← Chapters

နှလုံးသားထဲက မိစ္ဆာများ လွတ်မြောက်လာခြင်း

Vol. 72 Ch. 941

နှလုံးသားထဲက မိစ္ဆာများ လွတ်မြောက်လာခြင်း

Vol. 72 Ch. 941

"မဟာလေဟာနယ်က သိပ်ထူးဆန်းတာပဲ ... စိတ်ကူးလိုက်တဲ့အရာတိုင်း အမှန်တကယ် ဖြစ်လာတယ်... တစ်နေရာလုံးက အသိစိတ်အလျဉ်နဲ့ ဖွဲ့တည်ထားတာများလား ... ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေက မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးနဲ့ ဖန်ဆင်းချင်တာတွေကို မြင်ယောင်ကြတယ် ... ဒီတစ်ကမ္ဘာလုံးရဲ့ ပုံသဏ္ဍာန်က မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးတစ်တုံးများလား ... ဒီကမ္ဘာရဲ့ စည်းမျဉ်းဥပဒေတွေက ဘာလဲ' ချင်မူ အတွေးထဲ နစ်မျောနေသည်။

အခြားသူများသည် စိတ်နှလုံးမိစ္ဆာများ ထကြွမလာအောင် နေဝသည နာသညာယတနစျာန်ကို အသုံးပြု၍ သူတို့၏အတွေးစိတ်ကူးတို့အား ငြိမ်သက်နေစေ၏။ သို့သော် ထိုသို့လုပ်ထားခြင်းကြောင့် တွေးတောနိုင်စွမ်း မရှိတော့ပေ။

ယင်းကြောင့် ချင်မူသည် နေဝသည နာသညာယတနစျာန်ကို မလေ့လာခြင်း ဖြစ်၏။ သူများထက်ပို၍ စပ်စုတတ်သူပီပီ မဟာလေဟာနယ်၏ အမှန်တရားကို ရှာဖွေချင်စိတ်အား သူ မထိန်းချုပ်နိုင်ပေ။

တွေးတောနိုင်စွမ်း မရှိလျှင် အန္တရာယ်များကြား၌ အမှန်တရားအား ရှာတွေ့ရန် ခက်လိမ့်မည်။

လော့ဝူရွှမ်က သူ့ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာ၊ လူငယ်ချင်မူနှင့် တိုက်ခိုက်နေဆဲဖြစ်၍ သင်္ဘောအပေါ်ရှိ အရာရှိနတ်ဘုရားက သူ့ကို ဖြတ်ကျော်သွားရန် ပြင်သည်။ လော့ဝူရွှမ်အနေဖြင့် စိတ်နှလုံးမိစ္ဆာအား ယှဉ်နိုင်မည်မဟုတ်ရာ လော့ဝူရွှမ်ကို ချန်ရစ်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။

ချင်မူမှာလည်း တစ်ယောက်တည်း တွေးနေဆဲပင်။ မဟာလေဟာနယ်သည် ကမ္ဘာဦးအစ ဖန်ဆင်းရှင်များ ဖန်ဆင်းခဲ့သော မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးကမ္ဘာ ဖြစ်နိုင်၏။ ‘ဒီအတွေးဗလာတွေက ငါတို့ရင်ထဲက အကြောက်တရားတွေကို ဖမ်းပြီး အစစ်အမှန်အဖြစ် ပြောင်းလိုက်တာပဲ’

‘ရင်ထဲက အကြောက်တရားက တာအိုနှလုံးသားထဲက စိတ်နှလုံးမိစ္ဆာ ... ရှုကျွင်းက ငါ့မျက်လုံးနှစ်ဖက်ကြားမှာ နေ,နေတာဆိုတေ့ ငါ ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေအကြောင်း တွေးလိုက်မိတယ်.... ရှုကျွင်းက ငါ စိတ်ပူနေတော့ မဟာလေဟာနယ်က ဖန်ဆင်းရှင်တစ်ယောက်ကို ဖန်ဆင်းပေးလိုက်တယ်’

‘လော့ဝူရွှမ်က ငါ့ကို ငယ်ငယ်တုန်းက ရှုံးနိမ့်ခဲ့တော့ သူ့နှလုံးသားမှာက ငါက စိတ်နှလုံးမိစ္ဆာပဲ... ဒါကြောင့် ဘယ်ကောင် လျှောက်တွေးနေတာလဲ မေးလိုက်တုန်းက သူ ငါ့ကို တွေးမိသွားပြီး သူ့ရင်ထဲက စိတ်နှလုံးမိစ္ဆာ ပေါ်လာတာ”

ချင်မူ ဤအချက်ကို တွေးမိသည့်အခါ ချက်ချင်းဆိုသလို သူ၏အသိစိတ်အလျဉ်ကို သန့်စင်ပြီး ကျန်ကောင်းကင်နတ်အရှင်များအကြောင်း တွေးနေသည်ကို ရပ်လိုက်သည်။

ထိုကောင်းကင်နတ်အရှင်များက သူ့ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာများ ဖြစ်ကြသည်။ အထူးသဖြင့် ကောင်းကင်နတ်အရှင်ယွီကဲ့သို့ အန္တရာယ်များသော လက်နက်များက သူ့ရင်ထဲရှိ အကြီးမားဆုံးမိစ္ဆာများပင်။

ကောင်းကင်နတ်အရှင်ယွီအကြောင်း တွေးမိလိုက်ရုံနှင့် အကုန်လုံး ငါးပါးမှောက်ကုန်လိမ့်မည်။

‘ဒါဆို ဘာကြောင့် မဟာလေဟာနယ်က စိတ်နှလုံးမိစ္ဆာတွေကိုပဲ ရွေးချယ်တာလဲ... အကြောက်တရားတွေကိုပဲ ဘာလို့ ဖွဲ့တည်ပြတာလဲ‘

ချင်မူ အတွေးထဲ နစ်မျောသွားပြန်သည်။ အခြားသူများအတွက် မဟာလေဟာနယ်က တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် အန္တရာယ်များသော နေရာတစ်နေရာ ဖြစ်၏။ သို့သော် သူ့အတွက်မူ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအင်ပေါများသော နေရာတစ်နေရာလည်း ဖြစ်သည်။ ၎င်းကို အသုံးချ၍ ကောင်းကင်လက်နက်များ၊ သို့မဟုတ် နတ်ဘုရားများ၊ စစ်သည်များအား ဖွဲ့တည်နိုင်လျှင် ကောင်းကင်နတ်ဘုံကို တုံ့ပြန်တိုက်ခိုက်နိုင်မည်မဟုတ်ပါလော။

ဤအခိုက်အတန့်တွင် လော့ဝူရွှမ်၏ မာန်သွင်းအော်ဟစ်သံများ ထွက်လာ၍ ချင်မူ သင်္ဘောအပေါ် အလျင်အမြန် ပြန်သွားလိုက်သည်။ လော့ဝူရွှမ်၏ ဓားမရောင်သည် အဆများစွာ သန်မာအားကောင်းလာကာ ကောင်းကင်ထဲသို့ အဆက်မပြတ် ခုတ်ပိုင်းနေ၏။ ၎င်းက သူ၏စိတ်နှလုံးမိစ္ဆာ ချင်မူ့ဆီသို့ တန်းတန်းမတ်မတ် ထိုးဖောက်သွားသည်။

“လော့ဝူရွှမ်က သိပ်ပါးနပ်တာပဲ... ဒီတိုက်ပွဲမှာ သူ့ရဲ့အရင်အဆင့်ကို ဖြတ်ကျော်ပြီး ဓားမကျင့်စဉ်ကို အမြင့်အသစ်ဆီ တွန်းပို့လိုက်နိုင်ပြီ”

ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်က သူ့အနား ရောက်လာပြီး ယွင်ချွီးရှို့က ချီးကျူးနေသည်။ “ဓားမလမ်းထဲ ဝင်ရောက်သွားစေခဲ့တဲ့ သူ့ကျင့်စဉ်က အရင်ထက် ပိုအစွမ်းထက်လာပြီ... သူ့ရင်ထဲက စိတ်နှလုံးမိစ္ဆာက သူ့ထက် နည်းနည်းပဲ သန်မာတော့တယ်... အခု သူ သူ့ကို အနိုင်ယူနိုင်ပြီ”

ဓားရောင်က အလျှံတညီးညီး တောက်ပနေသည့် နေလုံးကြီးတစ်လုံးပမာ တဖျတ်ဖျတ် လင်းလက်နေသည်။ အလင်းရောင်သည် တရှိန်ထိုး လင်းထိန်ဖြာထွက်သွားပြီးနောက် မှေးမှိန်သွား၏။

လော့ဝူရွှမ်က စိတ်နှလုံးမိစ္ဆာချင်မူ၏ ခေါင်းပြတ်ကို သယ်ရင်း မှေးမှိန်နေသော အလင်းရောင်ထဲမှ ထွက်လာသည်။ ထို့နောက် သင်္ဘောကို အမှီလိုက်ပြီးနောက် အမြီးပိုင်း၌ ခုန်ဆင်းလိုက်သည်။

သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက် ဗလပွဖြင့် သွေးအလိမ်းလိမ်း ဖြစ်နေသော်လည်း အရှိန်အဝါကမူ ပိုမိုအားကောင်းလာသည်။

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ဤလက်တစ်ဖက်ပြတ်လူ ဒဏ်ရာပြင်းထန်ကြောင်း သူ ပြောနိုင်၏။

လော့ဝူရွှမ်က စိတ်နှလုံးမိစ္ဆာ‌ချင်မူ၏ ခေါင်းပြတ်ကို ပစ်ချလိုက်ရာ ခေါင်းပြတ်သည် လိမ့်လာပြီး ချင်မူ့ခြေထောက်အရှေ့၌ ရပ်တန့်သွား၏။ ချင်မူ လော့ဝူရွှမ်ဆီ ပြန်မော့ကြည့်လိုက်သည့်အခါ သူ့ကို သတ်ဖြတ်ရန် လာနေကြောင်း မြင်လိုက်ရသည်။ ထိုစဉ် သူကား ဘုန်းခနဲ လဲကျပြီး သတိလစ်သွားတော့သည်။

သူနှင့်အတူ ပါလာသည့် တပည့်က ဆေးဝါးများ ကပျာကယာ ထုတ်ကာ လော့ဝူရွှမ်ကို ကုနေသည်။

ရုတ်တရက် ယွင်ချွီးရှို့က အေးတိအေးစက် ပြောသည်။ “သတိလစ်သွားတဲ့ လူတွေက အန္တရာယ်အများဆုံးပဲ... လော့ဝူရွှမ်ကို အခု သတ်လိုက်ရင် ငါတို့ အန္တရာယ်ကင်းလိမ့်မယ်”

ထိုတပည့်မှာ အံ့အားသင့်သွားပြီး ဆေးကုနေသည်ကို ချက်ချင်းရပ်၍ လော့ဝူရွှမ်အား အကာအကွယ်ပေးသည်။ “မိန်းကလေး၊ မင်း ရူးနေလား.... ဘာတွေ ပြောနေလဲ”

အခြားသူများလည်း ယွင်ချွီးရှို့၏ စကားကို နားမလည်သဖြင့် အူကြောင်ကြောင် ဖြစ်နေကြသည်။

ယွင်ချွီးရှို့က အေးစက်စက် ပြော၏။ “လူတစ်ယောက် သတိလစ်သွားရင် အသိစိတ်အလျဉ်က ဖရိုဖရဲ ဖြစ်လာပြီး တာအိုနှလုံးသားအပေါ် မထိန်းချုပ်နိုင်တော့လို့ အန္တရာယ်အများဆုံးလူ ဖြစ်သွားတယ်.... အခုလိုအခြေအနေမှာ လျှောက်တွေးရင်း စိတ်နှလုံးမိစ္ဆာတွေကို လွှတ်ပေးလိုက်ရင် အန္တရာယ်တွေက ခန့်မှန်းလို့တောင် မရနိုင်တော့ဘူး”

ဤအခိုက်အတန့်တွင် ဗြုန်းဗြုန်းဗြန်းဗြန်း အသံများ ထွက်လာပြန်သည်။ အကုန်လုံး လှည့်ကြည့်လိုက်ကြရာ မဟာလေဟာနယ်၏အလင်းရောင်ထဲမှ ထွက်လာသော သေတ္တာတစ်လုံးအား မြင်လိုက်ရသည်။ သေတ္တာအပေါ်တွင် လော့ဝူရွှမ်၏ စိတ်နှလုံးမိစ္ဆာ၊ ချင်မူ ရှိနေ၏။

ထို့နောက် ဗြုန်းဗြုန်းဗြန်းဗြန်း အသံများ နောက်တစ်ကြိမ် ထွက်လာကာ ဒုတိယချင်မူ ပေါ်လာသည်။ ဤသို့ဖြင့် သုံးယောက်မြောက်၊ လေးယောက်မြောက်....

မကြာခင် ချင်မူတစ်ယောက်ပြီးတစ်ယောက် ပေါ်လာတော့သည်။ အချိန်တိုလေးအတွင်း သေတ္တာအလုံးငါးဆယ်ဝန်းကား မဟာလေဟာနယ်၏အလင်း‌ရောင်ထဲမှ ထွက်လာခဲ့ပြီး တစ်လုံးစီ၏အ‌ပေါ်တွင် လော့ဝူရွှမ်၏ စိတ်နှလုံးမိစ္ဆာ ချင်မူတစ်ယောက်စီ မတ်တပ်ရပ်နေ၏။

“နောက်ကျသွားပြီ... လော့ဝူရွှမ်က ကောင်းကင်နတ်အရှင်မူကို လောကသခင်ခန္ဓာမလို့ အင်မတန် သန်မာအားကောင်းတယ် တွေးထားပြီးပြီ”

ယွင်ချွီးရှို့ သက်ပြင်းချ၍ အမိန့်ပေးလိုက်သည်။ “အားလုံး၊ စွမ်းအင်ကို သင်္ဘောထဲ ပို့လွှတ်ပြီး ဒီနေရာက ချက်ချင်း ထွက်သွားကြစို့”

သင်္ဘောက အရှိန်တင်ပြီး မဟာလေဟာနယ်၏ ရောင်ခြည်တော်အလင်းအတွင်းထဲ ဝင်ရောက်သွားသည်။ သင်္ဘော၏အနောက်မှ ချင်မူအယောက်ငါးဆယ်က လိုက်လာနေသည်။ သူတို့၏ဓားရောင်များသည် တဖျတ်ဖျတ် လက်လာကာ သူတို့ထွက်မပြေးနိုင်ခင် သင်္ဘောဆီ ရောက်လာ၏။

တရွှပ်ရွှပ် မြည်သံများနှင့်အတူ သင်္ဘောမှာ ထိုဓားရောင်များဖြင့် ထိုးဖောက်ခံလိုက်ရကာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ ကုန်းပတ်အပေါ်တွင် ဓားရောင်များက မြွေနဂါးများ ကခုန်နေသလို ကူးလူးသွားလာနေသည်။

သင်္ဘောအပေါ်ရှိ လူတိုင်း အန္တရာယ်ရှိလာကြသည်နှင့် ကောင်းကင်နတ်သိုင်းများ ကမန်းကတန်း ထုတ်လွှတ်ပြီး နတ်လက်နက်များဖြင့် ဓားရောင်များအား ခုခံကြသည်။

ရုတ်တရက် နတ်ဘုရားတစ်ပါးမှာ ဓားဖြင့် ထိုးဖောက်ခံလိုက်ရသောကြောင့် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ မူလဝိညာဉ်က သေဆုံးသွားသည့် ခန္ဓာကိုယ်ထဲမှ တမုဟုတ်ချင်း ပျံထွက်လာသော်လည်း တခြားဓာားရောင်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

သင်္ဘောတစ်စင်းလုံး ဖရိုဖရဲ ဖြစ်ကုန်သည်။ ချင်မူက ဓားစက်လုံးကို မြှောက်၍ ဓားရောင်များအား ခုခံနေသည်။ လော့ဝူရွှမ်၏ စိတ်ကူးထဲရှိ ဓားကျင့်စဉ်သည် အတိတ်ချင်မူ၏ ကျင့်စဉ်ဖြစ်၍ ယနေ့ချင်မူ၏ မျက်လုံးထဲတွင် အားနည်းနေ၏။

သို့တိုင်အောင် သူက လော့ဝူရွှမ်၏ စိတ်ကူးထဲတွင် အတိုင်းထက်အလွန် သန်မာအားကောင်းသည်။ သူ့အနေဖြင့် ဓားကွက်များကို ဖျက်စီးရုံသာ တတ်နိုင်သော်လည်း လော့ဝူရွှမ်၏ ရင်ထဲရှိ ချင်မူနှင့် ထိပ်တိုက်တွေ့လိုက်ရင်း သူ၏ချီစွမ်းအင် လျော့နည်းသွားသည်။

‘ငါ လော့ဝူရွှမ်ရဲ့ ရင်ထဲမှာ သန်မာလွန်းအားကြီးတယ်’

ချင်မူ အံတင်းတင်းကြိတ်၍ တောင့်ခံနေသည်။ ဓားစက်လုံးများသည် အရပ်မျက်နှာတခွင် ပြန့်ကြဲနေပြီး သတိလစ်နေသော လော့ဝူရွှမ်အနားသို့ ဓားရောင်များ ကပ်မလာနိုင်အောင် ဟန့်တားပိတ်ဆို့နေ၏။

အခြားတစ်ဖက်တွင် ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်လည်း ဓားရောင်များ လော့ဝူရွှမ်ဆီ ရောက်မလာအောင် ကာကွယ်ပေးနေကြသည်။

ချင်မူ့ခန္ဓာကိုယ်က လော့ဝူရွှမ်အရှေ့သို့ ရွေ့လျားသွားသည်။ လော့ဝူရွှမ်၏ တပည့်သည်လည်း သူ့ဆရာအ‌ပေါ် သစ္စာရှိစွာဖြင့် သူ့အား တောက်လျှောက်ကာကွယ်ပေးထား၏။ သူ၏ဓားမရောင်က ဓားရောင်များကို ဟန့်တားရင်း သူ့ဆရာမထိခိုက်အောင် စောင့်ရှောက်ပေးနေသည်။

ချင်မူ လော့ဝူရွှမ်၏အရှေ့ ရောက်သည်နှင့် သူ၏လက်ချောင်းဆယ်ချောင်းလုံး လှုပ်ရှားသည်။ လက်ချောင်းများက မိုးကြိုးမုန်တိုင်း ကျနေသကဲ့သို့ အမြန်နှုန်းမျိုးဖြင့် လော့ဝူရွှမ်၏ခန္ဓာကိုယ်ကို အလျင်အမြန် တို့ထိနေသည်။

ထိုတပည့်မှာ အံ့ဩတုန်လှုပ်သွားပြီး သူ့ဓားမကို ချင်မူ့ဆီ ရွယ်လိုက်သည်။ ဓားမရောင်သည် ချင်မူ့‌ခေါင်းအနား၌ တုံ့ခနဲ ရပ်သွား၏။

ချင်မူက လော့ဝူရွှမ်ကို သတ်ရန် မဟုတ်ဘဲ နှိုးရန် ကြိုးစားနေကြောင်း သူ သဘောပေါက်သွားသည်။ ချင်မူ တို့ထိပြီးနောက် လော့ဝူရွှမ်၏ ဒဏ်ရာများမှ သွေးမထွက်တော့ပေ။

ယွင်ချွီးရှို့က အလျင်အမြန် ရောက်လာပြီး စိတ်ဆိုးမာန်ဆိုး ပြောသည်။ “ဘာလို့ သူ့ကို မသတ်တာလဲ”

ချင်မူ မကြားချင်ယောင်ဆောင်ထားပြီး လက်ချောင်းများဖြင့် မုဒြာလက်ကွက် ဖော်လိုက်သည်။ အသိစိတ်အလျဉ်သည် ကြာပွင့်တစ်ပွင့်အဖြစ် ပြောင်းလဲသွားကာ သူ၏မုဒြာနှင့်အတူ လော့ဝူရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ကျဆင်းသွား၏။

ထိုအချိန် လျန်းဟွာဟွန်လည်း ရောက်လာပြီး ချင်မူနှင့် လော့ဝူရွှမ်ကို သူမ၏လက်နှစ်ဖက်စလုံးဖြင့် တွန်းလိုက်သည်။

သူမက မယှဉ်သာအောင် အားကောင်းသော အရှိန်အဝါတစ်ခုဖြင့် သူတို့ကို တွန်းလိုက်ခြင်း ဖြစ်သည်။ သူမ၏သွေးနှင့် အဆီအနှစ်တို့သည် ကြောက်ခမန်းလိလိ အုံကြွလာပြီးနောက် သူမ၏ကောင်းကင်နတ်သိုင်းက ဘုန်းခနဲ ထွက်ပေါ်လာ၏။

ရုတ်တရက် ချင်မူ၏နောက်ကျောမှ ခေါင်းတစ်လုံး ထွက်လာပြီး လက်လေးဖက်လည်း ပေါ်လာသည်။ လက်ဝါးများက ကောင်းကင်မုဒြာဟန် ဖော်ဆောင်၍ သူမ၏လက်ဝါးသိုင်းအား ရိုက်ထုတ်လိုက်သည်။

ကောင်းကင်နတ်သိုင်းများ ဝင်တိုက်သွားသည့်အခါ လျန်းဟွာဟွန်၏ လက်ထဲမှ ကြောက်မက်ဖွယ်ရာစွမ်းအား ထွက်ပေါ်လာသည်။ ချင်မူမှာ အင့်ခနဲ ညည်းတွားလိုက်ရပြီး ကျန်လက်နှစ်ဖက်ဖြင့် ‌လော့ဝူရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း ဆက်လက်ပို့လွှတ်ပေးနေသည်။

လျန်းဟွာဟွန်၏ ကောင်းကင်နတ်သိုင်းက သူ၏လက်လေးဖက်စလုံးအား စိစိညက်ညက် ကျိုးကြေသွားသည်။

လျန်းဟွာဟွန် ဖိ၍ တိုက်ခိုက်တော့မည့်အချိန် ယွင်ချွီးရှို့က သူမကို တားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြ၏။

ရုတ်တက် လော့ဝူရွှမ်က ဝုန်းခနဲ ထလာသည်။

ချင်မူ့လက်လေးဖက်က ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပြီး သူ့နောက်စေ့ရှိ ‌‌ခေါင်းလည်း ပျောက်ကွယ်သွားသည်။

လော့ဝူရွှမ်မှာ မှင်သက်နေပြီးနောက် ချင်မူ့ကို ကြည့်၍ အလေးအနက် ကျေးဇူးတင်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်”

“ရပါတယ်” ချင်မူ ပြုံးပြလိုက်သည်။

လော့ဝူရွှမ်က ထရပ်ပြီး ဓားမဖြင့် လေထဲရှိ ဓား‌ရောင်များအား ခုတ်ပိုင်းလိုက်သည်။ သင်္ဘောသည် အရှိန်၍ သူ့ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာချင်မူများကို နောက်ချန်ရစ်ခဲ့၏။

လော့ဝူရွှမ်၏ မှော်စွမ်းအင်မှာ အခြားသူများထက် သာလွန်သည့်အတွက် သူက သင်္ဘောဆီသို့ စွမ်းအင်အလုံးစုံ ပို့လွှတ်ကာ လျင်မြန်စွာ ဆက်သွားစေသည်။

ဤတစ်ကြိမ်တွင် သူသည် အဆိုးထဲမှ အကောင်းအနေဖြင့် စိတ်နှလုံးမိစ္ဆာကို အနိုင်ယူကာ ပိုမိုသန်မာအားကောင်းလာခဲ့၏။ လက်ရှိစိတ်နှလုံးမိစ္ဆာများက သူ သတိမေ့နေသည့်အချိန်တွင် ထွက်လာခဲ့သော မိစ္ဆာများဖြစ်သည်။ သူ သတိလစ်နေစဉ်တုန်းက သူ့စိတ်မှာ ရှင်းရှင်းလင်းလင်း မရှိသောကြောင့် ပေါ်လာသော ချင်မူများလည်း သိပ်အင်အားမကြီးပေ။ ယခုတွင် သူ နိုးလာ၍ စိတ်နှလုံးမိစ္ဆာများအကြောင်း ထပ်တွေးလိုက်လျှင် သူတို့သည် ပို၍ပင် သန်မာလာလိမ့်မည်။

ချင်မူ့ကို သူ အနိုင်မယူနိုင်သရွေ့ သူ့ရင်ထဲရှိ ချင်မူက သူ့ထက် အမြဲသန်မာအားကောင်းနေမည်သာ ဖြစ်၏။

ချင်မူ့ကို အနိုင်ယူပြီးမှ သူ့ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာ ပျောက်ကွယ်သွားလိမ့်မည်။

“ငါက ကျေးဇူးနဲ့ ရန်ငြိုးကို ဂရုတစိုက် ခွဲထားတတ်တယ်... မင်း ငါ့ကို ကယ်တင်ပေးတဲ့အတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ်.... ဒါပေမဲ့ မင်းရဲ့ ဓားသွားကြောင့် ငါ့လက်တစ်ဖက် ပြတ်ခဲ့ရတယ်.... အဲဒီအတွက် ငါ ကလဲ့စားချေရဦးမှာပဲ”

လော့ဝူရွှမ်က စိတ်နှလုံးမိစ္ဆာချင်မူများ သင်္ဘောအား လိုက်မမှီတော့ကြောင်း မြင်လျှင် စိတ်သက်သာရာရသွားသည်။ သူက ချင်မူ့ကို သတိပေးသည်။ “ငါ့ရင်ထဲက စိတ်နှလုံးမိစ္ဆာတွေကို ဖယ်ရှားဖို့ ငါ မင်းကို စိန်ခေါ်ရလိမ့်မယ်”

ချင်မူက ပြုံး၍ ပြောသည်။ “ခင်ဗျား ဓားနဲ့လမ်းစဉ်အဆင့် တက်သွားတဲ့ပုံစံကို ကျွန်တော် သိပ် စိတ်ဝင်စားပါတယ်... ခင်ဗျားကြိုက်တဲ့အချိန် စိန်‌‌ခေါ်ပါ”

လော့ဝူရွှမ်က နတ်ဓားမကို သိမ်း၍ နောက်လှည့်ကြည့်သည်။ ထိုချင်မူများ မရှိတော့သည့်အခါ သူက ခပ်တိုးတိုး ရေရွတ်သည်။ “မဟာလေဟာနယ်က လူ့နှလုံးသားထဲက စိတ်နှလုံးမိစ္ဆာတွေကို ဖန်ဆင်းပေးတယ်.... အခု ငါတို့ သူတို့ကို မျက်ခြည်ဖြတ်နိုင်ခဲ့ပေမယ့် သူတို့ တည်ရှိဦးမှာလား... အမြဲတမ်း တည်ရှိနေမှာလား”

ချင်မူ့အကြည့်သည် ဦးညွှတ်အရိုအသေပေးနေသော လျန်းဟွာဟွန်အပေါ် ကျရောက်သွား၏။ သူမက တောင်းပန်လေသည်။ “အခြေအနေက အလျင်လိုသွားတော့ ကျွန်မ မတတ်သာဘဲ ရိုင်းပျမိပါတယ်... ခွင့်လွှတ်ပေးပါ့”

“အခြေအနေက အလျင်လိုသွားတာ ကျွန်တော်နားလည်ပါတယ်.... ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ မမကြီး”

ချင်မူက နူးညံ့နွေးထွေးစွာ ပြုံးသည်။ “မမကြီးရဲ့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတေါက သိပ်နက်နဲတာပဲ... ဘယ်ဂိုဏ်းကလဲ မေးခွင့်ရှိမလား”

လျန်းဟွာဟွန်သည် ပြန်ဖြေ၏။ “ကျွန်မက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်အောက်ကပါ... ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၁၈ ခုကို ကျင့်ကြံပြီး ကျွန်မနဲ့ သင့်တော်မယ့် ကျင့်စဉ်တစ်ခုအဖြစ် ပေါင်းစည်းထားတာ ဖြစ်ပါတယ်”

ချင်မူ စိတ်လှုပ်ရှားသွားသည်။ “ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၁၈ ခုတဲ့လား.... အစွမ်းထက်လိုက်တာ‌ဗျာ မမကြီးရာ”

ယွင်ချွီးရှို့လည်း သူတို့ဆီ လျှောက်လာကာ ပြုံးနေ၏။ “ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ၁၈ ခုကို ပေါင်းစည်းလိုက်ရင် မဟာကောင်းကင်နတ်ဘုံအဆင့်ကျင့်စဉ် ဖြစ်သွားပြီပေါ့... ညီမတော်လျန်းက သိပ်တော်တာပဲနော်... ကောင်းကင်နတ်အရှင်ငယ်လို့တောင် ပြောလို့ရနေပြီ... ဧကရာဇ်ပလ္လင်အဆင့် ရောက်ရင်တော့ ညီမတော် ကောင်းကင်နန်းဆောင် ၁၈ ဆောင် အပိုင်စားရပြီး ကျန်တဲ့ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေထက် ဆယ်ဆ သန်မာလာလိမ့်မယ်”

လျန်းဟွာဟွန်က ပြုံးသည်။ “အစ်မတော်ယွင်ကလည်း မဆိုးပါဘူး.. ဘယ်ကောင်းကင်နတ်အရှင်လက်အောက်ကလဲ အစ်မတော်ယွင်”

ယွင်ချွီးရှို့သည် ချင်မူ့လက်မောင်းကို ဖက်၍ နူးညံ့ချိုသာစွာ ပြုံးနေ၏။ “ကောင်းကင်နတ်အရှင်လက်အောက်ကပေါ့... အစ်မတော်ကို ကောင်းကင်နတ်အရှင်မူ ကိုယ်တိုင် သင်ပေးထားတာ”

ချင်မူမှာ မြေစာပင် ဖြစ်နေသည်။ အမျိုးသမီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သွေးတိုးစမ်းရင်း ပြန်လည်မွေးဖွားလာပြီးနောက် မည်သည့်ကောင်းကင်နတ်အရှင် ဖြစ်နေကြောင်း သိချင်နေကြ၏၊

ကောင်းကင်နတ်အရှင်ဆယ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသယောင် ထင်ရသော်လည်း တကယ်တမ်း တစ်ယောက်အကြောင်း တစ်ယောက်မသိကြပေ။ ရှေးဟောင်းကောာင်းကင်နတ်ဧကရာဇ်၊ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲ၌ ပါဝင်နေ၏။ သို့သော် မည်သူက မည်သူမှန်း မသိကြပေ။

‘ဒီမိန်းမနှစ်ယောက်ကတော့ တင်ပါးလေးတွေ နာနာရိုက်ခံချင်နေပြီထင်တယ်’ ချင်မူ တွေးလိုက်မိသည်။

သင်္ဘောက မဟာလေဟာနယ်၏ အတွင်းဆုံးအပိုင်းထဲ ဝင်ရောက်သွားပြီး များစွာမလိုက်ဘဲ ရောင်ခြည်တော်ဇုန်ကို ဖြတ်ကာ ကြည်လဲ့တောက်ပနေသော ကြယ်တာရာများ စုဝေးနေသည့် ကြယ်တာရာ‌ကောင်းကင်ဆီ ရောက်လာသည်။

သင်္ဘော ကြယ်တာရာကောင်းကင်အောက်၌ ရွက်လွှင့်သွားသည့်အခါ လက်လှမ်းလိုက်ရုံဖြင့် ထိုကြယ်တာရာများအား လှမ်းထိနိုင်လေသည်။

“ဒါက မဟာလေဟာနယ်လား” တစ်ယောက်က ကြယ်တစ်လုံးကို ထိရန် လက်မြှောက်ရင်း မေးသည်။

“မထိလိုက်နဲ့”

လော့ဝူရွှမ်က သူ့ကို တားပြီး အလျင်အမြန် ပြောသည်။ “ဒါက ပုံသဏ္ဍာန် ဖွဲ့တည်ထားတဲ့ ကောင်းကင်နတ်သိုင်းပဲ... မင်း ထိလိုက်ရင် ပေါက်ကွဲသွားလိမ့်မယ်”

အကုန်လုံး အံ့ဩတုန်လှုပ်သွားပြီး သင်္ဘောကို ထိုကြယ်အစုနှင့် ဝေးရာသို့ မောင်းနှင်လိုက်သည်။

ချင်မူက ထိုကြယ်အစုကို အကဲခတ်ပြီးနောက် ရင်ထဲ လှုပ်ခတ်သွား၏။ ‘ဒီကောင်းကင်နတ်သိုင်းက... အစ်ကိုကြီးဝေစွေ့ဖုန်းရဲ့ ကောင်းကင်နတ်သိုင်းပဲ... သူလည်း ဒီရောက်ဖူးတာလား...ငါ့အစ်ကိုကြီး မရောက်ဖူးတဲ့နေရာရော ရှိရဲ့လား.... ခဏနေပါဦး... မဟာလေဟာနယ်က နှလုံးသားထဲက စိတ်နှလုံးမိစ္ဆာကိုပဲ ဖော်ဆောင်နိုင်တယ်ထင်တာ.... အစ်ကိုကြီးက သူ့ကောင်းကင်နတ်သိုင်းကို မဟာလေဟာနယ်မှာ ဘယ်လိုဖော်ဆောင်ခဲ့တာလဲ’

All Chapters