ကောင်းကင်၏ ရွေးချယ်ခံ
Vol. 73 Ch. 1018
စင်မြင့်ထက်သို့ ပြန်သွားရပါက...
“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှေးဟောင်း ရွေးချယ်ခံ... အသက် ၄၆ နှစ်... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... ရန်သူအဆင့်... အဆင့်နိမ့် ကြယ်တာရာ သခင်...”
ရန်သူ အဆင့်ကို ကြားပြီးနောက်၌ လင်းမင်၏ အမူအရာက အနည်းငယ် အကျည်းတန် သွား၏။ သူရဲကောင်း ဆန်သည့် သူ၏ အော်ရာပင်လျှင် မှေးမှိန်စ ပြုသွားသည်။
အဆင့်နိမ့် ကြယ်တာရာ သခင်...
ဘယ်လောက် လူပါးဝလိုက်သနည်း။ သို့သော်လည်း... ထိုအရာကို ရွေးချယ်ခဲ့သူက သူ ကိုယ်တိုင် ဖြစ်သည်။ မည်ကဲ့သို့ နောက်ဆုတ်၍ ရတော့မည်နည်း။ သူ လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။
“စိန်ခေါ်ပွဲကို ဆက်ဖို့ မင်းမှာ ဆန္ဒရှိလား”
စန်းလော့ယန်၏ စကားလုံးများက လင်းမင်၏ နားထဲကို မိုးကြိုး ပစ်သလို ဝင်ရောက်လာခဲ့သည်။ သူ့နှလုံးသားက တဒိတ်ဒိတ် ခုန်နေကာ ထိုအရာက သေမင်း ထောင်ချောက် တစ်ခု ဖြစ်ကြောင်း ပြောပြနေ၏။ သို့သော်လည်း... ခေါင်းမာတတ်သည့် သူ၏ သဘာဝက ထိုအချက်ကို လက်ခံရန် ငြင်းဆန်နေသည်။
သူက ယခုမှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တွင်သာ ရှိသေးသည်။ လောကသခင် တစ်ယောက်ပင် ဖြစ်လာခြင်း မရှိသေးချေ။ သူ့တွင် ရှိသမျှ ဝှက်ဖဲအားလုံး၊ ကျင့်စဉ် အားလုံးကို ထုတ်သုံးလျှင်ပင် ကြယ်တာရာ သခင် တစ်ယောက်ကို အနိုင်ရရှိဖို့ အလွန် အခွင့်အရေး နည်းလွန်းသည်။
ပြင်းထန်သည့် ဖိအားများ အောက်၌ လင်းမင်၏ မီးခိုးရောင် မျက်ဝန်းများမှာ ပိုမို၍ တည်ငြိမ်လာခဲ့၏။ ခိုင်မာသည့် ဆန္ဒ တစ်ခုက သူ့နှလုံးသား အတွင်း မွေးဖွားလာကာ ခန္ဓာကိုယ် တစ်ခုလုံးကို စီးဆင်း သွားသည်။ သူဘဝကို အမှိုက်တစ်ယောက် အဖြစ် စတင်ခဲ့ရသည်။ ထိုကြားထဲကမှ မဖြစ်နိုင်သည့် အခက်အခဲ များစွာကို သူ ဖြတ်ကျော် ခဲ့သည်။ ရန်သူများစွာကို သုတ်သင်နိုင်ခဲ့သည်။
သူ၏ ရည်ရွယ်ချက်က လောက၏ အထွတ်အထိပ်ကို တက်လှမ်းရန် ဖြစ်သည်။ အကယ်၍ သူသာ ကြောက်လန့် နေခဲ့ပါက ဤနေရာကို မည်ကဲ့သို့ ရောက်လာနိုင်မည်နည်း။ အနန္တ ကုန်းမြေတိုက်ကြီးမှာတည်းက ဘဝ တစ်ခုလုံး ဆုံးရှုံးခဲ့လောက်ပြီ ဖြစ်သည်။
အကယ်၍ သူသာ လက်လျှော့လိုက်ပါက ဝေ့ဝူယင်ကို ရှုံးနိမ့်သွားရုံသာ မက... လင်းရှန်းရှဲ့၏ ယုံကြည်မှုကိုပါ တစ်ဘဝလုံးစာ ဆုံးရှုံး သွားနိုင်သည်။ သူ ထိုကဲ့သို့ မဖြစ်မခံနိုင်ပါချေ။ မူလလှံတံကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ရင်း သူ ဟင်းလင်းပြင် ဂိတ်တံခါးကို လှမ်းကြည့်လိုက်သည်။
ခိုင်မာသော ဆုံးဖြတ်ချက်များက သူ၏ မီးခိုးရောင် မျက်ဝန်းများ အတွင်း ပေါ်လာကာ အနက်ရောင် ကျောက်တိုင်ဘက်ကို ပြန်လည် မျက်နှာမူလိုက်လေ၏။ ထို့နောက် သူ၏ အဖြေသည်ကား...။
...
လွန်ခဲ့သည့် မိနစ် အနည်းငယ် အကြာက...
ဝေ့ဝူယင်မှာ ဝူယု၊ မာ့ကျန်းတို့နှင့် အတူ အမှောင် ဟင်းလင်းပြင်ကို ခရီးနှင်ရင်း အမျိုးမျိုးသော အတွေ့အကြုံများ အကြောင်း ဆွေးနွေး နေခဲ့ကြ၏။ သူက ပိုင်လင်၏ ကျောထက်၌ ထိုင်နေခဲ့ကာ ဝူယု၊ မာ့ကျန်းတို့မှာလည်း ဘေးနားမှ တူညီသည့် နှုန်းထားဖြင့် ပျံသန်း နေခဲ့ကြသည်။ ခပ်လှမ်းလှမ်း တစ်နေရာတွင်တော့ ဟုန်ယန်လျဲ့လန်၏ ခြောက်မြှောင့်ကြယ်မှာလည်း အနည်းငယ်ပင် နောက်ကျ ကျန်နေခဲ့ခြင်း မရှိပါချေ။
ဝေ့ဝူယင်နှင့် မာ့ကျန်းတို့မှာ ဝူယု ပြောပြသည့် ကျင့်ကြံခြင်း အတွေ့အကြုံသစ်များကို နားထောင်ကာ အံ့သြ နေခဲ့ကြ၏။ သွေးမူလ နည်းလမ်း၏ နောက်ဆုံး အဆင့်ကို အောင်မြင်ပြီး နောက်တွင် ဝူယုမှာ ဒုတိယမြောက် ထျန်းတျန်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဝူယုက နှလုံးသား ဗဟိုတွင် ဖြစ်ပေါ်နေသည့် သင်္ကေတလေး အကြောင်းပါ ဝေ့ဝူယင်ကို ပြောပြခဲ့သည်။ သူ၏ အဆိုအရဆိုလျှင်... ၎င်းမှာ လောကနှလုံးသား ရည်ရွယ်ချက် တစ်ခု၏ အော်ရာကို ထုတ်လွှတ်နေသည်ဟု ဆိုသည်။
“တကယ် ထူးဆန်းတာပဲ...”
မာ့ကျန်းက မှတ်ချက်ချလိုက်မိ၏။ သူသည်လည်းပဲ မာ့ကျန်းကဲ့သို့ပင် အကူအညီ ကင်းမဲ့သလို ခံစားနေရသည်။ ကျင့်ကြံခြင်း လောကကား လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည်။ အတွေ့အကြုံ ရင့်ကျက်သည့် စီနီယာ တစ်ယောက်၏ လမ်းညွှန်မှု မပါရှိပါက လမ်းမှား ရောက်ဖို့ လွယ်ကူလွန်းလှသည်။
“ကျုပ်အထင် ဖြစ်နိုင်ချေ နှစ်ခုတော့ ရှိတယ်ဗျ”
ဝေ့ဝူယင်က သုန်မှုန်သည့် အမူအရာဖြင့် ပြောလိုက်၏။ လျှို့ဝှက် သင်္ကေတများ အကြောင်း နားကန်းတစ်လုံးမျှ မသိသော်လည်း လောက နှလုံးသား ရည်ရွယ်ချက် ဆိုသည့် စကားလုံးက သူ့ကို အတွေးတစ်ချို့ ရစေခဲ့သည်။ အဇူရာ မူလ ကြယ်စင်စု၏ စစ်မြေပြင်တွင် ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူ အနည်းငယ် လေ့လာခဲ့ဖူးသည်။
“နှစ်ခု...”
ဝူယုနှင့် မာ့ကျန်းတို့၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက် သွား၏။ ဝေ့ဝူယင်က ခေါင်းညိတ် လိုက်သည်။
“ဟုတ်တယ်... ပထမ တစ်ခုက ခင်ဗျားရဲ့ နှလုံးသားကို ငြိမ်သက်စေပြီးတော့ အတုအယောင် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုလို ပြုမူနေတာ... ဒုတိယ တစ်ခုက အဲဒါက သော့ချက် တစ်ခု ဖြစ်နေနိုင်တာ”
ဝူယုနှင့် မာ့ကျန်းတို့မှာ ပထမ တစ်ခုကို ချက်ချင်းပင် ပယ်ချလိုက်ကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ ကျင့်ကြံခြင်း ဝိညာဉ်များနှင့် အလွန် ရင်းနှီးကြသူများဖြစ်သည်။ အထူးသဖြင့်... ဝူယုမှာ ကိုယ့်နှလုံးသား အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို ပို၍ သိပေသည်။ ၎င်းမှာ အတုအယောင် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုနှင့် လုံးဝ မတူညီချေ။
သို့သော်လည်း ဒုတိယမြောက် တစ်ခုကတော့ သူတို့ကို စိတ်ဝင်စားစေ၏။
“သော့ချက်တစ်ခု ဟုတ်လား...”
ဝူယုက မေးလိုက်၏။ ဝေ့ဝူယင်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သည်။ သူ့ငွေရောင် မျက်လုံးများက စိတ်စွမ်းအင် အငွေ့အသက်များဖြင့် ဖြတ်ပြေးသွား၏။
“တစ်ချို့ ကျင့်စဉ်နဲ့ နည်းလမ်းတွေက ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ ကျင့်ကြံခြင်း အဆင့်တွေ အတွက် သော့ချက်တွေကို ပြင်ဆင်ပေးနိုင်တယ်လို့ ကျုပ် ကြားဖူးတယ်”
ကျင်းကျူး၏ မှတ်ဉာဏ်များကို လေ့လာစဉ် အခါက မိုးကုပ်စက်ဝိုင်းမှ မူလသို့ ဆိုသည့် ကျင့်စဉ် တစ်ခုကို သူ လေ့လာခဲ့ရသည်။ ထိုကျင့်စဉ် အတွက်ပင် ကျင်းကျူးမှာ နှစ်ပေါင်း နှစ်ရာကျော် အချိန်ဖြုန်းကာ ကျင့်ကြံခြင်း ဝိညာဉ်ကို မူလ အဆင့်ထိ ရောက်ရှိအောင် ကျင့်ကြံခဲ့ရသည်။ ထိုလူငယ်၏ မှတ်ဉာဏ်များ အရဆိုလျှင်... မူလအဆင့်မှာ လောကရှန့်ထို အဆင့်ကို ကျော်လွန်၍ ကောင်းကင်ရှန့်ထို အဆင့်ကို တက်လှမ်းရန် အဓိက သော့ချက်ဟု ဆိုသည်။
ဝေ့ဝူယင်က ဆက်ပြောလိုက်၏။
“ကျင့်ကြံခြင်းက ခက်ခဲတယ်... ဒါပေမဲ့ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ကျုပ် သိထားသလောက် ဆိုရင် လောက နှလုံးသား ရည်ရွယ်ချက်က လောကရှန့်ထို အဆင့်ကို ရောက်ဖို့ အဓိက သော့ချက်ပဲ”
ဝေ့ဝူယင် ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝူယုနှင့် မာ့ကျန်းတို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွား၏။ အထူးသဖြင့် မာ့ကျန်းပင်။ သူ၏ မျက်နှာ တစ်ခုလုံးက အံ့အားသင့်မှု၊ မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုတို့ဖြင့် ရေးခြယ်နေ၏။
“ဘာလို့လဲ...”
လူအိုကြီး၏ တုန့်ပြန်မှုက အနည်းငယ် ပြင်းထန်လှလေရာ ဝေ့ဝူယင်က မေးလိုက်၏။ မာ့ကျန်းက ချက်ချင်း ပြန်မဖြေသေးပဲ ငြိမ်သက်စွာ စဉ်းစားနေသည်။
အတန်ကြာပြီးနောက်မှ သူက ဝေ့ဝူယင်ကို လေးနက်စွာ ကြည့်လိုက်၏။
“လောကနှလုံးသား ရည်ရွယ်ချက်က အဓိက လိုအပ်ချက် ဆိုတာ သေချာလား...”
ဝေ့ဝူယင်ကို ယုံကြည်သည့်တိုင် နောက်တစ်ကြိမ် ထပ်အတည်ပြုတာကို သူ လိုချင်နေသည်။ ဝေ့ဝူယင်က ယုံကြည်ချက် ရှိစွာဖြင့် ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။
သူ ထိုအကြောင်းကို ကွမ်ယုံမှ ကြားသိလာခြင်း ဖြစ်သည်။ အဇူရာ မူလ ကြယ်စင်စုတွင် ဆိုလျှင် ထိုအကြောင်းကို လူတိုင်းနီးပါး သိကြသည်ဟု ဆိုသည်။
မာ့ကျန်းက သက်ပြင်းတစ်ချက် ချကာ ခေါင်းညိတ်လိုက်၏။
“လောက နှလုံးသား ရည်ရွယ်ချက်က နိုးထခြင်း အဆင့် ရည်ရွယ်ချက်ရဲ့ နောက်တစ်ဆင့်ပဲ... ဒါပေမဲ့... ကျင့်ကြံသူ ဘယ်လောက်များများက လောကနှလုံးသား ရည်ရွယ်ချက်ကို နားလည်ခဲ့ကြသလဲ ဆိုတာ ခင်ဗျား သိလား”
လူအိုကြီး၏ အသံက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။ ဝေ့ဝူယင်က ဖြည်းညင်းစွာပင် ခေါင်းခါလိုက်သည်။ ယောင်ဟုန်ယိမှ လွဲ၍ လောကနှလုံးသား ရည်ရွယ်ချက် ပိုင်ဆိုင်ထားသည့် အခြားတစ်ယောက်ကို သူ မတွေ့ဖူးချေ။ လုံချန်ပင်လျှင် ဥပဒေသ မျိုးစေ့ကိုသာ ဖွံ့ဖြိုးနိုင်ခဲ့သေးသည်။ ထိုအဆင့်ကို မရောက်သေးပါချေ။
မာ့ကျန်းက ဆက်ပြောလိုက်၏။
“ကျုပ်တို့ ကြယ်ကွင်းပြင်ရဲ့ သမိုင်းကြောင်းမှာတော့ အဲဒီအဆင့်ကို ရောက်ခဲ့တဲ့လူ မရေမတွက်နိုင်အောင် ရှိခဲ့တယ်... ကျုပ် တစ်သက်မှာတောင် ၁၀၂၂ ယောက် လောက နှလုံးသား ရည်ရွယ်ချက်ကို နားလည်ခဲ့ကြတယ်... သူတို့ထဲက အချို့က သိပ် ပါရမီ မပါကြဘူး... အသက်လည်း သိပ်မရှည်ကြဘူး... အချို့ဆိုရင် ကြယ်တာရာ အမြုတေ အဆင့်မှာပဲ လမ်းဆုံးသွားကြတာ”
“ဒါကြောင့် ကျုပ်တို့ရဲ့ ကျင့်ကြံခြင်း အသိုက်အဝန်းမှာ လောကနှလုံးသား ရည်ရွယ်ချက်က အရမ်း ထူးခြားနေတာမျိုးတော့ မဟုတ်ဘူး... သဘာဝ နေကြယ်တွေကို ဖန်တီးနိုင်တဲ့ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်လို ရည်ရွယ်ချက်တွေကတော့ ချွင်းချက်ပေါ့လေ...”
“...”
ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲခြင်း မရှိချေ။ သို့သော်လည်း... သူ့နှလုံးသားကတော့ မသေချာ မရေရာခြင်းများနှင့် ပြည့်နှက်သွား၏။ ကွမ်ယု၏ ပြောစကား အရဆိုလျှင်... မြေကြီး ရှန့်ထို များစွာမှာ တစ်ဘဝတာလုံး ကြိုးပမ်းလျှင်ပင် လောကနှလုံးသား ရည်ရွယ်ချက်ကို နားမလည်နိုင်ဟု ဆိုသည်။ ထိုအကြောင်း ပြောချိန်၌ ကွမ်ယု၏ အမူအရာက မည်မျှ လေးနက်နေသည်ကို သူ မှတ်မိနေသေးသည်။ ထို့အပြင်... ဆပ်စပ်မှု စစ်မြေပြင်တွင် တွေ့ခဲ့ရသည့် အမျိုးသမီးမှာလည်း လောကနှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားခြင်းကြောင့် သူ့ကို ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်ခဲ့သည်။
အဇူရာ မူလ ကြယ်စင်စု၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ထက် ပိုမြင့်တာ ထင်ရှားလှသည်။ ထိုအရာက အနည်းငယ် အဆက်အစပ် မရှိသလို ခံစားရ၏။
သို့သော်လည်း... ဝူယုကတော့ ဝေ့ဝူယင်၏ ယူဆချက် အပေါ် စိတ်အား ထက်သန်နေဆဲ ဖြစ်သည်။
“သခင်လေး ပြောသလိုဆို အဲဒီ သင်္ကေတလေးက လောကရှန့်ထို အဆင့်ကို ရောက်ဖို့ သော့ချက်ပေါ့ ဟုတ်လား...”
ဝေ့ဝူယင်က တစ်ခဏမျှ တွေးတောကာ ခေါင်းညိတ်လိုက်၏။
“ကျုပ်ခုနက ပြောသလိုပဲ ကျင့်ကြံခြင်းက ခက်ခဲတာ မှန်တယ်... ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဘယ်အဆင့်အတွက် မဆို လမ်းကြောင်းရှိတယ်... အခွင့်အရေးလည်း ရှိတယ်... သေမျိုးတွေ အတွက်တောင် ကျင့်စဉ်တွေ အဂ္ဂိရတ် ထုတ်ကုန်တွေ ရှိသေးတာပဲ... လျှို့ဝှက် အာဏာရှင် အဆင့်အတွက် ဘာလို့ မဖြစ်နိုင်ရမှာလဲ”
မြေကြီး ရှန့်ထို အဆင့် နှစ်ယောက်က ခေါင်းညိတ်ကာ သဘောတူ လိုက်ကြသည်။ ဝေ့ဝူယင်က ပြုံးကာ ဆက်မေးလိုက်၏။
“သွေးမူလ နည်းလမ်းက အဆင့်နိမ့် လောက ကျင့်စဉ် တစ်ခု ဟုတ်တယ်မလား”
ဝူယုနှင့် မာ့ကျန်း နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြ၏။ မာ့ကျန်းမှာ ကျင့်စဉ်၏ အပေါ်ယံ အချက်အလက် တစ်ချို့ကို ဝူယုထံမှ ကြားသိပြီး ဖြစ်သည်။
“လောကရှန့်ထို၊ လောကကျင့်စဉ်၊ လောကနှလုံးသား ရည်ရွယ်ချက်... အဲဒီ နာမည် သုံးခုလုံးမှာ လောကဆိုတဲ့ စကားလုံး ပါနေတာ ခင်ဗျားတို့ သတိထားမိလား...”
ဝူယုနှင့် မာ့ကျန်းတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက တစ်စုံတစ်ရာကို သတိထားမိဟန်ဖြင့် တောက်ပသွား၏။ အထူးသဖြင့် ဝူယုပင်။
“ဒါဆိုရင် ကျုပ် လောကရှန့်ထို အဆင့်ကို တက်လှမ်းနိုင်တယ်ပေါ့”
သူက တက်ကြွစွာဖြင့် မေးလိုက်၏။ လောကရှန့်ထို အဆင့် အကြောင်း တွေးလိုက်မိသည်နှင့် သူ့ လျှို့ဝှက် ဝိညာဉ်မှာ အနည်းငယ် တုန်ရီသွားသည်။ တစ်ချိန်တည်း၌ နှလုံးသား အတွင်းရှိ သင်္ကေတလေးမှာ ပထမဆုံး အကြိမ် အဖြစ် တုန့်ပြန်လာ၏။ အကယ်၍ အနီးကပ်ကြည့်မည် ဆိုပါက ၎င်း၏ မျက်နှာပြင်ထက်၌ အက်ကြောင်း အချို့ ပေါ်လာသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
အန္တရာယ် အငွေ့အသက် တစ်ချို့ကို ခံစားလိုက်ရလေရာ ဝူယုက ခပ်မြန်မြန်ပင် အတွေးများကို ပြန်လည် ရုတ်သိမ်းလိုက်၏။ သင်္ကေတ၏ မျက်နှာပြင်ထက်ရှိ အက်ကွဲကြောင်းများက သွေးမူလ အမတေ၏ အကူအညီနှင့် အတူ တဒင်္ဂ အတွင်း ပြန်လည် ပျောက်ကွယ်သွားသည်။
မာ့ကျန်းမှာ ဝူယု၏ အော်ရာ အပြောင်းအလဲကို သတိထားမိရာ လှည့်ကြည့်ကာ မေးလိုက်၏။
“ခင်ဗျား အဆင်ပြေရဲ့လား...”
ဝေ့ဝူယင်ကတော့ ဘာကိုမှ မခံစားနိုင်ပါချေ။ သို့သော်လည်း မာ့ကျန်း၏ မေးခွန်းက သူ့ကို စိတ်ဝင်စားစေရာ ဝူယုကို ကြည့်လိုက်မိ၏။ ဝူယုက ပင့်သက်တစ်ချက် ရှိုက်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“သခင်လေး... ခင်ဗျား ပြောတာ မှန်တယ်... ကျုပ် ခံစားလို့ရတယ်... နှလုံးသားထဲမှာ ရှိနေတဲ့ လျှို့ဝှက် သင်္ကေတက နောက်တစ်ဆင့် အတွက် သော့ချက်ပဲ... တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုး ကျုပ်ရတယ်”
“...”
ထို့နောက်... သူတို့ သုံးယောက်မှာ အတန်ကြာ တိတ်ဆိတ်သွားကြ၏။ ဝူယု၏ စကားလုံး တစ်ခုချင်းစီက ဝေ့ဝူယင်၏ ယူဆချက်ထက် အဆများစွာ ပိုမို လေးပင်သည့် အလေးချိန်ကို သယ်ဆောင်ထားသည်။ ဝူယုမှာ နောက်ထပ် အဆင့် တစ်ခု အကြောင်း တွေးတောရင်း ရှုပ်ထွေးသည့် စိတ်ခံစားချက်များကို ခံစားလိုက်ရ၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ခြေချရန် ကြိုးပမ်းရင်း သေဆုံးခဲ့ရသည့် အဖြစ်အပျက်များက သူ့ခေါင်းထဲ ဝင်လာခဲ့၏။ လောကရှန့်ထို အဆင့်ကို တက်လှမ်းဖို့ ကြိုးပမ်းရင်း သူ နောက်တစ်ကြိမ် ကျရှုံးခဲ့လျှင်ရော...။
ဝေ့ဝူယင်မှာ ဝူယု၏ စိတ်ခံစားချက် အပြောင်းအလဲကို ခံစားမိလိုက်ရာ လှည့်ကြည့်လိုက်၏။
“ခင်ဗျားမှာ သော့ချက် ရှိနေပြီပဲ... အဲဒါနဲ့တင် အတော် ကောင်းနေပါပြီ... ကျုပ်တို့ လုပ်ရမှာ တစ်ခုပဲ ရှိတယ်... အဲဒါက မကျရှုံးစေဖို့ပဲ... အဲဒီအတွက် ကျုပ်တို့ အချိန်ယူ ပြင်ဆင်ကြတာပေါ့”
ဝူယုက ဝေ့ဝူယင်ကို ကျေးဇူးတင်စွာဖြင့် လှည့်ကြည့်လိုက်မိ၏။ သူ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည့် ခရီးလမ်းတွင် ဝေ့ဝူယင်၏ အကူအညီများက အလွန် အရေးပါခဲ့ပေသည်။ ဝေ့ဝူယင် မပါလျှင် သူ လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ယခု လူငယ်လေးက ထိုကဲ့သို့ ပြောလာလေရာ သူ့ဖိအားများ တစ်ဝက်လောက် သက်သာ သွားသလို ခံစားလိုက်ရသည်။ မှန်သည်။ သူက အသက် တစ်သောင်းပင် မပြည့်သေးချေ။ မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် သူ့တွင် ရှင်သန်စရာ အချိန် နှစ်သောင်းလောက် ကျန်ရှိပေသေးသည်။ လောကရှန့်ထို အဆင့်အတွက် သူ လောစရာ မလိုပါချေ။
“ဟမ်...”
ရုတ်တရက် ဝေ့ဝူယင်မှာ ရင်းနှီးနေသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ သူ အင်္ကျီလက်ကို မကာ အပြစ်သား တက်တူးကို ကြည့်လိုက်သည်။ ကမ္မတန်ဖိုး အပြောင်းအလဲ မရှိပါချေ။ သို့သော်လည်း... သူ့ ခံစားချက်ကတော့ မမှားယွင်းပါချေ။
“ကမ္မတန်ဖိုး ဖြတ်တောက်မှု...”
ကောင်းကင်တာအိုမှာ ကမ္မတန်ဖိုး အနည်းဆုံး ၁၀၀၀ ခန့်ကို ကောင်းချီးခံ တစ်ယောက်ထံမှ ယူဆောင်ကာ အံ့မခန်း အခွင့်အရေးများကို ဖန်တီးနေချေပြီ ဖြစ်သည်။ ပထမ တစ်ကြိမ်တုန်းက မိစ္ဆာ စစ်ပွဲ လောက နယ်မြေတွင် ထိုကဲ့သို့ ဖြစ်ရပ်များနှင့် တစ်ကြိမ် ကြုံခဲ့ဖူးသည်။ ထိုစဉ်အခါက လင်းမင်မှာ အတုအယောင် လောက နယ်မြေကို ဖွဲ့စည်းနိုင်ခဲ့သည်။
‘ဒီတစ်ခါရော လင်းမင်ပဲလား...’
ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် ထာဝရ နယ်မြေ ရှိရာ အရပ်ကို လှမ်းငေး ကြည့်လိုက်မိတော့၏။
...
“ကျုပ် လက်ခံတယ်...”
စင်မြင့်ထက်တွင်တော့ လင်းမင်က ရဲဝံ့စွာပင် စိန်ခေါ်မှုကို လက်ခံလိုက်၏။ လူအုပ်ကြီး တစ်ခုလုံးမှာ မိုးကြိုးပေါင်း တစ်သောင်း တစ်ပြိုင်နက်တည်း ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်က အချိန်သခင်နှင့် တိုက်ခိုက်ရန် လက်ခံလိုက်သည်လား။
လင်းမင်းက မူလလှံတံကို ဆုပ်ကိုင်ကာ တိုက်ခိုက်ရန် အသင့်ပြင် လိုက်သည်။ ထိုအခိုက်တွင်ပင် သူ နဖူးထက်ရှိ ကိုးရောင်ခြယ် အမှတ်အသားလေးမှာ ဝိညာဉ်အလင်းရောင်များဖြင့် တောက်ပသွားခဲ့လေ၏။
“ကြည့်ရတာ ကောင်မလေးက ရူးမိုက်တာနဲ့ ရဲရင့်တာ ဘယ်ဟာကို ရွေးရမလဲ သိတာပဲ... ငါတော့ လေးစားပြီဟေ့...”
အသံတစ်ခုက ကျယ်လောင်စွာပင် လင်းမင်၏ စိတ်အတွင်း ပေါ်ထွက်လာခဲ့လေ၏။
***