ကြယ်ပဲ့တင်သံ ဆေးလုံး (၂)
Vol. 73 Ch. 1013
“ကြယ်ပဲ့တင်သံ ဆေးလုံး...”
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက စိတ်ခံစားချက် ပဋိပက္ခ အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်နေ၏။
ကြယ်ပဲ့တင်သံ ဆေးလုံးမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အလွန် ကျော်ကြားသည့် ဆေးတစ်မျိုး ဖြစ်သည်။ အဂ္ဂိရတ် ပညာရပ်အား အခြေခံ သင်ရိုးအဖြစ် သင်ကြားနေသည့် ဂိုဏ်းတိုင်းတွင် ထိုဆေးညွှန်းကို တွေ့နိင်လိမ့်မည် ဖြစ်သည်။ ၎င်းက အလွန် အသုံးဝင်ကာ တန်ဖိုး ကြီးမြင့်သည့် ဆေးတစ်လုံး ဖြစ်သည့်တိုင် သမိုင်းတွင်သာ ပိတ်လှောင်နေသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။
တိတိကျကျ ဆိုရသော်... ကြယ်ပဲ့တင်သံမှာ ရှေးဟောင်း ဆေးညွှန်းတစ်ခု ဖြစ်ကာ အင်ပါယာ ထျန်းမျိုးနွယ် ခေတ် မတိုင်ခင် ကတည်းက တည်ရှိခဲ့သည်။ ထိုစဉ်အခါက မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အဆုံး အစမဲ့ ကြယ်တာရာ စစ်ပွဲများ ဖြစ်ပွားနေခဲ့ကာ မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ တောင်လိုပုံ သေဆုံးခဲ့သည်။ သေများမှာ သမုဒ္ဒရာများလို စီးဆင်းခဲ့ကြသည်။ တစ်ချိန်တည်း၌ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ နေကြယ်များကို တိုက်ရိုက်ပင် လုယူခဲ့ကြသည်။
စစ်ပွဲ၏ အကျိုးဆက် အနေဖြင့် အဆင့်နိမ့် ကြယ်တာရာ နယ်မြေများမှာ ပိုမို အေးမြလာကြကာ ထိုအရာကို ကြယ်ကြွေစစ်ပွဲဟု ခေါ်ကြသည်။
ကြယ်ကြွေ စစ်ပွဲမှာ အဖွဲ့များ၊ မျိုးနွယ်စုများ အကြားမှ စစ်ပွဲ မဟုတ်သလို အယူအဆ ကွဲပြားမှုများ အကြားမှ စစ်ပွဲလည်း မဟုတ်ချေ။ အဖိုးအတန်ဆုံး ရင်းမြစ် ဖြစ်သည့် “နေကြယ်” များကို လုယူသည့် စစ်ပွဲများပင် ဖြစ်သည်။
ထိုစဉ်အခါတုန်းက အဂ္ဂိရတ် တာအိုကို ကျင့်ကြံသည့် လျှို့ဝှက် အာဏာရှင် အဆင့်များလည်း ရှိခဲ့ကြသည်။ သို့သော်လည်း... သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်သာလျှင် သူတို့၏ အမြင့်ဆုံး အကန့်အသတ် ဖြစ်ခဲ့သည်။ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဆိုသည့် အယူအဆမှာ ကျင့်ကြံသူများ အတွက်တော့ တော်ဝင် ရတနာ တစ်ခုလိုပင် ဖြစ်သည်။ ၎င်းက သူတို့၏ ကျင့်ကြံခြင်းကို နှစ်ရာပေါင်းများစွာ မဟုတ်လျှင် ဒါဇင်နှင့်ချီ၍ သက်သာစေနိုင်သည်။ အဆင့်ကိုး ဆေးလုံးများမှာ အကန့်အသတ်များစွာကို ချိုးဖျက် ပေးခဲ့ကြကာ လောက တစ်ခုကို ကြီးပြင်းစေခဲ့သည်။
ထိုစဉ်အခါက အဂ္ဂိရတ် ပညာရှင်များမှာ ပေါင်းစည်းကာ သူတော်စင်ခုနစ်ပါး မျှော်စင်ကို တည်ထောင်ခဲ့သည်။ ထို့နောက် သူတို့က သြဇာအာဏာ၊ လွှမ်းမိုးမှုနှင့် ခွန်အားတို့ကို သုံးကာ ထရီလျံနှင့်ချီသည့် သေမျိုးများကို သတ်ဖြတ် စမ်းသပ်၍ ဆေးညွှန်းအမျိုးမျိုးကို တီထွင်ခဲ့ကြသည်။ အစွမ်းထက် ကျင့်ကြံသူများပင်လျှင် သူတို့၏ မဟာမိတ် စွမ်းအားကို ကြောက်ရွံ့ကာ လက်ရှောင် နေဖို့သာ တတ်နိုင်ခဲ့သည်။ ထိုခေတ်ကာလ အတွင်း၌ သူတို့ကို ပုန်ကန်ရန် ကြိုးပမ်းခဲ့သည့် ဥပမာ အချို့တော့ ရှိခဲ့ပေသည်။
မည်သို့ပင် ဆိုစေကာမူ... သူတော်စင်ခုနစ်ပါး မျှော်စင်မှာ အဂ္ဂိရတ် ဖော်စပ်ခြင်း နည်းလမ်း၊ ဝင်္ကပါ၊ အစီအရင် အများစုကို သုတေသန ပြုလုပ် ဖန်တီးနိုင်ခဲ့ကြသည်။ သူတို့က အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အခြေခံ တစ်ခုကို ဖန်တီးခဲ့ကာ အဂ္ဂိရတ် တာအိုကို စိတ်ကူးမယဉ်ဖူးသည့် အမြင့်တစ်နေရာသို့ ရောက်စေခဲ့သည်။ သူတို့က မရေမတွက်နိုင်သည့် ကပ်ဘေးဆိုးများကို ဖြစ်ပွားစေခဲ့သည့်တိုင် တစ်ချိန်တည်း၌ အကျိုးပြုမှု များစွာကို ယူဆောင်လာခဲ့သည်ကတော့ ငြင်းစရာ မရှိပါချေ။
သူတော်စင် ခုနစ်ပါး မျှော်စင်၏ မြင့်တက်လာမှုနှင့် ကျဆုံးမှုတို့ အပြီး၊ ကြယ်ကြွေ စစ်ပွဲများ အလွန်တွင် သဘာဝ နေကြယ် ရင်းမြစ်မှာ တစ်ရာမကျော်သည် အထိပင် နိမ့်ကျသွားခဲ့သည်။ အချို့က အလွန် ကြီးမားသည့် နေကြယ်ကြီးများ အဖြစ် ပေါင်းစည်းသွားခဲ့ကာ အချို့ကလည်း အပြီးတိုင် ပျက်စီးသွားခဲ့ကြသည်။ လက်ကျန် နေကြယ်များကိုလည်း ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတို့လို အစွမ်းထက် အင်အားစုကြီးများက ထိန်းသိမ်းထားခဲ့သည်။
အကျိုးဆက် အနေဖြင့်... သဘာဝ နေကြယ် အမြုတေကို အဓိက ရင်းမြစ် အသုံးပြုရသည့် ကြယ်ပဲ့တင်သံတို့ ကဲ့သို့ ဆေးညွှန်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ထို့ကြောင့်ပင် ၎င်းတို့ကို သမိုင်းထဲမှ တည်ရှိမှုများ အဖြစ် ဖော်ညွှန်ရခြင်း ဖြစ်သည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် နေထိုင်စဉ် အခါက ထာဝရမှင် တစ်မျိုးဖြင့် ရေးသားထားသည့် ဒိုင်ယာရီ စာအုပ်တစ်ခုကို သူ ဖတ်ခဲ့ဖူးသည်။ ထိုစာအုပ်ထဲ၌ မဟာစက်ဝန်း ကြယ်ကွင်းပြင် နေရာအနှံ့အပြားရှိ နေကြယ်များကို အဆုံးမဲ့ ကောင်းကင် ဧရာမ နေကြယ်ကြီး အဖြစ် ပြောင်းလဲပစ်သည့် အကြောင်းအရာများကို ရေးသားထားသည်။ ၎င်းက ကြောက်စရာ ကောင်းလွန်းလှ၏။
ထိုသမိုင်းဝင် ဖြစ်စဉ်ကြီး အတွက် လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ကြယ်တာရာ သခင်များမှာ ထောင်ပေါင်းများစွာသော နေကြယ်များကို အမှောင် ဟင်းလင်းပြင် တစ်လျှောက် သယ်ဆောင်ကာ ပူးပေါင်းခဲ့ရသည်။ နေကြယ်တစ်ခုကို ရွှေ့ရသည်မှာ လွယ်ကူသည့် အလုပ် တစ်ခု မဟုတ်ချေ။ မိုင်ပေါင်း သန်းထောင်ချီ ခရီးလမ်းတွင် လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် ကြယ်တာရာ သခင် အဆင့်များစွာ သေဆုံးခဲ့ရသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ ဆိုလျှင် ကောင်းကင် နတ်ဘုရားများထံ ငိုယိုကာ ထိုကဲ့သို့ မလုပ်ခိုင်းပါရန် တောင်းပန်ခဲ့ကြသည်ဟုပင် ဖော်ပြထားသည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးကား ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အမှောင်ခေတ်ကြီးပင်။
ထိုခေတ်ကြီး အတွင်း၌ အဆုံးမဲ့ ကောင်းကင်သာလျှင် မက အခြား အခြားသော ကြယ်တာရာ နယ်မြေများမှာလည်း နေကြယ်များကို ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့ကြသည်။ ဤသို့နှင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကြယ်တာရာ နယ်မြေ အရေအတွက်မှာ ထောင်ချီမှ နှစ်ဆယ်ကျော်သို့ ကျဆင်းသွားခဲ့ကာ နေကြယ်များမှာလည်း တစ်ရာအောက်သို့ ရောက်ရှိသွားခဲ့သည်။
ကံကောင်းထောက်မတာ တစ်ခုက ကြယ်တာရာ ဝါးမြိုသူ ထန်ဂူများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို မကျူးကျော်ခဲ့ကြခြင်းဖြစ်သည်။ ပထမ၌ ထိုအရာက လျှို့ဝှက် အလင်းရောင် ခါးပတ်ကြောင့် ဝေ့ဝူယင် ထင်ခဲ့သေးသော်လည်း ကြယ်ကြွေ စစ်ပွဲကြီး ဖြစ်ပွားပြီး ကတည်းက ၎င်းတို့ အကြောင်း မဟာစက်ဝန်းတွင် ဖော်ပြထားခြင်း မရှိလေရာ သူ အနည်းငယ် သံသယ ဝင်မိသည်။
ကြယ်ပဲ့တင်သံ ဆေးလုံးနှင့် အဆုံးမဲ့ ကောင်းကင်၏ သမိုင်းကြောင်းများက သွေးများနှင့် စွန်းထင်နေသည့်တိုင် ဝေ့ဝူယင် ဂရုမစိုက်ပါချေ။ သူ ဂရုစိုက်သည့် အရာက အဓိက ပါဝင် ပစ္စည်း ဖြစ်သည့် နေကြယ် အမြုတေကို မည်သည့် နေရာမှ ရအောင် ယူရမည် ဆိုခြင်းပင်။ လက်ရှိခေတ်၌ သဘာဝ နေကြယ်များမှာ အရှားပါးဆုံးသော ရင်းမြစ်များဖြစ်သည်။ ထို့အပြင်... နှစ်ပေါင်းသောင်းချီ သမိုင်းကြောင်းကို ဖြတ်သန်းပြီး နောက်တွင် ၎င်းတို့ တစ်ခုချင်းစီမှာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်များကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်လေရာ... နေကြယ် အမြုတေများကို ကြယ်တာရာ နယ်မြေများမှ သဘာဝ အတိုင်း ရယူရန် မဖြစ်နိုင်တော့ချေ။ ပထမ၌... နေကြယ် အမြုတေ အစား အပူစွမ်းအင် ထုတ်လုပ်ပေးနိုင်သည့် ကြယ်တာရာမိုးများကို အစားထိုး သုံးဖို့ ဝေ့ဝူယင် ကြိုးစားခဲ့သေးသည်။ ကံမကောင်းစွာပင် ၎င်းက အလုပ် မဖြစ်ခဲ့ချေ။ ပြဿနာက အပူစွမ်းအင် မဟုတ်ပဲ နေအမြုတေ၏ ပြိုင်စံရှား စွမ်းအား တစ်မျိုးကို လိုအပ်သောကြောင့် ဖြစ်သည်။
၎င်းက နယ်မြေမျိုးစေ့ တစ်ခုကို ပြုစု ပျိုးထောင်ပေးနိုင်သည့် စွမ်းအင် အားလုံးကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ၎င်းမှာ ကြယ်တာရာအမြုတေများကို ကြွယ်ဝစေကာ ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးနိုင်သည်။ ထိုကဲ့သို့သော အသုံးဝင်မှုများကြောင့်ပင် ကြယ်ကြွေ စစ်ပွဲကြီး ဖြစ်ပွားခဲ့ခြင်းဟု ဝေ့ဝူယင် တွေးလိုက်မိသည်။
ယခု သူ့တွင် ရှိသည့် တစ်ခုတည်းသော ရွေးချယ်စရာက နေကြယ်များကို ကိုင်တိုင် ဖန်တီးရန် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ နေကြယ်များကို ဖန်တီးနိုင်ကြောင်း သူ ကြားဖူးသည်။ အခြားနည်းလမ်းကတော့ ကြယ်တာရာ သခင်များ သေဆုံးသွားပြီးသည့်နောက် ၎င်းတို့၏ အမြုတေများ နေကြယ်ဖြစ်လာသည် အထိ စောင့်ဆိုင်းရန် ဖြစ်သည်။ သို့သော်လည်း... ထိုဖြစ်စဉ်က အလွန် ကြာမြင့်ကာ နေကြယ်ပု တစ်ခု ဖြစ်လာရန် အတွက်ပင် နှစ်သောင်းပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
နောက်ထပ် နည်းလမ်းတစ်ခုက... ကြယ်တာရာ သခင် အဆင့်များ အတူတကွ ပူးပေါင်းကာ နေကြယ် တစ်ခု ဖန်တီးရန် ဖြစ်သည်။ သို့သော်... ထိုနည်းလမ်းမှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည် ဖြစ်ကာ အမြင့်ဆုံး အကန့်အသတ်က နေကြယ်ပုသာ ဖြစ်သည်။
ဝေ့ဝူယင် စဉ်းစားမိသေးသည့် နောက်ထပ် တစ်ချက်က ဝူယု ကဲ့သို့ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ကြယ်တာရာ သခင်များကို သတ်ဖြတ်ကာ ၎င်းတို့၏ ကြယ်တာရာ အမြုတေဖြင့် နေကြယ်တစ်ခုကို သန့်စင်ရန် ဖြစ်သည်။ ထိုနည်းဖြင့် နှစ်သောင်းပေါင်းများစွာ အချိန်ကို ဆယ်စုနှစ်သို့ လျှော့ချနိုင်မလား သူ တွေးတောမိသည်။
သို့သော်လည်း... သမိုင်းမှတ်တမ်းများကို ပြန်လည် လေ့လာကြည့်တော့ ထိုကဲ့သို့ ကြိုးပမ်းခဲ့သူ အားလုံး ကျရှုံးခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်။ ထိုအရာက လျှို့ဝှက်တာအို၏ သေမျိုးတာအို အပေါ် လွှမ်းမိုးမှုကြောင့် ဖြစ်ကြောင်း ဝေ့ဝူယင် ယူဆမိသည်။
ကြယ်ပဲ့တင်သံ ဆေးလုံးသာ မရှိပါက... သူ၏ တိုးတက်မှုက နှေးကွေးစွာ တွားသွား သွားလိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ ၎င်းက အကန့်အသတ်လွန် ကြယ်တာရာ ဝိညာဉ် လေးခု ရှိသည့် တိုက်ရိုက် အကျိုးဆက်ပင် ဖြစ်သည်။
ဤနေရာတွင် တွားသွား ဆိုသည့် အဓိပ္ပာယ်ကို အားလုံး နားလည် သဘောပေါက် ကြလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် နှောင့်နှေးရန် အချိန် မရှိချေ။ သူသည် ငရဲ၏ ကပ်ဘေးကြီး ဆယ့်ရှစ်ခုမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် သေမျိုးတစ်ယောက်သာ ဖြစ်သည်။ ကျင့်ကြံခြင်းတွင် အနည်းငယ် နောက်ကျခဲ့လျှင်ပင် သေခြင်းတရားက သူ့ကို ဆီးကြိုနေလိမ့်မည် ဖြစ်သည်။
နောက်ဘဝက မသေချာချေ။ နောက်ထပ် အချိန် တစ်ခုလည်း မရှိချေ။ နေသွေးနီနီဂိုဏ်း၏ စစ်မြေပြင်၌ ခေါင်းပြတ်ကာ သေဆုံးသွားသည့် ပုံရိပ်ကို သူ ပြန်လည် မြင်ယောင်နေဆဲ ဖြစ်သည်။
ထို့အပြင် ဆေးလုံးကို ဖော်စပ်နိုင်ပါက သူ တစ်ယောက်တည်းအတွက်သာ အသုံးဝင်လိမ့်မည် မဟုတ်ချေ။ သူ့နှင့် ဆက်စပ် ပတ်သက်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်ပါ အသုံးဝင်လိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ... ယခုတွင်တော့ သူ အတားအဆီး တစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
သဘာဝ နေကြယ်များကို မည်ကဲ့သို့ ဖန်တီးရမည်နည်း။ ထိုအရာက... သူ၏ အဂ္ဂိရတ် လမ်းစဉ်တွင် ပထမဆုံး အတားအဆီးပင် ဖြစ်လေသည်။ ၎င်းအား အဖြေရှာရန် သူ အတတ်နိုင်ဆုံး ကြိုးပမ်းရပေလိမ့်မည်။ မဟုတ်ပါက ယခုအချိန်အထိ သူ၏ ကြိုးပမ်း အားထုတ်မှု အားလုံးမှာ ကျရှုံးသွားရပေလိမ့်မည်။
***