← Chapters

သမိုင်းတစ်လျှောက် အသန်မာဆုံး ရုပ်ခန္ဓာ

Vol. 72 Ch. 942

သမိုင်းတစ်လျှောက် အသန်မာဆုံး ရုပ်ခန္ဓာ

Vol. 72 Ch. 942

ဝေစွေ့ဖုန်း၏ ‌ကောင်းကင်နတ်သိုင်းက မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ ကြောက်ခမန်းလိလိ လွှမ်းခြုံထားသည်။ ဤသည်မှာ ဝေစွေ့ဖုန်း ကိုယ်ပိုင်အစွမ်းအစဖြင့် ထုတ်လွှတ်နိုင်သော ကောင်းကင်နတ်သိုင်းမဟုတ်ပေ။ သူ၏အစွမ်းအစများက အားကောင်းပြင်းထန်ပါသော်လည်း ဤမျှလုပ်နိုင်ရန်အထိ မလုံလောက်ပေ။

ထိုသို့သာဆိုလျှင် မဟာလေဟာနယ်ကို အသုံးချ၍ မိမိ၏ ကောင်းကင်နတ်သိုင်း အင်အားကြီးမားလာအောင် လုပ်နိုင်မည့် နည်းတစ်နည်း ရှိကိုရှိရမည်။

ထို့အပြင် ဝေစွေ့ဖုန်းက ၎င်းကို ရှာတွေ့ခဲ့ချေပြီ။

ယင်းနည်းလမ်းသည် စင်ကြယ်သန့်ရှင်းသော အသိစိတ်အလျဉ် ကိန်းဝပ်နေသည့် မဟာလေဟာနယ်တွင်သာ အသုံးပြု၍ ရလောက်မည်။

‘အဲ့ဒီနည်းလမ်းကို ကောင်းကင်နတ်သိုင်းထဲမှာ ဝှက်ထားပြီး ကြယ်တွေရဲ့ အစီအစဉ်နေရာအထားအသိုကို ပြောင်းလဲအသုံးချရင်း အမှာစကားတစ်ခုခု ထားခဲ့တာဖြစ်မယ်’

ချင်မူက ကြယ်များကို စိုက်ကြည့်ရင်း ကြယ်တစ်စင်းစီ၏ လမ်းကြောင်းများကို မှတ်သားကာ လျင်မြန်စွာ တွက်ချက်နေသည်။ စိတ်ပျက်စရာသည်မှာ ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်းထဲ၌ မည်သည့်စာ၊ မည်သည့်သတင်းမှ မရှိပေ။ ထိုအတိုင်းသာ ရှိနေခြင်းသာဖြစ်သည်။

‘ကြယ်စင်စုရဲ့ အရပ်မျက်နှာက….’

ချင်မူ မှင်သက်သွားသည်။ ဤကြယ်စင်စုသည် မဟာလေဟာနယ်အတွင်းထဲသို့ ညွှန်ပြနေသော မြားတစ်စင်း ဖြစ်၏။ ဝေစွေ့ဖုန်းက အရပ်မျက်နှာ ညွှန်ပြရန်သာ ဤကောင်းကင်နတ်သိုင်းအား ထားခဲ့ခြင်းဖြစ်မည်။

သင်္ဘောသည် ကြယ်စင်စု ညွှန်ပြနေသော အရပ်မျက်နှာအတိုင်း လိုက်သွား၏။ ကောင်းကင်နတ်ဘုံသည်လည်း ဝေစွေ့ဖုန်း၏ကောင်းကင်နတ်သိုင်းကို မည်သို့အသုံးချနိုင်ကြောင်း သိထားကြောင်း ထင်ရှားပေသည်။

ယွင်ချွီးရှို့က ကြယ်တာရာများကို သူ အကဲခတ်နေကြောင်း မြင်လျှင် ပြုံးလိုက်သည်။ “ဒီကောင်းကင်နတ်သိုင်းက အဆုံးမဲ့တိမ်တိုက်ဧကရာဇ် မဟာလေဟာနယ်မှာ လေ့လာခဲ့တုန်းက ထားခဲ့တဲ့ ကောင်းကင်နတ်သိုင်းပါ.... နင် သူ့ကို သိလောက်ပါတယ်... သူက ကောင်းကင်နတ်ဘုံမှာ အတော်လေး ဖရိုဖရဲဖြစ်စေခဲ့တဲ့ အာဂလူတစ်ယောက်လေ”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်းက ကျွန်တော်ရဲ့ အစ်ကိုကြီးပါ”

“လွန်ခဲ့တဲ့ နှစ်နှစ်သောင်းအတွင်းမှာ ဧကရာဇ်ပလ္လင်အဆင့် တစ်ယောက်မှ မွေးဖွားမလာခဲ့ဘူး… သူက ကျင့်ကြံအားထုတ်ရင်း အဲ့အဆင့်တက်သွားတဲ့ တစ်ယောက်တည်းသော လူပဲ... အဲ့ဒါကြောင့် ကောင်းကင်နတ်ဘုံက သူ့ကို အင်မတန် အလေးထားပြီး အဆုံးမဲ့တိမ်တိုက်နန်းဆောင်ရဲ့ မဟာနတ်မင်းအဖြစ် ခန့်အပ်ခဲ့တယ်... သူက ကောင်းကင်ဘုံ ၂၆ ဘုံနဲ့ ကြယ်နယ်မြေ ထောင်သောင်းချီပါ၀င်တဲ့ အဆုံးမဲ့တိမ်တိုက်နန်းဆောင်တစ်ခုလုံးကို ထိန်းချုပ်ခဲ့တယ်”

ယွင်ချွီးရှို့က ဆက်ပြောသည်။ “ဒါပေမဲ့ နောက်ပိုင်း ကောင်းကင်နတ်ဘုံ သူ့နောက်ကြောင်းကို လိုက်စုံစမ်းကြည့်တော့ သူ့ရဲ့နာမည်နဲ့ နောက်ခံတွေက အတုတွေမှန်း တွေ့လိုက်ရတယ်... သူက မဟူရာနတ်မင်း ကောင်းကင်ယင်သားတော်ရဲ့ သေခြင်းရှင်ခြင်းစာအုပ်မှာတောင် ပြင်ထားသေးတယ်... အဲ့ဒါတင်မကဘူး... ကောင်းကင်နတ်ဘုံရဲ့ သေခြင်းရှင်ခြင်းစာအုပ်မှာရော၊ မြေအောက်ဘုံအရှင်သခင်ရဲ့ သေခြင်းရှင်ခြင်းစာအုပ်မှာရော ပြောင်းထား‌တယ်လေ... သေခြင်းရှင်ခြင်းစာအုပ်ကိုးအုပ်စလုံးမှာ လိုက်ပြောင်းထားတာတဲ့.... ဘယ်လောက်အတင့်ရဲလိုက်သလဲ”

ချင်မူက ‌ရယ်လိုက်သည်။ “ကျွန်တော့်အစ်ကိုကြီးက တော်တော် တဇောက်ကန်းနိုင်တာ အမှန်ပဲ”

“ကောင်းကင်နတ်ဘုံအနေနဲ့ လူတစ်ယောက်ကို နောက်ကြောင်းလိုက်ချင်ရင် ဘယ်သူပဲဖြစ်နေပါစေ မခက်ဘူး... အဲ့ဒါကြောင့် သူက အတုလုပ်ဖို့ အတော်လေး အားစိုက်ထုတ်ခဲ့တာဖြစ်မယ်... တစ်ခါတုန်းက ကောင်းကင်သားတော်ဆီ‌တောင် သွားပြီး သူ့တပည့်အဖြစ် နှစ်တစ်ရာလောက် လုပ်ခဲ့သေးတယ်လေ.... ‌ကောင်းကင်သားတော်က သူ့ကို အင်မတန် အလေးထားခဲ့လို့ သူ့ရဲ့ ဂုဏ်အယူရဆုံးတပည့်အဖြစ် တာ၀န်တွေတောင် ပေးခဲ့သေးတယ်.... နောက်ပိုင်း သူက သေချင်ယောင်ဆောင်ပြီး ပျောက်သွားတယ်... ကောင်းကင်သားတော်ဆို အဲ့အကြောင်းမသိဘဲ အတော်လေး စိတ်မကောင်းဖြစ်နေခဲ့တာ”

ယွင်ချွီးရှို့က ဆက်ပြောသည်။ “ကောင်းကင်နတ်ဘုံ ဆက်စုံစမ်းတော့ ထိတ်လန့်စရာနောက်တစ်ခု တွေ့ခဲ့ရတယ်.... သူက မင်တုဆီ သွားခဲ့ရုံတင်မကဘူး... ဇာမဏီနတ်မင်း၊ အဖြူနတ်မင်းနဲ့ အစိမ်းနတ်မင်းတို့ရဲ့ ဂိုဏ်းတွေ‌ဆီတောင် သွားခဲ့သေးတယ်.... ကောင်းကင်နတ်အရှင်တွေနဲ့ ကောင်းကင်နယ်စားမင်းရဲ့ ဂိုဏ်းတွေဆီလည်း သွားခဲ့ပြီး မဟာနေဧကရာဇ်ရဲ့ ညီအစ်ကိုတစ်‌ယောက်တောင် ဖြစ်လာခဲ့သေးတယ်.... တစ်ကြိမ်နဲ့ တစ်ကြိမ် သူ့နာမည်နဲ့သူ့ရုပ်က မတူဘူး.... နာမည်အစစ်၊ မျက်နှာအစစ်ကို ဘယ်တော့မှ မသုံးခဲ့ဘူး.... နှစ်ရာပိုင်းလောက် နာမည်အတု၊ မျက်နှာအတုတွေနဲ့ လျှောက်သွားနေခဲ့တာ”

ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ ဝေစွေ့ဖုန်းသည် မင်တုသို့ ခိုး၀င်ခဲ့ပြီး မင်တုမဟာအကျဉ်းထောင်၏ မြေပုံအား သက်စွန့်ဆံဖျား ရေးဆွဲပေးခဲ့သည်ဟု သူ ထင်ခဲ့ဖူး၏။ တန်ခိုးရှင်သစ်ခုတ်သမားက ထိုမြေပုံကို အသုံးချ၍ တိရီယွဲ့ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

“သူက ပျိုးထောင်ပေးသင့်တဲ့ လူတစ်ယောက်ဆိုတာ ခံစားခဲ့ရလို့ မကောင်းမှုကြီးကြီးမားမား မကျူးလွန်သရွေ့ တာ၀န်ကြီးကြီးတွေ ပေးခဲ့တယ်... ဒါပေမဲ့ သူ့နောက်ကြောင်း လိုက်စုံစမ်းကြည့်တော့ ခိုင်ဧကရာဇ်ခေတ်ရဲ့ မြို့ပျက်ကနေ ရွှေ့ပြောင်းပြီး ရောက်လာတဲ့သူဖြစ်နေမှန်း တွေ့ခဲ့ရတယ်လေ.. အဲ့ဒါနဲ့ ကောင်းကင်နတ်ဘုံက သူ့ကို ကြောက်သွားတော့တာပဲ”

ယွင်ချွီးရှို့က ‌ဆက်ပြောသည်။ “အဲ့ဒီနောက် ခိုင်ဧကရာဇ်ခေတ်က လူတွေဟာ အင်အားသန်းနဲ့ချီလာတယ်.. သူတို့ရဲ့ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ ပျက်စီးနေပြီး ကောင်းကင်တံတားတွေလည်း ကျိုးပဲ့နေတဲ့ အနာဂတ်မဲ့သူတွေ၊ နတ်ဘုရားတွေရဲ့ အစွန့်ပစ်ခံလူသားတွေ ဖြစ်လာကြတယ်.... ဒါပေမဲ့ အဲ့ဒီလို ရွှံ့နွံထဲက ဧကရာဇ်ပလ္လင်အဆင့်‌ ပေါ်ထွန်းခဲ့တယ်လေ... ကောင်းကင်နတ်ဘုံတစ်ဘုံစလုံး တုန်လှုပ်ချောက်ချားသွားပြီး အဲဒီကိစ္စကို အလေးအနက် ထားလာကြတယ်… အဲဒါနဲ့ သူ့ကို ဖမ်းပြီး အကျဉ်းချခဲ့ကြတယ်…

‘ဒါပေမဲ့ သူက ကောင်းကင်နတ်ဘုံအတွက် အတော်များများ လုပ်ပေးခဲ့တဲ့သူဆိုတော့ ဒီမဟာလေဟာနယ်ကို ‌သူ လေ့လာခဲ့တာ အများဆုံးပဲ... မဟာလေဟာနယ်ရဲ့ အတွင်းပိုင်းထဲအထိ သူ ရောက်ခဲ့ဖူးတယ်”

သင်္ဘောအရှေ့ပိုင်းတွင် ကြယ်တစ်စုပေါ်လာပြီး သူတို့ကို လမ်းပြပေးနေသည်။ “သူက ကောင်းကင်နတ်အရှင်တွေထက်တောင် ဝေးဝေးလံလံ သွားပြီး ဒီကြယ်စုတွေကို ထားခဲ့တာလေ... သူ့ကြောင့်သာ ငါတို့ ဒီထဲမှာ ခံတပ်တွေ တည်ဆောက်နိုင်တာ”

ယွင်ချွီးရှို့က တလေးတစား ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ရှင်တို့က ဉာဏ်ကြီးရှင်တွေပဲ”

ချင်မူက ခေါင်းရမ်းကာ ပြောသည်။ “အစ်ကိုကြီးကမှ တကယ့်ဉာဏ်ကြီးရှင်ပါ... ကျွန်တော်ကတော့ မဟုတ်ပါဘူး”

“လျှောက်မပြောနဲ့… သူက “ကောင်းကင်နတ်ဘုံတစ်ဘုံစလုံးမှာ မွှေခဲ့လို့ အဖမ်းခံခဲ့ရပေမယ့် ကောင်းကင်နတ်ဘုံကိုတော့ အန္တရာယ်ဖြစ်အောင် မလုပ်ခဲ့ဘူး.... “

ယွင်ချွီးရှို့က ပြုံး၍ ပြောသည်။ “နင်ကတော့ မတူဘူး.. ကောင်းကင်နတ်ဘုံကို မျက်နှာပြောင်တိုက် ဝင်လာပြီး စည်းလုံးမှုပြိုကွဲအောင် လုပ်တယ်... ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း နင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက် မတည့်တော့ဘူး... ကောင်းကင်ဘုံနတ်ဘုံလည်း ကြာကြာငြိမ်းချမ်းမှာမဟုတ်တော့ဘူး.... ကောင်းကင်နတ်ဘုံမှာ နင့်ကို ကာကွယ်ပေးတဲ့သူတွေ အများကြီးရှိနေတာကြောင့်မလို့လည်းကောင်းကင်နတ်ဘုံက နင့်ကို မထိပြန်နိုင်ဘူး.... အဲ့ဒီနေရာက နင် သူ့ထက် ပိုဉာဏ်ကောင်းတဲ့ နေရာပဲ.. နင့်အစ်ကိုကြီးရဲ့ လုပ်ပုံလုပ်နည်းတွေက နင်နဲ့ယှဉ်ရင် ပျော့လွန်းတယ်”

ချင်မူ ပြုံးလိုက်မိသည်။

သင်္ဘောက ရှေ့ဆက်သွားပြီး အတော်ကြာသော် သူတို့ရှေ့တွင် တကယ့်ကြယ်အစစ်များ ပေါ်လာ၏။

ထိုကြယ်များသည် ဖန်ဆင်းရှင်များ ဖန်ဆင်းခဲ့သည့် ကြယ်များဖြစ်လောက်သည်။ ထိုကြယ်များအတွင်း၌ ကြယ်ငါးစင်းက သံကြိုးများဖြင့် ချိတ်ဆက်နေပြီး ကြယ်များ၏အလယ်တွင် ဧရာမစစ်ယန္တရားအဆောက်အအုံကြီးတစ်ခု တည်ဆောက်ထားသော ဧရာမခံတပ်ကြီးတစ်ခု ရှိ၏။

ခံတပ်၏ပတ်ပတ်လည်တွင် သွေးများ၊ အလောင်းများ လွင့်မျောနေရာ ဤနေရာတွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ကြောင်း ထင်ရှားပေသည်။ ခံတပ်မှ နတ်ဘုရားများ ထွက်လာပြီး သင်္ဘောပေါ်ရှိ လူများကို အတည်ပြုကာ အနားယူရန် ဖိတ်ခေါ်သည်။

လော့ဝူရွှမ်၏ စိတ်နှလုံးမိစ္ဆာကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲကြောင့် သင်္ဘောပေါ်ရှိ အတော်များများ သေဆုံးသွားသည်။ သုံးရာအနက် အယောက် နှစ်ရာ့ခြောက်ဆယ်သာ ကျန်ပြီး အတော်များများ ဒဏ်ရာရထား၏။

ချင်မူက ခံတပ်ထဲ ဝင်ပြီး ငုံ့ကြည့်လိုက်သည့်အခါ စခန်းချနေသော နတ်ဘုရားများတွင် အသက်မဲ့နေသည့် အမူအရာများရှိကြောင်း မြင်တွေ့ရသည်။ သူတို့၏ခန္ဓာကိုယ်အပေါ်တွင် အနာဖေးများ တက်နေသော ဒဏ်ရာများရှိနေ၏။ ၎င်းတို့ကား အနီရောင်ကင်းခြေများများ တွားသွား,သွားနေသည့်အလားပင်။

ဤနတ်ဘုရားများနှင့် မိစ္ဆာများတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိပြီး လက်နက်မျိုးစုံ ကိုင်ထားသည်။ သို့သော် ခံစားချက်ကင်းမဲ့နေပုံရပြီး မျက်ဝန်းများ အသက်မဲ့နေကြ၏။

‘သူတို့ ဘာဖြစ်သွားတာလဲ’ သူ သိချင်နေမိသည်။

“သူတို့မှာ ခံစားချက်တွေ မရှိတော့ဘူး”

ယွင်ချွီးရှို့က ပြုံးသည်။ “သူတို့က ခံစားချက်ထုတ်ပယ်ခံထားရတဲ့ အကျဉ်းသားတွေပဲ… သူတို့မှာ ကျန်တာဆိုလို့ တိုက်ခိုက်နိုင်စွမ်းပဲ ရှိတယ်… ကောင်းကင်နတ်ဘုံ မဟာလေဟာနယ်ကို ရှာတွေ့ခဲ့တုန်းက အထိအခိုက်များခဲ့တယ်လေ… အဲဒါနဲ့ လေဟာနယ်ခံတပ်တွေကို တည်ဆောက်ပြီး သူတို့ကို စောင့်ရှောက်ခိုင်းထားတာ… သူတို့မှာ ခံစားချက်မရှိတော့ ဘာစိတ်နှလုံးမိစ္ဆာမှ ပေါ်မလာတော့ဘူးပေါ့”

ချင်မူက ဤနတ်ဘုရားမိစ္ဆာများကို ကြည့်၍ မေးသည်။ “သူတို့က ချိမင်ခေတ်က လူတွေလား”

ယွင်ချွီးရှို့က တာအိုရသေ့တစ်ပါးကို ဆင့်ခေါ်ကာ ပြောသည်။ “ဒါက ကောင်းကင်နတ်အရှင်မူပါ… ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုအတွက် ရောက်လာတာ… ကျေးဇူးပြုပြီး လေဟာနယ်ခံတပ်က ဟိုဟာကြီးကို သွားခေါ်ထုတ်ပေးပါဦး”

ထိုတာအိုရသေ့သည် ခံစားချက်များ ရှိသေးဟန်တူ၏။ သူက ခံတပ်၏ ဘေးကင်းလုံခြုံမှုနှင့် ချိမင်ခေတ်၏ အကျဉ်းသားများကို ထိန်းချုပ်ရန် တာဝန်ရှိလေသည်။

တာအိုရသေ့က ချင်မူ့ကို အကဲခတ်ပြီး အဘယ်သို့ပြု၍ သူ၏သိုင်းအဆင့်က နိမ့်ကျနေကြောင်း သိချင်သွားသည်။ မည်သို့ဆိုစေ သူသည် အရိုအသေပေးပြီး ပြော၏။ “ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ့ ကောင်းကင်နတ်အရှင်”

သူက လှမ်းအော်လိုက်သည်။ အော်သံတွင် ဆန်းပြားသော ကြိမ်နှုန်းတစ်ခု ကိန်းဝပ်နေပြီး အဖိုးထိုက်ရတနာများအား ထိန်းချုပ်ရန် အသုံးပြုသည့် တာအိုတစ်ပါး ဖြစ်ဟန်တူ၏။

ရုတ်တရက် ပြင်းထန်အားကောင်းသည့် တုန်ခါလှိုင်းများ လေဟာနယ်ခံတပ်အပြင်မှ ဖြာထွက်လာသည်။ ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ ခံတပ်ထက် အဆများစွာ ကြီးမားသော နတ်ဘုရားကြီးတစ်ပါး မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရ၏။ ထိုနတ်ဘုရားကြီး ခေါင်းမော့လာသည့်အခါ သူ မှင်သက်သွားသည်။

ထိုနတ်ဘုရားကြီးတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိသည်။ ခံစားချက်ကင်းမဲ့နေသော မျက်နှာမများနှင့် ခေါင်းသုံးလုံသည် အလက်လေးမျက်နှာသို့ ကြည့်နေ၏။

သူ့ပတ်ပတ်လည်တွင် သူ၏ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော နတ်ဘုရားစာသားသံကြိုးတစ်ချောင်း ရှိသည်။ ထိုသံကြိုးက သင်္ကေတအမှတ်အသားများဖြင့် တောက်ပလျက် သူ၏ခန္ဓာကိုယ်ကြီးအား လှည့်ပတ်နေလေသည်။

သင်္ကေတအမှတ်အသားများက တောက်ပလာပြီး မကြာမီ သူတို့ လွှမ်းခြုံထားသော ဧရိယာသည် လေဟာနယ်ခံတပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့်တိုင်အောင် ကျယ်ဝန်းလာ၏။

ဤသည်မှာ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင် ဖြစ်လေသည်။

သူ၏သိုင်းအဆင့်က ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ချင်မူ သင်္ကေတအမှတ်အသားများဆီသို့ ကြည့်လိုက်သည့်အခါ ရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့သည် အန္တရာဝသိုင်းနတ်ဘုရားကျမ်းစာ၏ သင်္ကေတအမှတ်အသားများပမာ ထင်ရသည်။ သူ မနေနိုင်ဘဲ မေးမိတော့သည်။ “သူက ဘယ်သူလဲ… ချိမင်ခေတ်က မဟာနတ်မင်းတစ်ပါးလား”

ယွင်ချွီးရှို့က တခစ်ခစ် ရယ်သည်။ “ခန့်မှန်းကြည့်လေ”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ခေါင်းယမ်းလိုက်၏။ “မင်ဧကရာဇ်တော့ မဖြစ်နိုင်ဘူး… သူက ကောင်းကင်နတ်ဘုံရဲ့ အပြင်က စစ်မြေပြင်မှာ သေသွားခဲ့တာ… ကောင်းကင်နတ်ဘုံဆီ အလာလမ်းမှာ မင်ဧကရာဇ်မြေပြင်ကို ဖြတ်ကျော်ခဲ့ရတုန်းက ချီကျုံရီ ပြောပြခဲ့ဖူးတယ်”

ယွင်ချွီးရှို့က ပြုံးလေသည်။ “သူတော့ ဘယ်ဟုတ်ပါ့မလဲ.. သူက သမိုင်းတစ်လျှောက် အသန်မာဆုံးရုပ်ခန္ဓာပိုင်ရှင်လေ… ကောင်းကင်နတ်ဘုံဆီတောင် ရောက်လာတော့မလို့ နည်းနည်းပဲ လိုတာ… မရေမတွက်နိုင်တဲ့နတ်ဘုရားတွေ၊ မိစ္ဆာတွေကို သူ့ကို ဝိုင်းအုံပြီး အကြိမ်ပေါင်းများစွာ ခေါင်းဖြတ်သတ်ခဲ့ရတယ်… ဒါပေမဲ့ တစ်ခေါင်းပြတ်တိုင်း နောက်တစ်ခေါင်း ထွက်လာတယ်…. သူ မသေခဲ့ဘူး.. ကောင်းကင်နတ်အရှင်တစ်ပါးတောင် သူ့ကို သေအောင် လုပ်ဖို့ ခက်ခဲခဲ့တယ်… နင် ဖြတ်ကျော်လာခဲ့တဲ့ စစ်မြေပြင်မှာ အလောင်းတွေ ဖွေးဖွေးလှုပ်နေခဲ့တယ်မဟုတ်လား… ကောင်းကင်နတ်ဘုံဘက်က ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေတောင် အများကြီး သေခဲ့ကြရတာ… အဲဒီစစ်ပွဲက ထူးထူးခြားခြား ရက်စက်ပြင်းထန်ခဲ့တယ်”

ချင်မူက ခံတပ်အနောက်ရှိ ဧရာမနတ်ဘုရားကြီးဆီသို့ မော့ကြည့်နေသည်။ နတ်ဘုရားကြီးသည် သန်မာအားကောင်းလွန်းသဖြင့် သူ့အနောက်ရှိ နေရာဟင်းလင်းပြင်မှာ ပုံပျက်ရှံ့တွနေ၏။

“မင်း တကယ်မသိတာလား… မဟာဧကရာဇ်ကျူယွီရှစ်က အသန်မာဆုံးရုပ်ခန္ဓာလေ” ရှုကျွင်း၏အသံသည် သူ့ခေါင်းထဲ၌ မြည်ဟည်းလာ၏။

“မင်ဧကရာဇ်အပြင် သန်မာအားကောင်းတဲ့ ရုပ်ခန္ဓာနဲ့ တခြားသူရှိသေးလား” ချင်မူက ယွင်ချွီးရှို့အား မေးသည်။

“မင်ဧကရာဇ်က သေသွားပြီ”

ယွင်ချွီးရှို့သည် ပြုံး၏။ “သူက အသေဆိုးနဲ့ သေခဲ့ရတာ.. သူ့ရုပ်ခန္ဓာက သမိုင်းတစ်လျှောက် အသန်မာဆုံး ဖြစ်ခဲ့ပေမယ့် သူ့မူလဝိညာဉ်က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ထွက်တဲ့အထိ မကျင့်ကြံနိုင်ခဲ့ဘူး… သူ့အားနည်းချက်ကို ကောင်းကင်ယင်သားတော်က တွေ့သွားလို့ သတ်ပစ်လိုက်တာ”

ချင်မူ ရင်ထဲ တုန်လှုပ်သွားသည်။ မင်ဧကရာဇ်သည် အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ဖြင့် မူလဝိညာဉ် မကျင့်ကြံနိုင်ခဲ့သည်မှာ ထင်ရှား၏။

သူ့ကျင့်စဉ်တွင် မူလဝိညာဉ်ဖြင့် ခေါင်းလုံးလက်ခြောက်ဖက် ကျင့်ကြံရန် နည်းလမ်း လိုအပ်နေရာ အားနည်းချက်များစွာ ရှိပေသည်။

ချိဧကရာဇ်၏ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် ပေါင်းစည်းခဲ့လျှင်တော့ ပြီးပြည့်စုံခဲ့လိမ့်မည်.

ယခုတော့ အတိတ်တွင်သာ ကျန်ခဲ့ချေပြီ။

ယနေ့ခေတ်တွင် လမ်းစဉ်များ၊ ကျင့်စည်များနှင့် ကောင်းကင်နတ်သိုင်းများ တိုးတက်လာခဲ့ပြီး ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ကောင်းကင်နတ်ဘုံအဆင့်သို့ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခုကိုမှ အနည်းဆုံးမပေါင်းစည်းနိုင်လျှင် ယနေ့ခေတ်၌ နောက်ကျကျန်ခဲ့လိမ့်မည်။

‘ဒီဟာကြီးက ဧကရာဇ်ပလ္လင်အဆင့် မင်ဧကရာဇ်လား’

ချင်မူ သံသယများ ရှိနေသည်။ ချိဧကရာဇ်သည် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကြောင့် အသိစိတ်အလျဉ် မသေဆုံးခဲ့ပေ။ ထို့ကြောင့် မင်ဧကရာဇ်၏ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်က သူ့ရုပ်ခန္ဓာကို မသေဆုံးစေခဲ့ခြင်းများလော။

မင်ဧကရာဇ်သည် စစ်ပွဲ၌ ဝိညာဉ်သာ ကျဆုံးခဲ့ပြီး ခန္ဓာကိုယ် အသက်ရှင်နေသည်လော။

ဤနတ်ဘုရားကြီးက မင်ဧကရာဇ်၏ ရုပ်ခန္ဓာလော။

လေဟာနယ်ခံတပ်ထဲ၌ သူတို့အားလုံး ဧရာမနတ်ဘုရားကြီး၏ သင်္ကေတအမှတ်အသားများအောက်၌ တခဏ အနားယူလိုက်ကြသည်။ မဟာလေဟာနယ်၏ ဆန်းပြားသော အသိစိတ်အလျဉ်ကို သင်္ကေတအမှတ်အသားများက ကာကွယ်ပေးထားသောကြောင့် သူတို့၏ရင်ထဲမှ စိတ်နှလုံးမိစ္ဆာများ ဖွဲ့တည်လာမည်ကို စိတ်ပူစရာမလိုပေ။

အကုန်လုံး ဒဏ်ရာများ ကုသပြီးနောက် သင်္ဘောသည် အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ဝေစွေ့ဖုန်း၏ ကြယ်စင်စုကောင်းကင်နတ်သိုင်း၏ လမ်းပြမှုအတိုင်း ဆက်လက်ရွက်လွှင့်၏။

ချင်မူ နောက်ပြန်လှည့်ကြည့်သည့်အခါ လေဟာနယ်ခံတပ်မှာ သွေးစုပ်ထုတ်ခံထားရသကဲ့သို့ သွေးသံချေးကွက်များ ထနေသည်ကို မြင်လိုက်ရ၏။

အလောင်းများ ဤမျှဖွေးဖွေးလှုပ်လျက် ဝန်းရံနေရလောက်အောင် မည်သည့်အရာက ခံတပ်ကို ဝန်းရံထားခဲ့သနည်း။

ထိုနေရာတွင် ခဏသာ ဝင်တည်းခဲ့သည့်အတွက် မဟာလေဟာနယ် မကောင်းဆိုးဝါးများ၏ တိုက်ခိုက်ခြင်းမခံခဲ့ရသည်က တော်သေးသည် ဆိုရမည်။

ချင်မူ့အကြည့်သည် နတ်ဘုရားကြီး၏ခန္ဓာကိုယ်အပေါ် ပြန်လည်ကျရောက်သွား၏။ ‘သူက ဘယ်သူလဲ.. ငါ သူ့ဝိညာဉ်ကို ဆင့်ခေါ်လိုက်ရင် အသက်ပြန်ရှင်လောက်လား’

ရက်အနည်းငယ်ကြာသော် သူတို့ ဒုတိယလေဟာနယ်ခံတပ်ဆီ ရောက်လာသည်။ မဟာလေဟာနယ်၏ ကြောက်မက်ဖွယ်ရာအားလှိုင်းတစ်လှိုင်း ခံတပ်ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင် ဖျက်စီးထား၏။

လော့ဝူရွှမ် မျက်မှောင်ကြုတ်သွားပြီး သင်္ဘောကို ရပ်ကာ သူကိုယ်တိုင်ဆင်း၍ အပျက်အစီးများအကြား လိုက်ရှာသည်။ များစွာမကြာလိုက်ဘဲ သူ ပြန်ရောက်လာပြီး ခေါင်းယမ်းပြ၏။ “အလောင်းမရှိဘူး.. အစောင့်တွေရဲ့ အလောင်းအားလုံး ပျောက်သွားပြီ”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “ဒါဖြင့် ဆက်သွားကြစို့”

သင်္ဘောက ဆက်လက်ရွက်လွှင့်ပြီး အဆုံးမဲ့တိမ်တိုက်ဧကရာဇ်၊ ဝေစွေ့ဖုန်း၏ ကောင်းကင်နတ်သိုင်းက သူတို့ကို ဆက်လက်လမ်းပြနေသည်။ သင်္ဘောပေါ်ရှိ လူများသည် ဗြဟ္မဗုဒ္ဓ၏ အတွေးကျင့်စဉ်က မဟာလေဟာနယ်ဆီမှ ဆန်းကြယ်မှုများကို တားဆီးပေးနိုင်ကြောင်း ခံစားကြရ၏။

သင်္ဘောအပြင်တွင် ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာကာ တစ်ပတ်လည်ပြီးနောက် ပျောက်ကွယ်သွားသည်။

“အဲဒါ ဘယ်သူ့မိစ္ဆာလဲ” လော့ဝူရွှမ်သည် သတိအနေအထားဖြင့် ဓားဆွဲထုတ်လိုက်၏။

ဤအခိုက်အတန့်တွင် သင်္ဘောအပြင်၌ ဧရာမခန္ဓာကိုယ် အရှည်ကြီး ပေါ်လာသည်။ ခန္ဓာကိုယ်ကြီးက တရွှီးရွှီးဆူညံသံများ ထုတ်လွှတ်လျက် သင်္ဘောဘေး၌ လူးလွန့်လျက် ကူးခတ်သွားလာနေသည်။

လော့ဝူရွှမ် သင်္ဘောအပြင် အလျင်အမြန် ထွက်လိုက်သည့်အခါ ခန္ဓာကိုယ်အရှည်ကြီးက ပျောက်ကွယ်သွားလေသည်။

သူ့မှာ တွေဝေသွား၏။ ရုတ်တရက် လက်တံအရှည်ကြီးတစ်ချောင်းက သင်္ဘောကို ပင့်မြှောက်လိုက်သည်။ လော့ဝူရွှမ်က ၎င်းကို ခုတ်ဖြတ်ရန် ပြင်လိုက်သော်လည်း လက်တံကြီးသည်လည်း တစတစ မှေးမှိန်ပျောက်ကွယ်သွား၏။

ချင်မူက သင်္ဘောဘေးသို့ သွားကာ ပတ်ဝန်းကျင်သို့ ကြည့်ရှုရင်း လှမ်းအော်သည်။ “ကောင်းကင်ဓားမလော့၊ တချို့က နေဝသည နာသညာယတနစျာန်ကို ကျင့်ထားတာတောင် သူတို့စိတ်နှလုံးမိစ္ဆာတွေကို မထိန်းချုပ်နိုင်လို့ ဒီလိုထူးဆန်းတာတွေ ပေါ်လာတာပဲ”

ယွင်ချွိးရှို့သည် သူ့ဘေးသို့ ရောက်လာပြီး ခပ်တိုးတိုး ကပ်ပြော၏။ “စိတ်နှလုံးမိစ္ဆာ မထိန်းချုပ်နိုင်တဲ့လူတွေကို သတ်ပစ်ရမယ် ဒါမှ ငါတို့အန္တရာယ်ကင်းမှာ”

ချင်မူ သူမဆီသို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် သင်္ဘောဘေး၌ ခံ့ညားထည်ဝါသော နတ်ဘုရားကြီးတစ်ပါး ထွက်ပေါ်လာသည်။ နတ်ဘုရားကြီးသည် တောက်ပလင်းထိန်းနေပြီး နားကွဲလုမတတ် ကျယ်လောင်သည့် တာအိုသံများ ပဲ့တင်ထပ်လာ၏။

ယင်းကား ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ပင်။

ချင်မူက အေးစက်စက် ပြောသည်။ “နတ်ဧကရီ၊ ခင်ဗျားလည်း ခင်ဗျားရင်ထဲက စိတ်နှလုံးမိစ္ဆာကို မထိန်းချုပ်နိုင်ဘူး… ခင်ဗျားကိုလည်း သတ်ပစ်ရမှာလား”

သူ စကားပြောပြီးသည်နှင့် သင်္ဘော၏ပတ်ပတ်လည်၌ ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ ပုံရိပ်များ ဘွားခနဲ ပေါ်လာကြသည်။

ထိုကောင်းကင်နတ်အရှင်ဆယ်ယောက်အနက် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကိုသာ မြင်ရ၏။ ကျန်ကောင်းကင်နတ်အရှင်များ၏ မျက်နှာများမှာ မြူများဖြင့် ဖုံးလွှမ်းခံထားရသည်။

သူ့ရင်ထဲရှိ မိစ္ဆာများလည်း ထွက်ပေါ်လာချေပြီ။

ကော်ငးကင်နတ်အရှင်ဆယ်ပါးက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လော့ဝူရွှမ်က သင်္ဘောဆီ ပြန်လာနေစဉ် မှင်သက်သွား၏။ သင်္ဘောအပြင်၌ ပြေးနေသော သေတ္တာတစ်လုံး ရှိနေပြီး သင်္ဘောအပေါ်တွင် သူ၏စိတ်နှလုံးမိစ္ဆာ ချင်မူ ရပ်နေသည်။

ချင်မူ့နဖူးမှ ချွေးပြန်လာသည်။ မဟာလေဟာနယ်၏ ပုံရိပ်ယောင်များက အားကောင်းသထက် အားကောင်းလာနေ၏။ အနှေးနှင့်အမြန် အမှန်တကယ် ဖြစ်တည်လာပြီး သူတို့ကို သတ်ဖြတ်တော့မည်။

ထိုအချိန်တွင် သင်္ဘော၏အပေါ်ရှိ ကြယ်တာရာများထဲတွင် ဧရာမခန္ဓာကိုယ်ကြီးများ လမ်းလျှောက်နေကြသည်ကို မြင်လိုက်ရသည်။

“လမ်းလျှောက်နေတဲ့ အလောင်းတွေ”

သင်္ဘော၏အတွင်းမှ ဝမ်းသာအားရ ကြွေးကြော်သံများ ထွက်လာသည်။ “လမ်းလျှောက်နေတဲ့ အလောင်းတွေ ပေါ်လာပြီဟေး ငါတို့လွတ်ပြီ”

ချင်မူ အူတူတူဖြစ်သွားသည်။ လမ်းလျှောက်နေသော အလောင်းများတဲ့လော။

“ငါ့လူတွေ…”

ဖန်ဆင်းရှင်ရှုကျွင်း၏ တုန်ရီနေသောအသံသည် သူ့ခေါင်းထဲ၌ ထွက်ပေါ်လာ၏။ “သူတို့ ဒီမှာ ဘယ်လိုသေသွားတာလဲ”

All Chapters