ဖျက်သိမ်းမှု
Vol. 107 Ch. 4.1115
လုရွှမ် သိုလှောင်လက်စွပ်တွေကို ဖယ်လိုက်ပြီး။
"ငါသိပါတယ် မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကိုပဲ ငါမယုံတာ... ဒီချီထျန်းပုက မင်းရနိုင်တဲ့ အရာမဟုတ်ဘူး ငါက သူ့ရဲ့ ရင်းမြစ်နဲ့ ဘယ်နေရာကလာတယ် ဆိုတာကို သိချင်တာ"
ရွှီတ လုရွှမ်ကို ခဏလောက် စိုက်ကြည့်နေခဲ့ရာ လုရွှမ်၏ မျက်လုံးများသည် ဒေါသ အရိပ်အယောင် မရှိဘဲ တိတ်ဆိတ်နေသည်။ ရွှီတ နားမလည်နိုင်စွာပင် သူ့နှလုံးသားထဲတွင် ရေခဲချွန်တွေ ဝင်လာသလို ခံစားလာရ၏။ ခဏလောက် ရုန်းကန်ပြီးနောက် ကြောက်ရွံ့မှုက သူ့အလိုလို ပေါ်လာသည်။
ရွှီတ လှုပ်ရှားလိုက်သည်။ သူက ကြက်ဥအရွယ်အစားလောက် ကြီးမားပြီး အနက်ရောင် အနည်းငယ်ရှိသော ကျောက်တုံးငယ်ကို ထုတ်ယူလိုက်သည်။ ၎င်းပုံစံက လုံးဝန်းကာ အချိန်ကြာမြင့်စွာ ပိုင်ဖြတ်ခံထားရသလို သို့မဟုတ် ရေထွက်နေသော ကျောက်စရစ်ခဲများကဲ့သို့ စုစည်းထားသလိုပင်။
"ကျောက်တုံး?"
ကျောက်အာ့မှာ မထိန်းနိုင်ဘဲ ထအော်မိသွားပြီး သူတကယ်ကို အံ့သြလွန်းလို့ ဆွံ့အသွားလေသည်။ ရွှီတကို စိုးရိမ်တကြီးနဲ့ ဒေါသတကြီးကြည့်ရင်း သူ့ရင်ထဲမှာ ငြီးညူနေမိသည်။ အခုအချိန်က အသက်ကို ကယ်တင်ရမယ့်အချိန် မဟုတ်ဘူးလား။
သူတို့နဲ့ မခွဲနိုင်လောက်အောင် ရှားပါးလွန်းတဲ့ တခြားရတနာတွေရှိရင် အမြန်ထုတ်ပြီး ပေးလိုက်ရင် လုရွှမ်က သေချာပေါက် သူတို့ကိုလွှတ်ပေးမှာပဲ။ ကျန်းစန်းနဲ့ ယွမ့်ချောင်ချင်တို့ဟာလည်း ရွှီတရဲ့လက်ထဲက ကျောက်တုံးကို အံ့သြစွာကြည့်ရင်း သူတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပါ၏။
ဒါက သရော်မှုတစ်ခုလား။
လုရွှမ်ကို တကယ် မျက်လုံးထဲ မထည့်ထားသလို ဆက်ဆံနေတာလား။
သူတို့သုံးယောက်ဟာ သူတို့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ကျောက်တုံးပေါ်မှာ တစ်ခုခု တည်ရှိနေသလား ရှာဖွေဖို့ ကြိုးစားခဲ့ကြပေမယ့် ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ရိုးရိုးသာမန် ကျောက်တုံးတစ်တုံးမျှသာ ဖြစ်ပုံရသည်။
ရွှီတမှလွဲ၍ လူတိုင်းသည် လုရွှမ် ဒေါသထွက်သောအခါ သူတို့ကို စပျစ်နွယ်ပင်များလို သတ်ပစ်မည်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်နေကြသည်။ သို့သော် လုရွှမ်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာကာ လူတိုင်း အံ့အားသင့်နေချိန်၌ ကျောက်တုံးကို ယူကာ ဖယ်ထုတ်လိုက်သည်။
"ကောင်းပြီ ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ် ဆေးနည်းနည်းတော့ ယူထားလိုက်!"
စကားပြောပြီးနောက် လုရွှမ် လှည့်၍ မဆိုင်းမတွ ထွက်သွားလေသည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူတို့လေးယောက်က လုရွှမ်က ထွက်သွားပြီး ခွင့်လွှတ်ပေးခဲ့တာကို မယုံနိုင်လောက်အောင် ဖြစ်နေတုန်းပါပဲ။
"အင်း ငါနားလည်ပါတယ် စတုတ္ထလေးက လူတိုင်းရဲ့ ဆက်ဆံရေးဟောင်းကို ဂရုစိုက်နေတုန်းပဲ ဒါကြောင့်....."
ရွှီတ အေးစက်စွာ စိုက်ကြည့်လိုက်တဲ့အခါ ကျောက်အာ့လည်း ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ပိတ်လိုက်လေသည်။
"သွားမယ်!"
ရွှီတ အဂ္ဂိရတ်ဆေးကို မျိုချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ တစ်လှမ်းနှစ်လှမ်း လျှောက်ပြီးတဲ့အခါ ရုတ်တရက် လှည့်ပြီး အော်ပြောလိုက်ပြန်၏။
"ဒါနဲ့ မင်းမသေချင်ဘူးဆိုရင် ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူမှ မပြောသင့်ဘူး!"
ကျောက်အာ့နဲ့ ကျန်းစန်းတို့က ရွှီတ၏ ဦးဆောင်မှုနောက် သဘာဝအတိုင်း လိုက်လုပ်ကြသည်။ အစ်ကိုကြီး ဒီလောက် သတိထားနေတာကို မမြင်ဖူးခဲ့တာကြောင့် အေးစက်သော ကြောက်စိတ်များဖြင့် ခေါင်းငုံ့ထားကြရသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ဖက်သား၏ မျက်လုံးထဲတွင် ထိတ်လန့်တကြား ဖြစ်နေသည်ကို တွေ့သလို ချေပရန်လည်း သတ္တိမရှိကြပေ။
ယွမ့်ချောင်ချင်မှာ အလိုလို ငြင်းခုံချင်ပေမယ့် ရွှီတရဲ့ မျက်လုံးတွေကို ကြည့်ပြီး ရုတ်တရက် သဘောပေါက်သွားရာ ပါးစပ်ကိုသာ ပိတ်ထားလိုက်ရသည်။
"သွားကြရအောင်"
ယွမ့်ချောင်ချင် တိုးတိုးလေး ဟစ်အော်လိုက်ပြီး အဂ္ဂိရတ်ဆေး သောက်ကာ သူမ၏ ကျွမ်းကျင်မှုကို အသုံးချ၍ အမြန်ထရပ်လိုက်လေသည်။
အသံတစ်သံကြောင့် မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်တော့ ရွှီတ၏ ရက်စက်သော မျက်လုံးများကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုစဥ် ရွှီတနောက်က ကျန်းစန်းနဲ့ ကျောက်အာ့တို့၏ အလောင်းများကို တွေ့လိုက်ရသည်။
ယွမ့်ချောင်ချင် ပါးစပ်ထဲမှ သွေးများ စီးကျလာပြီး သူမ မျက်လုံးများ လုံးဝ မှိတ်သွားလေပြီ။ ရွှိတ သူမကို မယုံနိုင်သေးမှန်း သိပေမယ့် အခုကိစ္စကို လျှို့ဝှက်ထားဖို့အတွက် သူမကို တိတ်တဆိတ် တိုက်ခိုက်ခဲ့သည်။
ဖြောင်း ဖြောင်းဖြောင်း !
လက်ခုပ်သံများနဲ့အတူ လုရွှမ် လေထဲမှ ထွက်လာခဲ့သည်။ ရွှီတ စိတ်ရှုပ်သွားကာ ချာကနဲ လှည့်ကြည့်လိုက်သည်။
"လုရွှမ်... မင်းထွက်မသွားဘူးပေါ့ မင်း လူတစ်ယောက်ကို သတ်ပစ်ဖို့ တိတ်တိတ်လေး လုပ်ချင်နေတာလား?"
"မဟုတ်ဘူး ငါ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး ငါ့အမြင်အရ မင်းကိုလည်း သတ်စရာ မလိုဘူး။ ငါ့ဘ၀မှာ လူတွေ သတ်ဖူးတယ်... ရန်သူတွေ အန္တရာယ်တွေကြားကလည်း ကြံကြံဖန်ဖန် ဖြတ်သန်းခဲ့ဖူးတယ် ငါအများကြီး ကြုံဖူးတယ်... ဒီနေ့ ငါ အောင်မြင်မှု မရခင်အထိပေါ့"
"ငါ တခြားသူတွေရဲ့ အကြံအစည်တွေကို မကြောက်ဘူး ဘာဖြစ်လို့လဲဆိုတော့ ငါသူတို့ကို အနိုင်ယူပြီးရင် ငါ့ဘာသာငါ ဆက်ပြီး ကြီးထွားနေလိမ့်မယ်.... ငါမင်းတို့ကို ဒီအတိုင်း ထားခဲ့တာက မင်းဘာလုပ်မလဲ ကြည့်ချင်ရုံပဲ"
"ထင်ထားတဲ့အတိုင်း မင်းလုပ်ခဲ့တာပဲ!"
ရွှီတ၏ ခြေဖဝါး လှုပ်ရှားမှုများ ပြောင်းလဲသွားသည်။ သူက ချီထျန်းပုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်တွင် တစ္ဆေ အရိပ်အယောင်များ ရှိနေသည့်နှယ် လုရွှမ် မျက်လုံးများရှေ့တွင် ပေါ်ထွက်လာ၏။ နှစ်ယောက်သား ဘယ်ဘက်မှ တစ်ယောက်၊ ညာဘက်မှ တစ်ယောက် ပြေးထွက်သွားကြသည်။
လုရွှမ် ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရာ သူ့ပုံစံက လျှပ်စီး လက်သွားသလိုပင်။
"မျှော်လင့်ထားတဲ့အတိုင်း မင်းလည်း ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ"
ရွှီတ ဟစ်အော်လိုက်၏။ ထို့နောက်တွင် လုရွှမ်သည် စွမ်းအားအများကြီး မသုံးလိုက်ရဘဲ ရွှီတကို ဓားတစ်ချောင်းတည်းနဲ့ သတ်ပစ်လိုက်လေသည်။ မီးတောက်တစ်ခု ပေါက်ကွဲ ထွက်လာတဲ့အခါ ရွှီတခန္ဓာကိုယ်ကို ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။
လုရွှမ် ကျောက်တုံး နှစ်လုံးကို ထုတ်ယူလိုက်သည်။ တစ်လုံးက အဖိုးအိုက ပေးခဲ့ပြီး နောက်တစ်လုံးကိုတော့ ရွှီတဆီကပဲ ဖြစ်၏။ သူ့လက်ဖဝါးထဲက ကျောက်တုံးနှစ်ခုဟာ ရန်သူတွေနှယ် တစ်ဖက်နဲ့တစ်ဖက် တွန်းကန်နေလေသည်။
တစ်လုံးက သာမန်ထက် အလွန် သာလွန်ကောင်းမွန်သော မီးခိုးရောင် ဖြစ်ကာ တစ်လုံးကတော့ အနက်ရောင် တောက်ပနေ၏။ ယွမ့်ချောင်ချင်၊ ကျောက်အာ့နဲ့ ကျန်းစန်းတို့သာ ရှိလျှင် လက်ရှိ အခြေအနေကို မြင်ပြီး မယုံနိုင်အောင် ဖြစ်နေလိမ့်မည်။
အရင်က အရမ်းရိုးရှင်းတဲ့ ကျောက်တုံးက တကယ်ကို လျှို့ဝှက်ချက်တွေ ရှိနေလေသည်။
လုရွှမ်ရဲ့ မျက်လုံးများက ကျောက်တုံးနှစ်ခုကို စိုက်ကြည့်နေစဉ် ကောင်းကင်မီးတောက် အလင်းရောင်များက ဖြာထွက်နေသည်။ ကျောက်တုံးနှစ်တုံးသည် ရွေ့လျားနေပြီး ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသော်လည်း ၎င်းတို့သည် အလွန်လေးနက်လှသည်။
တခြားကျောက်တုံးတွေ ရှိဦးမယ် ဆိုတာ သိသာပါ၏။ လုရွှမ် ကျောက်တုံးကို ဖယ်ပြီး ကျောက်စိမ်းပြားထဲ ထည့်လိုက်ကာ သူကိုယ်တိုင်လည်း တိတ်တိတ်ဆိတ်ဆိတ် ထွက်လာခဲ့သည်။
ပတ်ဝန်းကျင်မှာ စိတ်လှုပ်ရှားစရာတွေ အများကြီး ရှိနေတုန်းပဲ။ နောက်ဆုံးတော့ ကျင့်ကြံသူတွေက နေရာအနှံ့ကနေ တက်လာကြပါပြီ။ ဒါကြောင့် ထိုတောင်ထွတ်သုံးခုပေါ်၌ လူတွေက ပိုပိုများလာသည်။
တောင်ထိပ်သုံးခုပေါ်ရှိ လူအရေအတွက်မှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။ ကောင်းကင် တောင်ထွတ်၌ လူအရေအတွက်က အတော်လေး ရှားပါးသော်လည်း လူသား တောင်ထွတ်မှာတော့ သိသိသာသာကို လူများလှ၏။
ဤအခိုက်အတန့်တွင် တောင်ထိပ်သုံးခုသည် တောက်ပစွာ ထွန်းလင်းနေပြီး စာလုံးတွေရဲ့ အောက်မှလည်း အလင်းတန်းများ ထွက်ပေါ်နေရာ ပို၍ ဆန်းကြယ်ပြီး ဒဏ္ဍာရီဆန်နေတာကြောင့် လူတိုင်း၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်လာသည်။
အဲဒါက ထင်ယောင်ထင်မှား ဖြစ်တာလား ဆိုတာတော့ မသိပေမယ့် တောင်ထိပ်သုံးခုရဲ့ ထိပ်မှာ တစ်ခုစီကနေ အလင်းအနည်းငယ် ထွက်လာ၏။ အရမ်းလှတာမို့ လူတိုင်းရဲ့ နှလုံးသားထဲအထိ ပန်းတွေ ပွင့်ကုန်သည်။
"လောကတစ်သောင်းပန်း... အဲဒါက လောကတစ်သောင်းပန်းပဲ!"
လူတစ်ယောက်က အရင် အော်လိုက်ကာ အဲဒီနောက် လူတွေ တစ်ယောက်ပြီးတစ်ယောက် တောင်ထိပ်ပေါ်ကို ပြေးတက်သွားကြသည်။ လောကတစ်သောင်းပန်းက ဘာလဲဆိုတာ မသိပေမယ့် တောက်ပနေတဲ့ အလင်း၊ မွှေးကြိုင်နေတဲ့ ရနံ့သုံးမျိုးက အသက်ပြင်းပြင်း ရှူလိုက်တာနဲ့ တစ်ကိုယ်လုံးကို ပေါ့ပါးသွားစေလေသည်။
လုရွှမ်သည် သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ လျင်မြန်စွာ စီးဆင်းလာတာကို သတိပြုမိသည်။ ထိုရနံ့ကို ရှူရှိုက်ရင်း စိတ်စွမ်းအားနှင့် သွေးစွမ်းအင်များက လျင်မြန်စွာ တိုးများလာသည်။
အထူးသဖြင့် သူတို့သည် အားအင်တွေနှင့် သွေးများကုန်နေပြီဟု တစ်ချက် ကြည့်ရုံဖြင့် ပြောနိုင်သည့် လူကြီးများကလည်း တောင်ပေါ်သို့ အရူးအမူး ပြေးတက်သွားကြသည်။
လုရွှမ်ကတော့ စိတ်အားထက်သန်သူ မဟုတ်ပေ။ လောကတစ်သောင်းပန်းက ထူးခြားသော်လည်း သူ့အသက်က အရေးကြီးဆုံး ဖြစ်သည်။ အခု လူတွေ အများကြီး ၎င်းဆီ အရူးအမူး ပြေးနေကြရာ အဆုံးမှာ ဘယ်သူက ရနိုင်မလဲ မသိသေးဘဲ ဒီအတွက် သေရတာက ပထမဖြစ်နေလိမ့်မည်။