← Chapters

ကြယ်ပဲ့တင်သံ ဆေးလုံး

Vol. 73 Ch. 1012

ကြယ်ပဲ့တင်သံ ဆေးလုံး

Vol. 73 Ch. 1012

နာ့ရှင်းရီ၏ လွယ်ကူသည့် အောင်ပွဲ အပြီးတွင် များစွာသော လူများမှာ ပြိုင်ဆိုင်လိုမှု မီးတောက်များဖြင့် လောင်မြိုက်လာခဲ့ကြသည်။ ယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ၊ ရွေးချယ်ခံ ဖြစ်စေ၊ တန်ခိုးရှင် စာရင်းဝင် ဖြစ်စေ... သူတို့ အားလုံးမှာ မိမိတို့ ရရှိထားသည့် ရာထူးနှင့် ထိုက်တန်ကြောင်း သက်သေပြလို လာကြသည်။ ခေတ်သစ် တစ်ခု၏ အစတွင် သူတို့ အားလုံး နောက်မကျလိုကြချေ။

အချို့ဆိုလျှင် ထာဝရ အစည်းအရုံးမှ ဖန်တီးထားသည့် ရန်သူများမှာ သိပ်မသန်မာဟုပင် ခံစားလာကြရသည်။ ထိုအရာက လူ့သဘာဝပင် ဖြစ်ကာ မိမိကိုယ်ကို အထူးခြားဆုံးဟု ထင်တတ်သည်မှာ အံ့သြစရာ မရှိပါချေ။ သူတို့ အ‌ရှေ့၌ ယီမင်မှာ ကျရှုံးခဲ့သည့်တိုင် ထိုပုဂ္ဂိုလ်မှာ ငွေအဆင့် အင်အားစု တစ်ခု၏ ခေါင်းဆောင်လေးမျှသာ ဖြစ်သည်။ နိမ့်ကျသည့် ကြယ်တာရာ နယ်မြေတစ်ခုတွင်ပင် သူက ထိပ်တန်း ကြယ်တာရာ သခင် အယောက်တစ်ရာ စာရင်း၌ မပါချေ။

လူငယ် တစ်ယောက်ဆိုလျှင် ဆက်လက် စောင့်ဆိုင်းခြင်းပင် မရှိတော့ပဲ ယုံကြည်ချက် အပြည့်ဖြင့် စင်မြင့်ပေါ် တက်လှမ်း သွားခဲ့ပြီ ဖြစ်သည်။

“လု‌‌ရွှေ‌ရောင် နန်းတော်ရဲ့ ရွေးချယ်ခံ... အသက် ၉၇ နှစ်... ကျင့်ကြံခြင်း အခြေခံ ကြယ်တာရာ အမြုတေ အဆင့်လေး... ရန်သူအဆင့်... လောကသခင် အဆင့်မြင့်...”

ထိုရွေးချယ်ခံမှာ စုမေ့၊ ဝူပိုင်ကျိုး၊ ရွှယ်ရီဖေး၊ နာ့ရှင်းရီတို့ထက် စာလျှင် အသက် ပိုကြီးသည့်တိုင် တန်ခိုး အဆင့်တွင်တော့ များစွာ နိမ့်ကျလှပေသည်။ သို့သော်လည်း... သူ၏ ခိုင်မာ ထက်မြက်သည့် အော်ရာက ကျင့်ကြံခြင်း အခြေခံ မည်မျှ ခိုင်မာကြောင်း ဖော်ပြနေသည်။ ထို့အပြင်... လုရွှေရောင် နန်းတော်မှာ မြေကြီးရစ်ခွေ ကြယ်တာရာ နယ်မြေ (အဆင့်-၁၃) တွင် တန်ခိုးရှင် အင်အားစု တစ်ခု ဖြစ်ကာ သေမျိုး တစ်ပိုင်း အရှင် အဆင့် သုံးယောက်က ဦးဆောင်သည်။

မြေကြီး ရှန့်ထိုများ ပြီးလျှင် သေမျိုးတစ်ပိုင်း အရှင် အဆင့်များသာ အသန်မာဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မြေကြီး ရှန့်ထိုများက ကြယ်တာရာ နယ်မြေများကို အုပ်စိုးလျှင် သေမျိုးတစ်ပိုင်း အရှင်များက နယ်မြေများကို အုပ်စိုးသည်။ လုရွှေရောင် နန်းတော်၏ အင်အားမှာ အဆုံးမဲ့ ကောင်းကင်ရှိ အဆင့်နိမ့် တော်ဝင် ကလန် လေးခုနှင့် ခြားနားခြင်း မရှိလှချေ။ သို့ဖြစ်လေရာ... သူတို့၏ ဂုဏ်သတင်းမှာ လုံးဝ မသေးငယ်ချေ။

မရေမတွက်နိုင်သည့် လေးထောင့်ကွက်များ အတွင်း၌ ဆွေးနွေးမှုများမှာ တဟုန်ထိုး မြင့်တက် နေ၏။ အချို့ ကျင့်ကြံသူများက ထိုရွေးချယ်ခံမှာ ဆယ်ကွက်အတွင်း ရန်သူကို အနိုင်ယူနိုင်မလား လောင်းကြေးပင် ထပ်နေကြသည်။

“ငါကြားရသလောက်ဆို အဲဒီကလေး လုဝမ်ဟိုင်က သူ့အဖေဆီကနေ ထာဝရ နယ်မြေ ဆေးလုံး တစ်ခု ရထားတယ်တဲ့... ဆိုတော့ သူလည်း လောကသံချပ်ကာကို သုံးနိုင်မှာ သေချာတယ်... လောကဖိအား အားသာချက်သာ မရှိတော့ရင် တိုက်ပွဲက စိတ်ဝင်စားစရာ ကောင်းမှာ သေချာတယ်...“

မြေကြီးရစ်ခွေ ကြယ်တာရာ နယ်မြေ၏ အကြီးအကဲ တစ်ယောက်က တောက်ပသည့် မျက်လုံးများနှင့် ဆိုလိုက်၏။

“အမှန်ပဲ... ရန်သူက သူ့ကို ဘယ်လောက်အထိ တွန်းအားပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

အခြားတစ်ယောက်ကလည်း မေးစေ့ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ထာဝရ နယ်မြေ ဆေးလုံး... ဟမ့်...”

လုဝမ်ဟိုင်ကတော့ ယုံကြည်ချက် အပြည့်အဝ ရှိနေသည့်ပုံ ပေါ်သည်။ သူက မားမားမတ်မတ် ရပ်နေကာ မျက်လုံးများမှာ ဝိညာဉ်အလင်းများဖြင့် လင်းလက်နေ၏။ သူ၏ အော်ရာက ဝံ့ကြွားစွာဖြင့် ပြန့်ကား ထွက်နေခဲ့သည်။ ထိုရွေးချယ်ခံမှာ ကောင်းကင်၏ ရွေးချယ်ခံ တစ်ယောက်ပင် ဖြစ်ဟန် ရသည်။

“မင်း စိန်ခေါ်မှုကို ဆက်ချင်လား...”

"ဒါပေါ့...”

လုဝမ်ဟိုင်က မတုန့်မဆိုင်းပင် လက်ခံလိုက်ကာ ရွှေရောင် ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ဓားကို ပခုံးထက် ထမ်းကာ ရန်သူ ထွက်ပေါ်အလာကို စောင့်ဆိုင်းနေလိုက်၏။

ဟူး... ဟူး...

အနက်ရောင် ကျောက်တိုင်မှ မီးခိုးများမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ အရပ်တိုတို ဗလတောင့်တောင့် ယောက်ျား တစ်ယောက် သဏ္ဌာန် ဖွဲ့စည်းသွားသည်။ အခြားလူများနှင့် ခြားနားစွာပင် သူက လေးပင်သည့် သံချပ်ကာ တစ်ခုကို ဖွဲ့စည်းထား၏။ မျက်နှာကိုတော့ တစ်ချမ်းအုပ် မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားဆဲ ဖြစ်သည်။

“လာစမ်း...”

လုဝမ်ဟိုင်က အော်ဟစ်လိုက်ရင်း ထာဝရ နယ်မြေ ဆေလုံးဖြင့် ဖွဲ့စည်းထားသည့် နယ်မြေ မျိုးစေ့ကို ထိတွေ့လိုက်၏။ တစ်ခဏချင်းပင် သူ့ခန္ဓာကိုယ်ကို ဝန်းရံ၍ အလင်းအလွှာ တစ်ခု ဖွဲ့စည်းလာသည်။

“လောကသံချပ်ကာ...”

လုရွှေရောင် နန်းတော်၏ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှား သွားကြ၏။ သူတို့၏ ရွေးချယ်ခံမှာ ရှေ့ဆုံးမှာ ဦးဆောင်ကာ စိန်ခေါ် နေခဲ့ချေပြီ ဖြစ်သည်။ သူက ညီလာခံ ဝင်ခွင့်ကို ပထမဆုံး အောင်မြင်သွားသည့် ယောက်ျားလေး ဖြစ်ဖို့ အလားအလာ အလွန် ‌ကောင်းနေပြီ ဖြစ်သည်။ လုဝမ်ဟိုင်၏ မိခင်ဆိုလျှင် စွမ်းအင် အပြည့်ဖြင့် အော်ဟစ် အားပေးနေခဲ့၏။

လုဝမ်ဟိုင်မှာ မိခင် ဖြစ်သူ၏ အော်ဟစ် အားပေးသံများကို ကြားနေရသလို ခံစားနေရ၏။

‘အမေ့သားက ဘယ်လောက် တောက်ပသလဲ ဆိုတာ ဒီနေ့ သား ပြမယ်...’

၎င်းက သူ၏ ပထမဆုံး အတွေး ဖြစ်ပေသည်။ သို့သော်လည်း... လုဝမ်ဟိုင် မသိလိုက်သည့် အရာကား ထိုအရာက သူ၏ နောက်ဆုံး အတွေးပါ ဖြစ်လာလိမ့်မည် ဆိုခြင်းပင်။

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ရန်သူ၏ လောကနယ်မြေမှာ သူ့အပေါ် ပိကျလာခဲ့၏။ လုဝမ်ဟိုင်၏ လောက သံချပ်ကာက မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပျက်စီး ကြွေမွ သွားခဲ့သည်။ ရလဒ်က ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။ အလွန် ပြင်းထန်သည့် လောကဖိအားက ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားနှင့် အတူ သူ့ခန္ဓာကိုယ်ထဲကို ကျူးကျော် ဝင်ရောက်လာသည်။

ဘုန်း...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လုဝမ်ဟိုင်၏ ခန္ဓာကိုယ်မှာ ရွှေ‌ရောင် သွေးမြူများ အဖြစ် ပြောင်းလဲကာ လေနှင့် လွင့်စဉ် သွားခဲ့ပြီ ဖြစ်သည်။ စင်မြင့်ထက်၌ စက်ဆုပ်ဖွယ် ပျစ်ချွဲချွဲ အရည်ကြည်များသာ ကျန်ရစ်ခဲ့လေ၏။

၎င်းတို့ကို ကြည့်ရင်း လူတိုင်းမှာ ပျို့တက်လာသလိုပင် ခံစားလိုက်ကြရတော့သည်။

"..."

...

မဟာစက်ဝန်း ရှန့်ထို ညီလာခံ ဖြစ်ပွားနေစဉ်တွင် မိုင်သန်းပေါင်း များစွာ ကွာဝေးလှသော အစွန်အဖျား နေရာ တစ်ခု၌ ကောင်းကင် နန်းတော် တစ်ခုမှာ အထီးကျန်စွာ ရှိနေခဲ့၏။

နန်းတော် အတွင်းရှိ မရေမတွက်နိုင်သော အခန်းများထဲမှ တစ်ခုထဲတွင်တော့ ဝေ့ဝူယင်မှာ ခရမ်းရောင် အရည်ပုလင်း တစ်ခုကို တဖျပ်ဖျပ် တောက်ပသည့် ငွေ‌ရောင် မျက်ဝန်းများနှင့် စူးစမ်း နေခဲ့လေသည်။ ထိုအရာက အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်ပင် ဖြစ်လေသည်။

ထို့အပြင်... သာမန် ဆေးရည် တစ်ခု မဟုတ်ချေ။ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ဆေးရည် တစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့်... ဝိညာဉ်ပင်လယ် ဆေးရည်မှာ ဝိညာဉ်အလင်း မူလရင်းမြစ် မရှိသူများ အတွက် ဝိညာဉ်အလင်းကို ယာယီ ယူဆောင်ပေးနိုင်သည့် ထုတ်ကုန် တစ်ခု ဖြစ်သည်။ တစ်နည်းဆိုရသော် ၎င်းမှာ ဝိညာဉ်အလင်း မရှိသူများကို ရှိအောင် ခွင့်ပြုပေးနိုင်သည့် ထုတ်ကုန် တစ်ခု ဖြစ်သည်။

အဆင့်မြင့် အရည်အသွေး ရှိသည့် ဝိညာဉ်ပင်လယ် ဆေးရည်ကတော့ မူလအလင်း ရင်းမြစ်ကိုပါ ချဲ့ထွင် ပေးလာနိုင်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ မှတ်တမ်းများထဲ၌ ကျင့်ကြံသူတိုင်း၏ မူလ အလင်း ရင်းမြစ်မှာ ပုံသေ ဖြစ်ကြောင်း၊ ကွဲပြားမှု မရှိကြောင်း ဖော်ပြထားလေရာ ၎င်းက အံ့ဖွယ် အကျိုးသက်ရောက်မှုမျိုး ဖြစ်သည်။ အဂ္ဂိရတ် လောက၏ သမိုင်းကြောင်း၌ များစွာသော ပညာရှင်များမှာ အလားတူ ထုတ်ကုန်မျိုး ဖော်စပ်ရန် ကြိုးပမ်းခဲ့ကြပြီး အဆုံးသတ်၌ ကျရှုံးခြင်းနှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။

ဝိညာဉ်ပင်လယ် ဆေးရည် အထွတ်အထိပ် အရည်အသွေး၏ အကျိုးသက်ရောက်မှုကတော့ များစွာ ကွာခြားခြင်း မရှိချေ။ ၎င်းက ဝိညာဉ်အလင်း ပြန်လည် ဖွံ့ဖြိုးခြင်းနှင့် အလင်းရင်းမြစ် ချဲ့ထွင်ခြင်းတို့ကိုသာ ပိုမို ထိရောက်စွာ လုပ်ဆောင်ပေးသည်။

ဝေ့ဝူယင်မှာ ထိုအထွတ်အထိပ် ဆေးရည်ကို သုံးကာ မူလ အလင်း ရင်းမြစ် လေးခုကို ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ကြိုးပမ်းမှု အောက်၌ အလင်းရင်းမြစ်များမှာ သုံးဆ အထိ ဖွံ့ဖြိုးလာခဲ့ကာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်၏ အကန့်အသတ်ကို ရောက်ရှိခဲ့သည်။

လောကသခင် အဆင့်ကို ရောက်ပြီးလျှင်ရော ထိုဆေးရည်က အကျိုးသက်ရောက်မည်လား လွန်ခဲ့သည့် နှစ်လ အတွင်း၌ သူ စမ်းသပ်ခဲ့သေးသည်။ ကံကောင်းထောက်မစွာပင် ၎င်းက အလုပ်ဖြစ်ခဲ့သည်။ သူ ၁၅၀ ရာခိုင်နှုန်း ခန့်ကိုသာ တိုးမြှင့်နိုင်ခဲ့သော်လည်း ထိုအရာက ကြီးမားသည့် တိုးတက်မှု တစ်ခု ဖြစ်ကာ များစွာသော ဝိညာဉ်အလင်းများ ပိုမို သိုလှောင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင် တစ်ချိန်လုံး စိတ်ဝင်စား နေခဲ့သည့် အရာက သာလွန်ခြင်း အဆင့် အရည်အသွေးပင် ဖြစ်သည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တွင် ရှိစဉ်တုန်းက ထိုအဆင့် အရည်အသွေးအား အသုံးမပြုရန် သူ ဆုံးဖြတ်ခဲ့သည်။ ၎င်းကို သောက်မည် ကြံတိုင်း အန္တရာယ် အငွေ့အသက်ကို သူ ခံစားရသည်။

လွန်ခဲ့သည့် နှစ်များ အတွင်း... သာလွန်ခြင်း အဆင့် အရည်အသွေးနှင့် ပတ်သက်ပါက သူ အမြဲတမ်း အူကြောင်ကြောင် ဖြစ်သလို ခံစားရသည်။ ၎င်းတို့၏ အကျိုးသက်ရောက်မှုကို သေမျိုး အဂ္ဂိရတ် ကြယ်တာရာ မျက်လုံးများဖြင့် လေ့လာလျှင်ပင် သူ မြင်တွေ့ရသည့် အရာက မသေမချာသာ ဖြစ်သည်။ ကြည့်ရသည်က သူ၏ သေမျိုးအဆင့် ကျင့်ကြံခြင်း အခြေခံမှာ ထိုအရာကို မြူနှင်းများလို တစ်ချိန်လုံး ဖုံးကွယ်ထားပုံ ပေါ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုခံစားချက်ကတော့ တိကျပေသည်။ ကြယ်တာရာ ဝိညာဉ်များမှာလည်း ထိုခံစားချက်ကို ဆန့်ကျင်ကာ လုပ်ဆောင်ရန် ဆန္ဒ မရှိကြချေ။ အထူးသဖြင့် ဧဒင်ပင်။ အသိစိတ် ပင်လယ်ထဲကို ထိုအတွေး ပို့လွှတ်လိုက်တိုင်း ဧဒင်က ပြင်းထန်စွာ တုန့်ပြန်သည်။

ကံကောင်းထောက်မစွာပင်... ယခုတွင်တော့ ထိုကဲ့သို့ ခံစားချက်မျိုး မရှိတော့ချေ။ ကြည့်ရသည်က သူ၏ မြင့်တက်လာသော ကျင့်ကြံခြင်း အခြေခံမှာ ထိုအန္တရာယ်ကို ကိုင်တွယ် နိုင်သွားသည့်ပုံ ပေါ်သည်။ သို့သော်လည်း... ဒုတိယမြောက် ဝိညာဉ် ပုံရိပ်ယောင် ကပ်ဘေး အကြောင်းကို ပြန်လည် တွေးလိုက်မိသော အခိုက်တွင်တော့ သူ အနည်းငယ် တုန်လှုပ်သွား၏။

ဝေ့ဝူယင် ဆေးပုလင်းကို ‌ဘေးနားချကာ အရှေ့ရှိ ထောင်ပေါင်းများစွာသော ပုလင်း အလွတ်များကို ကြည့်လိုက်၏။ သူ၏ အမူအရာက အနည်းငယ် ထူးဆန်းသွား၏။

“ကျင့်ကြံခြင်းက ပိုပြီးတော့ ခက်ခဲလာတယ်...”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ လောကနယ်မြေ အဆင့်ကို ရောက်ရှိပြီး နောက်တွင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ နယ်မြေ မျိုးစေ့ အသစ် စုစည်း သွားခဲ့သည်။ ၎င်း၏ အရွယ်အစားနှင့် စွမ်းအားက သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ကိုယ်စားပြုပေသည်။ အဆင့်ကိုး အဆင့်မြင့် လောကရေလွှမ်းမိုးခြင်း ဆေးလုံးမှာ ကျင့်ကြံသူ တစ်ယောက်၏ ကြယ်တာရာ အမြုတေ အရွယ်အစားကို တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။

လောက ရေလွှမ်းမိုးခြင်း ဆေးလုံးမှာ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည့် ဆေးလုံး ဖြစ်သည်။ ၎င်းထံတွင် ဒုတိယမြောက်နှင့် ထပ်ဆောင်း အကျိုးသက်ရောက်မှုများ မရှိချေ။ ထို့အပြင်... လောကသခင် အဆင့်ကို ရောက်ရှိပြီးနောက်၌ ၎င်းတို့မှာ သူ့အတွက် အကျိုးသက်ရောက်မှု မရှိသလောက် ဖြစ်သည်။

အိုရီမှာ အထွတ်အထိပ် အဆင့် ဆေးလုံး တစ်ထောင်ကျော်ကို စားသုံးခဲ့သည့်တိုင် လောကနယ်မြေ၏ အရွယ်အစားက မီတာ ၃၀၀ ထက် ပိုမို ကြီးလာခြင်း မရှိချေ။ မူလ ပိုင်ဆိုင်ထားပြီးသား ကီလိုမီတာ ၃၃၃ နှင့် ယှဉ်ပါက ၎င်းက မဖြစ်စလောက်ကလေးသာ ဖြစ်သည်။

အမျိုးမျိုးသော မှတ်တမ်းများ အရဆိုလျှင် အထွတ်အထိပ် အဆင့် ဆေးလုံး တစ်ရာမှာ သာလွန်ခြင်း အဆင့် အချိန်သခင် တစ်ယောက်ကို မွေးထုတ်ရန် လုံလောက်သည်ဟု ဆိုသည်။ ၎င်း၏ လောကနယ်မြေ အရွယ်အစားက ကီလီုမီတာ တစ်ထောင်ဖြစ်သည်။ သို့သော်လည်း သူကတော့ ဆေးလုံး တစ်ထောင်ကျော် စားသုံးခဲ့သည့်တောင် သုံးရာသာ တိုးတက်ခဲ့သည်။

ယင်းရှာဖွေ တွေ့ရှိချက်က သူ၏ ဝိညာဉ်ဆင်းတု၊ အကာသ ပဲ့တင်သံ၊ ဝိညာဉ်အလင်းနှင့် မြေဆွဲအား ဗဟိုထုတို့မှာ သာမန် နယ်မြေမျိုးစေ့များနှင့် နှိုင်းယှဉ်လျှင် တိုးတက်ရန် လိုအပ်ချက် ပိုမို မြင့်မားကြောင်း အတည်ပြု ပေးခဲ့သည်။ ထို့အပြင်... ကီလိုမီတာ ၃၃၃ မှာ လောကသခင် အဆင့်၏ အဆုံးစွန်သော အကန့်အသတ် မဟုတ်ကြောင်း ဝေ့ဝူယင် သိပေသည်။ ထို့ကြောင့်ပင် ပိုမို အသုံးဝင်သည့် ဆေးတစ်ခု ဖော်စပ်ရန် ဝေ့ဝူယင် ဆုံးဖြတ်ခဲ့သည်။

၎င်းကို ကြယ်ပဲ့တင်ထပ်သံ ဆေးလုံးဟု ခေါ်သည်။ ၎င်း၏ အဓိက အကျိုးသက်ရောက်မှုမှာ စွမ်းအင် အမျိုးအစား မျိုးစံကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ ကျင့်ကြံသူ တစ်ယောက်၏ ကြယ်တာရာ အမြုတေ စွမ်းအားကိုပင် အကန့်အသတ် ရောက်အောင် တိုးမြှင့်ပေးနိုင်သည်။

ကြယ်ပဲ့တင်သံ ဆေးလုံး၏ ဒုတိယမြောက် အကျိုးသက်ရောက်မှုကတော့ ကျင့်ကြံခြင်း ဝိညာဉ်ကို သန့်စင်ပေးခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ကျင့်ကြံသူ၏ ဝိညာဉ်အင်အားမှာ ပိုမို သန်မာလာလိမ့်မည် ဖြစ်သလို ပိုမို ခိုင်မာ၍လည်း လာလိမ့်မည် ဖြစ်သည်။

ကြယ်ပဲ့တင်သံ ဆေးလုံး၏ အထွတ်အထိပ် အရည်အသွေးကတော့ ခန္ဓာကိုယ် အတွင်းရှိ မသန့်စင်မှုများကို ဖယ်ရှားပေးကာ ကြယ်တာရာ ခန္ဓာအဆင့်ကိုပါ တိုးမြှင့်ပေးနိုင်သည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အကျိုးသက်ရောက်မှု တစ်ခုပါပင်။

၎င်းက အားလုံးကို လုပ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း... ထိုဆေးလုံးအား ဝေ့ဝူယင် ယခုအချိန် အထိ မဖော်စပ်ရသေးသည့် အကြောင်းပြချက် တစ်ခု ရှိပေသည်။ ၎င်းကတော့ ဆေးဖော်စပ်ရန် အဓိက လိုအပ်ချက် တစ်ခု ဖြစ်သည့် ကြယ်အမြုတေ ကြောင့်ပင်။

မှန်၏။ သဘာဝ နေကြယ် တစ်ခု၏ ကြယ်အမြုတေပင်။

***

All Chapters