ကောင်းကင်၏ ရွေးချယ်ခံ (၂)
Vol. 73 Ch. 1019
“ကြည့်ရတာ ကောင်မလေးက ရူးမိုက်တာနဲ့ ရဲရင့်တာ ဘယ်ဟာကို ရွေးရမလဲ သိတာပဲ... ငါတော့ လေးစားပြီဟေ့...”
အသံက ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက်ထံမှ အသံမျိုး ဖြစ်ကာ ဂရုဏာသံ အငွေ့အသက် အနည်းငယ် စွက်၏။ သံသယ ရှိစရာ မလိုစွာပင် ၎င်းက ယောက်ျားသံ ဖြစ်သည်။ ထိုအသံ မည်သည့် နေရာက လာသည်ကို ဆန်းစစ်ရင်း လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
“ငါ ဒီမှာကွ...”
အသံက ရွှင်မြူးစွာဖြင့် နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
“မင်း ခေါင်းပေါ်မှာ”
လင်းမင် ထိတ်လန့်တကြားဖြင့် နဖူးပေါ်ကို စမ်းလိုက်မိသည်။ ထိုနေရာ၌ ရှိနေသည့် တစ်ခုတည်းသော အရာက လင်းရှန်းရှဲ့ သူ့ကို ပေးထားခဲ့သည့် ခုနစ်ရောင်ခြယ် အမှတ်ကလေး ဖြစ်သည်။ ၎င်းက ကြယ်တာရာ အထွတ်အထိပ် အဆင့် အကာအကွယ် ရတနာ တစ်ခု ဖြစ်ကာ သူ့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကူညီခဲ့ဖူးသည်။ ထိုအဆောင်လေး ကြောင့်ပင် အသက် အန္တရာယ်နှင့် နီးကပ်သည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို သူ ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက သူ၏ ယုံကြည်ချက် လွန်ကဲခြင်းတွင် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
“ခင်ဗျားက...”
“ဟဟ... မိတ်ဆက်နေဖို့ အချိန် မရှိဘူး... မင်းရှေ့မှာ တိုက်ပွဲတစ်ခု ဆီးကြိုနေပြီ... တစ်လောကလုံးကလည်း မင်းကို စောင့်ကြည့်နေတာ... အစတုန်းကတော့ မင်းကို ကူညီဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိခဲ့ပါဘူးလေ... ဒါပေမဲ့ မင်းရဲ့ အရှုံးမပေးတတ်တဲ့ ဆန္ဒက ငါ့ကို တုန်လှုပ်သွားစေတယ် လို့ ပြောရမလားပဲ... အတိတ်တုန်းက ငါ့ကိုယ်ငါတောင် ပြန်သတိရသွားတယ်”
အသံပိုင်ရှင် ဆွေးဆွေးမြေ့မြေ့ စကားပြောနေစဉ်မှာပင် အနက်ရောင် ကျောက်တိုင်မှ မီးခိုးများ ထွက်ပေါ်လာကာ ရန်သူတစ်ယောက် ဖွဲ့စည်းလာခဲ့လေ၏။
၎င်းက သန်မာ ထွားကြိုင်းသည့် ကြွက်သားများနှင့် အရပ် သုံးမီတာခန့် ရှိလျားသည့် လူသန်ကြီး ဖြစ်သည်။ ၎င်းက ညာဘက်လက်တွင် လခြမ်း အသွားနှင့် ပုဆိန်ကြီး တစ်ခုကို ဆွဲကိုင်ထား၏။ ၎င်း၏ အသွင်သဏ္ဌာန်ကား တစ်ချက် ကြည့်ရုံမျှနှင့် သွေးပျက်သွားနိုင်သည့် အမျိုးအစား ဖြစ်သည်။
ဘုန်း...
ချက်ချင်းပင် အလွန်တရာ ပြင်းထန်သည့် အင်အား တစ်ခုမှာ လင်းမင်ထံ ရိုက်ခတ်လာ၏။ လင်းမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ချက်ချင်း နောက်ဆုတ်ဖို့ ပြင်လိုက်သည်။ ထိုအခိုက်တွင်ပင် အေးမြသည့် ဝိညာဉ် စွမ်းအင်လှိုင်း တစ်ခုမှာ ဒြပ်စင် အမှတ်အသားမှ စီးထွက်လာက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း သွား၏။ ကြယ်တာရာ သခင်၏ ဖိနှပ်မှု အော်ရာက လင်းမင်ကို အန္တရာယ် ကင်းစွာပင် ဖြတ်ကျော်သွား၏။
“ငါ ကူညီဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုကတည်းက မင်း နောက်ဆုတ်စရာ မလိုတော့ဘူး... တိုက်ခိုက်စမ်း... မင်းရဲ့ နှလုံးသား ဆန္ဒအတိုင်း အားလုံးကို အပြတ်ရှင်း ပစ်လိုက်”
အသံထွက်ပေါ်လာသည့် တစ်ချိန်တည်းတွင်ပင် ရန်သူ ကြယ်တာရာ သခင်မှာ ၎င်း၏ လောကနယ်မြေကို ဖြန့်ကျက်လိုက်လေ၏။
ဘုန်း...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အလွန် ပြင်းထန်သည့် လောကဖိအား တစ်ခုက စင်မြင့်ပေါ် အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသည်။ လောကတစ်ခုလုံးက လေပြင်းများနှင့် ပြည့်နှက်သွားကာ နီညိုရောင် လေထုမှာ နေရာအနှံ့ကို လွှမ်းခြုံသွား၏။
ကီလိုမီတာ တစ်သောင်း သုံးထောင်...
ခေါင်းထဲမှ အသံကြောင့် စိတ်ရှုပ်ထွေး အံ့အားသင့် နေသည့်တိုင် လင်းမင်၏ တုန့်ပြန်မှုက နှေးကွေးခြင်း မရှိပါချေ။ တဒင်္ဂ အတွင်းမှာပင် သူက နယ်မြေမျိုးစေ့၏ စွမ်းအားကို ထိတွေ့ကာ အတုအယောင် လောကနယ်မြေ၏ အင်အားကို ဆင့်ခေါ်လိုက်၏။ လောကစွမ်းအားများက သူ့ မျက်လုံးများထဲတွင် ကွန့်မြူးလာကာ စုမေ့ထံမှ ပုံတူကူးထားသည့် နည်းလမ်းကို အသုံးပြုလိုက်သည်။
လောကသံချပ်ကာ...
ဘုန်း...
လင်းမင်မှာ ရန်သူ၏ လောက အင်အားကို အသာအယာပင် ခုခံလိုက်သည်။ ကြည့်ရှုနေကြသူ အားလုံးမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ် သွားကြ၏။ သူတို့ မျှော်လင့်ထားခဲ့သည်က လင်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံး အပိုင်းပိုင်း အစစ ကွဲကြေသွားသည့် မြင်ကွင်းမျိုး ဖြစ်သည်။
သို့သော်လည်း... မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် လူငယ်လေးမှာ အဖြူရောင် လှံတံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။
ထာဝရ နယ်မြေ ဆေးလုံးနှင့် ခြားနားစွာပင် လင်းမင်မှာ နယ်မြေ မျိုးစေ့ကို အခြေခံ ဝါးမြိုခြင်း မိစ္ဆာ နည်းလမ်းဖြင့် ရရှိထားခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ အာရုဏ်ဦး နေမီးတောက် ဆေးလုံးပင်လျှင် ၎င်းကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။ လင်းမင်သာ မရှိခဲ့ပါက ထိုဆေးလုံးလည်း ပေါ်ထွက်လာလိမ့်မည် မဟုတ်ပါချေ။
လွန်ခဲ့သည့် နှစ်များ အတွင်း သွေး၊ ချွေး၊ မျက်ရည်တို့နှင့် ဆက်တိုက် လေ့ကျင့်ခဲံပြီး နောက်တွင် လင်းမင်မှာ မိန်းကလေး သုံးယောက်၏ ဝိညာယ် အော်ရာများကို သန့်စင်ကာ ကိုယ်ပိုင် အဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏ အတုအယောင် လောကနယ်မြေမှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးဖြင့် ဖန်တီးထားသည့် လောကနယ်မြေ တစ်ခုလိုမျိုး အစစ်နှင့် ကွာခြားခြင်း သိပ်မရှိလှတော့ချေ။
ကောင်းကင်တာအို၏ ကမ္မတန်ဖိုး ဖြတ်တောက်မှုမှာ လင်းမင်ကို ရှေးဟောင်း ရွေးချယ်ခံ ဂုဏ်ပုဒ်တွင်ပင် ရပ်တန့် သွားစေခဲ့ခြင်း မရှိပါချေ။ ၎င်းကို စဦး အခွင့်အရေး အဖြစ် အသုံးပြုကာ ပိုမို ခမ်းနားသည့် လမ်းကြောင်း တစ်ခုပေါ် တင်ပို့ ပေးခဲ့ခြင်း ဖြစ်သည်။
“သူကာကွယ်နိုင်လိုက်တယ်...”
ထိပ်သီး ကျင့်ကြံသူ တစ်ယောက်က အံ့သြစွာဖြင့် ရေရွတ်လိုက်၏။
“ဒါပေမဲ့ သူ ဘယ်လောက် ကြာကြာ ခုခံနိုင်မှာလဲ... စက္ကန့်ပိုင်းလား... ပြိုင်ဘက်က စလှုပ်ရှားတာနဲ့ သူ အဆုံးသတ် သွားမှာ သေချာတယ်... ဘာပဲ ဖြစ်ဖြစ် သူက အခုမှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်မှာပဲ ရှိသေးတာလေ...”
ဆွေးနွေးသည့် အသံများမှာ အရှိန်အဟုန်နှင့် ထွက်ပေါ်နေ၏။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လေးထောင့်ကွက် အတွင်းတွင်တော့ လင်းရှန်းရှဲ့မှာ လက်သီးကို ဖြူရော်သည် အထိ တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့မိ၏။ သူမ၏ ရွှေရောင် မျက်ဝန်းများက စင်မြင့်ထက်ရှိ ပုံရိပ်ကိုသာ မလွတ်စတမ်း စူးစိုက် ကြည့်နေခဲ့သည်။ သူ လုပ်နိုင်မည်လော။ သို့တည်း မဟုတ်... သူ သေဆုံး သွားမည်လော။
လင်းမင်မှာ အားလုံး၏ အကြည့်များကို ခံစားမိသည့်တိုင် ရန်သူကိုသာ အပြည့်အဝ အာရုံစိုက်ထား၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် နေထိုင်ခဲ့သည့် တစ်လျှောက်လုံး သူ မရေမတွက်နိုင်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အချိန်သခင်များနှင့်ပင် တိုက်ခိုက်ခဲ့ရသည်။
သို့သော်လည်း... ကြယ်တာရာ သခင် တစ်ယောက်ကိုတော့ သူ ဘယ်တုန်းကမှ ရင်မဆိုင်ခဲ့ဖူးသလို အနိုင်ယူရန်လည်း ယုံကြည်ချက် မရှိသေူပါချေ။ အထူးသဖြင့်... သူတို့၏ ကြယ်တာရာ အင်အားမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ရင်ဆိုင်နိုင်သည့် ဘောင်အပြင်ဘက်၌ တည်ရှိနေဆဲ ဖြစ်သည်။
“မစိုးရိမ်နဲ့... လူ့ဇာတိ ခံယူထားတဲ့ ဒီကောင်ကြီးမှာ ကြယ်တာရာ ခန္ဓာ မရှိဘူး... သူ့ စွမ်းအင်တွေက မညီညွှတ်ဘူး... ငါ မင်းနဲ့ ကူပြီး ကစားပေးမယ်....”
အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။ လင်းမင်၏ တစ်ကိုယ်လုံးကတော့ လောကနယ်မြေ၏ ဖိအားများကို ခုခံရင်း ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။ သူ၏ ချွေးထွက်ရသည့် အကြောင်းရင်းက ဖိအား ဒဏ်ကြောင့် မဟုတ်ပဲ အလွန် ပူသောကြောင့် ဖြစ်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အနီရောင် မြူနှင်းများ၏ ဝန်းရံမှုကို ခံနေရကာ အဘက်ဘက်မှ ဝိုင်း၍ လောင်မြိုက်နေသလို ခံစားနေရသည်။ သူ၏ လက်ရှိ ခန္ဓာကိုယ် အပူချိန်က ၂၀၀၀ ဒီဂရီ ဆဲစီးယပ်ပင် ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
အကယ်၍ မြင့်မားစွာ သန့်စင်ထားသည့် ခန္ဓာကိုယ် ကြောင့်သာ မဟုတ်ပါက သူက စတင်ကာ အရည်ပင် ပျော်နေလောက်ပြီ ဖြစ်သည်။
၂၀၀၀ ဒီဂရီ ဆဲစီးယပ် ဆိုသည့် အပူချိန်မှာ ကျင့်ကြံသူများ အတွက်ပင် ခုခံရန် ခက်ခဲသည့် အပူချိန်မျိုး ဖြစ်သည်။ ထို့အပြင်... ၎င်းက ရပ်တန့်ခြင်း မရှိသေးချေ။ ဆက်လက်၍ တိုးတက်နေတုန်း ဖြစ်သည်။
လင်းမင် အသက်ကို ပြင်းပြင်း ရှူကာ ရေခဲ ဒြပ်စင် အင်အားကို လှည့်ပတ်၍ ရေခဲ အခြေပြု အကာအကွယ် တစ်ခုကို ဖန်တီးလိုက်၏။ သို့သော်လည်း ၎င်းမှာ အပူချိန်ကို အပြီးတိုင် တားဆီးနိုင်ခြင်း မရှိပါချေ။ တစ်ခဏတာ နှောင့်နှေးစေရုံသာ တတ်နိုင်ခဲ့၏။ စက္ကန့်ဝက်မျှ အချိန်အတွင်းမှာပင် အပူချိန်က နောက်ထပ် တစ်ထောင်ခန့် အထိ မြင့်တက် သွားခဲ့ပြီ ဖြစ်လေသည်။
“ရန်သူက သူ့ကို အရည်ဖျော်ပစ်ဖို့ ကြိုးပမ်းနေတာပဲ...”
လူများမှာ ချက်ချင်းပင် နားလည် သဘောပေါက် သွားကြ၏။ ရန်သူမှာ လင်းမင်၏ လောကသံချပ်ကာကို ကျော်ဖြတ်ရန် လောကဖိအားထက် အပူချိန်ကို အသုံးပြုနေခြင်း ဖြစ်လေသည်။ ၎င်းက မီးဓာတ် အခြေပြု ကြယ်တာရာ အဆင့် ကျင့်စဉ် တစ်ခုပင်။
ဤသည်က စမ်းသပ်ပွဲတွင် ရန်သူမှာ ကြယ်တာရာ ကျင့်စဉ် တစ်ခုကို ပထမဆုံး အကြိမ် အဖြစ် စတင် အသုံးပြု လာခဲ့ခြင်း ဖြစ်သည်။ ရန်သူ၏ ချဉ်းကပ်မှုများကား ပြောင်းလဲ နေချေပြီ ဖြစ်သည်။
***