← Chapters

စည်းမျဉ်း အသစ်

Vol. 73 Ch. 1017

စည်းမျဉ်း အသစ်

Vol. 73 Ch. 1017

စင်မြင့်ထက်တွင်တော့ လင်းမင်မှာ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သူ့ သင်္ကေတ ဖြစ်သည့် မူလလှံတံကို ထုတ်ဖော်လိုက်သည်။ ၎င်းက အဖြူရောင် အဆင်း ရှိကာ အစွမ်းထက် ဒြပ်စင် အော်ရာများကို ထုတ်လွှတ်နေ၏။ နှစ်ပေါင်းများစွာ သန့်စင်ပြီးနောက်တွင် ထိုလှံတံမှာ ကြယ်တာရာ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“စိန်ခေါ်ပွဲကို ဆက်ဖို့ ဆန္ဒ ရှိလား...”

စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သူ့ အသံထဲရှိ လေးနက်မှုကို လူတိုင်း ရှင်းလင်းစွာ ကြားနိုင်ပေသည်။ ဤသည်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ တန်ခိုးရှင်ဂိုဏ်းကြီး တစ်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ပထမဆုံး လှုပ်ရှားလာခြင်း ဖြစ်သည်။

“ဆန္ဒရှိပါတယ်...”

လင်းမင်က ကြေညာလိုက်၏။ လူတိုင်းမှာ အနက်ရောင် ကျောက်တိုင်မှ ပုံရိပ်တစ်ခု ဖွဲ့စည်းလာမည်ကို မျှော်လင့် နေကြသော်လည်း စန်းလော့ယန်၏ အသံသည်သာလျှင် နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။

"ရှေးဟောင်း ရွေးချယ်ခံ... မင်း ထာဝရ နယ်မြေ‌ ဆေးလုံး ဒါမှမဟုတ် အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်ခုခုကို သုံးပြီး နယ်မြေမျိုးစေ့ကို ဖွဲ့စည်းထားသေးလား”

“...”

လူများမှာ ထိုမေးခွန်းကို အံ့သြသွားကြ၏။ အဘယ်ကြောင့် သူတို့က လင်းမင်ကို ထိုကဲ့သိ့ အကြောင်းအရာမျိုး မေးရသနည်း။

“အဲဒါက အရေးပါလို့လား...”

လင်းမင်က မျက်မှောင်ကြုတ်ကာ ပြန်လည် မေးလိုက်သည်။ အခြေခံ ဝါးမြိုခြင်း နည်းလမ်းကို သုံးကာ နယ်မြေမျိုးစေ့ တစ်ခု ဖွဲ့စည်းခဲ့ခြင်းက သူ့အတွက်တော့ အရှက်ရစရာ ကိစ္စ ဖြစ်ခဲ့သည်။ ပိုင်ယုရှီ အပါအဝင် မိန်းကလေး သုံးယောက်မှာ သူ့အတွက် စတေးခဲ့ကြကာ တစ်ယောက်ဆိုလျှင် အသက်ပင် သေဆုံး ခဲ့ရသည်။ ထိုကဲ့သို့ အကျိုးဆက်များကိုသာ ကြိုတင် သိရှိထားပါက သူ၏ မာန်မာနဖြင့် ကျိန်းသေ ငြင်းဆိုမိလိမ့်မည် ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုအကြောင်းအရာကို သူ လူသိရှင်ကြား ထုတ်ဖော် မပြောလိုချေ။

စန်းလော့ယန်က လင်းမင်၏ တန်ပြန် မေးခွန်းထုတ်မှုကို စိတ်ဆိုးဟန် မရပဲ ရှင်းပြလိုက်၏။

“အရင်ပွဲတွေရဲ့ ရလဒ်တွေကြောင့် အတုအယောင် လောကနယ်မြေ ရှိ၊ မရှိပေါ် မူတည်ပြီး မြေကြီးရှန့်ထိုတွေက ခက်ခဲမှု အဆင့်ကို ထပ်မြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”

“...”

လင်းမင်၏ အမူအရာက အနည်းငယ် သုန်မှုန်သွား၏။ တကယ်ဆိုလျှင် လူတိုင်းကို တူညီသည့် စံနှုန်း တစ်ခုနည်းဖြင့် စီရင်သင့်သည် မဟုတ်လော။ အဘယ်ကြောင့် ခွဲခြားမှုများ ပြုလုပ်ရသနည်း။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ၏ နောက်ကွယ်တွင် မည်သည့် ကိစ္စများ ရှိနေသနည်း။

“မေးတာကို ဖြေပါ...”

စန်းလော့ယန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာကာ တိုက်တွန်းလိုက်သည်။ လင်းမင် သက်ပြင်းတစ်ချက် ချလိုက်၏။ ကြည့်ရသည်က အဓိက ခန်းမထဲကို ဝင်ရန် ထိုမေးခွန်းကို မဖြစ်မနေ ဖြေရတော့မည့်ပုံ ပေါ်သည်။

“ကျုပ် ထာဝရ နယ်မြေ ဆေးလုံးရော၊ အာရုဏ်ဦး နေမီးတောက် ဆေးလုံးရော သုံးမထားဘူး... ဒါပေမဲ့ အခြားလူတွေရဲ့ အကူအညီနဲ့ နည်းလမ်း တစ်ခုသုံးပြီး ဖွဲ့စည်းထားတယ်”

သူက အသေးစိတ်ကိုတော့ မပြောပါချေ။ မည်သို့ပင် ဆိုစေ... ထိုအရာက သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သည် မဟုတ်ပါလား။

“သူက ကိုယ့်ဘာသာကို ဖွဲ့စည်းထားတာလား...”

လူများမှာ လင်းမင်ကို ကြည့်ကာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြ၏။ ထိုလူငယ်လေးက မည်ကဲ့သို့သော နည်းလမ်းမျိုးကို သုံးခဲ့သနည်း။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူ့ကို ကူညီခဲ့သနည်း။

အခြားတစ်ဖက်တွင်တော့ စန်းလော့ယန်မှာ တိတ်ဆိတ်သွား၏။ တစ်မိနစ်မျှ ကြာမြင့်ပြီးနောက်တွင်မှ သူ၏ အသံက နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

“ထူးခြားတဲ့ အခြေအနေမျိုးကြောင့် မင်းကို အထူး အခွင့်အရေး တစ်ခု ပေးလိုက်မယ် ရှေးဟောင်း ရွေးချယ်ခံ... ဆိုတော့ကာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးရဲ့ အဆင့်အတန်းနဲ့ ဆုံးဖြတ်ခံမလား.. ထာဝရ နယ်မြေ ဆေးလုံးရဲ့ အဆင့်အတန်းနဲ့ ဆုံးဖြတ်ခံမလား ဆိုတာ မင်းကိုယ်တိုင် ရွေးချယ်ပါ”

“...”

လင်းမင်မှာ အနည်းငယ် အံ့သြသွား၏။ အခြားတစ်ဖက်၌ လင်းရှန်းရှဲ့၏ မျက်လုံးများက တစ်စုံတစ်ရာကို သဘောပေါက် သွားဟန်ဖြင့် ကျဉ်းမြောင်း သွားသည်။ အလွန်လျှင်မြန်စွာပင် သူမက ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် စင်မြင့်ပေါ်ကို ခုန်တက်ရန် ပြင်လိုက်သည်။

ဘုန်း...

ရုတ်တရက် ထူးဆန်းသော ဖိအား တစ်ခု ဖြစ်ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်ကို တားဆီးလိုက်သည်။ ထို့နောက်... အသံတစ်ခုမှာ ပဲ့တင်ထပ်ကာ ထိုဧရိယာ တစ်ဝိုက် ပျံ့နှံ့လာ၏။

“ထူးခြားတဲ့ အခြေအနေကြောင့် ဒီစိန်ခေါ်မှုမှာ မဟာမိတ် ဖွဲ့ဖို့ ခွင့်ပြု မထားဘူး... ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့”

လင်းရှန်းရှဲ့၏ မျက်ဝန်းများက ပိုမို၍ ကျဉ်းမြောင်းလာသည်။ သူမ လင်းမင်ထံ ထောင်ချောက် တစ်ခု ဖြစ်ကြောင်း အော်ဟစ် သတိပေးချင်‌သော်လည်း ထူးဆန်းသော စွမ်းအားက သူမ၏ အသံကိုပါ တားဆီး ထားသည်။

စင်မြင့်ထက်တွင်တော့ လင်းမင်မှာ မျက်မှောင်ကြုတ် နေခဲ့၏။ သူ အနည်းငယ် ရွေးချယ်ရ ခက်နေခဲ့သည်။ ထာဝရ နယ်မြေဆေးလုံးမှာ အားနည်းကာ ကျော်လွှားရန် လွယ်ကူကြောင်း ရှင်းလင်းပေသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကျိန်းသေပင် ပိုမို ခက်ခဲပေလိမ့်မည်။ ပထမ တစ်ခုကို ရွေးချယ်ပါက အကောင်းဆုံး ဖြစ်သည်။

သို့သော်လည်း... လွန်ခဲ့သည့် နှစ်များက မဟာ ပုရောဟိတ်၏ စကားကို လင်းမင် ပြန်လည် ကြား‌ယောင် လာမိခဲ့၏။ ၎င်းက သရဲတစ္ဆေ လက်သည်းများ ကဲ့သို့ သူ့ကို ညတိုင်း ခြောက်လှန့်နေကာ နှလုံးသားကို ခိုးယူဖို့ ကြိုးပမ်းနေသလို ခံစားရသည်။ အကယ်၍ ထိုရွေးချယ်မှုတွင် သူ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပါက အဆင့်နိမ့် ရွေးချယ်ခံ ဖြစ်ဖို့ ထိုက်တန်သည်ဟုသာ ဆိုလိုပေသည်။

လင်းမင်၏ အော်ရာက စတင် ပြောင်းလဲလာကာ အကြောက်အလန့် ကင်းမဲ့သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွား၏။ သူ ဝေ့ဝူယင်ထက် နောက်ကျ ကျန်နေလို့ မဖြစ်ပါချေ။ ပရိသတ်များကတော့ လင်းမင်ကို ကြည့်ကာ တိုက်တန်မျိုးနွယ်ဝင် တစ်ယောက်ကို ရင်ဆိုင်ဖို့ ကြိုးစားနေသည့် သူရဲကောင်း တစ်ယောက်လို ခံစားလိုက်ရ၏။

“အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ကျုပ် ရွေးတယ်”

“ကောင်းပြီလေ...”

“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှေးဟောင်း ရွေးချယ်ခံ... အသက် ၄၆ နှစ်... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... ရန်သူအဆင့်... အဆင့်နိမ့် ကြယ်တာရာ သခင်...”

“စိန်ခေါ်ပွဲကို ဆက်ဖို့ မင်းမှာ ဆန္ဒရှိလား”

...

အဓိက ခန်းမ အတွင်းတွင်တော့ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့မှာ များလှစွာသော ဝိညာဉ် ပုံရိပ်ယောင် မျက်နှာပြင်များကို ကြည့်နေခဲ့၏။ ၎င်းတို့၏ မျက်နှာပြင်များ ထက်တွင်တော့ စိန်ခေါ်ပွဲနှင့် ပတ်သက်သည့် အ‌သေးစိတ် ပုံရိပ် မှန်သမျှကို ခြားနားစွာဖြင့် ပြသထားသည်။ သူတို့မှာ ရွှေရောင်ဖျာများ ထက်၌ ထိုင်နေကြခြင်း ဖြစ်ကာ ပတ်ဝန်းကျင်တွင်တော့ စွမ်းအင် အလင်း အမှုန်အမွှာများမှာ လွင့်လူး ပျံ့သန်းလျှက် ရှိ၏။

ဝိညာဉ် ပုံရိပ်ယောင်ထက်၌ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား လင်းမင် ရွေးချယ်လိုက်သည်ကို မြင်လိုက်ရသော အခိုက်၌ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ထာဝရ အစည်းအရုံးမှာ လင်းမင် အပေါ် ကစားနေဟန် ရသော်လည်း... တကယ်တမ်းတွင် ဝေ့ဝူယင်နှင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား လေလံအောင်သွားသည့် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း ရှင်းလင်းပေသည်။ လင်းမင်မှာ ကျည်ဆန်ကို ကြားဖြတ် ဖမ်းယူလိုက်သူ တစ်ယောက်သာ ဖြစ်သည်။ သူတို့၏ အမူအရာများက တဖြည်းဖြည်း သုန်မှုန်လာခဲ့ကြလေ၏။

...

ကောင်းကင်နန်းတော်၏ အဂ္ဂိရတ် ခန်းမ အတွင်းတွင်တော့ ဝေ့ဝူယင်မှာ တင်ပျဉ်ခွေကာ ထိုင်နေခဲ့၏။ သူ၏ ငွေရောင် မျက်ဝန်းများက အဂ္ဂိရတ် ကြယ်တာရာများဖြင့် ပြည့်နှက်နေကာ မှော်ဆေးအိုးကို စိုက်ကြည့် နေခဲ့သည်။ မိနစ် အနည်းငယ် ကြာပြီးနောက် အဂ္ဂိရတ် စွမ်းအင်များမှာ ပေါက်ကွဲ ထွက်ပေါ်လာကာ အဂ္ဂိရတ် တာအို၏ ပြိုင်စံရှား ပုံရိပ်ယောင် ဖြစ်စဉ် ပေါ်ထွက်လာခဲ့၏။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် နေကြယ် တစ်ခုနှင့် ဆင်တူသော ခုနစ်ရောင်ခြယ် ဆေးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

အဆင့်ကိုး ကြယ်ပဲ့တင်သံ ဆေးလုံးပင်။

တစ်လကြာပြီးနောက် ဝေ့ဝူယင်မှာ ပန်းတိုင်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လွယ်လွယ်ကူကူနှင့် သူ ရောက်ရှိခဲ့သည်တော့ မဟုတ်ပါချေ။ လေးရက်မြောက်နေ့တွင် သူ ပထမဆုံး ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သော်လည်း ၎င်းက မသန့်စင်မှု အပြည့်နှင့် ဖြစ်သည်။ ကိုးရက်မြောက် နေ့တွင်တော့ သူ ဆေးညွှန်းကို အနည်းငယ် ပြောင်းလဲခဲ့သည်။

နောက်ဆုံး တစ်လပြည့်ခါနီးသို့ ရောက်မှ ဖန်တီးခြင်း မျက်လုံး၏ မွမ်းမံမှု၊ အဆုံးမဲ့ ဝိညာဉ် အရိုးပြာတို့၏ အကူအညီနှင့် အတူ အထွတ်အထိပ် အဆင့်ကို သူ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

နောက်တစ်လ အတွင်းတွင်တော့ ဝေ့ဝူယင်မှာ ဆေးဖော်စပ်လိုက်၊ အသုံးပြုလိုက်ဖြင့် အချိန်ဖြုန်း နေခဲ့သည်။ ထိုအတောအတွင်း သူ၏ လောကနယ်မြေများမှာ ဒါဇင်နှင့်ချီသည့် အထွတ်အထိပ် အဆင့် ကြယ်ပဲ့တင်သံ ဆေးလုံးများစွာကို စားသုံးခဲ့သည်။ သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ အထွတ်အထိပ် အရည်အသွေးမှ မလုပ်လျှင် မည်သည်ကိုမှ စားသုံးခြင်း မရှိတော့ချေ။

တစ်လအတွင်းမှာပင် ဝေ့ဝူယင်မှာ ပြောင်းလဲမှုများစွာကို သတိထားမိခဲ့သည်။ အထွတ်အထိပ် အဆင့် အရည်အသွေး ရှိသည့် ကြယ်ပဲ့တင်သံ ဆေးလုံးမှာ နာမ်စွမ်းရည်များကို သန့်စင်ပေးရုံသာ မကချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကိုပင် များစွာ အထောက်အကူ ပြုပေးခဲ့ပေသည်။ အရိုး၊ အသား၊ သွေးနှင့် ဦးနှောက်တို့မှ အစ သူ့ခန္ဓာကိုယ် အတွင်းရှိ ဆဲတစ်ခုချင်းစီက များစွာ တိုးတက်လာသလို သူ ခံစားရသည်။ သူ့ခန္ဓာကိုယ်နှင့် အသိစိတ် ပင်လယ် အတွင်းရှိ စွမ်းအင် သိုလှောင်နိုင်စွမ်းမှာလည်း နှစ်ဆအထိ တိုးတက်လာခဲ့သည်။ ထို့အပြင်... ၎င်းမှာ ရပ်တန့်သွားခြင်း မရှိသေးချေ။ ဆက်လက် တိုးတက်နေဆဲ ဖြစ်ပေသည်။

“ကြည့်ရတာ ငါ့အခြေခံ အုတ်မြစ်က နောက်တစ်ခါ ထပ်တိုးတက် လာပြန်ပြီ ထင်တယ်”

ဝေ့ဝူယင် ရေရွတ်လိုက်၏။ အကန့်အသတ်ကို ရောက်ရှိသွားသည့် အခါတွင် နောက်တစ်ကြိမ် မျက်လုံး ထပ်မကန်း သွားစေဖို့သာ သူ ဆုတောင်းမိသည်။

ဝမ်...

ရုတ်တရက် ဝေ့ဝူယင်၏ ရှန့်ထို လက်စွပ်မှာ လင်းလက်လာခဲ့၏။ ဆက်သွယ်ရေး သလင်းကျောက်မှ အချက်ပြမှုပင်။ ၎င်းကို စစ်ဆေးလိုက်ရင်း သူ့အမူအရာက အနည်းငယ် မည်းမှောင်သွား၏။

“ပိုင်လင်...”

ဝေ့ဝူယင်မှာ မူလနေရာမှ ပျောက်ကွယ်သွားကာ အခြား အခန်း တစ်ခုထဲတွင် ပြန်လည် ပေါ်လာခဲ့သည်။ ပိုင်လင်က ရွှေရောင် တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ဝေ့ဝူယင်ကို ဆီးကြိုလိုက်၏။ မူလ အရွယ်အစား အတိုင်း ရှိနေဆဲ ဖြစ်သည့်တိုင် ပိုင်လင်၏ အော်ရာက လုံးဝ ခြားနားသွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ကြည့်ရသည်က ထိုကလေးမှာ ငှက်မွေးကို သန့်စင်ပြီးသွားသည့်ပုံပင်။

“ငါတို့ ညီလာခံကို သွားရအောင်...”

ဝေ့ဝူယင်က ပြုံးလိုက်၏။

“ဂီး...”

ပိုင်လင်က ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်လေ၏။

***

All Chapters