← Chapters

ကောင်းကင်၏ ရွေးချယ်ခံ (၃)

Vol. 73 Ch. 1020

ကောင်းကင်၏ ရွေးချယ်ခံ (၃)

Vol. 73 Ch. 1020

လင်းမင်၏ နယ်မြေမျိုးစေ့မှာ ရန်သူ၏ လောကဖိအားကို ခုခံရန် လုံလောက်သည့် လောက စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည့်တိုင် သူ၏ အတုအယောင် လောကနယ်မြေကတော့ ကြယ်တာရာ သခင်၏ ကြယ်တာရာ အင်အား အပါအဝင် အမျိုးမျိုးသော စွမ်းအင်များကို ခုခံရန် မလုံလောက်‌သေးချေ။ အပူချိန်သာ ဤအတိုင်း ဆက်လက် မြင့်တက်နေပါက မကြာခင် သူ အဆုံးသတ် သွားရတော့မည် ဖြစ်သည်။

နောက်ဆုံး၌ အသံ ပိုင်ရှင်မှာ စတင် လှုပ်ရှား လာခဲ့ပြီ ဖြစ်သည်။ လင်းမင်နဖူးမှ ကိုးရောင်ခြယ် အမှတ်အသားလေးမှာ အနီရင့်ရောင် အလင်းတန်းကို စတင် ထုတ်လွှတ်လာခဲ့၏။ အရှိန်အဟုန်နှင့် တိုးဝင် လာနေသည့် မီးစွမ်းအင်များမှာ ဧကရာဇ် တစ်ပါး၏ အမိန့်ပေးမှုကို ခံလိုက်ရသည့် အလား တုန်ရီသွားကာ ကိုးရောင်ခြယ် အမှတ်အသားလေးထံ အရှိန်အဟုန်နှင့် စီးဝင်တော့၏။

ဟူး... ဟူး...

သေမျိုး မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် လင်းမင်၏ ခန္ဓာကိုယ် အပူချိန်များမှာ ပြန်လည် လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

“ဟမ်...”

လင်းမင်၏ မျက်လုံးများမှာ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက် သွား၏။ ကိုးရောင်ခြယ် အစက်ကလေးမှာ မီးစွမ်းအင်များကို စုပ်ယူနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးချေ။ ၎င်းက မည်ကဲ့သို့သော ရတနာနည်း။ နောက်ပြီး... အသံပိုင်ရှင်ကရော မည်သူနည်း။

“ဘာငိုင်နေတာလဲ ကောင်လေးရ... မင်းရဲ့ ရန်သူကလည်း တို့လို ဒြပ်စင် ကျင့်ကြံသူ တစ်ယောက်ပဲ... ဘာမှ ကြောက်စရာ မလိုဘူး... အဲဒီကောင်ကို ဖိတိုက်ပြီး တို့ရှေ့မှာ ဦးညွှတ်ရအောင် ချပစ်လိုက်”

အသံပိုင်ရှင်က တိုက်တွန်းလိုက်ပြန်၏။ လင်းမင်မှာ အနည်းငယ် စိတ်ရှုပ်ထွေး နေမိသည့်တိုင် စဉ်းစားနေရန် အချိန် မရှိကြောင်း သိပေသည်။ အကယ်၍ ထိုကြယ်တာရာ သခင်ကိုသာ အနိုင်မတိုက်နိုင်ပါက... သူ့ တစ်သက်တာ ဂုဏ်သိက္ခာများ အဖတ်ဆည် ရတော့မည် မဟုတ်ချေ။

လင်းမင် မူလလှံတံကို လွှဲရင်း ကြမ်းပြင်ကို ဖနှောင့်နှင့် ပေါက်လိုက်၏။ ထို့နောက် အရှိန်အဟုန်နှင့် အတူ ရန်သူထံ တရကြမ်း တိုးဝင်သွားတော့သည်။

ဘုန်း...

လင်းမင်၏ လှုပ်ရှားမှုက မိုးကြိုးမုန်တိုင်း တစ်ခုအလား ပြင်းထန် မြန်ဆန်လှပေသည်။ စင်မြင့် တစ်ခုလုံးမှာ သူ့စွမ်းအား ‌အောက်တွင် ယိမ်းနွဲ့သွား၏။

“ကောင်းတယ်ဟေ့...”

အသံက ချီးကျူးဟန်ဖြင့် ထွက်ပေါ်လာ၏။ လင်းမင်က ထိုချီးကျူးမှု အပေါ် သာယာနေခြင်း မရှိပါချေ။ သူက မူလ ဒြပ်စင် အင်အားကို စုစည်းကာ လှံထံ ပို့လွှတ်လိုက်၏။ သူ၏ မီးခိုးရောင် မျက်ဝန်းများက အဖြူရောင် အလင်းတန်းများနှင့် ပြည့်နှက် သွားသည်။

တစ်ချိန်တည်းတွင်ပင် နဖူးထက်ရှိ အစက်မှာ ကိုးရောင်ခြယ် အလင်းတန်းများကို ထုတ်လွှတ် လာခဲ့၏။ ၎င်းတို့က လေထုထဲတွင်ပင် တစ်ခုတည်းသော အဖြူရောင် အလင်းတန်း အဖြစ် ပူးပေါင်း သွားခဲ့သည်။ လင်းမင်၏ အထက်တွင် ဝိညာဉ်ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းက အဖြူရောင် နေကြယ် တစ်ခု သဏ္ဌာန်ရှိကာ ဒြပ်စင် အလင်းတန်းများကို ထိန်းသိမ်းထားသည်။

စင်မြင့်တစ်ခုလုံးမှာ အဖြူရောင် အလင်းများဖြင့် ပြည့်နှက် သွား၏။ ရုတ်ချည်းပင်... စင်မြင့်ထက်ရှိ ဒြပ်စင် စွမ်းအင် အားလုံးမှာ လင်းမင်၏ ထိန်းချုပ်မှု အောက်သို့ ကျရောက်သွား၏။ အတွေးတစ်ချက်ဖြင့်ပင် ရှိရှိသမျှ စွမ်းအင်အားလုံးကို သူ အသုံးပြုသွားနိုင်ခဲ့ပြီ ဖြစ်သည်။

ဘုန်း... ဘုန်း...

တဒင်္ဂ အတွင်းမှာပင် ကြယ်တာရာ သခင်၏ ဒြပ်စင် စွမ်းအင်များမှာ သူ့ကို ပြန်လည် ဆန့်ကျင်လာခဲ့ကာ လောကဖိအားများကို တိုက်ခိုက်လာခဲ့၏။ ရန်သူ၏ လောကဖိအားများက ရုတ်ချည်း ပျောက်ကွယ်သွားသလို လင်းမင် ခံစားလိုက်ရသည်။

လင်းမင်မှာ ထိုအခွင့်အရေးကို လက်မလွှတ်ရဲပါချေ။ သူက ကြမ်းပြင်ကို ‌နောက်တစ်ကြိမ် ဖနှောင့်ဖြင့် ပေါက်ကာ အရှိန်ကို မြှင့်လိုက်၏။ နောက်ထပ် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကြယ်တာရာ သခင်နှင့် မီတာ ရာဂဏန်းခန့် အကွာကို သူ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထိုထက် ပိုမို၍တော့ သူ မချဉ်းကပ်ရဲသေးပါချေ။

မည်သို့ပင် ဆိုစေ ကြယ်တာရာ သခင်မှာ ကြယ်တာရာ သခင် တစ်ယောက် ဖြစ်နေသေးဆဲ ဖြစ်သည်။ ၎င်း၏ ‌လောကနယ်မြေက ဒြပ်စင် စွမ်းအင်တို့၏ နှောင့်ယှက်မှုကြောင့် ဖရိုဖရဲ ဖြစ်နေသည့်တိုင် ကြောက်မက်ဖွယ် ဝိညာဉ် အင်အားကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေသည်။

ဘုန်း...

ထင်မှတ်ထားသည့် အတိုင်းပင် ကြယ်တာရာ သခင်၏ မျက်လုံးများမှာ ဝိညာဉ် မီးတောက်များနှင့် ပြည့်နှက် သွားကာ လင်းမင်၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ ချက်ချင်းပင် စင်မြင့် တစ်ဝက်ခန့်မှာ အနီရောင် မီးတောက်များနှင့် ပြည့်နှက် သွားခဲ့ပြီ ဖြစ်သည်။

“...”

လင်းရှန်းရှဲ့နှင့် ပိုင်ယုရှီတို့၏ နှလုံးသားများမှာ တဒိန်းဒိန်း တုန်သွားခဲ့ကြလေ၏။

“သူက ကိုယ့်ကိုယ်ကို သတ်သေနေတာပဲ...”

ကြယ်တာရာ သခင် တစ်ယောက်က တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ လင်းမင်မှာ ကြယ်တာရာ သခင်ထံကို သူ့ဘာသာ တိုးဝင် သွားခြင်း ဖြစ်သည်။ တကယ်တမ်းဆိုလျှင်... သူ့အနေဖြင့် အမြန်ဆုံး အညံ့ခံလိုက်သင့်သည်။ ဘယ်လောက်တောင် မိုက်မဲလိုက်သနည်း။

ဝိညာဉ်မီးတောက်များမှာ သာမန် မီးတောက်များထက် အဆပေါင်းများစွာ ပိုမို ဆိုးရွားသည်။ ၎င်းတို့မှာ စိတ်၊ ခန္ဓာနှင့် ဝိညာဉ်တို့ကိုပင် သက်ရောက်နိုင်စွမ်း ရှိသည်။

သို့သော်လည်း... ကြယ်တာရာ သခင်မှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပါချေ။ သူက လက်ထဲရှိ စစ်ပုဆိန်ကို လွှဲကာ ပိုမို များပြားသည့် မီးတောက်များကို ထုတ်လွှတ်လိုက်၏။ စင်မြင့် တစ်ခုလုံးမှာ အလွန် ပြင်းထန်သော အပူရှိန်ကြောင့် အရည်ပျော်ကျတော့မယောင် ထင်ရသည်။ လူတိုင်းမှာ လင်းမင် ကျိန်းသေ သေတော့မည်ဟု စိတ်ထဲမှ တွေးလိုက်မိကြ၏။

ဘုန်း...

ထိုအခိုက်တွင်ပင် အလွန်တရာ တောက်ပလှသည့် ကိုးရောင်ခြယ် အလင်းတန်းများမှာ မီးတောက်များ အကြားမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းတို့က မိုင်ပေါင်းများစွာကို ဖြန့်ကျက်သွားကာ အလင်း နံရံများ အထိပင် ရောက်ရှိသွားကြသည်။

ဆန်းကြယ် ဒြပ်စင် နည်းလမ်း... လောကကိုးပါး တိုက်ခိုက်မှု..

ဘုန်း...

တည်ငြိမ်သော အမူအရာနှင့် ပုံရိပ် တစ်ခုမှာ အလင်းတန်းများ အကြားမှ တိုးထွက်လာကာ ကြယ်တာရာ သခင်၏ အရှေ့သို့ ရောက်ရှိသွား၏။ သူက လှံကို ဆုပ်ကိုင်ထားကာ ကြမ်းတမ်း ခက်ထန်သော အမူအရာနှင့် ရန်သူ၏ ရင်ဘတ်ကို ထိုးနှက် လိုက်လေသည်။

အချိန်သခင်၏ တုန့်ပြန်မှုကလည်း နှေးကွေးခြင်း မရှိချေ။ သူက ဒါဇင်နှင့် ချီသည့် တန်ပြန် တိုက်ခိုက်မှုများကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်လည်း သူ လှုပ်ရှားရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ် အလင်း တစ်ခုမှာ ခုနစ်ရောင်ခြယ် အစက်ထဲမှ ထွက်ပေါ်လာ၏။ ၎င်းက ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို စိမ့်ဝင် သွားသည်နှင့် တစ်ပြိုင်နက် အချိန်သခင်မှာ ရပ်တန့်သွား၏။

အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက ထိုအစီအရင်ကို ကျိန်းသေပင် မှတ်မိလိမ့်မည် ဖြစ်သည်။

ဝိညာဉ် ချိပ်ပိတ်ခြင်း...

မျက်တောင် တစ်ခပ်စာမျှ နှောင့်နှေးမှုက လင်းမင်၏ လှံတံကို ရန်သူ၏ ရင်ဘတ် အတွင်း ထိုးဖောက်သွားရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူက ကြယ်တာရာ သခင် အစစ် တစ်ယောက် မဟုတ်ချေ။ သူ့ထံတွင် ကြယ်တာရာ ခန္ဓာ မရှိချေ။

ဘုန်း...

အလွန် ပြင်းထန်သည့် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ ဝိညာဉ် မီးတောက်များနှင့် ကိုးရောင်ခြယ် အလင်းတန်းများက စင်မြင့်တစ်ခုလုံးကို ရောနှော သိမ်းပိုက်သွား၏။ သေမျိုး ကျင့်ကြံသူများ အတွက်တော့ ၎င်းက အလွန်တရာ လှပလှသည့် မြင်ကွင်း တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း မည်သူမှ ထိုအလှအပကို မခံစားနိုင်ချေ။

သူတို့ စိတ်နှင့် ဦးနှောက် နှစ်ခုစလုံးကို မေးခွန်း တစ်ခုတည်းက သိမ်းပိုက် စိုးမိုးထား၏။ ၎င်းက “သူ အောင်မြင်သွားခဲ့တာလား...” ဟူ၍ပင်။

ရှင်းလင်းတိကျသည့် အဖြေတစ်ခု ထွက်လာရန် အချိန် သိပ်မယူလိုက်ရပါချေ။ မီးတောက်နှင့် အလင်းများမှာ လျှင်မြန်စွာပင် ရှင်းလင်းသွားကာ မထိမခိုက် ရပ်နေသည့် လင်းမင်၏ ပုံရိပ် ထွက်ပေါ်လာခဲ့လေ၏။ သူ၏ မျက်နှာက တည်ကြည် ရဲရင့်မှု၊ ချောမော ခန့်ညားမှုတို့နှင့် ထပ်ဟပ်နေကာ မျက်လုံးများက အဆုံးစွန်သော ယုံကြည်မှုတို့ကို ထုတ်ဖော်ထားသည်။

“...”

အောက်ရှိ လူများကတော့ ကိုးရောင်ခြယ် အလင်းတန်းများ ဝန်းရံနေသည့် ပုံရိပ်ကို ကြည့်ကာ ဆွံ့အ နေမိကြ၏။ ထိုရုပ်သွင်ကို သူတို့ တစ်သက် မေ့နိုင်တော့မည် မဟုတ်သလို လင်းမင် ဆိုသည့် နာမည်မှာလည်း သူတို့၏ အသိစိတ် ပင်လယ်များထဲတွင် ထာဝရ စွဲထင် နေတော့မည် ဖြစ်သည်။

မြေဆွဲအား လွတ်‌မြောက်ခြင်းအဆင့် တစ်‌ယောက်က ကြယ်တာရာ သခင် တစ်ယောက်ကို အနိုင်ယူလိုက်ခြင်း... ထိုအရာက သမိုင်းဝင်မည့် မှတ်တမ်း တစ်ခု ဖြစ်သည်။ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့၏ တိုက်ပွဲပင်လျှင် လင်းမင်နှင့် ယှဉ်ပါက မှေးမှိန်သွားလိမ့်မည် ဖြစ်သည်။

လူတိုင်းမှာ ကောင်းကင်၏ ရွေးချယ်ခံ တစ်ယောက် မြင့်တက်လာသည်ကို မြင်တွေ့နေရသလို ခံစားလိုက်ရ၏။ ထိုလူငယ်လေးက မည်သူနည်း။ ထိုရှေးဟောင်း ရွေးချယ်ခံက မည်သူနည်း။

***

All Chapters