စိတ်ကူးလိုက်တိုင်း အမှန်တကယ် ဖြစ်ပျက်လာမှု
Vol. 72 Ch. 939
“ကောင်းကင်ဓားမ လော့ဝူရွှမ်ဟုတ်လား… သူလည်း မဟာလေဟာနယ်ဆီ သွားမှာလား”
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ လော့ဝူရွှမ်သည် သူ့ကို ပထွေးမုန်း မုန်း၏။ သူလည်း မဟာလေဟာနယ်သို့ လိုက်လာလျှင် ချင်မူ့အတွက် အသက်အန္တရာယ်စိုးရိမ်ရမည်။
“မဟာလေဟာနယ်က ဘယ်လိုနေရာမျိုးလဲ”
ချင်မူက သူ့လက်မောင်းကို သူမရင်ဘတ်ထဲမှ အလျင်အမြန် ဆွဲထုတ်ပြီး မေးလိုက်၏။ “ကောင်းကင်နတ်ဘုံဆီ လာကတည်းက အဲဒီနာမည်ကို ကြားနေရတာ… ဘယ်လိုနေရာမျိုးမှန်း သိချင်နေတာကြာပြီ… ဘာကြောင့် အဲဒီနေရာဆီ သွားခိုင်းတာလဲ”
“ရွှင်ပျော်ပျော်ကျေးရွာကြောင့် မဟုတ်ဘူးလား”
ယွင်ချွီးရှို့က ပြန်ဖြေ၏။ “ကောင်းကင်နတ်အရှင်ချင်က ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ပြီး အဲဒီမှာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ တည်ထောင်ထားတယ်… ခိုင်ဧကရာဇ်ခေတ်က ပျက်သုဉ်းသွားပေမယ့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အဓိကထောက်တိုင်ကတော့ ရှိနေတုန်းပဲ… ကောင်းကင်နတ်ဘုံ ကမ္ဘာဦးဘုံအပေါ် ဖိနှိပ်ခဲ့တုန်းက ဖုန်းတုအပေါ် ဘာကြောင့် သက်ရောက်မှုမရှိခဲ့တာလဲ သိလား... သူတို့ ရွှင်ပျော်ပျော်ကျေးရွာကို ရှာမတွေ့သေးလို့ပဲ”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။
ယွင်ချွီးရှို့က ဆက်ပြောသည်။ “ခိုင်ဧကရာဇ်က ကောင်းကင်နတ်အရှင်ချင်ပဲ မဟုတ်လား… သူက ကောင်းကင်မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ခဲ့ပေမယ့် တည်ထောင်သူအကြီးအကဲ ငါးယောက်ထဲက တစ်ယောက်ဖြစ်နေသေးတယ်… ဘယ်တော့မှ အညံ့မခံမယ့်သူဆိုတော့ သူ မသေသရွေ့ အတော်များများ စိတ်အေးအေး ထားနိုင်မှာမဟုတ်ဘူး… ကမ္ဘာဦးဘုံရဲ့ ပုန်ကန်အုံကြွမှုကို ဖိနှိပ်ဖို့ သွားတဲ့ လူတွေဆီက ကြားတာတော့ သူက ရွှင်ပျော်ပျော်ကျေးရွာကနေ ဖုန်းတုဆီ အမိန့်ထုတ်ပြီး ဝင်မတိုက်ခိုက်ဘဲ အခွင့်ကောင်းစောင့်ဖို့ လှမ်းပြောတယ်တဲ့… ဖုန်းတုက ပြဿနာသေးသေးလေးပဲ ရှိသေးတယ်… ကောင်းကင်နတ်ဘုံအတွက် အဓိကပြဿနာက ရွှင်ပျော်ပျော်ကျေးရွာပဲ”
သူမသည် ချင်မူ၏အမူအရာကို အသေးစိတ် အကဲခတ်နေပြီး ထူးထူးခြားခြား မည်သည်ကိုမျှ မတွေ့ပေ။ “ကောင်းကင်နတ်အရှင်မူက သိပ်တည်ငြိမ်တာပဲနော်… ကောင်းကင်နတ်အရှင်ချင်၊ ချင်ယဲ့က အဘိုးမဟုတ်လား… သူ့အကြောင်း နည်းနည်းလေးမှ မသိချင်ဘူးလား”
“နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာတုန်းက ကျွန်တော် သူနဲ့အတူ ကောင်းကင်နတ်ဘုံတစ်ခွင် လှည့်လည်သွားခဲ့တယ်… သူက မပြတ်သားဘူး…. ဒဲ့ မလုပ်ဘူး… ဒါပေမယ့် မဟုတ်မခံဘူး… သူက ကောင်းကင်နတ်အရှင်ဟောင်ကို အဆိပ်ခတ်ပြီး နဂါးသွဲ့ရေကန်မှာ လူသတ်ရဲတယ်… အရှင်မယွမ်မုကို မခန့်လေးစားလုပ်ရဲတယ်… အဲဒီကတည်းက သူက သစ္စာဖောက် ဖြစ်လာမယ့်သူဆိုတာ ကျွန်တော် သိခဲ့တယ်... သူ့ကို ကျွန်တော် ရွံတယ်၊ သူ လုပ်ကိုင်တဲ့ပုံစံတွေကို သဘောမကျဘူး... ကျွန်တော့်ကိုယ်ထဲမှာ သူ့သွေးတွေ စီးဆင်းနေပေမယ့် ကျွန်တော့်စိတ်ကတော့ ခိုင်ဧကရာဇ်နဲ့ မဆိုင်ဘူး”
ချင်မူသည် ဖြောင့်မတ်တည်ကြည်မှုအပြည့်ဖြင့် ပြောဆို၏။ “ဒီနေ့ သူက သစ္စာဖောက် ဖြစ်နေတဲ့အချိန် ကျွန်တော်ကတော့ ကောင်းကင်နတ်အရှင်မူ ဖြစ်နေပြီ... ဒါကြောင့် ကျွန်တော် သူနဲ့ ရှင်းရှင်းလင်းလင်း နေမှ ဖြစ်မှာပေါ့.... အကယ်လို့ မဟာလေဟာနယ်မှာ ဆုံတွေ့ခဲ့ရင် ကျွန်တော် သူ့ကို ရက်ရက်စက်စက် အပြစ်တင်ပစ်မယ်... နတ်ဧကရီ၊ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှု ဒီသစ္စာဖောက်ကို ရှာတွေ့ပြီလား”
ယွင်ချွီးရှို့က သူ့အမူအရာကို တစ်ချက်လေးမှ အလွတ်မခံဘဲ အကဲခတ်နေပြီး မူမမှန်သည့်အရာ မတွေ့ရပေ။ ခိုင်ဧကရာဇ်နှင့် သံယောဇဉ် ဖြတ်တောက်ရန်က ချင်မူ၏ ခံစားချက်အစစ်အမှန် ဖြစ်သည့်အလားပင်။
သူမက ခေါင်းယမ်းကာ ပြောသည်။ “သတင်းအရ ရွှင်ပျော်ပျော်ကျေးရွာက မဟာလေဟာနယ်မှာ ရှိတယ်တဲ့.... ဒါကြောင့် ကောင်းကင်နတ်ဘုံက ရွှင်ပျော်ပျော်ကျေးရွာကို ရှာပြီး တစ်ခါတည်း အမြစ်ဖြုတ်ဖို့ အဲဒီနေရာကို လိုက်ရှာနေတာ... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှု မဟာလေဟာနယ်ဆီ ရောက်သွားတုန်းက ထူးဆန်းတဲ့နေရာတွေ အများကြီး တွေ့ခဲ့ရတယ် ပြောတယ်... မဟာလေဟာနယ်မှာ အန္တရာယ်တွေ အပြည့်ပဲတဲ့... အဲဒီကို သွားဖို့ လူအနည်းစုကိုပဲ ခွင့်ပြုထားတာ... လူများလေ၊ အန္တရာယ်များလေမလို့.... နင် ဦးဆောင်ရမယ့် အရေအတွက်က လူအယောက်သုံးရာပဲ”
ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွားပြီးနောက် မေးလိုက်၏။ “အဲဒီကို ရောက်ဖူးလား၊ နတ်ဧကရီ”
ယွင်ချွီးရှို့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားရာ အတိတ်ကို ပြန်တွေးနေကြောင်း ထင်ရှားပေသည်။ သူမက စကားလမ်းကြောင်းလွှဲ၍ ပြောနေသည်။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့် ဒီကို မကြာခင် ရောက်လာတော့မယ်... အဲဒါကို စောင့်ပြီး မဟာလေဟာနယ်မှာ သေဖို့သာ ပြင်ထားပေတော့”
ချင်မူ့မျက်ဝန်းများ လင်းလက်သွားပြီး သူက ပြုံးလိုက်၏။ “မလိုက်ချင်ဘူးလား နတ်ဧကရီ”
ယွင်ချွီးရှို့က ရယ်သည်။ “ငါက အဲဒီလိုနေရာမျိုးကို ဘာလို့ လိုက်ချင်ရမှာလဲ... အန္တရာယ်တွေ ဒီလောက် ပြည့်နေတာကို.. အဲဒီလောက် ကြောက်စရာကောင်းတဲ့ နေရာမျိုး မသွားချင်ပါဘူး”
ချင်မူ စပ်စုကြည့်မိသည်။ “ဒါဆို နတ်ဧကရီ ကျွန်တော့်ကို ရေးကြီးသုတ်ပျာ လာရှာတာ ဘာလို့များလဲ... ဒီကိစ္စ ပြောဖို့အတွက်တော့ မဖြစ်နိုင်ဘူးမလား”
ယွင်ချွီးရှို့မှာ မျက်နှာပျက်သွားပြီးနောက် သက်ပြင်းချသည်။ “ငါ လိုက်ချင်တယ်... ဒါပေမဲ့ ငါ့ကိုယ်အစစ်နဲ့ မသွားရဲဘူး”
ချင်မူမှာ ဆက်လက်စပ်စုရန် ပြင်နေစဉ် ရုတ်တရက် နဂါးချီလင်ဆီမှ အသံထွက်လာသည်။ “ဂိုဏ်းသခင်၊ အစာကျွေးဖို့ အချိန်ကျပြီ”
ချင်မူက သူ့ဆီ လျှောက်သွားပြီး စွမ်းအင်ဆေးလုံးတချို့ ထည့်ပေးသည်။ နဂါးချီလင်သည် သူ့ဇလုံနှင့် စွမ်းအင်ဆေးလုံးများအား အလေးအနက် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် တဟားဟား ထရယ်၏။ “ဂိုဏ်းသခင်၊ ကျွန်တော် ချီကျုံရီဆီက ကြားထားတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ် ရှိတယ်... ပြောပြရမလား”
ချင်မူ ခေါင်းညိတ်၍ မေးလိုက်သည်။ “ချီကျုံရီက မင်းကို ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းမျိုး ပြောပြခဲ့တာလဲ”
နဂါးချီလင်က ပြောသည်။ “တစ်ခါတုန်းက လူတစ်ယောက်ရှိတယ်တဲ့ အဲဒီလူက တဏှာကြီးပြီး သေသွားသတဲ့... ဒါပဲ... ရယ်စရာကောင်းတယ်နော် ဟားဟားဟား”
ချင်မူ သူ့ကို စိုက်ကြည့်သည့်အခါ နဂါးချီလင်သည် ချက်ချင်း ရုပ်ပြန်တည်သွားပြီး စွမ်းအင်ဆေးလုံးများအား အလေးအနက် စားနေ၏။
ချင်မူက အေးစက်စက် ပြောလိုက်သည်။ “ငါ့မှာလည်း ဇာတ်လမ်းတစ်ပုဒ် ရှိတယ်.. ဇလုံထဲက စွမ်းအင်ဆေးလုံးတစ်လုံးက အဆိပ်သင့်နေတယ်တဲ့ ဒါပဲ”
နဂါးချီလင်မှာ ချက်ချင်း ရပ်လိုက်ပြီး ဇလုံထဲရှိ စွမ်းအင်ဆေးလုံးများအား ကြည့်ကာ ချွေးပြန်လာတော့သည်။
များစွာမကြာလိုက်ဘဲ အရာရှိနတ်ဘုရားတစ်ပါးက အမိန့်တော်နှင့်အတူ ရောက်ရှိလာကာ ချင်မူ့အား နတ်ဘုရားမိစ္ဆာအယောက်သုံးရာ ဦးဆောင်၍ မဟာလေဟာနယ်သို့ သွားရောက်ကာ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကို ကူညီပေးရန် လျှောက်တင်၏။
ချင်မူက အမိန့်တော်ကို လက်ခံလိုက်ပြီး အရာရှိနတ်ဘုရား၏ အနောက်၌ နတ်ဘုရားမိစ္ဆာအယောက်သုံးရာကို ဦးဆောင်၍ လာနေသော လော့ဝူရွှမ်အား လှမ်းမြင်လိုက်ရသည်။ လော့ဝူရွှမ်၏ အနောက်၌ လက်တစ်ဖက် ပြတ်နေသည့် ဝိညာဉ်အစောင့်တပ်ဖွဲ့ဝင် တပည့်တစ်ယောက် ရှိသည်။ ကျန်နတ်ဘုရားမိစ္ဆာများက သိုင်းအဆင့်အမျိုးမျိုး ရှိကြပြီး ကောင်းကင်နတ်အရှင်တို့၏ တပည့်များ ဖြစ်နိုင်ချေများပေသည်။
နဂါးသွဲ့ရေကန်အဖြစ်အပျက်တုန်းက လာရောက်ရှင်းလင်းခဲ့သည့် အရာရှိနတ်ဘုရားက ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ သင်္ဘော အဆင်သင့်ဖြစ်ပါပြီ.. ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ ကောင်းကင်နတ်အရှင်.. မြန်မြန်လည်း လုပ်ပါ”
ချင်မူ ပင်လယ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ သင်္ဘောတစ်စင်း မြင်တွေ့ရသည်။ သူက မေးလိုက်၏။ “အထောက်အပံ့တွေ အဆင်သင့်ဖြစ်ပြီလား... မဟာလေဟာနယ်ရဲ့ မြေပုံကရော ဘယ်မှာလဲ”
အရာရှိနတ်ဘုရားက ခေါင်းယမ်းသည်။ “မဟာလေဟာနယ်အတွက် အထောက်အပံ့တွေ မလိုပါဘူး... မြေပုံလည်း မလိုဘူး.... ရောက်တာနဲ့ သိပါလိမ့်မယ်”
လော့ဝူရွှမ်နှင့် ကျန်ရှိသူများက သင်္ဘောပေါ် ရောက်နေပြီဖြစ်၍ ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။ သူက ယန်အာနှင့် နဂါးချီလင်အား မှာလေသည်။ “ဒီခရီးက အန္တရာယ်များလို့ နေခဲ့ကြတော့... ငါနဲ့ လိုက်လာစရာမလိုဘူး... ငါ ထွက်သွားရင် ယန်အာက ဖက်တီးနဂါးကို ခေါ်ပြီး တောင်နတ်မင်းကျူချွဲဆီ သွား.. သူ နှစ်ယောက်စလုံးကို ကာကွယ်ပေးလိမ့်မယ်”
ယန်အာမှာ ချီတုံချတုံ ဖြစ်နေသည်။ “သခင်လေး၊ နတ်ဘုရားမိစ္ဆာအယောက် သုံးရာထဲမှာ နှစ်ရာလောက်က သခင်လေးကို သတ်ချင်နေတာနော်... ငါ လိုက်ခဲ့ရင် သခင်လေးကို ကာကွယ်ပေးနိုင်တယ်”
“မလိုဘူး”
ချင်မူက ပြုံး၍ ပြော၏။ “ရွှင်ပျော်ပျော်ကျေးရွာသာ မဟာလေဟာနယ်မှာ တကယ် ရှိရင် ကျွန်တော့်အစ်ကိုကြီးလည်း ရှိနေလိမ့်မယ်... သူ အဲဒီမှာ ရှိနေသရွေ့ ဘယ်သူ့မှာ ကျွန်တော့်ကို ထိရဲမှာမဟုတ်ဘူး”
ယန်အာသည် ထိုအချက်ကို တွေးပြီးနောက် မီးအိမ်တစ်လုံး ထုတ်ကာ ပြော၏။ “ဒါဆို ဒီရတနာကို ယူသွား... ဒါက ကောင်းကင်နတ်အရှင်ယွဲ့ ပေးထားတဲ့ အကာအကွယ် လက်ဆောင်ပဲ”
ချင်မူက မီးအိမ်ကို လက်ခံ၍ လှေပေါ် တက်လိုက်သည့်အခါ ယွင်ချွီးရှို့ကို တန်းတွေ့သည်။ သူ အနည်းငယ် မှင်သက်သွား၏။ “မလိုက်ချင်ဘူး ပြောခဲ့တာမဟုတ်လား နတ်ဧကရီ”
ယွင်ချွီးရှို့သည် သက်ပြင်းချနေပြီး စိုးရိမ်စိတ်များဖြင့် စိတ်မပါကြောင်း သိသာနေ၏။ သူမက ပြောသည်။ “ငါ တကယ် မလိုက်ချင်ပါဘူး... ဒါပေမယ့် မဟာလေဟာနယ်ရဲ့ တကယ့် သဘာဝကိုလည်း ကြည့်ချင်သေးတယ်”
သင်္ဘောက ဖြည်းဖြည်းချင်း ရွေ့လျားရင်း ကောင်းကင်နတ်ဘုံ၏ မြောက်ပိုင်းဆီသို့ ရွက်လွှင့်သွားသည်။ ချင်မူက သူမအား သွေးတိုးစမ်းလေသည်။ “မဟာလေဟာနယ်က အကုန်လုံး ပြောနေကြသလို တကယ် ကြောက်စရာကောင်းတာလား... ခင်ဗျား အဲဒီကို ရောက်ဖူးရင်လည်း ဘယ်လိုအန္တရာယ်တွေ ရှိလဲ ပြောပြပါလား... ဒါမှ ကျွန်တော်တို့ ပြင်ဆင်နိုင်မှာ နတ်ဧကရီ”
ယွင်ချွီးရှို့က တွန့်ဆုတ်နေ၏။ “ငါ အဲဒီကို ရောက်ဖူးတယ်... ကောင်းကင်နတ်ဘုံရဲ့ နတ်စစ်သည်တော် အစောင့်တပ်ဖွဲ့ကို ဦးဆောင်ပြီး သွားခဲ့တာ... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်လေးပါးထဲက နှစ်ပါးလည်း ငါ့ရဲ့ပတပည့်တွေနဲ့အတူ မဟာလေဟာနယ်ထဲ လိုက်လာခဲ့တယ်”
ချင်မူ ရင်ထဲ ထိတ်သွားသည်။ နတ်စစ်သည်တော် အစောင့်တပ်ဖွဲ့သည် ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့အနက် တစ်ဖွဲ့ဖြစ်ပြီး ယွီလင်နန်းစောင့်တပ်ဖွဲ့နှင့် ဆင်တူ၏။ နတ်စစ်သည်တော် အစောင့်တပ်ဖွဲ့အတွက် ရွေးချယ်ခံသူများမှာ စစ်ပွဲပေါင်းများစွာ ကြုံ့တွေ့ဖြတ်ကျော်ခဲ့ဖူးသော အသန်မာဆုံးနတ်ဘုရားများ၊ မိစ္ဆာများ ဖြစ်ကြလေသည်။
ချင်မူသည် တစ္ဆေသင်္ဘောအပေါ်တွင် ယွီလင်နန်းစောင့်တပ်ဖွဲ့ကို မြင်တွေ့ခဲ့ဖူး၏။ တစ်ယောက်ချင်းစီက ကျောက်စိမ်းမြို့တော်အဆင့်သို့ အနည်းဆုံး ရောက်ရှိထားပြီးသူများ ဖြစ်ကြသည်။
မဟာလေဟာနယ်၌ လေ့လာစူးစမ်းရန် ကောင်းကင်နတ်ဧကရီ ဦးဆောင်သွားသော နတ်စစ်သည်တော် အစောင့်တပ်ဖွဲ့သည် ထိုနယ်မြေကို သိမ်းပိုက်ရန်လည်း ကြံစည်ထားကြလိမ့်မည်။
“မဟာလေဟာနယ်က စကြဝဠာထဲက အပျက်အစီးတစ်ခုပဲ... ရောင်ခြည်တော်ဇုန်လို့လည်း ခေါ်ကြတယ်... အထဲဝင်လိုက်တာနဲ့ အသစ်အဆန်းတွေ ပြည့်နေမယ့် ထူးခြားတဲ့ နေရာတစ်ခုပေါ့”
ယွင်ချွီးရှို့က သူ့ပခုံးပေါ် ခေါင်းမှီရင်း ဖြစ်ပျက်ခဲ့သောအရာများကို ပြန်တွေးကာ ခပ်တိုးတိုးလေး ပြောပြသည်။ “အဲဒီနောက် ငါတို့ ရောင်ခြည်တော်ဇုန်ထဲ ဝင်လိုက်တာနဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ စဖြစ်တယ်... ထူးဆန်းတဲ့အရာတွေ တကယ် မျိုးစုံပဲ... အဲဒီမှာ စိတ်ကူးယဉ်သတ္တဝါပေါင်းစုံ ရှိတယ်”
သူမသည် မျက်မှောင်လေး ကြုတ်၍ ပြော၏။ “ငါတို့အားလုံး အဆန်းတကြယ် အဖြစ်အပျက်တွေနဲ့ ဆုံတွေ့ပြီး အထိအခိုက်များခဲ့တယ်... နတ်စစ်သည်တော် အစောင့်တပ်ဖွဲ့ထဲက ဆယ်ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်တယ်လေ... ငါနဲ့ ကောင်းကင်ဆရာသခင်နှစ်ယောက်တောင် ဒဏ်ရာအပြင်းအထန် ရခဲ့ရတာ... အဲဒီနောက်မှ ကောင်းကင်ဆရာသခင်ယွဲ့က မဟာလေဟာနယ်ရဲ့ လျှို့ဝှက်ချက်တွေကို ရုတ်တရက် သဘောပေါက်သွားတယ်... စိတ်ကူးလိုက်တဲ့အရာက တကယ် ဖြစ်လာတာတဲ့”
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွား၏။ “စိတ်ကူးလိုက်တဲ့အရာက တကယ် ဖြစ်လာတယ်တဲ့လား.. ကောင်းကင်ဆရာသခင်ယွဲ့ ဆိုလိုတာက....”
ယွင်ချွီးရှို့က ဆက်ပြောသည်။ “တစ်ယောက်က မိုးကြိုးပစ်သတ်ခံရတယ် တွေးမိလို့ ကြောက်စရာကောင်းတဲ့ မိုးကြိုးတွေ ပစ်ချခဲ့တယ်... တစ်ယောက်က ခေါင်းတစ်ထောင်၊ လက်တစ်သောင်း မိစ္ဆာကြီးတစ်ကောင် သူ့ကို လိုက်သတ်တယ် တွေးလိုက်တော့ အဲဒီသတ္တဝါကြီး တကယ် ပေါ်လာတယ်.... တစ်ယောက်က မိုးပြိုကျမှာ ကြောက်နေတော့ တကယ်ပဲ ဂြိုဟ်ကြီးတစ်လုံး ကောင်းကင်ကနေ ပြုတ်ကျလာတယ်... အကြောက်တရားမျိုးစုံက ကောင်းကင်နတ်ဘုံရဲ့ အင်အားအကြီးဆုံးစစ်တပ်အပေါ် တိုက်ခိုက်ခဲ့တာပေါ့လေ... ငါတို့လည်း မဟာလေဟာနယ်ရဲ့ သဘာဝကို သိတာနဲ့ ထွက်လာခဲ့ကြတယ်.. ကံဆိုးစွာနဲ့ ငါတစ်ယောက်ပဲ ဒဏ်ရာအပြင်းအထန် ရပြီး လွတ်သွားတယ်... ကျန်တဲ့ ကောင်းကင်ဆရာသခင်နှစ်ယောက်ကတော့...”
သူမသည် သက်ပြင်းချ၍ ပြော၏။ “ကောင်းကင်ဆရာသခင်နှစ်ယောက်က အင်မတန် ထက်မြက်ပြီး ဉာဏ်အမြော်အမြင်ကြီးမားကြသလို ထူးချွန်တဲ့ စစ်သည်တော်တွေလည်း ဟုတ်တယ်.... ဒါပေမယ့် တစ်ယောက်မှ မရှင်ခဲ့ဘူး”
ချင်မူ မျက်လုံးပိတ်လိုက်မိသည်။
ယွင်ချွီးရှို့၏ ဇာတ်လမ်းက အမှန်တကယ် ကြောက်စရာကောင်းသည်။ မဟာလေဟာနယ်သည် အမှန်တကယ်ပင် ထိုမျှချောက်ချားစရာ ဖြစ်သည်လော။
“ခင်ဗျားကို ဒဏ်ရာအပြင်းအထန် ရစေခဲတဲ့ အကြောက်တရားက ဘာလဲ ကောင်းကင်နတ်ဧကရီ” ချင်မူက မေးသည်။
“ကောင်းကင်နတ်ဧကရာဇ်၊ တကယ့် ကောင်းကင်နတ်ဧကရာဇ်”
ယွင်ချွီးရှို့၏ မျက်နှာထက်တွင် အကြောက်တရား ထင်ဟပ်နေပြီး သူမက အက်ကွဲကွဲအသံဖြင့် ပြောသည်။ “ငါ သူ့ကို သတ်ခဲ့ပေမယ့် သူ့ကို အကြောက်ဆုံးပဲ... မဟာလေဟာနယ်ထဲမှာ သူက ပြန်ပေါ်လာပြီး ငါတို့ကို လိုက်ဖမ်းခဲ့တယ်... ငါလေ သိပ်ကြောက်ခဲ့တာပဲ...”
သူမမှာ ကြောက်လန့်တုန်ရီနေသည်။
ချင်မူက ရုတ်တရက် မေးလိုက်သည်။ “ဒါဖြင့် ကောင်းကင်ဆရာသခင်နှစ်ယောက်နဲ့ ကျန်တဲ့သူတွေ ဘယ်လို သေသွားတာလဲ... ကောင်းကင်ဆရာသခင်ယွဲ့က မဟာလေဟာနယ်ရဲ့ လျှို့ဝှက်ချက်ကို သိသွားတယ်ဆိုရင် ကျန်တဲ့လူတွေ မတွေးတော့အောင် ထိန်းချုပ်လို့ရတယ်မဟုတ်လား.. သူတို့လို လူတွေအတွက် မခက်ဘူးလေ... ဘာကြောင့် သူတို့အားလုံး မဟာလေဟာနယ်ထဲမှာ သေသွားတဲ့အချိန် ခင်ဗျားတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာလဲ”
ယွင်ချွီးရှို့သည် မည်သူ့နှလုံးသားကိုမဆို လှုပ်ခတ်သွားစေနိုင်သော အလှလေးဖြင့် ရိုးသားဖြူစင်စွာ ပြုံးလိုက်၏။ သူမက ရင်ကိုပင် ကော့လိုက်သဖြင့် ရင်သားနေရာ၌ တင်းကြပ်နေသော အင်္ကျီစမှာ ကွဲထွက်တော့မည့်အလား ဖြစ်သွားသည်။ “ဘာပြောလိုက်တာလဲ ကောင်းကင်နတ်အရှင်မူ”
ချင်မူက သူမဆွဲဆောင်နေသည်ကို လျစ်လျူရှု၍ ပြုံးလိုက်သည်။ “ကျွန်တော် ပြောနေတာက အဲဒီလိုအခြေအနေမှာ နတ်စစ်သည်တော် အစောင့်တပ်ဖွဲ့ရဲ့ လက်ကျန်စစ်သည်တော်တွေအနေနဲ့ ဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ ထိတ်ပျာနေကြလိမ့်မယ်... တခြားလူရဲ့ အတွေးကိုလည်း မသိနိုင်တော့ အကောင်းဆုံးနည်းလမ်းက သူတို့ မတွေးနိုင်တော့အောင် သူတို့ကို သတ်လိုက်ဖို့ပဲ... စိတ်ကူးကနေ အမှန်တကယ် ဖြစ်လာတာဆိုတော့ သူတို့ သေသွားရင် မတွေးနိုင်တော့ဘူးလေ”
သူ့အကြည့်သည် ဤမိန်းမငယ်လေး၏ မျက်နှာလေးအပေါ် ကျရောက်သွား၏။ “ဒါကြောင့် ခင်ဗျား သူတို့ကို သတ်ပစ်ခဲ့တယ်... ကောင်းကင်ဆရာသခင်နှစ်ယောက်ကိုလည်း မယုံလို့ သတ်လိုက်တယ်... အဲဒီနည်းလမ်းနဲ့ ခင်ဗျား မဟာလေဟာနယ်ကနေ ထွက်လာနိုင်တာပဲ”
ယွင်ချွီးရှို့ ရယ်လိုက်သည့်အခါ သူမ၏စနေနှစ်ခိုင်လည်း အိစက်တုန်ခါသွားသည်။ “ငါတို့က အတူတူပါပဲ ကောင်းကင်နတ်အရှင်မူ... နင်က ငါ မဟာလေဟာနယ်ကနေ ထွက်လာဖို့ သုံးခဲ့တဲ့ နည်းလမ်းကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့တဲ့... နင်နဲ့ငါကမှ တကယ် လိုက်ဖက်တာ ဖြစ်လောက်တယ်”
ချင်မူသည် သူမ၏ဆွဲဆောင်ညှို့ငင်နေမှုများအား အရေးမလုပ်ဘဲ ပြော၏။ “နတ်ဧကရီ၊ ကျွန်တော်တို့က မလိုက်ဖက်သလို၊ ဘယ်တော့မှလည်း အတူတူမဟုတ်နိုင်ဘူး... ကျွန်တော် သွေးသောက်ရဲဘော်တွေကို သတ်ဖို့အသာထား၊ စွန့်ပစ်ထားခဲ့ဖို့တောင် မတွေးဖူးဘူး... အမှောင်ဘက်ခြမ်းနဲ့ အသားကျနေလို့သာ ခင်ဗျားရဲ့ ရက်စက်တဲ့စိတ်ကို တွေးမိတာပါ”
ယွင်ချွီးရှို့က အေးစက်စက် ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူက စိတ်ကူးယဉ်သိပ်ဆန်တာပဲ... သူတို့က ငါ့ရဲ့ သွေးသောက်ရဲဘော်မှ မဟုတ်တာ... ငါ့ရဲ့ကျွန်, ငါ့ရဲ့အစေခံတွေလေ... သူတို့သေမလား၊ ငါ သေမလား ရွေးရရင် သူတို့ပဲ သေရမှာပေါ့... နင်လည်း ငါ့လို အခြေအနေရောက်လာရင် ငါ့လိုပဲ ရွေးချယ်လိမ့်မယ်... နင်နဲ့ငါက အတူတူပဲ .... အခုတော့ မဟုတ်ရင် မဟုတ်မယ်... နောက်ကျရင်တော့ သေချာတယ်”
ချင်မူ မျက်မှောင်ကြုတ်မိသည်။
သင်္ဘောသည် မြောက်ကောင်းကင်မုခ်ဝမှ ထွက်ခွာလာ၏။ သူတို့က ကောင်းကင်နတ်မြစ်အထက်၌ သွားနေပြီး သူတို့အောက်၌ ကောင်းကင်နတ်ဘုံ၏ စစ်စခန်းများ ရှိကြသည်။ မရေမတွက်နိုင်သော နတ်ဘုရားများ၊ မိစ္ဆာများနှင့် တပ်စိတ်များက ထိုနေရာတွင် တပ်ချထားကြပြီး ကောင်းကင်ဘုံများက ပေ့လော့ရှစ်မန်ကြယ်ကို လှည့်ပတ်နေကြ၏။ ဤကောင်းကင်ဘုံများမှာ ပေ့လော့ရှစ်မန်ကြယ်အတွက် ရိက္ခာများ၊ လက်နက်ပစ္စည်းများ ထောက်ပံ့ပေးကြရသည်။
ချင်မူက တောက်ပလင်းထိန်နေသော စခန်းများဆီသို့ ကြည့်လိုက်သည်။
ကောင်းကင်နတ်ဘုံသည် အင်အားကြီးမားလွန်း၏။ ကောင်းကင်နတ်ဘုံ၏ အစောင့်ဆယ်ယောက် မဆိုထားနှင့်၊ ပေ့လော့ရှစ်မန်ကြယ်နှင့်တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အကြိမ်ထောင်ချီ ဖျက်စီးရန် လုံလောက်သည်။
“ငါ မဟာလေဟာနယ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ကတည်းက ကောင်းကင်နတ်ဘုံက မတွေးနိုင်အောင် တားပေးမယ့် နည်းလမ်းအမျိုးမျိုး ဖန်တီးခဲ့တယ်... အဲဒီထဲမှာ နာမည်အကြီးဆုံးက ဗုဒ္ဓရဲ့ နေဝသည နာသညာယတနစျာန်ပဲ” (နေဝသည နာသညာယတနစျာန် - မတွေးခြင်း၊ အတွေးများ ဆိတ်သုဉ်းခြင်း)
ယွင်ချွီးရှို့က ပြောသည်။ “နေဝသည နာသညာယတနစျာန်က အတွေးတွေကို ရပ်တန့်သွားစေတော့ မဟာလေဟာနယ်အနေနဲ့ စိတ်ကူးတွေကို အမှန်တကယ် မဖန်ဆင်းနိုင်တော့ဘူး.. အဲဒါ ဗြဟ္ဗဗုဒ္ဓ တီထွင်ထားတဲ့ ကျင့်စဉ်တစ်ခုပဲ ... လေ့လာပြီးပြီလား”
ချင်မူ ခေါင်းယမ်းပြလိုက်၏။
ယွင်ချွီးရှို့က ဝမ်းသာအားရ ပြုံးလိုက်၍ ညအမှောင်ထဲတွင် ရောင်ခြည်တော်တစ်ခု ပေါ်ထွက်လာသည်။
လော့ဝူရွှမ်က သူတို့ဆီ လျှောက်လာပြီး အလေးအနက် မေးသည်။ “ဒါဆို ကောင်းကင်နတ်အရှင် ဘာကို အကြောက်ဆုံးလဲ”
ချင်မူ လှည့်၍ ပြုံးပြလိုက်သည်။ “ကျွန်တော်က လောကသခင်ခန္ဓာချင်လေ... ဘာအကြောက်တရားမှ မရှိဘူး... ခင်ဗျား အကြောက်ဆုံးကရော ဘာလဲ ကောင်းကင်ဓားမလော့”
“ငါ့ဓားမကို လက်မှာ ဆွဲကိုင်ထားရသရွေ့ ဘာကိုမှ ငါ မကြောက်ဘူး” သူက ခပ်ပြတ်ပြတ် ပြောသည်။