လောကရည်ရွယ်ချက်
Vol. 73 Ch. 1016
ထိုပုံရိပ်မှာ အာရုဏ်ဦး စစ်သည်တော် ဝူယုမှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တိုက်ပွဲတွင် ဝိညာဉ်ရှန့်ထို ဧကရာဇ် ရောက်ရှိလာပြီးနောက် ဆွေးနွေးနေစဉ် အတောအတွင်း ဝူယုမှာ သွေးမူလ နည်းလမ်းနှင့် ပတ်သက်၍ ဉာဏ်အလင်း ရရှိမှု ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရသည်။ ဝေ့ဝူယင်က ထိုအခွင့်အရေးကို မဆုံးရှုံးစေလိုရာ သူ့ကို အဝေးသို့ ပို့လွှတ်ခဲ့သည်။
ဝူယုမှာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ စွမ်းရည်ကို စိုးရိမ်မိသည့်တိုင် ဝေ့ဝူယင် အမိန့်အတိုင်း လိုက်နာကာ ကျင့်ကြံခဲ့သည်။ ထို့နောက် ဉာဏ်အလင်းကို ဆုပ်ကိုင်ကာ သွေးမူလ နည်းလမ်း၏ တတိယ အဆင့်ကို ရောက်ရှိခဲ့သည်။
သွေးမူလ နည်းလမ်းမှာ သူ့ဘဝ တစ်လျှောက်လုံး ပထမဆုံး လေ့ကျင့်ဖူးသည့် လျှို့ဝှက် ကျင့်စဉ် တစ်ခု ဖြစ်သည်။ ၎င်း၏ အကျိုးအမြတ်များက အလွန်ပင် မြင့်မားလွန်းလှကာ သူ့ကို အတွင်းပိုင်းလောက တစ်ခုပင် ဖွဲ့စည်းစေနိုင်ခဲ့သည်။ လျှို့ဝှက် ကျောက်စိမ်းပေါ်၌ ဖော်ပြထားသလောက် ဆိုလျှင် ထိုနည်းလမ်းမှာ အဆင့်နိမ့် လျှို့ဝှက်လောက နည်းလမ်း တစ်ခုဟု ဆိုသည်။ ၎င်းက ဒုတိယမြောက် ထျန်းတျန်ကို ဖွဲ့စည်း စေနိုင်စွမ်း ရှိသည်။
လွန်ခဲ့သည့် နှစ်လအတွင်း၌ ဝူယုမှာ လျှို့ဝှက် ဝိညာဉ်၊ မူလ အမတေနှင့် သွေးအမတေတို့ကို နှလုံးသား အတွင်း၌ ပေါင်းစည်းခဲ့သည်။ ထိုဖြစ်စဉ်ကပင် သူ တစ်ခါမှ မျှော်လင့် မထားခဲ့သည့် အပြောင်းအလဲများကို ဖြစ်ပေါ် လာစေခဲ့လေသည်။
သွေးမူလ နည်းလမ်းကို အဆင့် သုံးဆင့် ခွဲခြားထားကာ သွေးသုံးဆ အဆင့်၊ သွေးလောက အဆင့်နှင့် သွေးနှလုံးသား အဆင့်တို့ ဟူ၍ပင် ဖြစ်သည်။ သွေးသုံးဆ အဆင့်မှာ မူလအမတေ၊ သွေးအမတေနှင့် လျှို့ဝှက် ရည်ရွယ်ချက်တို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ သွေး၏ အရည်အသွေးနှင့် လျှို့ဝှက် အဆင့် စွမ်းရည်များအား သိုလှောင်နိုင်စွမ်းတို့ကို မြှင့်တင်ခြင်း ဖြစ်သည်။ ၎င်းက ကျင့်ကြံသူ တစ်ယောက် ပိုမို မြင့်မားသည့် လျှို့ဝှက် သင်္ကေတများ ရရှိစေရန် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်သည်။
ဒုတိယ အဆင့် ဖြစ်သည့် သွေးလောက အဆင့်ကတော့ မူလ နှလုံးသားကို စဦး အသွင်ပြောင်းခြင်း ဖြစ်သည်။ ၎င်းက နှလုံးသားကို သွေးများ ထုတ်လုပ်စေနိုင်ကာ အဆင့်နိမ့် သွေးမူလ အမတေ အဖြစ် ပြောင်းလဲ ပေးသည်။
ပထမ၌ ဝူယုမှာ အမြင့်ဆုံး အနေဖြင့် သွေးလောက အဆင့်ကိုသာ ရောက်ရှိနိုင်သည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း... သွေးနှလုံးသား အဆင့်ကို ရောက်ရှိပြီး နောက်တွင်တော့ ၎င်းကို အဘယ်ကြောင့် နောက်ဆုံး အဆင့် အဖြစ် ခေါ်ဆိုကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ဝူယု စိတ်မျက်လုံးကို သုံးကာ တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသားကို စစ်ဆေးလိုက်၏။ ထိုအထဲတွင်တေ့ ထျန်းတျန် တစ်ခု တည်ရှိနေကာ လျှို့ဝှက် စွမ်းအင်များမှာ သွေးများနှင့် အတူ ပြီးပြည့်စုံစွာ စီးဆင်းနေသည်။ ထို့အပြင်... ဒုတိယမြောက် အတွင်းပိုင်း လောက တစ်ခုပါ သူ့နှလုံးသား အတွင်း၌ ဖွဲ့စည်းနေခဲ့သည်။ ၎င်းက အရွယ်အစား သေးငယ်သည့်တိုင် ပထမ တစ်ခုထက် ပိုမို၍ သန်မာသည်။
“...”
နှလုံးသား၏ အလယ်ဗဟိုကို စစ်ဆေးရင်း ဝူယု၏ အမူအရာက လေးနက်လာ၏။ ထိုနေရာ၌ သွေးရောင် လျှို့ဝှက် သင်္ကေတ တစ်ခု ဖွဲ့စည်းနေချေသည်။ ၎င်းက သူ၏ အခြား လျှို့ဝှက် သင်္ကေတ ရှစ်ခုနှင့် မတူညီချေ။ လောကနယ်မြေတစ်ခု၏ အရည်အသွေးထက် ကျော်လွန်နေသည့် အလွန် သန်မာလှသော လောက အော်ရာကိုသာ ထုတ်လွှတ်နေသည်။
ထိုအော်ရာက အဘယ်နှင့် တူသနည်း ဆိုသော်...
“လောက ရည်ရွယ်ချက်...”
ဝူယု၏ မျက်လုံးများက ပိုမို၍ တောက်ပလာ၏။ ဝေ့ဝူယင် ဒြပ်စင် နှလုံးသား လောက ရည်ရွယ်ချက်အား အသုံးပြုသည်ကို သူ မကြာခဏ ဆိုသလို တွေ့ဖူးလေရာ ထိုအော်ရာကို သူ အလွန် ရင်းနှီးပေသည်။ သခင်လေးမှာ ထိုလောက ရည်ရွယ်ချက်နှင့် အတူ လောကကို ထိန်းချုပ်ကာ ရေမှ မြေကြီး၊ မြေကြီးမှလေ စသည်ဖြင့် အမျိုးမျိုး ပြောင်းလဲ ပစ်နိုင်စွမ်း ရှိသည်။
ထိုအရာက လောက နယ်မြေထက် ကျော်လွန်နေသည့် ဒဏ္ဍာရီလာ စွမ်းအား တစ်မျိုးပင် ဖြစ်သည်။ သို့သော်လည်း... သူ၏ သင်္ကေတတော့ သီးခြား ရည်ရွယ်ချက် တစ်ခု ရှိပုံ မပေါ်ချေ။ ၎င်းက လျှို့ဝှက် လောက ရည်ရွယ်ချက် အဖြစ် သူ ခံစားရသည်။
“ဒါက သွေးမူလ နည်းလမ်းရဲ့ ပြီးပြည့်စုံတဲ့ နောက်ဆုံး ရလဒ်ပေါ့...”
တစ်ချိန်တည်း၌ ဝူယုမှာ အနည်းငယ် စိတ်ရှုပ်နေသလို ခံစား နေရ၏။ ထိုကဲ့သို့ သင်္ကေတ ပုံစံမျိုး အကြောင်း သူ ဘယ်နေရာမှာမှ မကြားဖူးချေ။ ၎င်းက သူ၏ ကိုးခုမြောက် သင်္ကေတလည်း ဖြစ်ဟန် မတူချေ။ ထို့အပြင်... ၎င်းမှာ ထျန်းတျန် အတွင်းတွင် မဟုတ်ပဲ နှလုံးသားထဲ၌ တည်ရှိနေခြင်းဖြစ်သည်။
ထိုသင်္ကေတ အကြောင်း အဖြေရှာရန် မဖြစ်နိုင်သေးလေရာ လောလောဆယ် ဘေးဖယ်ထားရန်သာ ဝူယု ဆုံးဖြတ်လိုက်၏။ ယခုအချိန်၌ ဝေ့ဝူယင်ဆီ ပြန်သွားတာသာ အကောင်းဆုံး ဖြစ်သည်။ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စာတစ်ကြောင်း နှစ်ကြောင်း ပို့ပြီးနောက် တည်ရှိနေရာကို သူ ရရှိလိုက်၏။ ဝေ့ဝူယင်က ခါတိုင်းလို အဘယ်ကြောင့် ဟင်းလင်းပြင် ပေါ်တယ် ဖွင့်မပေးရသည်ကို တွေးတောရင်း ဝူယုမှာ ဆုံမှတ် နေရာကို ဦးတည်လိုက်တော့သည်။
...
နောက်ထပ် ဆယ့်ငါးရက် အတွင်း တန်ခိုးရှင် နတ်မိမယ်နှင့် တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်များ ဟင်းလင်းပြင် ဂိတ်တံခါးကို လွတ်လပ်စွာ ဖြတ်သန်းခွင့် ရရှိမည် ဆိုသည့် ကြေညာချက် ထွက်ပေါ်ပြီးကတည်းက စင်မြင့်မှာ တိတ်ဆိတ် နေခဲ့သည်။
အချိန် သုံးရက်တိုင်တိုင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ မည်သူမှ စိန်မခေါ်ကြသေးချေ။ လူငယ်နှင့် လူကြီး မျိုးဆက်များမှ ၉၉ ရာခိုင်နှုန်းသော ကျင့်ကြံသူများမှာ များစွာသော လူများ အသက်ပေးခဲ့ရသည်ကို တွေ့မြင်ပြီး နောက်တွင် စင်မြင့်အား စိန်ခေါ်ရန် သတ္တိကို လက်လျှော့လိုက်ကြပြီ ဖြစ်လေသည်။
ခေတ်သစ် တစ်ခုအား ဆုံးဖြတ်ခွင့်တွင် ပါဝင်ခွင့် ရခြင်းက အရေးကြီးသည့်တိုင် သူတို့၏ အသက်များမှာ ပိုမို၍ ထိုက်တန်ပေသည်။
လေးရက်တိတိ ကြာမြင့်ပြီး နောက်တွင်တော့ စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့လေ၏။
“စိန်ခေါ်တဲ့သူ မရှိတာကြောင့် မြေကြီး ရှန့်ထိုတွေက နောက်ထပ် စည်းမျဉ်း တစ်ခုကို သတ်မှတ်လိုက်ပါတယ်... စိန်ခေါ်မှု တစ်ခုပြီးလို့ နောက်ထပ် နှစ်နာရီ အတွင်း စိန်ခေါ်သူ ထပ်ပေါ်မလာရင် ဝင်ခွင့် စစ်ဆေးခြင်းကို အပြီးတိုင် ရပ်နားလိုက်ပါတော့မယ်... ဒီမှာ ရှိနေတဲ့ လူအားလုံးကို ပွဲကြည့်စင်ဆီ ပို့ပေးပါမယ်... တန်ခိုးရှင် စာရင်းဝင်တွေကိုတော့ အဓိက ခန်းမထဲ ခေါ်ဆောင် သွားပေးပါ့မယ်”
“ဘာလဲဟ...”
“ခုတစ်မျိုး... တော်ကြာ တစ်မျိုး...”
လူများမှာ ဆူပွက်သွားကြ၏။ ဤနေရာရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်က အလွန်ပင် ကြွယ်ဝလှကာ သူ့တို့ကို များစွာ ကူညီပေးနိုင်စွမ်း ရှိသည်။ ထိုကဲ့သို့ အခွင့်အရေးမျိုး သူတို့ မဆုံးရှုံးချင်ချေ။ တစ်ချိန်တည်း၌ ရွေးချယ်ခံများကိုလည်း သေစေလောက်သည့် ဖိအားများနှင့် မကြုံတွေ့စေချင်ပေ။ မြေကြီး ရှန့်ထိုများ အနေဖြင့် ဝင်ခွင့် ကန့်သတ်ချက်ကို အနည်းငယ် ဖြေလျှော့ပေးသင့်သည်ဟု တွေးလိုက်မိကြ၏။
ထိုအခိုက်တွင်ပင် လင်းမင်မှာ ထိုင်ရာမှ ဖြည်းညင်းစွာ ထရပ်လိုက်၏။ ချက်ချင်းပင် လူတိုင်းမှာ သူ့ လှုပ်ရှားမှုကို သတိထားလိုက်မိကြသည်။
လင်းမင်က လင်းရှန်းရှဲ့ကို ကြည့်ကာ ပြုံးပြလိုက်၏။ သူ၏ အပြုံးက ငယ်ရွယ်နုပျိုမှု၊ တောက်ပမှု၊ ယုံကြည်ချက် ရှိမှုတို့နှင့် ပြည့်နှက်နေသည်။
“စီနီယာ အမ... အဓိက ခန်းမထဲမှာ ပြန်တွေ့ကြမယ်...”
ခရက်..
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် သူက ကောင်းကင်သို့ ပျံတက်သွားကာ အတုအယောင် မြေဆွဲအားကို ဖောက်ထွက်သွားသည်။ ထို့နောက် ချောမွေ့စွာပင် စင်မြင့်ထက်၌ ဆင်းသက်လိုက်၏။ သူ ဟင်းလင်းပြင် ဂိတ်တံခါးကို လှမ်းကြည့်လိုက်သည်။ သူ၏ မီးခိုးရောင် မျက်ဝန်းများက တိုက်ပွဲ အငွေ့အသက်များနှင့် ထုံလွှမ်းနေ၏။
“...”
လူအုပ်ကြီးမှာ လင်းမင်ကို ကြည့်ကာ စိတ်လှုပ်ရှား သွားကြ၏။ ထိုလူငယ်လေးမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ တန်ခိုးရှင် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ပထမဆုံး စိန်ခေါ်သူ ဖြစ်သည်။ အားလုံး၏ အကြည့်များ လင်းမင် အပေါ် စုပြုံ ကျရောက်နေချိန်မှာပင် စန်းလော့ယန်၏ အသံက ထွက်ပေါ်လာခဲ့လေ၏။
“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှေးဟောင်း ရွေးချယ်ခံ... အသက် လေးဆယ့်ခြောက်... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... ရန်သူ အဆင့်... အထွတ်အထိပ် အချိန်သခင်”
"ရှေးဟောင်း ရွေးချယ်ခံ...”
ထိုနာမည်က ချက်ချင်းပင် အားလုံး၏ အာရုံများကို ဖမ်းစား သွား၏။ ထိုနာမည်က ဘာကို ကိုယ်စားပြုသနည်း။ ထိုလူငယ်လေးက တစ်ခုခု ထူးဆန်းနေသလော။
တစ်ချိန်တည်း၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ လူများကတော့ လင်းမင် အဘယ်ကြောင့် ရှေးဟောင်း ရွေးချယ်ခံ ဖြစ်လာကြောင်း သိကြပေသည်။ သူက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ချန်ထားခဲ့သည့် ရှေးဟောင်း စမ်းသပ်မှုများကို ဖြတ်ကျော်ကာ နာမည်ကျော် ဝေ့ဝူယင်နှင့် အတူ ကယ်ပေါက် တစ်ခုကို နင်း၍ ရွေးချယ်ခံ ဖြစ်လာသူ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူ့ကို ရှေးဟောင်း ရွေးချယ်ခံဟု ခေါ်ကြခြင်းဖြစ်သည်။ သို့သော်လည်း သူတို့ စဉ်းစား မရသည့် အရာက ထာဝရ အစည်းအရုံးမှာ ထိုအကြောင်းအရာကို မည်ကဲ့သို့ သိနေရသနည်း။
“ရွှေရောင် ဂိတ်တံခါး နန်းတော်...”
လင်းရှန်းရှန်းက တစ်စုံတစ်ရာကို သတိထားမိလေရာ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ ထာဝရ အစည်းအရုံးမှာ ကောင်းကင် ပုရောဟိတ်များကို သုံးကာ ယှဉ်ပြိုင်သူများ၏ အမှန်တရားများကို ဖော်ထုတ်နေကြောင်း ရှင်းလင်းပေသည်။ သို့သော်လည်း... အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ထာဝရ အစည်းအရုံးမှာ သူတို့၏ ကောင်းကင် ပုရောဟိတ်များကို မသုံးပဲ ရွှေရောင် ဂိတ်တံခါ နန်းတော်၏ ပုရောဟိတ်များကို သုံးနေခြင်းပင် ဖြစ်လေသည်။
ထိုအဖွဲ့အစည်း နှစ်ခု အကြားရှိ ဆက်ဆံရေးမှာ အကောင်းကြီး မဟုတ်လှချေ။ ပုံမှန်အတိုင်း ဆိုပါက ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ထာဝရ အစည်းအရုံးကို ထိုကဲ့သို့ ဝန်ဆောင်မှုမျိုး ပေးလိမ့်မည် မဟုတ်ချေ။ ထာဝရ အစည်းရုံး၏ မာန်မာနဖြင့် ထိုကဲ့သို့ ငှားယမ်းလိမ့်မည်လည်း မဟုတ်ချေ။
အပြောကျယ်လှသည့် လူအုပ်ကြီး အတွင်း၌ အင်အားစု နောက်ခံ အဖွဲ့အစည်း မရှိသူများ၊ ကြေးအဆင့်ဂိုဏ်းများမှ လူများ အတွက် သတ်မှတ်ပေးထားသော နေရာ တစ်ခု ရှိနေခဲ့၏။ ၎င်းက အားလုံးထဲ၌ အကျယ်ပြန့်ဆုံး ဖြစ်ကာ လူအများဆုံး စုဝေးနေရာ နေရာလည်း ဖြစ်သည်။
ထိုလေးထောင့်ကွက်၏ အစွန်အဖျား တစ်နေရာတွင်တော့ မီးခိုးရောင် ဝတ်စုံနှင့် ပုံရိပ် တစ်ခုမှာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။ သူ၏ အသက်ရှူသံများက တည်ငြိမ်နေသော်လည်း အလွန်ပင် အင်အား ပြင်းထန်လှ၏။ လင်းမင်၏ အော်ရာ ထွက်ပေါ်လာသော အခိုက်၌ ပုံရိပ်က ခေါင်းကို မော့ကာ စင်မြင့်ကို ကြည့်လိုက်သည်။ ထိုအခါ သူ့ သွေးရောင် မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပလျှက် ပေါ်ထွက်လာကာ လူသား မဟုတ်ကြောင်း လောကကြီးထံ ပြသလိုက်သည်။
ပုံရိပ်က မတ်တပ်ထရပ်လိုက်၏။ သူ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သားရဲ တစ်ကောင်လို လှိုင်းများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားကာ ဘေးရှိ လူများကို နောက်ဆုတ် သွားစေခဲ့သည်။
ပုံရိပ်က ကောင်းကင်ကို ခုန်တက်ရန် ပြင်လိုက်၏။ ရုတ်တရက်... မြူနှင်းလို အရိပ် တစ်ခုက သူ့ဘေးနား ဖျပ်ခနဲ ရွေ့လျား သွားခဲ့သည်။ ပုံရိပ်ကာ အောက်သို့ ငုံ့ကြည့်ကာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည့် အရိပ်ကို ကြည့်လိုက်၏။ တစ်ခဏ ကြာပြီးနောက် အရိပ်မှာ ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ ပုံရိပ်မှာ ပြန်လည် တည်ငြိမ်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် သူက သွေးရောင် မျက်လုံးများကို မှိတ်လိုက်ကာ ဆောင်းခိုသလိုမျိုး ထူးဆန်းသည့် အခြေအနေ တစ်ခုကို ဝင်ရောက် သွားတော့၏။
အဆုံးမဲ့သိုင်းဂိုဏ်း၏ သီးခြား နေရာ တစ်ခု၌ အရပ် အလွန် ရှည်လျားသည့် မိန်းကလေး တစ်ယောက်မှာ လင်းမင်ကို လှမ်းကြည့်နေခဲ့သည်။ သူမ၏ ရွှေရောင် မျက်လုံးများမှာ ပြိုင်ဆိုင်လိုစိတ်တို့နှင့် တဖျပ်ဖျပ် တောက်ပနေ၏။ လင်းမင်ကို နတ်ဆိုးစစ်ပွဲ လောကနယ်မြေတွင်မှာရော၊ မဟာ ဝိညာဉ် စမ်းသပ်ပွဲတွင်ရော သူမ မြင်ဖူးပေသည်။
အဆုံးသတ်တွင်တော့ မိန်းကလေးက ခေါင်းခါကာ သက်ပြင်းတစ်ချက်သာ ချလိုက်၏။
“ငါက ဘာလို့ စိန်ခေါ်လို့ မရရတာလဲ”
ဆရာဖြစ်သူ၏ အမိန့်ကို ပြန်လည် တွေးတောင်း မိန်းကလေးမှာ မချင့်မရဲ ဖြစ်သွားမိသည်။ သူမ၏ ပင်ကိုယ် သဘာဝမှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် ပုံစံမျိုး ဖြစ်သည်။ ဘယ်အရာကို မဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ချင်သူ ဖြစ်သည်။ သို့သော်လည်း... ဆရာဖြစ်သူ၏ အမိန့်ကို ဆန့်ကျင်မိပါက ခြေထောက် သေးသေးကလေးများ အောက်တွင် အမှုန့်ကြိတ်ချေ ခံရလိမ့်မည် ဖြစ်သည်။
တော်ဝင်ကလန် ရှစ်ခု အနက် ထန်မျိုးနွယ် တည်ရှိသည့် နေရာတွင်တော့ လှပသည့် မိန်းကလေး တစ်ယောက်မှာ တောက်ပသည့် မျက်ဝန်းများနှင့် လင်းမင်ကို ငေးကြည့် နေခဲ့သည်။ နောက်ဆုံး၌ သူ့ကို သူမ ပြန်တွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့အပြင်... သူက ယခင်ကလိုမျိုး သူရဲကောင်းဆန်ဆန် အရှိန်အဝါကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေသည်။ မိန်းကလေး၏ နှုတ်ခမ်းထက်၌ ညင်သာသည့် အပြုံးတစ်ခု ဖြည်းညင်းစွာ ဖွဲ့စည်းလာခဲ့၏။
***