အစွန်းရောက်ယင် နတ်မိမယ် (၂)
Vol. 73 Ch. 1011
ဘုန်း...
ရန်သူမှာ ဓားအလင်းတန်း တစ်ခု အလား နာ့ရှင်းရီထံ တိုးဝင် လာနေခဲ့ပြီ ဖြစ်သည်။ သူမ ကိုင်ဆောင်ထားသည့် ဓားနှစ်စင်း၏ အသွားများမှာ ထက်ရှသော အလင်းများဖြင့် ပေါက်ကွဲလာ၏။
ကြောက်မက်ဖွယ် ချဉ်းကပ်လာမှုနှင့် ရင်ဆိုင်နေရသည့်တိုင် နာ့ရှင်းရီမှာ လှုပ်ရှားခြင်း မရှိသေးချေ။ သူမက လောကနယ်မြေ၏ ဖျက်ဆီးခြင်း စွမ်းအားကို လောကသံချပ်ကာနှင့်သာ ခုခံကာ တည်ငြိမ်စွာသာ ရပ်နေခဲ့၏။ ထို့နောက် သူက ဘယ်ဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ကာ လက်ဝါးကို ဖြန့်၍ တွန်းလွှတ်လိုက်သည်။
ဝှစ်...
ရုတ်တရက် မိန်းကလေး၏ လက်ဝါးမှ နေ၍ မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်လာ၏။ ပထမ၌ ၎င်းမှာ အသေးအဖွဲသာ ဖြစ်သော်လည်း တဒင်္ဂ အတွင်းမှာပင် ပိုမို၍ ကြီးပြင်းလာကာ မိုင်ပေါင်းများစွာ တိုင်အောင် ဖြန့်ကျက်သွားသည်။
"..."
လူတိုင်း တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် မုန်တိုင်းမှာ ပြန်လည် ရပ်တန့်သွား၏။ မိန်းကလေး၏ ဘယ်ဘက်တွင်တော့ ပုံရိပ် တစ်ခုမှာ ဓားကို ဆန့်ထုတ်ကာ ရပ်တန့်လျှက် ရှိသည်။ သူမ၏ ဓားအသွားမှာ နာ့ရှင်းရီ၏ လည်ပင်းနှင့် လက်မ အနည်းငယ်သာ ကွာဝေးတော့၏။
သို့သော်လည်း... ပုံရိပ်မှာ လုံးဝ အေးခဲနေဟန် ရသည်။ သူမ၏ အသက်မဲ့ မျက်လုံးများက ဝိညာဉ် ယင်အလင်းများဖြင့် တောက်ပနေကာ လောကီစွမ်းအင် လက္ခဏာများ လွှမ်းခြုံနေ၏။
နာ့ရှင်းရီက အချိန် မဖြုန်းပါချေ။ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သန့်စင်သည့် အဖြူရောင် နှစ်ဖက်သွား ဓားတစ်စင်းမှာ အလိုအလျောက်ပင် ပေါ်လာခဲ့၏။ ထို့နောက် သူမက ကြမ်းတမ်း ခက်ထန်စွာပင် ဓားကို ရန်သူ၏ ဦးခေါင်းအတွင်း ထိုးနှက် လိုက်တော့သည်။
ဘုန်း...
…
နာ့ရှင်းရီ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင် ဂိတ်တံခါးထဲကို ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။သို့သော်လည်း လူတိုင်းမှာ ပါးစပ် အဟောင်းသားဖြင့် စင်မြင့်ထက်ကို ငေးကြည့်နေမိဆဲ ဖြစ်သည်။ သူတို့၏ မျက်လုံးများကတော့ မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်ခြင်းတို့နှင့် ပြည့်နှက်နေ၏။
ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့မှာလည်း အချိန်သခင် တစ်ယောက်ကို အနိုင်ယူခဲ့သည့်တိုင် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခဲ့ရသည်။ ဝူပိုင်ကျိုးဆိုလျှင် သူမ၏ အော်ရာကို ကြယ်တာရာ သခင် အဆင့် ရောက်သည် အထိ မြှင့်တင်ခဲ့ရသည်။ ထိုကဲ့သို့ ဆန်းကြယ်သည့် နည်းလမ်းများ အပြင် သူတို့ နှစ်ယောက်စလုံးမှာ အဆင့်မြင့် ကြယ်တာရာ လက်နက်များ၊ အဆင့်မြင့် အစီအရင်များ၊ ကျင့်စဉ်များကို သုံးခဲ့ကြ သေးသည်။
သို့သော်လည်း... နာ့ရှင်းရီ၏ အောင်ပွဲကတော့ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူမက ရန်သူအား အသာစီး ရယူရန် ထူးဆန်းသည့် နည်းလမ်း တစ်ခုကိုမှ အသုံးပြု မသွားခဲ့ချေ။ တိုက်ပွဲ၌ သူမက ရိုးရှင်းသည့် နည်းလမ်း တစ်ခုတည်းကိုသာ အသုံးပြုသွားခဲ့ကာ လူတိုင်းမှာ ထိုနည်းလမ်းကို သိရှိပေသည်။ အထူးသဖြင့် မိန်းကလေး ကျင့်ကြံသူများပင်။
ယင်ဝိညာဉ် မုန်တိုင်း...
၎င်းက အလွန့်အလွန် ရိုးရှင်းလှသည့် နည်းလမ်း တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းက မူလယင် ရင်းမြစ်မှ စွမ်းအင်ကို ထုတ်ယူကာ ဝိညာဉ်အင်အားနှင့် ရောနှော၍ မုန်တိုင်း တစ်ခု ဖန်တီးခြင်း ဖြစ်သည်။ မိန်းကလေး ကျင့်ကြံသူတိုင်း သူတို့၏ အပျိုစင် ဘဝတွင် ထိုနည်းလမ်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါတော့ လေ့ကျင့်ဖူးကြလိမ့်မည် ဖြစ်သည်။
လင်းရှန်းရှန်းမှာ ဂိုဏ်းအတွင်းရှိ လူငယ်များ၏ မေးခွန်းထုတ်သည့် အကြည့်များကို ခံစားမိ၏။ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် ယခုလို ပွဲတော်မျိုးတွင် သူမမှာ အဓိက ပို့ချသူ ဖြစ်ပေသည်။ ဂိုဏ်းထဲ၌ သူမထက် အသက်၊ ကျင့်ကြံခြင်း အခြေခံ၊ အတွေ့အကြုံ ပိုများသူများ ရှိသည့်တိုင် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ၎င်းမှာ နှုတ်ဖြင့် သတ်မှတ် မထားသည့် စည်းမျဉ်း တစ်ခု ဖြစ်ပေသည်။
အမှန်အတိုင်း ဝန်ခံရပါက သူမသည်လည်း အခြားလူများလိုပင် နာ့ရှင်းရီကြောင့် ဆွံ့အ နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် အသိဉာဏ် ပညာ၊ ဗဟုသုတ ပြည့်ဝသည့် ရောင်ဝါမျိုးကိုတော့ သူမ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
“ဝိညာဉ်ယင်ပိုင်ထားတဲ့လူတွေမှာ ဘာအားသာချက်တွေ ရှိလဲ မင်းတို့သိကြရဲ့လား...”
သူမက ဉာဏ်စမ်းဟန်ဖြင့် မေးလိုက်၏။ ကျန်းယင်မှာ ယင်အမျိုးအစား ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုကို လေ့ကျင့်ထားသူ ဖြစ်လေရာ အလျှင်အမြန်ပင် အဖြေပေးလိုက်၏။
“ဝိညာဉ်ယင်က ယင်စွမ်းအင်တွေကို ပုံမှန်ထက် သုံးဆ ပိုသန့်စင်ပေးနိုင်ပါတယ်...”
ချီပျစ်ခဲခြင်း အဆင့်၏ အလယ်အဆင့် သုံးခု ဖြစ်သည့် ယင်ဖွဲ့စည်းခြင်း၊ ယန်ဖွံ့ဖြိုးခြင်းနှင့် မှားသော အမှန်ဆင့်တို့ အားလုံးမှာ ယင်နှင့် ယန်စွမ်းအင်များကို ဖွံ့ဖြိုးစေကာ ပြီးပြည့်စုံသည့် ချီနှလုံးသား တစ်ခု အသွင် ပြောင်းလဲခြင်း ဖြစ်သည်။
ယင်ဖွဲ့စည်းခြင်း အဆင့်မှာ အသွင် သဏ္ဍာန်မဲ့ စွမ်းအင် တစ်ခု ဖွဲ့စည်းနိုင်စွမ်းကို ပေးကာ ချီစွမ်းအင်ကို အမျိုးမျိုးသော ပုံစံများ အဖြစ် ပြောင်းလဲစေနိုင်သည်။ ယန်ဖွဲ့စည်းခြင်း အဆင့်ကတော့ အသွင် သဏ္ဌာန်အားဖြင့် ပိုမို ထင်သာမြင်သာ ရှိကာ အသက်ဓာတ်ကို ချီးမြှင့်နိုင်သည်။ သို့သော်လည်း... အရေးကြီးသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် လောကနှင့် ချိတ်ဆက်မှု ကင်းမဲ့နေဆဲ ဖြစ်သည်။
မှားသော အမှန်အဆင့်က ထိုယင်နှင့် ယန်စွမ်းအင်များကို မန်နာနှင့် ပေါင်းစပ်ကာ ကျင့်ကြံသူ တစ်ဦးကို အစစ်အမှန် ဒြပ်စင်များ ဖွဲ့စည်းစေခြင်း ဖြစ်သည်။ ဖန်တီးခြင်း စွမ်းရည်များမှာ ထိုမှ မွေးဖွားလာခြင်း ဖြစ်သည်။ မှားသော အမှန်ဆင့်တွင် ချီစွမ်းအင်မှာ အစစ်အမှန်အလား လောကကြီးနှင့် ဆက်သွယ်နိုင်စွမ်း ရှိလာသည်။ ထိုအဆင့်၌ ရေက ပျော်ဝင်စေနိုင်ကာ၊ မီးက လောင်ကြွမ်းနိုင်သည်။ လေက တည်တံ့နိုင်သည်။ မြေကြီးက ပြောင်းလဲနိုင်သည်။
ယင်ချီ နှလုံးသား တစ်ခုမှာ စိတ်၊ ရုပ်၊ ဝိညာဉ်နှင့် အမတေ စွမ်းအင်များကို ပိုမို သန့်စင်သည့် အဆင့်တစ်ခု ရောက်အောင် ပြုပြင် ပေးနိုင်စွမ်း ရှိသည်။ မရေမတွက်နိုင်သည့် မှတ်တမ်းများ အရ... ၎င်း၏ အကန့်အသတ်မှာ သုံးဆ ဖြစ်သည်။
“ယင် ဝိညာဉ်မှာရော ဘာအားသာချက် ရှိလဲ...”
လင်းရှန်းရှန်းက နောက်တစ်ကြိမ် မေးလိုက်ပြန်၏။
“ယင် ဝိညာဉ်...”
လူငယ် အချို့မှာ တစ်ယောက်ကို တစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်မိကြ၏။ သို့သော်လည်း ကျန်းယင်ကတော့ တုန့်ဆိုင်းနေခြင်း မရှိပါချေ။ ယင် အမျိုးအစား ကျင့်ကြံခြင်း ဝိညာဉ် တစ်မျိုးကို ပိုင်ဆိုင်ထားလေရာ... သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
“ယင်ဝိညာဉ်တွေက မူလယင် ရင်းမြစ်ကနေ အသွင်ပြောင်းပြီး ဖြစ်လာတဲ့ ကျင့်ကြံခြင်း ဝိညာဉ် တစ်မျိုးပါ... အဲဒါက ယင်စွမ်းအင်ကို ဝိညာဉ်စွမ်းအင်ထဲ ပေါင်းစပ်ပြီး ဝိညာဉ်အင်အားကို စဉ်ဆက်မပြတ် သန့်စင်ပေးပါတယ်... ယောက်ျားလေးတွေရဲ့ ယန်ဝိညာဉ် တစ်ခုဆိုလည်း အတူတူပါပဲ... ဒါပေမဲ့ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်က ဝိညာဉ်အင်အားထက် ရုပ်ခန္ဓာကိုယ်ကိုပဲ အဓိက သက်ရောက်ပါတယ်”
လင်းရှန်းရှန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ယင်ဝိညာဉ် ကျင့်ကြံခြင်း နည်းလမ်းများကို အသန့်စင်ဆုံး ယင်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသာ ကျင့်ကြံနိုင်ပေသည်။ တစ်နည်း ဆိုရပါက...ထိုကဲ့သို့သော နည်းလမ်းမျိုးမှာ မူလယင် ပျက်စီးခြင်း မရှိသေးသည့် အပျိုစင် မိန်းကလေးများ အတွက်ပင်။
“တကယ်လို့ ဝိညာဉ်ယင်ကို ယင်ကျင့်ကြံခြင်း ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင်ရော...”
လင်းရှန်းရှန်းက ကျန်းယင်ကို မေးလိုက်၏။ ကျန်းယင်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်
“မဖြစ်နိုင်ပါဘူး... ဝိညာဉ်ယင်နဲ့ ယင်ကျင့်ကြံခြင်း ဝိညာဉ်ကို ပေါင်းစပ်လိုက်မယ် ဆိုရင် ယင်-ယန် မညီမျှမှု ဖြစ်သွားပါလိမ့်မယ်... ဖန်တီးခြင်း အဆင့်ကို ရောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး...”
“တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင်ရော...”
လင်းရှန်းရှန်းက မေးလိုက်၏။ လင်းမင်၏ မျက်လုံးများက တစ်စုံတစ်ရာကို ဉာဏ်အလင်း ရသွားဟန်ဖြင့် တဖျပ်ဖျပ် တောက်ပသွားသည်။ သို့သော်လည်း... သူ မဖြေနိုင်ခင်မှာပင် ကျန်းယန်က ဝင်ရောက်၍ ဖြေလိုက်၏။
“အဲဒါဆိုရင် အဲဒီ ကျင့်ကြံသူရဲ့ ဝိညာဉ် အင်အားက ကြောက်စရာ ကောင်းအောင် ကြီးမား သွားပါလိမ့်မယ်... အဲဒါကြောင့် အစွန်းရောက်ယင် နတ်မိမယ်ရဲ့ ဝိညာဉ်အင်အားက အချိန်သခင် တစ်ယောက်ကို ထိန်းချုပ်နိုင်တဲ့ အထိ သန်မာနေတာကိုး... ရိုးရှင်းတဲ့ ကျင့်စဉ် တစ်ခုက ဒီလောက် အစွမ်းထက်တာ အံ့သြစရာ မရှိတော့ဘူး”
သူ၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ နာ့ရှင်းရီ၏ ယင်အော်ရာမှာ ဝိညာဉ်အင်အားကို ဖုံးကွယ်ထားသောကြောင့် ထိုအချက်ကို သူတို့ မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမိန်းကလေးမှာ အဘက်ဘက်မှ ပြည့်စုံနေအောင် မည်ကဲ့သို့ ကျင့်ကြံထားသနည်း။
“ဒါပေမဲ့ အဲဒါက ဖြစ်မှ မဖြစ်နိုင်တာ...”
ကျန်းယင်မှာ စင်မြင့်ထက်ရှိ ယင်စွမ်းအင် အကြွင်းအကျန်များကို ကြည့်ရင်း မျက်မှောင်ကြုတ် နေဆဲ ဖြစ်သည်။ ထိုအရာက ယုတ္တိရှိသည့်တိုင် သူမ လက်မခံနိုင်သေးချေ။
"ဘယ်လို ကိစ္စမျိုးမှာ မဆို ချွင်းချက် ဆိုတာ အမြဲတမ်း ရှိတယ်... အမှောင်ယင် နန်းတော်တောင် ပြီးပြည့်စုံတဲ့ ဆက်ခံသူကို ရှာတွေ့ သွားခဲ့ပြီပဲ”
လင်းရှန်းရှန်းက သက်ပြင်းတစ်ချက် ချရင်း ရေရွတ်လိုက်၏။ တစ်ချိန်တည်း၌ ထာဝရ ကြယ်တာရာ နယ်မြေသားများက အဘယ်ကြောင့် ထိုမျှ ထူးချွန်ရသည်ကို သူ အံ့အားသင့်စွာ တွေးလိုက်မိသည်။ ထာဝရ ဧကရာဇ်နှင့် ဆန်းကြယ် ဧကရာဇ်တို့ ခေတ်မှ စ၍ ဝေ့ဝူယင်၊ လင်းမင်တို့ခေတ် အထိ ထိုနေရာမှ ရောက်လာသူ အားလုံးမှာ ကြောက်မက်ဖွယ် ကောင်းအောင် ထူးချွန် လွန်းလှသည်။ သို့သော်လည်း... စိတ်မကောင်းစရာ တစ်ခုက ထိုကြယ်တာရာ နယ်မြေမှာ အပြီးတိုင် ပျက်စီး သွားခဲ့ခြင်း ဖြစ်ပေသည်။
အခြားတစ်ဖက်ရှိ လင်းမင်ထံတွင်တော့ ခြားနားသည့် အတွေးတစ်ခု ရှိနေခဲ့လေ၏။
“ဝေ့ဝူယင်နဲ့ ပတ်သက်နေတဲ့ လူအားလုံးက ဘာလို့ ဒီလောက် ကြောက်ဖို့ ကောင်းနေရတာလဲ...”
...
ဟင်းလင်းပြင် ဂိတ်တံခါးထဲသို့ ဝင်ရောက်ပြီးပြီးချင်းပင် နာ့ရှင်းရီမှာ လုံးဝ ခြားနားသည့် ပတ်ဝန်းကျင် တစ်ခုကို တွေ့လိုက်ရ၏။ ထိုနေရာ၌ ပျံ့နှံ့နေသည့် ကြယ်တာရာ အမတေများမှာ သူမ ဘဝ တစ်လျှောက်လုံး ကြုံတွေ့ဖူးသမျှ အသန့်စင်ဆုံး ဖြစ်ပေသည်။ အသက်တစ်ချက် ရှူရုံဖြင့်ပင် ကျင့်ကြံခြင်း အခြေခံက အလိုလို တိုးတက်နေသလို သူမ ခံစားလိုက်ရ၏။
“ရှင်းရီ... ဘာလို့ ဒီလောက် ကြာနေတာလဲ...”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုနေရာကို လှမ်းကြည့်လိုက်သော အခိုက်၌ ရွှေရောင်ဖျာ ပေါ်တွင် ကြာပန်း သဏ္ဍာန် ထိုင်နေသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရလေသည်။
“အမ ပိုင်ကျိုး...”
သူမ၏ မျက်နှာထက်၌ အပြုံးတစ်ခုမှာ ဖြည်းညင်းစွာ ဖွဲ့စည်းလာခဲ့လေ၏။
***