့် ရေရွတ်လိုက်၏။ သူမ၏ အမူအရာက အနည်းငယ် အကျည်းတန်နေသည်။ သူမမှာ ဟုန်ရှောင်မင်ထက် အသက် ပိုကြီးသလို ပို၍လည်း အားနည်းပေသည်။ အကယ်၍ သူမသာ စိန်ခေါ်ရန် ကြိုးပမ်းပါက ရလဒ်မှာ ထင်ရှားနေချေပြီ ဖြစ်သည်။

ဟုန်ရှောင်မင်မှာ ပေါ့သေးသေး ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ လမ်းစဉ် ငါးခုကို ပိုင်ဆိုင်ထားလေရာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်ပင် ထိပ်သီး အဆင့်၌ ရှိသူ ဖြစ်သည်။ သူ၏ ပါရမီက အလွန် မြင့်မားသည်။ ထို့အပြင်... သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ ၃၀၀၀၀ ဆိုသော သက်တမ်းနှင့် နှိုင်းယှဉ်လျှင် သူ၏ ခြောက်ထောင် ဆိုသော သက်တမ်းမှာ အလွန်ပင် ငယ်ပေသေးသည်။

“မဟာမြေကြီး လျှပ်စီး ဘူးသီးခြောက်နဲ့တောင်မှ သူက ကျရှုံးခဲ့တယ်...”

လင်းရှန်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်၏။ မဟာမြေကြီး ဘူးသီးခြောက်မှာ လျှို့ဝှက်မြေကြီး အဆင့်မြင့် ရတနာ တစ်ခု ဖြစ်သည်။ ၎င်းက မြေကြီးနှင့် လျှပ်စီး စွမ်းအင်များကို ရောနှော ထုတ်ဖော်နိုင်စွမ်း ရှိကာ ဂြိုဟ်များကိုပင် ဖုံးလွှမ်း ပစ်နိုင်စွမ်း ရှိသည်။

ထိပ်သီး အဆင့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က လျှို့ဝှက် မြေကြီး အဆင့်မြင့် ရတနာ တစ်ခုဖြင့်ပင် ကျရှုံးခြင်း...

“ဟာသ လာလုပ်နေတာလား... မြေကြီး ရှန့်ထိုတွေက ငါတို့ကို လာကစား နေတာပဲ... ငါတို့ကို ညီလာခံ မဝင်စေချင်ဘူးဆိုလည်း တိုက်ရိုက် ပြောလိုက်ပေါ့”

မဟာပင်လယ် ကြယ်တာရာ နယ်မြေမှ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။ သူသာလျှင် မက လျှို့ဝှက် အာဏာရှင် အဆင့် အားလုံးနီးနီးမှာ ထိုကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။ လင်းရှန်းရှန်းလျှင်ပင် မျက်မှောင်ကြုတ် နေခဲ့၏။

“ကြည့်ရတာ စင်မြင့်က ရွေးချယ်ခံတွေ၊ နတ်မိမယ်တွေ၊ သူရဲကောင်းတွေ အတွက်ပဲ ထင်ပါတယ်... ငါတို့လို လူအိုကြီးတွေ အတွက် အခွင့်အရေး မရှိတော့ဘူး”

လျှို့ဝှက် ဝိညာဉ် အဆင့် အကြီးအကဲ တစ်ဦးက အရှုံးပေးသည့် လေသံဖြင့် ပြောလိုက်၏။ သမိုင်းတစ်ခေတ်အား ဖွင့်လှစ်မည့် ညီလာခံကို သူတို့ ကျိန်းသေ လွဲချော်ရတော့မည် ဖြစ်သည်။

ညီလာခံ စတင်သည့် အချိန်မှ စ၍ ငါးယောက်တိတိ စိန်ခေါ်ပြီးခဲ့ပြီ ဖြစ်ကာ လူသုံးယောက်တည်းသာ ဖြတ်ကျော် နိုင်ခဲ့သည်။ သူတို့ သုံးယောက်စလုံးမှာ လူငယ်မျိုးဆက်မှ ဖြစ်ကာ အလွန်တရာ ချောမော လှပ၍ ပါရမီ မြင့်မားကြသူများ ဖြစ်သည်။ ပို၍ အရေးကြီးသည့် အရာက မိန်းကလေး သုံး‌ယောက်မှာ အသက် တစ်ရာကို မကျော်လွန်ကြသေးခြင်းဖြစ်သည်။

မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ ထိုမျိုးဆက် အတွက်သာ ရည်ရွယ်ထားကြောင်း ရှင်းလင်းပေသည်။ ခေတ်သစ် တစ်ခုကို လူငယ် မျိုးဆက်များကသာလျှင် ဆုံးဖြတ်ပေလိမ့်မည်။ သူတို့လို လူအိုကြီးများကတော့ ပရိသတ် အဖြစ် အားပေးရန်သာ ကျန်ရှိပေတော့သည်။

***

All Chapters