← Chapters

ကြယ်ပဲ့တင်သံ ဆေးလုံး (၃)

Vol. 73 Ch. 1014

ကြယ်ပဲ့တင်သံ ဆေးလုံး (၃)

Vol. 73 Ch. 1014

ဝေ့ဝူယင် ညာဘက်လက်ကို မလိုက်၏။ သူ၏ မျက်သားများက ဆွတ်ဆွတ်ဖြူသွားကာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်များနှင့် ပြည့်နှက်သွားသည်။

ဝှစ်.. ဝှစ်...

လက်ဖဝါးပြင်ထက်၌ အဖြူရောင် စွမ်းအင်များ ပေါ်ထွက်လာကာ ဝေ့ဝူယင် ဆန္ဒအတိုင်း ဒြပ်စင် မူလ စွမ်းအင်များ အသွင် ကူးပြောင်းသွား၏။ ၎င်းက သေမျိုး တာအိုတွင် အခြေခံ အကျဆုံးနှင့် အသန့်စင်ဆုံး စွမ်းအင် အမျိုးအစားပင် ဖြစ်သည်။

သူ ဖတ်မှတ်ဖူးသလောက် မှတ်တမ်းများ အရဆိုလျှင် အစစ်အမှန် ဒြပ်စင် စွမ်းအင်များမှာ ကြယ်တာရာ နယ်မြေတစ်ခု စတင် ဖွဲ့စည်းသည့် အချိန်တွင်သာ တည်ရှိတတ်သည်ဟု ဆိုသည်။ ထို့နောက်တွင် ၎င်းတို့မှာ နေကြယ်နှင့် အမျိုးမျိုးသော ဂြိုဟ်များမှ မွေးဖွားလာသည့် စွမ်းအင်များနှင့် ပူးပေါင်းကာ အခြား ဒြပ်စင်များ ဖြစ်သွားကြသည်။ ထိုအခါ ၎င်းတို့မှာ သာမန် ဒြပ်စင်များ ဖြစ်ကြသည့် မြေ၊ ရေ၊ လေ၊ မီး၊ သတ္တု စသည်တို့နှင့် ကွာခြားခြင်း မရှိကြတော့ချေ။

ယခုလက်ရှိ ဝေ့ဝူယင် ထိတွေ့နေသည့် စွမ်းအားမှာ များထဲတွင် ဖော်ပြထားသည့် ဒဏ္ဍာရီလာ စွမ်းအား တစ်မျိုး ဖြစ်သည်။ ၎င်းက မရေမတွက်နိုင်သည့် ကျင့်ကြံသူများ ဆုပ်ကိုင်နိုင်ရန် ဆန္ဒ ရှိနေကြသည့် စွမ်းအင်ဖြစ်ကာ ရရှိဖို့ အင်မတန် ခက်ခဲလှသည်။ သို့သော်လည်း... လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီ သမိုင်းကြောင်း၌ ဝေ့ဝူယင်မှာ ထိုစွမ်းအင်ကို ပိုင်ဆိုင်ခဲ့သည့် ပထမဆုံးလူ မဟုတ်ချေ။ သူက တတိယမြောက်သာ ဖြစ်သည်။

ပထမဆုံး တစ်ယောက်မှာ သူတော်စင် ခုနစ်ပါး မျှော်စင်၏ သူတော်စင် အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထိုပညာရှင်ကြီးမှာ ကြယ်ပဲ့တင်သံ ဆေးလုံးနှင့် နေကြယ် အမြုတေကို လိုအပ်သည့် အခြား ဆေးလုံးများ ဖော်စပ်ရာတွင် အဓိက အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒုတိယမြောက် တစ်ယောက်ကတော့ လျှို့ဝှက် အာဏာရှင် လေလွင့်သူ ဖြစ်သည်။ နောက်ဆုံး အင်ပါယာ မျိုးနွယ်ခေတ်တွင် ထိုပုဂ္ဂိုလ်ကြီးမှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို အောင်မြင်ပြီးပြီးချင်း ပျောက်ကွယ်သွားခဲ့သည်။ ဝေ့ဝူယင်မှာ တတိယမြောက် ပုဂ္ဂိုလ် ဖြစ်သည်။ ကြားထဲ၌ ကောလဟလများစွာ ရှိခဲ့သည့်တိုင် တိကျသေချာသည့် သက်သေပြချက်မျိုး မရှိခဲ့ပါချေ။

ဒြပ်စင် မူလစွမ်းအင်များမှာ ကြယ်တာရာ အမြုတေများကို သန့်စင်ကာ သဘာဝ နေကြယ်များ အဖြစ် ပြောင်းလဲနိုင်ကြောင်း သူ မှတ်သားခဲ့ဖူးသည်။ သို့သော်လည်း ရင့်ကျက်သည့် နေကြယ် တစ်ခု ဖြစ်လာရန် အတွက် အချိန် ပမာဏ များစွာ လိုအပ်ပေသည်။

အချိန် အပြင် သူ့တွင် နောက်ထပ် ပြဿနာ တစ်ခု ရှိပေသေးသည်။ ထိုအရာက ကြယ်တာရာ အမြုတေများ သူ့ထံတွင် မရှိခြင်း ဖြစ်ပေသည်။ ပထမ၌ ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ထဲမှ ကြယ်တာရာ သခင်များကို လိုက်လံ ရှာဖွေကာ သတ်ဖြတ်ဖို့ သူ တွေးမိသေးသော်လည်း ကံဆိုးစွာပင် ယခုက မဟာစက်ဝန်း ရှန့်ထို ညီလာခံ ကျင်းပချိန် ဖြစ်နေခဲ့သည်။ လျှို့ဝှက် ကျိန်စာက နယ်မြေ တစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်းပင် စီးဝင်နေသည်။

ငြိမ်းချမ်းရေးကို ချိုးဖျက်ရန် ကြိုးပမ်းမိပါက ကြယ်ကွင်းပြင် တစ်ခုလုံးက ရန်သူ အဖြစ် သတ်မှတ်ကာ ဝိုင်းဝန်း ချေမှုန်းခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ထိုအတောအတွင်း လှုပ်ရှားရလောက်အောင် ဝေ့ဝူယင် မရူးမိုက်သေးချေ။

မာ့ကျန်း၏ စကားအရ ဆိုလျှင် ညီလာခံမှာ အနည်းဆုံး ငါးနှစ် ကြာမြင့်လိမ့်မည် ဖြစ်သည်။ သူ ငါးနှစ်ကြာ စောင့်ဆိုင်းနိုင်ပေသည်။ အရေးကြီးသည့် အချိန်ကို သူ မဖြုန်းတီးချင်ပါချေ။ ထို့အပြင်... ထိုနည်းလမ်းမှာ သူ့ ပြဿနာကို ယာယီမျှသာ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။ အမဲလိုက်ခံနေရသည်ကို သိရှိပါက အစစ်အမှန် မွေးဖွားခြင်းမှာ ကျိန်းသေပင် တစ်ခုခု ပြန်လည် စီစဉ်လိမ့်မည် ဖြစ်သည်။

“တကယ် စိတ်ပျက်စရာပဲကွာ...”

ဝေ့ဝူယင်မှာ သုံးရက်တိုင်တိုင် တွေးတော နေမိခဲ့၏။

“စဉ်းစားစမ်း... ဘာနည်းလမ်း ရှိဦးမလဲ... ကြယ်ပဲ့တင်သံက ရင့်ကျက်တဲ့ ကြယ်အမြုတေကို သုံးမှပဲ ရမှာလား... အဲဒါကို ဘယ်လို ကျော်ဖြတ်ရမလဲ”

စိတ်ပျက်လက်ပျက်ဖြင့် ဝေ့ဝူယင် ကြယ်ပဲ့တင်သံ ဆေးညွှန်းကို ဆွဲထုတ်ကာ ကြမ်းပြင်ပေါ် ဖြန့်ခင်းလိုက်သည်။ ၎င်းက ပုရပိုက် တစ်ခု ဖြစ်ကာ လက်ရေးစာလုံးလေးများဖြင့် ဝိုင်းစက်စွာ ရေးသားထားသည်။ ကြယ်အမြုတေမှ လွဲ၍ သူ့တွင် ပါဝင် ပစ္စည်းမျိုးစုံ ရှိနေခဲ့ပြီ ဖြစ်သည်။

“ဘာတွေ ခက်ခဲနေတာလဲ... အခြား ကြယ်ကွင်းပြင် တစ်ခုကို သွားပြီး နေတွေကို ယူလိုက်ရင် ပြီးနေတာပဲ...”

ခရာတိုက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။ ဝေ့ဝူယင် လျှောက်တွေးနေသည့် အရာအားလုံးက အပိုသက်သက် လိုမျိုး သူ ခံစားနေရသည်။ သူတော်စင် ခုနစ်ပါး မျှော်စင်၏ လမ်းစဉ်ကို လိုက်လိုက်လျှင် အားလုံး ပြီးနေပြီ ဖြစ်သည်။

ဘာကို စိုးရွံ့နေရမည်နည်း။ ကိုယ်လိုချင်လျှင် ယူလိုက်ရုံသာ ဖြစ်သည်။

“...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ ထိုအရာကို ထည့်သွင်း စဉ်းစားလိုက်၏။ သူ့အနေဖြင့် ဝူယုကို ခေါ်ကာ ဤနေရာမှ ထွက်ခွာ သွားနိုင်ပေသည်။ ထို့နောက် အခြားကြယ်ကွင်းပြင် တစ်ခုကို ရှာဖွေကာ နေကြယ်များကို လုယူနိုင်ပေသည်။

“အဲဒီလို လုပ်ရုံနဲ့ ပြဿနာက အားလုံး ပြေလည်သွားမှာလား...”

အိုရီက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်၏။ အခြား ကြယ်ကွင်းပြင်များ၏ အင်အားများကို သူတို့ ယခုတိုင် မသိရသေးချေ။ ထိုနေကြယ်များကို မြေကြီး ရှန့်ထိုများက စောင့်ရှောက်နေလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ ထို့အပြင် ၎င်းတို့တွင် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်များ ရှိနေလျှင်ရော။

မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ လွဲလျှင် အဇူရာ မူလ ကြယ်စင်စု တစ်ခုကိုသာ ဝေ့ဝူယင် သိရှိထားပေသည်။ ထိုနေရာကို အာဏာရှင် သက်ဦးဆံပင် ဧကရာဇ် သုံးယောက်က အုပ်ချုပ်နေသည်ဟု ဆိုသည်။ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခုကို အုပ်စိုးနေသည့် ထာဝရ ဧကရာဇ်သည်ပင် ကောင်းကင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူ့လက်အောက်၌ အစွမ်ထက် ကျင့်ကြံသူများစွာ ရှိမည်မှာ သံသယ ရှိစရာ မလိုပါချေ။

“ကျုပ်အထင် အဖြေက တစ်ခုထဲပဲ ရှိတယ်... အစားထိုး ပစ္စည်း တစ်ခုရှာဖို့ပဲ”

ဧဒင်က ချင့်ချင့်ချိန်ချိန်ဖြင့် ဆိုလိုက်၏။ ‌ထိုအရာက ဝေ့ဝူယင် ကိုယ်တိုင် တွေးနေသည့် အတွေး ဖြစ်ကာ ရှုထောင့် ပေါင်းစုံမှ စဉ်းစားခဲ့ပြီး ဖြစ်သည်။ အန္တိမကြယ်ကို အစားထိုးဖို့ သူ တွေးတောခဲ့သေးသော်လည်း ၎င်း၏ အရည်အသွေးက ကန့်သတ်ချက်များ ရှိပေသည်။ ထို့အပြင်... သူ့ထံတွင် အန္တိမကြယ်အား အသုံးပြုရန် အခြား အစီအစဉ်များ ရှိပေသေးသည်။

“ဟူး...”

ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်ကာ အိပ်စက်ရန် ပြင်လိုက်သည်။ လွန်ခဲ့သည့် သုံးရက် အတွက် သူ့စိတ်ခွန်အားများက အတော်လေး ကုန်ဆုံးကာ အနားယူချင်နေပြီ ဖြစ်သည်။ ဝေ့ဝူယင် မျက်လုံးများကို ကြမ်းပြင်ပေါ် လှဲချလိုက်၏။ အကယ်၍ အိပ်မက်ကမ္ဘာက သူ လိုချင်တာများကို ယူပေးလျှင် သူ တကယ် ကျေးဇူးတင်မိလိမ့်မည် ဖြစ်သည်။

ကလန့်...

ထိုအခိုက်တွင်ပင် ဘုရင်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက လျှပ်စီးတန်း တစ်ခု အလား ဝေ့ဝူယင်၏ စိတ်အတွင်း ဝင်ရောက်သွားကာ ချက်ချင်းပင် မျက်လုံးများက ငွေရောင် အလင်းတန်းများဖြင့် တောက်ပသွားသည်။

“ကြီးတယ်... တကယ့်ကို ကြီးတယ်...”

ကြမ်းပြင်ပေါ်မှ လူးလဲထရင်း ဝေ့ဝူယင် မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အဆုံးစွန်ထိ နိုးထနေခဲ့ကာ အမှောင် ဟင်းလင်းပြင်ကို လေ့လာနေခဲ့၏။ သူ တွေးတောနေသည့် အရာက တကယ့်ကို ကြီးမားလွန်းလှပေသည်။

ဝှစ်...

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ကြယ်ပဲ့တင်သံ ဆေးညွှန်းကို အရှေ့သို့ ယူဆောင်လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ပြန်လှန် စစ်ဆေးလိုက်၏။ သူ၏ အတွေးများက ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြေးလွှား နေသည်။

သုတေသနများ အရဆိုလျှင်... ကြယ်တာရာ အမြုတေ တစ်ခုမှာ နေကြယ်ပု အရွယ်အစားသို့ ရောက်ရှိမှ အပြည့်အဝ ရင့်ကျက်သည့် သဘာဝ နေကြယ် တစ်ခု ဖြစ်လာသည်ဟု သတ်မှတ်နိုင်သည်။ ထိုဖြစ်စဉ်တစ်ခု အောင်မြင်ရန် နှစ်ပေါင်း မရေမတွက်နိုင်အောင် လိုအပ်ပေသည်။

သို့သော်လည်း ဆေးညွှန်းမှာ သဘာဝ နေကြယ် အမြုတေတစ်ခု လိုအပ်သည်ဟုသာ ပြောထားခဲ့သည်။ ၎င်းက အလွန် ‌သေးငယ်သည့် ကွာခြားချက် တစ်ခု ဖြစ်သည့်တိုင် ဘုရင်၏ သတိပေးချက်က သူ့ကို နှိုင်းယှဉ်စေခဲ့သည်။ ယခု သူတွေးတောနေသည့် အရာက အလွန် ကြီးမားလှပေသည်။

“ကြယ်တာရာ အမြုတေက ဖြစ်လာတဲ့ နေကြယ် မဟုတ်ပဲ သဘာဝ နေကြယ် တစ်ခု ဆိုရင်ရော...”

ထိုရိုးရှင်းသောအတွေး တစ်ခုတည်းကပင် သူ သုံးရက်လုံးလုံး တွေးတော မရသည့် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်စေခဲ့သည်။

“အဘိုးကြီးမာ့...”

ဝေ့ဝူယင်က အော်ခေါ်လိုက်၏။ အလင်းတန်း တစ်ခုအလား မာ့ကျန်းမှာ သူ့ အဂ္ဂိရတ် ခန်းမ အပြင်ဘက်သို့ ရောက်လာခဲ့သည်။ ဟုန်ယန်လျဲ့လန်မှာလည်း အရိပ်ပမာ ထပ်ချပ်မကွာ လိုက်ပါလာ၏။

ဝေ့ဝူယင် အခန်းတံခါးကို ဖွင့်ကာ မြေကြီး ရှန့်ထို နှစ်ယောက်ကို ကြည့်လိုက်သည်။ ဟုန်ယန်လျဲ့လန် ကပ်နေတာကို မြင်ရသော အခိုက်၌ သူ့ ခံစားချက်က အနည်းငယ် ထူးဆန်းသွား၏။ သို့သော်လည်း... သူ ထိုအရာကို လျစ်လျူရင်း မာ့ကျန်းကိုသာ အရေးကြီးသည့် မေးခွန်းအား မေးလိုက်သည်။

“နေကြယ် တစ်ခု ဖန်တီးတဲ့ အခြေခံ တည်ဆောက်မှုပုံစံကို ခင်ဗျား ဖန်တီးနိုင်လား... ဒါပေမဲ့ သေးရမယ်... လက်ဝါးပေါ် တင်ထားနိုင်တဲ့ အထိ သေးရမယ်ဗျာ”

လျှို့ဝှက် အာဏာရှင် အဆင့်များတွင် နေကြယ်များကို ကိုယ်တိုင် ဖန်တီး တည်ဆောက်နိုင်သည့် နည်းလမ်းများ ရှိလေရာ ထိုအရာက ဖြစ်နိုင်ချေ ရှိသည်ဟု သူ ခံစားရသည်။

“အခြေခံ တည်ဆောက်မှု ပုံစံ..”

မာ့ကျန်းက မျက်မှောင်ကြုတ်လိုက်၏။

"နေကြယ် သေးသေးလေးတွေလား...”

ဟုန်ယန်လျဲ့လန်မှာလည်းစိတ်ဝင်စား သွားသည်။

ဝေ့ဝူယင်က သူတို့ နှစ်ယောက်စလုံးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“အဲဒါ ဖြစ်နိုင်လား...”

မာ့ကျန်းက လက်ဝါးကို ဖွင့်လိုက်သည်။ လျှို့ဝှက် စွမ်းအင်များက သူ့လက်ဖဝါးထက် စီးထွက်လာကာ သေမျိုး ကြယ်တာရာ ဖန်တီခြင်း ဖြစ်စဉ်၏ အခြေခံ ပုံစံ အဖြစ် တဖြည်ဖြည်း ပြောင်းလဲ သွားသည်။

ဟူး... ဟူး...

ဒြပ်စင်၊ အာကာသ၊ အလင်းနှင့် မြေဆွဲအား စွမ်းအင်များက အလယ်ဗဟိုတွင် အမြုတေ တစ်ခု အဖြစ် အချိုးညီညီ ပေါင်းစပ်သွားကာ တဖြည်းဖြည်း သိပ်သည်းလာခဲ့သည်။ စက္ကန့် ခြောက်ဆယ်မျှ အတွင်းမှာပင် နေကြယ်တစ်ခု ပြီးမြောက် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ၎င်းက လက်ဖဝါး အရွယ်သာ ရှိကာ သာမန် နေကြယ်ပု တစ်ခုထက်ပင် အဆပေါင်း ဘီလျံချီ သေးငယ်လှပေသည်။

ဝေ့ဝူယင် လက်ကို ဆန့်ထုတ်ကာ နေကြယ်ကလေးကို ဆုပ်ကိုင်လိုက်၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ သန်စွမ်းမှုမှာ ထိုနေကြယ်ကလေးမှ ထုတ်လွှတ်နေသည့် အပူချိန်ကို ခုခံရန် လုံလောက်သည်ထက် ပိုနေပေသည်။ ထို့အပြင်... ၎င်းက အတုအယောင် နေကြယ် တစ်ခု ဖြစ်နေဆဲ ဖြစ်ကာ သဘာဝ အဖြစ် သတ်မှတ်ရန် အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ထိုအတွက် သူ့ထံတွင် ဖြေရှင်းချက် တစ်ခု ရှိပေသည်။ ဝေ့ဝူယင်၏မျက်လုံးများက သန့်စင်သည့် အဖြူရောင် အဖြစ် ပြောင်းလဲ သွားကာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်နှင့် ဆက်သွယ်လိုက်၏။ ထို့နောက် သူက ဆန္ဒကို နေကြယ်ကလေး၏ အမြုတေထံ ပို့လွှတ်လိုက်သည်။

ဒြပ်စင်မူလ ရည်ရွယ်ချက် ဆန္ဒက လောကနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်ကို ခံစားမိရာ မာ့ကျန်းနှင့် ဟုန်ယန်လျဲ့လန်တို့၏ မျက်လုံးများက တောက်ပသွားကြသည်။ ဟုန်ယန်လျဲ့လန်၏ လက်က မသိမသာ တုန်ရီသွားသည်။ ဝေ့ဝူယင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားကြောင်း သူ ကြားဖူးသည်။ ယခုတွင်တော့ ထိုအချက်ကို သူမ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ဒဏ္ဍာရီလာ စွမ်းအင် တစ်မျိုးကို မျက်လုံးရှေ့တွင် မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရခြင်းက အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။ ၎င်းက ရှားပါးကာ အလွန် အစွမ်းထက်ပေသည်။

သုံးနာရီခန့်မျှ ကြာမြင့်ပြီးနောက် နေကြယ်၏ အလင်းများမှာ ပိုမို၍ ကြွယ်ဝလာခဲ့သည်။ ၎င်းက ဝင်ရိုးထက်၌ စတင် လှည့်ပတ်လာခဲ့ကာ သဘာဝကျလာပုံ ပေါ်သည်။ မကြာခင်မှာပင် မန်နာများကိုပါ ထုတ်လွှတ်လာကာ ပိုမို ပြီးပြည့်စုံလာခဲ့၏။ အရွယ်အစား အလွန် ကွာခြားသည်မှ တစ်ပါး ၎င်းမှာ သဘာဝ နေကြယ်များနှင့် ကွာခြားချက် မရှိတော့ချေ။

“သဘာဝ နေကြယ်...”

ဟုန်ယန်လျဲ့လန်က ကျယ်လောင်စွာ‌ အော်ဟစ်လိုက်၏။ ကြယ်ကြွေ စစ်ပွဲနှင့် သူတော်စင် ခုနစ်ပါး မျှော်စင်တို့၏ သမိုင်းကြောင်းကို မည်သူက မသိပဲ နေပါမည်နည်း။

အကယ်၍ ဝေ့ဝူယင်သာ အတုအယောင် နေကြယ်များကို သဘာဝ နေကြယ်များ အဖြစ် ပြောင်းလဲနိုင်ပါက... အကျိုးဆက်က အဆုံးမရှိအောင် ပြင်းထန်လိမ့်မည် ဖြစ်သည်။

“အများကြီး မတွေးနဲ့... ဒီလို နေကြယ် သေး‌သေးလေး ဖန်တီးဖို့တောင် အကုန်အကျ အရမ်းများတယ်”

ဝေ့ဝူယင်မှာ မာ့ကျန်းနှင့် ဟုန်ယန်လျဲ့လန်တို့၏ စိတ်လှုပ်ရှားနေသည့် အမူအရာများကို သတိထားမိလေရာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ လက်ဖဝါး အရွယ် နေကြယ်လေး တစ်ခုပင် နာရီနှင့်ချီ အချိန်ယူရလေရာ နေကြယ်ပုများ အတွက်ဆိုလျှင် ဆယ်စုနှစ်နှင့်ချီ အချိန်ယူရလိမ့်မည် ဖြစ်သည်။

“ဝေ့ဝူယင်...”

မာ့ကျန်းက စကားပြောရန် ဟန်ပြင်လိုက်သော်လည်း ဝေ့ဝူယင်က လက်ကာပြလိုက်သည်။

“အဘိုးကြီးမာ့... ကျုပ် နောက်ထက် နေကြယ်လေးတွေ လိုချင်သေးတယ်... ခင်ဗျား လုပ်ပြီးရင် အပြင်ဘက်မှာ ချန်ထားခဲ့... လုပ်နိုင်သမျှ လုပ်နော်...”

ထိုကဲ့သို့ ပြောပြီးနောက် သူက တံခါးကို ပြန်ပိတ်လိုက်၏။ ထို့နောက် သူက မူလ နေရာသို့ ပြန်သွားကာ တင်ပျဉ်ချိတ် ထိုင်လိုက်သည်။

ဖန်တီးခြင်း မျက်လုံး...

ဝေ့ဝူယင် မတုန့်မဆိုင်းပင် ဖန်တီးခြင်း မျက်လုံးကို အသုံးပြုလိုက်ကာ ထိုစွမ်းရည်ကို နေကြယ်ထံ ပို့လွှတ်လိုက်၏။

ဟူး... ဟူး...

တစ်မိနစ်မျှ ကြာမြင့်ပြီးနောက် အဖြူရောင် နေကြယ်မှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် အဝါရောင် နေကြယ် တစ်ခု ဖြစ် ပြန်လည် ပေါ်လာခဲ့သည်။ ဖန်တီးခြင်း မျက်လုံးများမှာ နေကြယ်ကို ဒြပ်စင် နေကြယ် တစ်ခု အဖြစ် ပြောင်းလဲ ပစ်လိုက်ပြီ ဖြစ်သည်။

***

All Chapters