ဟယ်ယန်းလဲ့
Vol. 73 Ch. 1021
“ထိပ်သီး ရွေးချယ်ခံ တစ်ယောက်ရဲ့ အဆင့်အတန်း ဆိုတာက အဲဒါလား”
အံ့သြထိတ်လန့်မှုများက လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း၏ နှလုံးသားများကို လွှမ်းခြုံထား၏။ လူငယ် မျိုးဆက်က လူကြီး မျိုးဆက်ကို ကျော်တက်သွားပြီဟု သူတို့ လက်ခံ လိုက်မိကြသည်။ လာမည့် ခေတ်သစ် တစ်ခုကို သူတို့လို လူအိုကြီးများထက် လူငယ် မျိုးဆက်များကသာ အဓိပ္ပာယ် ဖွင့်ကြတော့မည် ဖြစ်သည်။
လင်းမင်မှာ လှံကို ပြန်လည် သိမ်းဆည်းလိုက်ကာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းထံ လှမ်းကြည့်လိုက်၏။ လင်းရှန်းရှဲ့နှင့် ပိုင်ယုရှီတို့ကို မြင်တွေ့လိုက်ရသော အခိုက်၌ သူ့မျက်ဝန်းများက ခံစားချက်များနှင့် ရစ်သိုင်း သွားသည်။ သူ တည်ငြိမ်သော ခြေလှမ်းများနှင့် အတူ ဟင်းလင်းပြင် ဂိတ်တံခါး ဆီသို့ လမ်းလျှောက် သွားလိုက်၏။
အဓိက ခန်းမမှာ သူ့ကို စောင့်ကြို နေချေပြီ ဖြစ်သည်။ ထို့အပြင်...အသံက မည်သည့် အရာ ဖြစ်သည်ကို သူ လေ့လာရပေဦးမည်။
လင်းမင် ဟင်းလင်းပြင် ဂိတ်တံခါးထဲကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည့်တိုင် ဆွေးနွေးမှုများက အရှိန်အဟုန်မြင့်ကာ ကျန်ရစ်နေဆဲ ဖြစ်သည်။
“သူက နယ်မြေမျိုးစေ့ကို ဖွဲ့စည်းဖို့ မတူညီတဲ့ နည်းလမ်း တစ်ခု သုံးသွားတယ်လို့ ပြောခဲ့တယ် မလား... အဲဒါက ဘာနည်းလမ်းလဲ ဆိုတာ ငါ သိချင်မိတယ်”
“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှေးဟောင်း ရွေးချယ်ခံနဲ့ ပတ်သက်တာ မှန်သမျှ ရှာလာခဲ့... သူက ခေတ်သစ်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်လာဖို့ သေချာ သလောက်ပဲ”
"ရှေးဟောင်း ရွေးချယ်ခံ... နာမည်နဲ့ လူနဲ့ ဘယ်လောက် လိုက်ဖက်လိုက်သလဲ... သူက ငါတို့လို လူဟောင်းတွေကို ဖုန်မှုန့်ထဲ ချန်ထားဖို့ မွေးလာခဲ့တဲ့လူပဲ”
ထိုအရာ အမှန်တကယ် ဖြစ်လာလိမ့်မည် ဟု မည်သူမှ မျှော်လင့် မထားခဲ့ကြချေ။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက်က ကြယ်တာရာ သခင် တစ်ပါးကို အနိုင်ယူခြင်း... မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
လူအုပ် အတွင်းရှိ တစ်နေရာတွင်တော့... မီးခိုးရောင် ဝတ်ဆင်ထားသည့် ပုံရိပ်မှာ သွေးရောင် မျက်လုံးများကို နောက်တစ်ကြိမ် ဖွင့်ကာ လင်းမင် ဝင်သွားသည့် ဂိတ်တံခါးကို လှမ်းကြည့်လိုက်၏။ ထိုအကြည့်ထဲ၌ လူတိုင်းကို ကြက်သီး ဖြန်းဖြန်း ထသွားစေနိုင်သည့် ရက်စက် ကြမ်ကြုတ်မှု တစ်ခု ပါနေခဲ့သည်။
“သနားစရာပဲ...”
သူက လင်းမင်၏ လျှို့ဝှက်ချက်ကို သိသည့် အလား အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ထို့နောက် သွေးရောင် မျက်လုံးများကို ပြန်လည် မှိတ်ကာ တိတ်ဆိတ်သွားတော့သည်။
...
အဓိက ခန်းမ အတွင်းတွင်တော့ စုမေ့၊ ရွှယ်ရီဖေး၊ ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့ အားလုံးမှာ လင်းမင်၏ အောင်မြင်မှုကို တိတ်တဆိတ် လေ့လာနေခဲ့ကြ၏။
“ကြယ်တာရာ သခင်ရဲ့ စွမ်းအားတွေက ဖိနှိပ်ခံထားရတယ်... ဘာလို့လဲ”
စုမေ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ တိုက်ပွဲအတွင်း၌ လောကဖိအားသာလျှင် မက၊ ကြယ်တာရာ သခင်၏ အခြား တိုက်ခိုက်ရေး စွမ်းအင်များမှာ လင်းမင် အပေါ် သက်ရောက်မှု မရှိသလောက် ဖြစ်သည်။ ယုတ်စွအဆုံး ဝိညာဉ် မီးတောက်များ ပင်လျှင် ထိခိုက်အောင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ထိုအရာက အနည်းငယ် ထူးဆန်းနေသလို သူမ ခံစားရ၏။
“ဝိညာဉ် အကာအကွယ် တစ်ခုများလာ...”
နာ့ရှင်းရီ၏ လှပသော မျက်ဝန်းများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေ၏။ ဝိညာဉ် အကာအကွယ် ဆိုသည်မှာ ဝိညာဉ် ကျင့်စဉ်များ၊ အစီအရင်များ၏ တိုက်ခိုက်မှုများကို အတိုင်းအတာ တစ်ခု အထိ ခုခံနိုင်အောင် ဖန်တီးထားသည့် ရတနာများ ဖြစ်သည်။ ၎င်းက ထိပ်သီး ဂိုဏ်းကြီးများတွင်ပင် ရှားပါးပေသည်။
“ကျွန်မ အထင် အဲဒါက အင်ပါယာ ကောင်းကင် အော်ရာနဲ့တောင် ပိုတူနေသလိုပဲ”
ဝူပိုင်ကျိုးက မေးစေ့ကို ပွတ်သပ်ရင်း ဆိုလိုက်၏။
“ဟုတ်တယ်... ဟုတ်တယ်...”
နာ့ရှင်းရီက ဝူပိုင်ကျိုး၏ အဆိုကို ပြန်လည်၍ ထောက်ခံလိုက်သည်။ သူတို့ နှစ်ယောက်စလုံးမှာ လုံချန်၏ အင်ပါယာ ကောင်းကင် အော်ရာနှင့် အလွန် ရင်းနှီးကြသူများ ဖြစ်သည်။ လင်းမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဖိနှိပ်ခြင်း စွမ်းအားမှာ အင်ပါယာ ကောင်းကင် အော်ရာ၏ စွမ်းရည်များနှင့် အတော်လေး ဆင်တူပေသည်။
မကြာခင်မှာပင် လင်းမင်မှာ အဓိက ခန်းမထဲကို ဝင်လာခဲ့ကာ များလှစွာသော အော်ရာများကို တွေ့လိုက်ရ၏။ ရွှေရောင်ဖျာများထက်၌ ထိုင်နေသည့် မိန်းကလေး လေးယောက်ကို တွေ့လိုက်ရသော အခိုက်၌ လင်းမင်၏ နှလုံးသားက အနည်းငယ် ခုန်သွားခဲ့သည်။ သူတို့ အနားတွင်တော့ ငါးခုမြောက် ဖျာတစ်ခုကို သူ တွေ့လိုက်ရ၏။ ၎င်းက သူ့အတွက် ဖြစ်ကြောင်း ရှင်းလင်းပေသည်။
ထိုအခိုက်တွင်ပင် ပုံရိပ်ယောင် မျက်နှာပြင်ထက်၌ နောက်ထပ် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့၏ အမူအရာများက ပြောင်းလဲ သွားကြလေသည်။
...
စင်မြင့်ထက်၌ နောက်ထပ် စိန်ခေါ်သူ တစ်ယောက် ထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်သည်။ သည်တစ်ကြိမ် စိန်ခေါ်သူကလည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ ဖြစ်သည်။ ထို့အပြင်... ၎င်းက တော်ဝင်ကလန် တစ်ခုမှ ဖြစ်၏။
“ဟယ်မျိုးနွယ်ရဲ့ ရွေးချယ်ခံ... အသက် ၁၀၄... ကျင့်ကြံခြင်း အခြေခံ... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... အသုံးပြုခဲ့တဲ့ ဆေးလုံး...ထာဝရ နယ်မြေ... ရန်သူအဆင့်... အဆင့်နိမ့် အချိန်သခင်”
“တော်ဝင် ကလန်တွေ စပြီး လှုပ်ရှားနေပြီ”
အဆုံးမဲ့ ကောင်းကင်မှ လူများမှာ စိတ်လှုပ်ရှား သွားကြသည်။ လက်ရှိ အချိန်ထိ စိန်ခေါ်သူ အများစုမှာ နာမည် မရှိသည့် ဂိုဏ်းများ၊ အင်အားစုများမှ ဖြစ်သည်။ လင်းမင်သာလျှင် တစ်ဦးတည်းသော ချွင်းချက် ဖြစ်သည်။
သူတို့၏ အထက် စင်မြင့်ထက်တွင်တော့ အစိမ်းရောင် ဆံပင်များနှင့် ချောမောသည့် လူငယ်လေး တစ်ယောက်မှာ အပြုံးစစနှင့် မတ်တပ်ရပ် နေခဲ့၏။ သူ၏ မျက်လုံးများက ပြာလွင်နေကာ သမုဒ္ဒရာ တစ်စင်း၏ လေးနက်မှုများကို သယ်ဆောင်ထားသည်။
“ဟယ်ယန်းလဲ့...”
လူအုပ် အတွင်းရှိ ချောမောသည့် မိန်းကလေး တစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမက မင်မျိုးနွယ်၏ ရွေးချယ်ခံပင် ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက သူမကို ချက်ချင်းတန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။ သူမက မိစ္ဆာစစ်ပွဲ လောကနယ်မြေမှ လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေး တစ်ဖြစ်လည်း မင်ယုလင်ပင် ဖြစ်လေသည်။
ထိုနှစ်များတုန်းက ဟယ်ယန်းလဲ့နှင့် ထန်ရှင်းယွင်တို့မှာ ဝေ့ဝူယင်၊ လင်းမင်တို့နှင့် အတူ ဒြပ်စင် ပြိုင်ပွဲ၏ ရွေးချယ်ခံများ ဖြစ်လာကြသည်။ အကယ်၍ ဝေ့ဝူယင်ကြောင့်သာ မဟုတ်ပါက... မင်ယုလင်မှာလည်း အထွတ်အထိပ် အဆင့် ရည်ရွယ်ချက်နှင့် အတူ တော်ဝင် သမီးတော် ရာထူးကို ရရှိပြီး ဖြစ်လောက်သည်။
“သူ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး...”
မင်ယုလင်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ မိစ္ဆာစစ်ပွဲ လောကနယ်မြေမှ ထွက်ခွာပြီး ကတည်းက ဟယ်ယန်းလဲ့၏ အောင်ပွဲသတင်းများကို သူမ ကြားမိပေသည်။
ဟယ်ယန်းလဲ့ အကြောင်းကို သူမ ကောင်းကောင်း သိပေသည်။ သူက သာမန် ပါရမီရှင် တစ်ယောက် ဆိုသည့် ဝေါဟာရထက် ပိုမို၍ ထူးချွန်သူ မဟုတ်ချေ။
သူက အသက်တစ်ရာ မပြည့်ခင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့်တိုင် မိသားစု နောက်ခံကြောင့်သာ ဖြစ်သည်။ ဟယ်မိသားစုမှာ သူ့ကို ကွင်းကိုးကွင်း၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခု၊ အဖြူရောင် မူလ အလင်းတို့ ရရှိအောင် အဖက်ဖက်မှ ဝိုင်းဝန်း ပံ့ပိုး ပေးခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် ငွေကြေးများစွာ ကုန်ကျခံကာ ဒြပ်စင် ကျင့်ကြံသူများ အတွက် သင့်လျော်သည့် မိစ္ဆာ စစ်ပွဲ လောကနယ်မြေကို ပို့ဆောင် ပေးခဲ့သည်။ သူတို့က သူ အောင်မြင်ရေး အတွက် လုပ်နိုင်စရာ ရှိတာ အကုန် လုပ်ပေးခဲ့ပေသည်။
သို့သော်လည်း... မိစ္ဆာ စစ်ပွဲ လောကနယ်မြေမှ ပြန်ရောက်ပြီး နောက်တွင်တော့ ဟယ်ယန်းလဲ့၏ ပါရမီမှာ လုံးဝ ပြောင်းလဲ သွားခဲ့သည်။ သူက ဟယ်မျိုးနွယ် အတွင်းရှိ ထိပ်သီး ပါရမီရှင်များကိုပင် အနိုင်ယူကာ အထွတ်အထိပ် အဆင့်ကို တက်လှမ်းခဲ့သည်။ ထို့နောက် သုံးနှစ် အတွင်းမှာပင် ဟယ်မျိုးနွယ် မြေကြီး ရှန့်ထို၏ တပည့် ဖြစ်လာခဲ့သည်။ အိမ်ကို ပြန်ရောက်ပြီးနောက် သူ၏ ပြောင်းလဲသွားမှုက အံ့မခန်းပင်။
...
အဓိက ခန်းမ အတွင်းတွင်တော့ နာ့ရှင်းရီနှင့် ဝူပိုင်ကျိုးတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက သုန်မှုန်မှုများနှင့် ပြည့်နှက်နေသည်။
အဘယ်ကြောင့်နည်း။ ဟယ်ယန်းလဲ့ထံမှ သူတို့ အလွန်အမင်း ရင်းနှီးသည့် အော်ရာ တစ်ခုကို ခံစားနေရသောကြောင့်ပင်။
“မမယု...”
ပြုံးရွှင်သည့် မျက်နှာနှင့် သဘောကောင်းသည့် ထိုမိန်းကလေးကို သူမတို့ ကောင်းစွာ မှတ်မိနေသေးဆဲ ဖြစ်သည်။ လျဲ့ယုနှင့် သူတို့မှာ အလွန်ပင် နီးစပ်ခဲ့ကြသည်။ တစ်ခုတင်ထဲ သူတို့ အတူ အိမ်ဖူးသည်။ အတူ ရေချိုးဖူးသည်။ လုံချန်၏ စွန့်စားခန်းများ အပေါ် သူတို့ အတူတကွ စိတ်ပူဖူးသည်။ သူမ၏ အော်ရာကို သူတို့ မည်ကဲ့သို့ မေ့နိုင်ပါမည်နည်း။
လုံချန်နှင့် အတူ လျှို့ဝှက် နယ်မြေထဲ ဝင်သွားကတည်းက လျဲ့ယု၏ သတင်းကို သူတိ့ မကြားရတော့ခြင်း ဖြစ်သည်။ လုံချန် သေသွားသည့် သတင်းကို သူတို့ ကြားမိသော်လည်း... လျဲ့ယု သေသည် ရှင်သည်ကိုတော့ ယခုတိုင် မသိရသေးချေ။
ယခု... စင်မြင့်ထက်၌ စိန်ခေါ်နေသည့် ပုဂ္ဂိုလ်၏ အော်ရာက လျဲ့ယုနှင့် အလွန်အမင်းကို တူညီနေသည်။ သူတို့ နှစ်ယောက်က တူညီသည့် ကျင့်စဉ် တစ်ခုတည်းကို ကျင့်ကြံထားခြင်းလော။
ဘာကြောင့်မှန်း မသိ...။ စင်မြင့်ထက်ရှိ ပုံရိပ်ကို ငေးကြည့်ရင်း မိန်းကလေး နှစ်ယောက်မှာ ထိုင်းမှိုင်းကာ လေးပင်သည့် ခံစားချက် တစ်ရပ်ကို ခံစားလိုက်ရလေ၏။
***