← Chapters

မဟာလေဟာနယ်၏ လမ်းလျှောက်နေသော အလောင်းများ

Vol. 72 Ch. 943

မဟာလေဟာနယ်၏ လမ်းလျှောက်နေသော အလောင်းများ

Vol. 72 Ch. 943

‘ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေရဲ့ အလောင်းတွေလား’

ချင်မူ ခေါင်းမော့ကြည့်လိုက်မိသည်။ ထိုဧရာမအလောင်းကြီးများသည် ရေပြင်ပေါ် လမ်းလျှောက်နေသကဲ့သို့ ကြယ်တာရာတို့အပေါ်တွင် လမ်းလျှောက်နေ၏။ သူတို့ ခြေဖဝါး ကျဆင်းလာတိုင်း ထူးဆန်းသော လှိုင်းဂယက်များစွာ ဖြစ်ပေါ်လာသည်။

ဤကြယ်အစုအဝေးက ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်း ဖြစ်၍ အနည်းငယ်မျှ ထိလိုက်ရုံနှင့် စွမ်းအားပေါက်ကွဲသွားတတ်သည်။ ထူးဆန်းစွာနှင့် ဤဖန်ဆင်းရှင်တို့၏ လမ်းလျှောက်နေသော အလောင်းများသည် ဤကြယ်အစုကို မထိဘဲ မျက်နှာပြင်ထက်၌ လမ်းလျှောက်နိုင်နေ၏။

မဟာလေဟာနယ်မှာ ကျယ်ဝန်းပြီး ရှင်းလင်းနေသည်။ ထူးဆန်းသည်မှာ ဤဧရာမအလောင်းကြီးများသည် သိက္ခာတော်ရ ရဟန်းတော်များ ကြွမြန်းလာသကဲ့သို့ လမ်းလျှောက်နေကြရာ စင်္ကြန်လျှောက်နေသည့်အလား ထင်ရသည်။

ထို့အပြင် သူတို့တွင် အသက်ဓာတ်လည်း မရှိပေ။

“ဒီလမ်းလျှောက်နေတဲ့ အလောင်းတွေရဲ့ နောက်ကြောင်းက ဘာလဲ” ချင်မူက သူ့ဘေးရှိ ယွင်ချွီးရှို့ဆီသို့ မေးလိုက်သည်။

ယွင်ချွီးရှို့က ခေါင်းယမ်းကာ ပြောသည်။ “ငါလည်း မသိဘူး.. အဆုံးမဲ့တိမ်တိုက်ဧကရာဇ် မဟာလေဟာနယ်မှာ သွားလေ့လာတုန်းက သူတို့ကို ရှာတွေ့ခဲ့တာ … အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ပြောပုံအရတော့ ဒီအလောင်းတွေက မဟာလေဟာနယ်မှာ အဲဒီလိုပဲ လျှောက်သွားတတ်ကြတယ်... ဘယ်သူ့ကိုမှလည်း အာရုံမစိုက်ကြဘူး…ဝိညာဉ်လည်း မရှိ၊ သေဆုံးနေကြတာလည်း နှစ်တစ်သောင်းကျော် ကြာပြီတဲ့ ... ထူးဆန်းပေမယ့် ဆန်းကြယ်တာက သူတို့ဘေးကနေ ဖြတ်လျှောက်သွားရင် စိတ်ထဲ အေးချမ်းတယ်... မဟာလေဟာနယ်ကြောင့် စိတ်နှလုံးမိစ္ဆာလည်း ထွက်မလာနိုင်တော့ဘူး… သူတို့နဲ့ တိုးရင် ခရီးတစ်လျှောက်လုံး အန္တရာယ်ကင်းပြီပဲ”

ဤလမ်းလျှောက်နေသော အလောင်းများ ကြယ်တာရာများအပေါ်၌ လမ်းလျှောက်နေကြစဉ် သင်္ဘောသည် သူတို့အနောက်မှ လိုက်သွား၏။ ဤအလောင်းများကြောင့် သူတို့ရင်ထဲတွင် စိတ်နှလုံးမိစ္ဆာများ မထကြွလာပေ။ ထူးဆန်းသော အသွင်သဏ္ဍာန်များလည်း ထွက်ပေါ်မလာချေ။

ရုတ်တရက် ချင်မူက သင်္ဘောအပေါ်မှ ပျံဆင်းလိုက်သည်။ သူက ကြယ်တာရာအစုကို ကွေ့သွားပြီး အပေါ်တက်ကာ လမ်းလျှောက်နေသော အလောင်းများကို ကြည့်ရှုနေသည်။

“ကေင်းကင်နတ်အရှင်မူ၊ ဘာလုပ်နေတာလဲ”

သင်္ဘောပေါ်ရှိ လူတိုင်း ထိတ်လန့်သွားကြပြီး ခေါင်းနပန်းကြီးလာကြ၏။ ယွင်ချွီးရှို့က လှမ်းအော်သည်။ “ဒီလမ်းလျှောက်နေတဲ့ အလောင်းတွေက ငါတို့ရဲ့အစောင့်အရှောက်တွေပဲ... မဆင်မခြင် မလုပ်နဲ့”

လျန်းဟွာဟွန်၏ မျက်လုံးများ လင်းလက်သွားသည်။ “ကောင်းကင်နတ်အရှင်မူက တစွတ်ထိုး သိပ်လုပ်တာပဲနော်... သူ့ကို ရှင်းပစ်လိုက်ရင် ပိုအန္တရာယ်ကင်းလိမ့်မယ်... အားလုံး ဘယ်လိုထင်လဲ”

လော့ဝူရွှမ် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ကျန်ရှိသူများဆီသို့ ကြည့်လိုက်သည်။ သင်္ဘောအပေါ်ရှိ အတော်များများက ကောင်းကင်နတ်အရှင်မူကို အသေသတ်ရန် ခေါင်းညိတ်သဘောတူနေကြ၏။

‘ကောင်းကင်နတ်အရှင်မူတော့ သင်္ဘောပေါ်မှာ သူ့ကို သတ်ချင်နေတဲ့လူတွေ အများကြီးရှိမှန်း မသိတဲ့ပုံပဲ’

လော့ဝူရွှမ်မှာ မတရားသလို ခံစားလိုက်ရသည်။ ချင်မူသည် အမည်ခံအရ သူတို့ကို ဦးဆောင်၍ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုဆီ သွားရောက်ပူးပေါင်းရမည့်သူ ဖြစ်၏။ သင်္ဘော၌ လိုက်ပါလာသူတိုင်းက ချင်မူ့ကို သတ်ချင်နေမည်ဟု လော့ဝူရွှမ် မထင်ထားပေ။

သူကိုယ်တိုင်၌လည်း လက်တစ်ဖက်ကလဲ့စား ရှိနေသေးသည်။

‘မဟာလေဟာနယ် ခရီးက လေ့လာရေးခရီး မဟုတ်ဘဲ ချင်မူ့ကို သတ်ဖို့ ဖြစ်နေတာကိုး’ လော့ဝူရွှမ် တွေးလိုက်မိသည်။

ချင်မူက သင်္ဘောပေါ်ရှိ လူများ၏ စကားသံများကို အရေးမစိုက်ဘဲ ဤလမ်းလျှောက်နေသည့် အလောင်းများကိုသာ ဆက်၍လေ့လာနေသည်။

သူတို့သည် အမှန်တကယ်ပင် ကမ္ဘာဦးအစ ဖန်ဆင်းရှင်များ ဖြစ်ကြပြီး မျက်ခုံးနှစ်ဖက်ကြား၌ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးများ နစ်မြုပ်နေသည်။ သို့သော် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သေဆုံးနေကြသဖြင့် သူတို့ဆီမှ သွေးခုန်နှုန်းကိုသော်လည်းကောင်း၊ အသက်ငွေ့တို့ကိုလည်းကောင်း သူ မခံစားရပေ။

ဤဖန်ဆင်းရှင်များက ဝေစွေ့ဖုန်း၏ ကြယ်စင်စု ညွှန်ပြနေသော အရပ်မျက်နှာဆီသို့ တိုက်တိုက်ဆိုင်ဆိုင် ဦးတည်နေသည်။

ချင်မူ လမ်းလျှောက်နေသော အလောင်းတစ်လောင်း၏ ဘေးသို့ လျှောက်သွားသည်။ သူက ဘီလူးကြီးကို လှည့်ပတ်ရင်း ဤဖန်ဆင်းရှင်များ သေဆုံးခဲ့သော အကြောင်းရင်းအား လိုက်ရှာနေ၏။

ထူးဆန်းစွာနှင့် ဤဖန်ဆင်းရှင်များ၏ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ မရှိပေ။ သူတို့၏အဝတ်အစားများကလည်း သစ်လွင်တောက်ပြောင်နေသည်။

ချင်မူက တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေပြီးနောက် သူ၏ဓားစက်လုံးသည် ဓားပျံတစ်လက်အသွင် ဖွဲ့တည်ကာ လမ်းလျှောက်နေသော အလောင်းတစ်လောင်း၏ အဝတ်စထောင့်တစ်နေရာကို ခုတ်ဖြတ်လိုက်၏။ ထူးဆန်းစွာနှင့် အဝတ်စ အသစ်ပြန်ထွက်လာသည်။

ဤအလောင်းများက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးနှင့် အသိစိတ်အလျဉ်ကို အသုံးပြု၍ အဝတ်အစားများအား ဖန်ဆင်းထားသောကြောင့် အဝတ်စများသည်လည်း အသစ်ပြန်ထွက်နိုင်၏။

‘သေသွားပေမယ့် သူတို့အသိစိတ်အလျဉ်က‌တော့ အသက်ရှိစဉ်တုန်းကအတိုင်း ကျန်ရစ်ခဲ့တယ်... အသက်မရှိတော့ပေမယ့် အသိစိတ်အလျဉ်တွေက လှည့်ပတ်နေတုန်းပဲ... ဒဏ်ရာရသွားရင်တောင် အသိစိတ်အလျဉ်နဲ့ဆို ပြန်ကျက်သွားတယ်’

ချင်မူသည် လမ်းလျှောက်နေသော အလောင်းများ အရပ်မျက်နှာတစ်ခုတည်းသို့ တသမတ်တည်း ဦးတည်နေသည့် အကြောင်းရင်းကို စဉ်းစားကြည့်နေ၏။ သို့သော် စဉ်းစားမရပေ။

ရှုကျွင်း၏အသံ ထွက်လာသည်။ “သူတို့အသိစိတ်အလျဉ်နဲ့ ငါ ဆက်သွယ်ကြည့်ပြီး အသက်ရှိစဉ်တုန်းက ဘယ်လိုအရာကို ဖြတ်ကျော်ခဲ့ရတာလဲ ကြည့်ကြည့်မယ်”

“သူတို့မှာ ဝိညာဉ်တောင် မရှိဘူးလေ... ဆက်သွယ်ဖို့ ဖြစ်နိုင်ပါ့မလား” ချင်မူ အံ့အားသင့်နေသည်။

“ဖန်ဆင်းရှင်တွေအတွက် ဒါက ပုံမှန်ပဲ... သေဆုံးနေတာတောင် ဆက်သွယ်နိုင်တာ မပြောနဲ့ အသိစိတ်အလျဉ် သန်မာအားကောင်းသရွေ့ သေဆုံးနေတဲ့ ဖန်ဆင်းရှင်ဆီက အသိပညာတွေကို ယူလို့လည်း ရသေးတယ်”

ရှုကျွင်းက ပြောသည်။ “မင်းတို့လို သတ္တဝါတွေအနေနဲ့ ဘိုးဘေးကြီးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ အသိပညာတွေကို တတ်မြောက်ဖို့ ကျင့်ကြံရတယ်... လေ့လာရတယ်... ဖန်ဆင်းရှင်တွေအတွက်တော့ ဝါစဉ်ကြီးတဲ့တစ်ယောက်က ဝါစဉ်ငယ်ရဲ့ နဖူးပေါ် ထိပေးလိုက်ရုံနဲ့ ဝါစဉ်ငယ်ဟာ အသိပညာဗဟုသုတအားလုံး လက်ခံရရှိလိုက်တယ်... ဒါက မင်းတို့တွေ ဘယ်လောက်တုံးအနုံဖျင်းသလဲ ပြနေတာပဲ”

ချင်မူမှာ ဇဝေဇဝါဖြင့် မေးမိလေသည်။ “မသင်ယူဘဲ တိုက်ရိုက် စုပ်ယူလိုက်ရင် မှားနေနိုင်တဲ့ နေရာတွေကို ဘယ်လိုပြင်မလဲ”

ရှုကျွင်း အ, သွားသည်။ “မှားနေနိုင်တဲ့ နေရာတွေကို ပြင်မယ်ဟုတ်လား... ဘိုးဘေးကြီးတွေရဲ့ အသိပညာတွေမှာ မှားနေတာ မရှိဘူးလေ... ငါတို့က ဘာလို့ ပြင်ရမှာလဲ”

ချင်မူ ခေါင်းယမ်းလိုက်မိ၏။ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို အဆင့်မြှင့်တင်ပေးနိုင်မည့် နည်းလမ်းသည် သင်ယူလေ့လာစဉ်အခါ၌ မေးခွန်းများ မေးမြန်းခြင်း၊ မျိုးဆက်ဟောင်းတို့၏ အမှားများအား ထောက်ပြပေးခြင်း ဖြစ်၏။ အသိပညာတစ်ခုကို ကလေး၏ ခေါင်းထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည့်အခါ သူ့အတွက် ထိုပညာသည် အမှန်သာ ဖြစ်နေမည်။ မေးခွန်းထုတ်စရာ မလိုတော့ပေ။

ဤအတိုင်းဖြင့် ဘိုးဘေးတို့၏ အသိပညာများတွင် အမှားရှာဖွေရန် အခွင့်အရေးမရှိနိုင်တော့ပေ။

ပြုပြင်ပြောင်းလဲမှုဟူသည် အခြေခံမှ စတင်ရ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုက ဓားလမ်းစဉ်၊ ဓားမလမ်းစဉ်၊ သင်္ကေတအမှတ်အသားတို့၏ အခြေခံအုတ်မြစ်များဖြင့် စတင်ပြီးနောက်မှ သိုင်းအဆင့်၊ ကောင်းကင်ရတနာတို့၏ အခြေခံအုတ်မြစ်များ၊ လူသားတိုင်း၏ နိစ္စဒူဝ လိုအပ်ချက်အခြေခံများဆီသို့ သွားသည်။

ရင်ဘတ်ထဲရှိ နတ်ဘုရားကို ချိုးဖျက်ရန်ကား စိတ်အခြေအနေ၏ အခြေခံပင် ဖြစ်၏။

အသိပညာကို တိုက်ရိုက်သာ စုပ်ယူလိုက်လျှင် အခြေခံကို ပြောင်းလဲရန် တွေးနိုင်ပါတော့မည်လော။

ဖန်ဆင်းရှင်တို့၏ သင်ယူလေ့လာသော နည်းလမ်းများသည် မြန်ကောင်း မြန်နိုင်သော်လည်း အသိပညာကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်လေ့လာ၍ ဆန်းသစ်ခြင်းသာ ပိုမိုလွယ်ကူကောင်းမွန်သည်။

ချင်မူ မျက်ခုံးနှစ်ဖက်ကြားကို ဖွင့်ပေးလိုက်သည်။ ရှုကျွင်း၏အသိစိတ်အလျဉ်က မဟာကမ္ဘာဦးအစ မူလကျောက်တုံးဆီမှ ဖြာထွက်လာကာ ထိုအလောင်းများ၏ အသိစိတ်အလျဉ်နှင့် ထိတွေ့လိုက်ကြောင်း သူ ခံစားလိုက်၏။

ချင်မူက ရှုကျွင်း၏ အသိစိတ်အလျဉ်နောက် လိုက်သွားသည်။ သူ၏မျက်စိအရှေ့တွင် တောင်တန်း၊ ပင်လယ်၊ မြစ်ချောင်း၊ ရေတံခွန်များနှင့် အဖြူရောင်တိမ်ဆုပ်များ ပြည့်နေသည့် ကမ္ဘာအကျယ်ကြီးတစ်ကမ္ဘာ ပေါ်လာသည်။ ဤဖန်ဆင်းရှင်များက မိုးထိနေသော တောင်တန်းများ၊ မတ်စောက်သော တောင်ကုန်းများအကြား လမ်းလျှောက်၍ ကျောက်စိမ်းရောင် ပင်လယ်ပြင်အား ဖြတ်ကျော်နေကြသည်။

တချို့ဘီလူးကြီးများက တောင်ပံများကို အတွေးဖြင့် ဖန်ဆင်းကာ ပြာလဲ့နေသော ကောင်းကင်ထက်တွင် ပျံသန်းကြသည်။

တချို့ဘီလူးကြီးများသည် ရောင်စုံသစ်ပင်မျိုးစုံကို မြင်ယောင်လိုက်ကြသဖြင့် ထူထဲအုံ့ဆိုင်းနေသော သစ်ပင်များကား သက်ရှိကမ္ဘာ၌ အမှန်တကယ် ပေါက်လာကြ၏။

တချို့ဖန်ဆင်းရှင်များကမူ ကြယ်တာရာကောင်းကင်ထက်တွင် အုပ်စုဖွဲ့ ပျံသန်းကာ နေ၊ လနှင့် ကြယ်တာရာများ ဖန်ဆင်းနေကြသည်။

ယင်းကား ဖရိုဖရဲအခြေအနေများနှင့် ဝေးကွာရာ ကမ္ဘာအသစ်တစ်စင်း ဖြစ်ပေသည်။

သူတို့သည် အချုပ်အနှောင်ကင်းမဲ့စွာဖြင့် လွတ်လွတ်လပ်လပ် နေထိုင်နေကြ၏။ အဝတ်အစားများကလည်း တခမ်းတနား ပြင်ဆင်ထားခြင်းမျိုးမရှိဘဲ ရိုးရှင်းနေသည်။

ဤလမ်းလျှောက်နေသော အလောင်းတို့၏ အသိစိတ်အလျဉ်မှတစ်ဆင့် သူတို့၏မူလကမ္ဘာမှာ နေထိုင်၍မရတော့ကြောင်း ချင်မူ ခံစားမိလိုက်သည်။ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြခြင်းအပြင် ရှေးဟောင်းနတ်ဘုရားများကလည်း သူတို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေကြ၏။

သူတို့က ကမ္ဘာအသစ်တစ်စင်းကို မြင်ယောင်၍ ဖန်ဆင်းကြကာ ခေတ်မီတိုးတက်လာအောင် ပြောင်းလဲခဲ့ကြသည်။

ရုတ်တရက် ဧရာမကြီးမားလှသော အရိပ်ကြီးတစ်ခုသည် သူတို့ဖန်ဆင်းထားသော ကမ္ဘာထဲသို့ ဆင်းသက်လာ၏။ ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်လှိုင်းတစ်လှိုင်း ဖြာထွက်လာပြီး ဟင်းလင်းပြင်တစ်လျှောက် ရိုက်ခတ်ကာ ကြေမွသွားစေသည်။

ဤဖန်ဆင်းရှင်များ ဖန်ဆင်းထားသော ကမ္ဘာမှာ ယခုထိတိုင်အောင် မတည်ငြိမ်သက်သေးသည့်အတွက် ဤအရိပ်ကြီး၏ ရောက်ရှိလာမှုက ကြေမွနေသော ကမ္ဘာတစ်ကမ္ဘာစလုံးအား စင်ကြယ်သန့်စင်သည့် အသိစိတ်အလျဉ်အဖြစ် ဖြိုခွဲပစ်လိုက်၏။ ထိုအသိစိတ်အလျဉ်က ဤဖန်ဆင်းရှင်တို့၏ စိတ်အတွင်းသို့ တန်ပြန်ရိုက်ခတ်လေသည်။

ချင်မူမှာ ဤမြင်ကွင်းကို ငေး၍ ကြည့်နေမိသည်။ တစ်ခါတုန်းက လှပခဲ့သော ကမ္ဘာတစ်ကမ္ဘာကား ... သေဆုံးပျက်စီးသွားခဲ့ချေပြီ။

ဤဖန်ဆင်းရှင်တို့မှာ ပါးစပ်မှာ မည်သည့်စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ ထိုအသိစိတ်အလျဉ်သည် အကောင်အထည် ရှိလာခဲ့သည့်အလား ထင်ရပြီး သူတို့၏မျက်ခုံးနှစ်ဖက်ကြားသို့ ဖောက်ဝင်သွားကာ ဦးနှောက်များကို ဖျက်စီး၍ ဝိညာဉ်တို့ကိုလည်း ဖြိုခွဲပစ်လိုက်၏။ အားလုံး အလောင်းဘဝ ရောက်ကုန်တော့သည်။

ဤမြင်ကွင်းက ဤလမ်းလျှောက်နေသော အလောင်းများ နောက်ဆုံးမြင်ခဲ့သည့်အရာပင်။

ရှုကျွင်းက သူ၏အသိစိတ်အလျဉ်ကို ပြန်လည်ဆင့်ခေါ်လိုက်သဖြင့် ချင်မူ့အရှေ့ရှိ ပုံရိပ်များ ပျောက်ကွယ်သွားသည်။ ကမ္ဘာဦးအစ မူလကျောက်တုံး၏ ယဇ်ပလ္လင်ထက်တွင် ရှုကျွင်း၏ ခေါင်းအခွံကြီးမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေ၏။ သူ့တွင် လျှာ၊ သွား သို့မဟုတ် ရုပ်ခန္ဓာလည်း မရှိသောကြောင့် ကြည့်ရသည်မှာ ထူးဆန်းလှပေသည်။ လေက သူ့ပါးစပ်မှ ဝင်ပြီးနောက် သူ့ခေါင်းအောက်မှ ထွက်သွားသည်။

ချင်မူလည်း နဖူးတပြင်လုံး ချွေးတတောက်တောက် ကျနေပြီး အသက်ပြင်းပြင်း ရှူနေရသည်။

“ရှုကျွင်း၊ အဲဒီအရိပ်ကြီးကို ခင်ဗျား မြင်လိုက်ရလား”

ချင်မူ သူ့ကိုယ်သူ ပြန်ထိန်းကာ မေးလိုက်သည်။ “အဲဒီလူက မဟာလေဟာနယ်ကို ဝင်နိုင်ခဲ့တယ်... ကြည့်ရတာ ဖန်ဆင်းရှင်တစ်ယောက်ပဲ ဖြစ်ရမယ်... ဒါပေမဲ့ ဘာကြောင့် မဟာလေဟာနယ်ကို ဖျက်စီးချင်ခဲ့တာလဲ”

ရှုကျွင်းသည် ခေါင်းယမ်းလိုက်၏။ သူ့အသိစိတ်အလျဉ်မှာ မငြိမ်မသက် ဖြစ်နေသည်။ “ဘယ်သူလဲ မမြင်လိုက်ဘူး...”

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ သူ့မှာ ရှုကျွင်း၏ အသိစိတ်အလျဉ်ကို ငှားထားရသောကြောင့် မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ခဲ့ရပေ။ ရှုကျွင်းသည် အရိပ်ကို မြင်လိုက်ရသော်လည်း မပြောပြချင်ပုံရ၏။

“ရှုကျွင်း၊ ကျွန်တော်တို့နှစ်ယောက်လုံးက တစ်လှေတည်းသားတွေနော်... ရန်သူတစ်ယောက်တည်းကိုပဲ အတူတူ ရင်ဆိုင်နေရတာမဟုတ်လား.. ခင်ဗျား တစ်ခုခု မြင်လိုက်ရင် ပြောပြပါ” သူက အစ်,မေးနေသည်။

ရှုကျွင်းက အေးစက်စက် နှာခေါင်းရှုံ့သည်။ “တစ်လှေတည်းသား ဟုတ်လား... မင်းက လှေပျက်ပေါ်မှာကွ... နေရာတိုင်း မင်းကို သတ်ချင်တဲ့လူတွေချည်းပဲ...‌ လောလောဆယ် မင်းအရှေ့က အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ရမလဲပဲ တွေးထား”

ချင်မူ ပြုံးလိုက်သည်။ သင်္ဘောအပေါ်တွင် သူ့ကို သတ်ချင်နေသည့်လူ အများဆုံးဖြစ်ကြောင်း သူ သိ၏။

ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုဆီ သွားတွေ့ရန်မှာ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်များ လုပ်ကြံဖန်တီးထားသော လံကြုတ်ဆင်ခြေသာ ဖြစ်သည်။ အမှန်တွင် သူ့ကို မဟာလေဟာနယ်သို့ ပို့၍ အစဖျောက်ပစ်လိုခြင်း ဖြစ်သည်။

မည်သို့ဆိုစေ၊ သူတို့ကို မသတ်နိုင်လျှင်တောင်မှ ချင်မူအနေဖြင့် မဟာလေဟာနယ်ထဲတွင် ထာဝရပထုတ်ခံထားရနိုင်သည်။ သင်္ဘောအပေါ်တွင် အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်မှ မပါသည်မဟုတ်ပါ‌လော။

“ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး သင်္ဘောဆီ မြန်မြန်လာခဲ့ပါ”

လျန်းဟွာဟွန်က နူးညံ့ချိုသာစွာ လှမ်း‌ခေါ်သည်။ “ဒီလမ်းလျှောက်နေတဲ့ အလောင်းတွေက အင်မတန် အန္တရာယ်များတယ်... ကောင်းကင်နတ်အရှင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဒုက္ခမခံသင့်ပါဘူး... သင်္ဘောဆီ ပြန်လာတာ ပိုဘေးကင်းပါတယ်”

ချင်မူ လမ်းလျှောက်နေသော အလောင်းတစ်လောင်း၏ ပခုံး‌ပေါ်၌ မတ်တပ်ရပ်လိုက်သည်။ သူ့အဝတ်စများက လေတွင် တဖျတ်ဖျတ် လှုပ်နေပြီး သူက လှမ်းပြော၏။ “မမကြီးလျန်း၊ ကျွန်တော်က ဒီက ရှုခင်းကို ခံစားနေတာပါ... ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့”

သင်္ဘောအပေါ်ရှိ ကောင်းကင်နတ်အရှင်ဟောင်၏ တပည့်၊ ရှို့ယိုဖန်းက ချိုသာစွာ ပြုံးပြီး ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ အဲဒီမြင်ကွင်းက ဘာကောင်းလို့လဲ.. ဒီမှာက ပိုမြင်ကွင်းကောင်းတယ်”

ချင်မူက သူတို့ကို အဖက်မလုပ်ပေ။ ချီစွမ်းအင်တစ်မျှင်သည် လမ်းလျှောက်နေသော အလောင်းများ၏ အောက်ရှိ ကြယ်စင်စုဆီ ပျံသန်းသွား၏။

သင်္ဘောပေါ်ရှိ လူများက သူ့ကို အစိမ်းလိုက် ဝါးစားတော့မည့်အလား ကြည့်၍ လှမ်းအော်ကြသည်။ “ပေါက်လို့ပဲစား မူ၊ ရပ်လိုက်စမ်း”

“ခွေးကောင်ချင်မူ၊ မင်း ထိရဲ ထိကြည့်စမ်း”

“ကောင်းကင်နတ်အရှင်မူ မလုပ်ပါနဲ့”

ဤကြယ်စင်စုသည် အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်းမှ ဖွဲ့တည်ထားသော ဆန်းကြယ်အသွင်တစ်မျိုး ဖြစ်၏။ ချင်မူသာ သွားထိလိုက်လျှင် ဤကောင်းကင်နတ်သိုင်း၏ စွမ်းအားကြောင့် လော့ဝူရွှမ်ကဲ့သို့ အဆင့်မြင့်သိုင်းပညာရှင်များအပါအဝင် သင်္ဘောပေါ်ရှိ လူတိုင်း တစစီဖြစ်ကုန်လိမ့်မည်။

ချင်မူက ချီစွမ်းအင်ကို လှုံ့ဆော်လျက် ကြယ်စင်စုထဲသို့ ပို့လွှတ်လိုက်သည်။ သူ့ကို ဇဝေဇဝါ ဖြစ်သွားစေသည်မှာ ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်းကား မပေါက်ကွဲသွားပေ။

ရှုကျွင်းက သူ့အဖြစ်ကို ကြည့်ကာ ဝမ်းသာနေ၏။ “ကောင်စုတ်လေး၊ မင်း မှားတွက်လိုက်တာပဲ... ဒီဖန်ဆင်းရှင်တွေက သေဆုံးသွားပြီး အသိစိတ်အလျဉ်တွေတော့ ရှိနေတုန်းပဲ... အသိစိတ်အလျဉ်ပဲ ဆိုပေမယ့် ဒီကောင်းကင်နတ်သိုင်းကို ဖိနှိပ်နိုင်သေးတယ်”

ချင်မူမှာ ချီစွမ်းအင်ကို ရုပ်သိမ်း၍ မကျေမနပ် ပြောတော့သည်။ “စောစောထဲက ပြောရောပေါ့ဗျာ”

ရှုကျွင်းသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မာန်အပြည့်ဖြင့် ပြော၏။ “မင်း ငါ့ရုပ်ခန္ဓာကိုသာ ဖွဲ့တည်ပေးလိုက်ရင် ငါ ဒီတီကောင်လေးတွေကို အသာလေး ဖျက်စီးပစ်နိင်တယ်... မင့်အသက်ကိုလည်း ကာကွယ်ပေးနိုင်သေးတယ်... မင်း ငါ့ကို အသိစိတ်အလျဉ်၊ ချီနှင့်သွေးတွေ သုံးနှစ်ဆက်တိုက် ထောက်ပံ့ပေးသရွေ့ပေါ့”

ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်းက ချင်မူ့ကြောင့် မပေါက်ကွဲသွားသည်ကို မြင်လျှင် သင်္ဘောပေါ်ရှိ နတ်ဘုရားများကား မကြောက်တော့ပေ။ အရာရှိနတ်ဘုရားက ကြယ်စင်စု၏အပေါ်သို့ ပျံတက်သွားရင်း လှမ်းအော်သည်။ “အားလုံး ထပ်မစောင့်ကြနဲ့တော့... ငါတို့ ဒီကိုပဲ ရောက်လာနေပြီ သူ ကောင်းကင်နတ်ဘုံဆီ ဘယ်တော့မှ ပြန်မပြေးနိုင်ဘူး... တာဝန်ပြီးအောင် သူ့ သတ်ကြစို့”

“ဟုတ်တယ်”

သင်္ဘောပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြသည်။ “ငါတို့ မဟာလေဟာနယ်အတွင်းထဲ ရောက်လေလေ၊ ကောင်းကင်နတ်ဘုံဆီ ပြန်နိုင်မယ့် အခွင့်အရေး နည်းလာလေလေပဲ... ဒီအခွင့်အရေးကို အသုံးချပြီး ဒီခွေးကောင် ချင်မူကို သတ်ကြစို့... ဒါဆို ပြန်ဖို့ မျှော်လင့်ချက် ရှိသေးတယ်”

ချင်မူက တဟားဟား ရယ်လျက် လမ်းလျှောက်နေသော အလောင်းပေါ်မှ ဆင်းကာ တခြားအလောင်း၏ ပခုံးပေါ်တက်သည်။ ထို့နောက် နောက်တစ်လောင်းဆီ ပျံထွက်သွားပြန်သည်။

သူ့အနောက်တွင် လူအုပ်ကြီးသည် သိုင်းကွက်များ၊ အရှိန်အဝါများဖြင့် ချီတက်လာကြ၏။ ချင်မူ ‌ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူတို့အကြား၌ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်မှ မပါကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်နန်းဆောင်များက သူတို့အနောက်၌ ဖွဲ့တည်နေကြပြီး တချို့ဆိုလျှင် နန်းဆောင်အတော်များများ ဖော်ဆောင်ထားနိုင်ကြ၏။

သင်္ဘောအပေါ်၌ ပျံတက်လာသော လူအယောက် နှစ်ဆယ်ရှိသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ဆွံ့အနေကြလေသည်။

ယွင်ချွီးရှို့က လော့ဝူရွှမ်ကို ကြည့်ကာ စပ်စုသည်။ “ကောင်းကင်ဓားမလော့နဲ့ လောကသခင်ခန္ဓာချင်ကြားမှာ သွေးကြွေးကလဲ့စား ရှိတယ်မလား... ဘာလို့မတိုက်ခိုက်တာလဲ”

လော့ဝူရွှမ်က ခပ်ပြတ်ပြတ် ဖြေ၏။ “ငါ တိုက်ခိုက်မယ် ဆုံးဖြတ်ထားရင် အခြားသူတွေကို အားမကိုးဘူး.. ငါ့ဘာသာငါ မျှမျှတတ တိုက်ခိုက်ပြီး ငါ့ဓားမနဲ့ပဲ သူ့ကို အနိုင်ယူချင်တယ်... မင်းကရော ဘာလို့မတိုက်ခိုက်တာလဲ”

ယွင်ချွီးရှို့၏အကြည့်သည် သူမဘေးရှိ လျန်းဟွာဟွန်အပေါ် ကျရောက်သွားပြီး သူမက တခစ်ခစ် ရယ်လေသည်။ “သူ့ကို မသတ်ချင်ဘဲ ဘာလို့တိုက်ခိုက်ရမှာလဲရှင်... မဟုတ်လား ညီမတော်လျန်း”

လျန်းဟွာဟွန်က ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် အေးစက်စွာ ပြောသည်။ “လင်ခိုးမ၊ နင် ငါ့ကို အစ်မတော်လို့ ခေါ်သင့်တယ်”

All Chapters