ဟယ်ယန်းလဲ့ (၂)
Vol. 73 Ch. 1022
“နင်တို့ ဘာဖြစ်လို့လဲ...”
ရွှယ်ရီဖေးမှာ မိန်းကလေး နှစ်ယောက်ထံမှ ခံစားချက် အပြောင်းအလဲများကို ခံစားမိလေရာ အံ့သြသွားခဲ့၏။ ဝူပိုင်ကျိုးက ရွှယ်ရီဖေးဘက်သို့ တစ်ချက် လှည့်ကြည့်ကာ ခေါင်းခါပြလိုက်သည်။
“ဟင်းအင်း... မသိဘူး... ဒါပေမဲ့ ငါ့စိတ်က နာကျင်နေသလိုပဲ”
မိန်းကလေး၏ အသံက အနည်းငယ် တုန်ရီနေ၏။ တစ်ချိန်တည်း၌ နာ့ရှင်းရီက သူမ၏ လက်သီးကလေးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ အဘယ်ကြောင့်မှန်း မသိ ဟယ်ယန်းလဲ့ကို ကြည့်မိတိုင်း သူတို့၏ အမုန်းတရားက ပိုမို၍ ကြီးထွားလာနေသလို ခံစားရသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဟယ်ယန်းလဲ့မှာ ပါရမီရှင်များထဲတွင်ပင် ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူက စင်မြင့်ထက်၌ နေရာယူကာ အဆင့်နိမ့် အချိန်သခင်နှင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင် နေခဲ့ပြီ ဖြစ်သည်။
အတုအယောင် လောကနယ်မြေဖြင့် ဖန်တီးထားသည့် သူ၏ လောကသံချပ်ကာက မခိုင်မာသည့်တိုင် သူ့ထံတွင် ထူးဆန်းသည့် ရေဒြပ်စင် အကာအကွယ် တစ်ခု ရှိပေသည်။ အသွင်ပြောင်းလဲခြင်းရေ ရည်ရွယ်ချက်၊ လောက စွမ်းအားတို့၏ ပေါင်းစပ်မှု အောက်တွင် ရန်သူ အချိန်သခင်၏ လောကဖိအားမှာ သူ့အပေါ် သက်ရောက်မှု မရှိသလောက် ဖြစ်သည်။
မည်သို့ပင် ဆိုစေ... ကျင့်ကြံခြင်း အခြေခံ ခြားနားမှုကြောင့် တိုက်ပွဲက အတော်လေး ပြင်းထန်ခဲ့သည်ဟု ဆိုရပေမည်။ ပြိုင်ဘက် အချိန်သခင်မှာ သတ္တု အင်အားနှင့် အတူ ဓားပျံများကို သုံးကာ ဖိနှိပ်ဖို့ ကြိုးပမ်းခဲ့ပြီး ဟယ်ယန်းလဲ့ကတော့ သိမ်မွေ့သည့် ရေအင်အားကို သုံးကာ ခုခံခဲ့သည်။ သူက ရေမြွေကြီး ကိုးဆယ့် ကိုးကောင်ကိုပင် ဖန်တီးကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။ ဓားပျံများ အောက်၌ ရေမြွေများမှာ တစ်ကောင်ပြီး တစ်ကောင် သေဆုံးခဲ့သည့်တိုင် ၎င်းတို့က အဆုံး မရှိသည့် အလား ပြန်လည် မွေးဖွားကာ အဆက်မပြတ် ဝါးမြိုဖို့ ကြိုးပမ်းခဲ့သည်။
ဟယ်ယန်းလဲ့၏ တိုက်ပွဲမှာ တိုက်ကွက် အနည်းငယ် အတွင်း ပြီးဆုံး မသွားခဲ့သည့် ပထမဆုံးသော တိုက်ပွဲ ဖြစ်ပေသည်။
“သူ့ရေအင်အားထဲမှာ နဂါး အော်ရာ တစ်ခု ပါနေသလိုပဲ...”
ရွှယ်ရီဖေးက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ ၎င်းက ရေမြွေများထဲ၌ ကိန်းအောင်း နေခြင်း ဖြစ်ကာ ရန်သူ၏ တိုက်ခိုက်မှုတိုင်းကို တားဆီးနေခဲ့ခြင်း ဖြစ်သည်။
သူတို့ ကြည့်နေစဉ် အတွင်းမှာပင် အဆင့်နိမ့် အချိန်သခင်မှာ တိုက်ကွက်ကို စတင် ပြောင်းလဲ လာခဲ့သည်။ ၎င်းက ဟယ်ယန်းလဲ့ အနားသို့ ချည်းကပ်ကာ အနီးကပ် တိုက်ပွဲ တစ်ခု ဆင်နွှဲရန် ကြိုးပမ်း လိုက်ခြင်းပင် ဖြစ်၏။ ဟယ်ယန်းလဲ့မှာ ထိုအပြောင်းအလဲကြောင့် ထိတ်လန့် သွားခြင်း မရှိပါချေ။ သူက ကွင်းကိုးကွင်း ဝိညာဉ် ဆင်းတုနှင့် ဆက်သွယ်ကာ ကြောက်မက်ဖွယ် ပုံရိပ် တစ်ခုကိုသာ ဆင့်ခေါ်လိုက်၏။
ရွှီး...
၎င်းက ရေနေ အမျိုးအစား မြွေတစ်ကောင်ပင် ဖြစ်သည်။ ချက်ချင်းပင် စင်မြင့် တစ်ခုလုံးမှာ လေချွန်သံများနှင့် ပြည့်နှက် သွားကာ ဟယ်ယန်းလဲ့၏ စွမ်းအားမှာလည်း တိုးမြှင့် သွား၏။
ထို့နောက် သူတို့ နှစ်ယောက်မှာ အလွန် ကြမ်းတမ်း ခက်ထန်သည့် အနီးကပ် တိုက်ပွဲကို ဆင်နွှဲတော့သည်။ ထိုတိုက်ပွဲမှာ အားလုံးထဲ၌ ဖျော်ဖြေမှု အပေးနိုင်ဆုံး တိုက်ပွဲပင် ဖြစ်ကာ အချိန်သခင် ဝါးမြိုခံလိုက်ရခြင်းဖြင့် အဆုံးသတ် သွားခဲ့သည်။
“ဟယ်ယန်းလဲ့က ဘာလို့ ဒီလောက် အစွမ်းထက်လာတာလဲ...”
ထိုအရာက လူငယ်မျိုးဆက်တိုင်း၏ စိတ်ထဲ၌ ပေါ်လာနေသည့် မေးခွန်း ဖြစ်ပေသည်။ သူတို့ ဟယ်ယန်းလဲ့ကို ကောင်းကောင်း သိပေသည်။ လူငယ်ပြိုင်ပွဲများ၌လည်း ထိုဟယ်မျိုးနွယ်နှင့် သူတို့ ရင်ဆိုင်ဖူးသည်။ သူတို့ သိထားသည့် ဟယ်ယန်းလဲ့က ကျင့်ကြံခြင်း အဆင့်နှစ်ခုကို ကျော်တိုက်နိုင်သည် အထိ အစွမ်း မထက်ချေ။ မိစ္ဆာ စစ်ပွဲ လောကနယ်မြေသို့ ဝင်ရောက်သည့် အတွင်း သူက မည်ကဲ့သို့ ကံကောင်းမှုမျိုးကို ရရှိခဲ့သနည်း။
“...”
ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့၏ အမူအရာများက နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။
ဟယ်ယန်းလဲ့ တစ်ယောက် မည်ကဲ့သို့ အနိုင်ရသွားခဲ့သည်ကို သူတို့လည်း တွေးမရကြချေ။ ကိုယ်တိုင် ရင်ဆိုင်ခဲ့ဖူးသူများ အနေဖြင့် အချိန်သခင် တစ်ယောက် မည်မျှ အစွမ်းထက်ကြောင်း သူတို့ သိပေသည်။ အချိန်သခင် တစ်ယောက်၏ စွမ်းအင် ရင်းမြစ်မှာ လောကသခင်များထက်ပင် အဆတစ်ရာခန့် ပိုမို များပြားလှသည်။ အကယ်၍ သင့်ထံတွင် ပိုမို အားကောင်းသည့် နည်းလမ်းများ ရှိလျှင်ပင် သူတို့နှင့် အချိန်ဆွဲ၍ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းရင်းကြောင့်ပင် မိန်းကလေး နှစ်ယောက်မှာ တိုက်ပွဲကို အလျှင်အမြန် အဆုံးသတ်ဖို့ အလျင် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ လင်းမင်သည်လည်း အလားတူပင်။
သို့သော်လည်း... ဟယ်ယန်းလဲ့ကတော့ အဆုံးအစမဲ့ စွမ်းအင် ရင်းမြစ်ကို ပိုင်ဆိုင်ထားသည့် အလား အချိန်သခင်ကို အချိန် အကြာကြီးတိုက်ခိုက်သွားခဲ့သည်။ နောက်ဆုံး အချိန်သခင် ကိုယ်တိုင် ပင်ပန်း နွမ်းနယ်ကာ စွမ်းအင် ရင်းမြစ် ကုန်ဆုံးခါနီး အထိ ရောက်ရှိခဲ့သည်။ ထိုအချိန်ကျခါမှ သူက အသာစီး ဖိတိုက်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
“သူက ခန္ဓာကိုယ် အတွင်းပိုင်းမှာ စွမ်းအင် လှောင်ကန်ကြီးတစ်ခုနဲ့ ထိတွေ့ထားတယ်... အဲဒီ လှောင်ကန်ကပဲ သူ့စွမ်းအင်တွေကို ပြန်ဖြည့်ပေးနေတာ”
စုမေ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ထိုအရာက မည်ကဲ့သို့ ရင်းမြစ် ဖြစ်သည်ကိုတော့ သူမလည်း စဉ်းစား မရပါချေ။
“ကောင်းလိုက်တဲ့ အမြင်... ဒါကြောင့်ပဲ ပထမဆုံး အောင်မြင်တဲ့သူ ဖြစ်လာတာ”
ကျယ်လောင်သည့် အသံ တစ်ခုမှာ အဓိက ခန်းမ အတွင်း ထွက်ပေါ်လာ၏။ စုမေ့နှင့် အခြားလူများမှာ ခေါင်းများကို မော့ကာ လေထဲရှိ ပလ္လင်များကို ကြည့်လိုက်ကြသည်။ ၎င်းတို့က အဓိက ခန်းမ အတွင်း လွတ်လပ်စွာ ဝဲပျံနေကြကာ စမ်းသပ်ပွဲကို ကြည့်ရှု နေကြ၏။
သို့သော်လည်း... ပလ္လင်များ၏ တည်နေရာက မြေပြင်နှင့် အလွန် အလှမ်း ကွာဝေးလွန်းလှလေရာ စုမေ့တို့မှာ သူတို့၏ မျက်နှာများကို မမြင်နိုင်ကြပါချေ။ သို့သော်လည်း ပလ္လင် တစ်ခုချင်းစီကို မြေကြီး ရှန့်ထိုနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များက ပိုင်ဆိုင်ကြောင်းကိုတော့ သူတို့ သိကြပေသည်။
စုမေ့၊ နာ့ရှင်းရီ၊ ဝူပိုင်ကျိုး၊ ရွှယ်ရီဖေးနှင့် လင်းမင်တို့၏ မျက်လုံးများက ရေစွမ်းအင်များဖြင့် ဝန်းရံနေသည့် ပလ္လင် တစ်ခုီသို့ အရောက်၌ ရပ်တန့် သွားကြ၏။ ထိုပလ္လင်၏ အောက်ခြေ၌ ”ဟယ်” ဆိုသည့် စကားကို ရေးသားထားကြောင်း သူတို့ အားလုံး မြင်နိုင်ပေသည်။
ဟယ်...
ထိုစကားလုံးက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ တော်ဝင် ဟယ်မျိုးနွယ်၏ မြေကြီး ရှန့်ထိုကို ကိုယ်စားပြုပေသည်။
“ကျုပ် တပည့် ဟယ်ယန်းလဲ့က ဒီမျိုးဆက်ရဲ့ ထိပ်သီး ပါရမီရှင် တစ်ယောက်ပဲ... ခေတ်သစ်မှာ သူက ဦးဆောင် ပုဂ္ဂိုလ် ဖြစ်လာမှာ သေချာတယ်... ဟဟ...”
ဟယ်မျိုးနွယ် မြေကြီး ရှန့်ထိုက ဂုဏ်ယူသည့် လေသံဖြင့် ရယ်မောရင်း ပြောလိုက်၏။
“သူက ကံကောင်းရုံတင်ပါကွာ... အဲဒီ ကံကောင်းမှုတွေက ဘယ်အချိန် ရပ်တန့်သွားမယ် ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ”
အခြား ပုဂ္ဂိုလ် တစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။ သို့သော်လည်း... ထိုမလိုမုန်းထား စကားလုံးများက ဟယ်မျိုးနွယ် မြေကြီးရှန့်ထို၏ ပျော်ရွှင်မှုကို ဖျက်ဆီးနိုင်စွမ်း မရှိပါချေ။
“ဒီမယ် ကိုယ့်လူ... မဟာလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆိုရင် ကံကောင်းဖို့ လိုတာ မင်း မသိတာလား... ဟဟ... ကြည့်ရတာ ငါ ပြန်သင်ပေးရတော့မှာပဲ”
သူတို့ စကားပြောနေသည့် တစ်ချိန်တည်းတွင်ပင် ဟယ်ယန်းလဲ့မှာ ပရိသတ်ကို ဝှေ့ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ဂုဏ်ယူမှု၊ ဝင့်ကြွားမှု၊ မာန်တက်မှုတို့နှင့် ပြည့်နှက်နေသည်။
ယခုဆိုလျှင်... သူ ရွေးချယ်စရာ နတ်မိမယ် စာရင်းဝင် မည်ရွေ့မည်မျှ ရှိနေမည်ကို မည်သူ သိနိုင်ပါမည်နည်း။ ညီလာခံပြီးလျှင် ဘယ်လောက်များများက သူ့ကို လာရှာတော့မည်နည်း။ ဤသည်က သူ့ခေတ်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။
ဂိတ်တံခါး ရှိရာသို့ လျှောက်လှမ်းရင်း ဟယ်ယန်းလဲ့၏ ရင်က တဒိတ်ဒိတ် ခုန်လာခဲ့လေတော့၏။
...
အချိန်များက တရွေ့ရွေ့ ရွေ့လျားနေခြင်းနှင့် အတူ မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ ဆက်လက် ဖြစ်ပွား နေခဲ့လေသည်။
လင်းမင်၊ ဟယ်ယန်းလဲ့တို့၏ အောင်မြင်မှုများ အပြီးတွင် လူများမှာ ပိုမို တက်ကြွ လာခဲ့ကြကာ စိန်ခေါ်သူများစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့ထဲမှ အများစုက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ အဆင့်နိမ့် ကလန် လေးခုမှ ဖြစ်ပေသည်။
“မင်မျိုးနွယ်ရဲ့ ရွေးချယ်ခံ... အသက် ၁၂၃... ကျင့်ကြံခြင်း အခြေခံ... ကြယ်တာရာ အမြုတေ အဆင့်ငါး... စိန်ခေါ်မှု ပုံစံ... ထာဝရ နယ်မြေ ဆေးလုံး... ရန်သူအဆင့်... လောကသခင် အဆင့်မြင့်”
"ပင်းမျိုးနွယ်ရဲ့ ရွေးချယ်ခံ... အသက် ၈၃ နှစ်... ကျင့်ကြံခြင်း အခြေခံ... ကြယ်တာရာ အမြုတေ အဆင့်လေး... စိန်ခေါ်မှု ပုံစံ... ထာဝရ နယ်မြေ ဆေးလုံး... ရန်သူအဆင့်... လောကသခင် အဆင့်နိမ့်”
“ထန်မျိုးနွယ်ရဲ့ ရွေးချယ်ခံ... အသက် ၁၀၄... ကျင့်ကြံခြင်း အခြေခံ... ကြယ်တာရာ အမြုတေ အဆင့်ခြောက်... စိန်ခေါ်မှု ပုံစံ... ထာဝရ နယ်မြေ ဆေးလုံး... ရန်သူအဆင့်... အဆင့်နိမ့် အချိန်သခင်”
***