← Chapters

မင်းက မဆိုးဘူး

Vol. 72 Ch. 946

မင်းက မဆိုးဘူး

Vol. 72 Ch. 946

လော့ဝူရွှမ်၏ခေါင်းအထက်တွင် ချင်မူ့ဓားသည် အန်းချင်းယွီ၏ ကောင်းကင်နတ်သိုင်းများနှင့် ထိတိုက်ကာ ပေါက်ကွဲသွား၏။ ၎င်းတို့၏စွမ်းအားက ကောင်းကင်အား ကြေမွအက်ကွဲလာစေသည်။

ကြောက်မက်ဖွယ်ရာ အားလှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ဆင်းသက်လာသဖြင့် လော့ဝူရွှမ်၏ ကိုယ်ထဲရှိ ငွေအပ်များမှာ ပူပြင်းလှသည့် အပူချိန်ကြောင့် အရည်ပျော်သွား၏။ မှော်စွမ်းအင်ကို သူ အသုံးမပြုနိုင်သော်လည်း သိုင်းအခြေခံကတော့ ရှိနေသေးသဖြင့် ကံကောင်းသည်။

ချင်မူနှင့် အန်းချင်းယွီ၏ စွမ်းအားက အတိုင်းထက်အလွန် ခမ်းနားသော်လည်း နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင် သူ့အတွက်မူ မှိန်ဖျော့နေသည်။ သူတို့၏ကောင်းကင်နတ်သိုင်းများဆီမှ ရိုက်ခတ်မှုက သူ့ကို မထိခိုက်နိုင်ပေ။

သူ မော့ကြည့်လိုက်သည့်အခါ သူတို့၏ကောင်းကင်နတ်သိုင်းများက အင်အားညီမျှနေကြောင်း တွေ့လိုက်ရသည်။ ချင်မူ၏ဓားပျံတချို့မှာ ပိတ်ဆို့တားဆီးခံထားရပြီး တချို့သည် အန်းချင်းယွီ၏ ကောင်းကင်နတ်သိုင်းကို ဖြတ်ကျော်ကာ သူ့ဆီ ဦးတည်သွားနေ၏။

အန်းချင်းယွီ၏ ကောင်းကင်နတ်သိုင်းများက ဆူနာမီလှိုင်းလုံးကြီးများ ပုတ်ချနေသကဲ့သို့ ဓားပျံများကို လွှမ်းမိုးကာ ချင်မူ့ဆီ တရှိန်ထိုး ပြေးဝင်နေသည်။

ထို့နောက် နှစ်ယောက်လုံး ဟန်ချက်ထိန်းကာ နောက်မဆုတ်တော့ပေ။ သူတို့က တစ်ဖက်လူ၏ ဓားချက်များ၊ ကောင်းကင်နတ်သိုင်းများကို ခုခံရင်း ရှေ့တစ်လှမ်းပြီးတစ်လှမ်း တိုးလာပြီး လျှပ်စီးမိုးကြိုးလို အမြန်နှုန်းများဖြင့် တောင်ထိပ်ဆီ ချဉ်းကပ်လာကြသည်။

အန်းချင်းယွီက ချင်မူ၏ ဓားပျံများကို ခုခံသည်။ သူ တောင်ပံလှုပ်ခါလိုက်လျှင် စိမ်းရွှေရောင် ငှက်တောင်များသည် သူ့ကို လှည့်ပတ်၍ လာနေသော ဓားပျံများအား ဟန့်တားပိတ်ဆို့လိုက်၏။

“ကောင်းကင်ခြုံလွှမ်း ငှက်တောင်သိုင်းကွက်”

သူက ချင်မူ၏ဓားများကို ရှောင်မည့်အစား အရှိန်အဝါစုစည်းလျက် ဓားပျံများထံ တရှိန်ထိုး ပြေးလာသည်။ အရှိန်အဝါကို အမြင့်ဆုံးအထိ စုစည်းပြီးနောက် ချင်မူ့ကို တစ်ချက်တည်း သတ်ရန် ရည်ရွယ်ထား၏။

တောင်၏အခြားတစ်ဖက်ရှိ ချင်မူ့ဆီမှ ချီစွမ်းအင် ထွက်‌ပေါ်လာကာ အောက်သို့ ကျဆင်းသွားသည့် ကောင်းကင်ခေါင်းလောင်းတစ်လုံးအသွင် ပြောင်းလဲသွားသည်။

ဒေါင် ဒေါင် ဒေါင်

ကောင်းကင်ခေါင်းလောင်းသည် တရစပ် တုန်ခါရင်း အန်းချင်းယွီ၏ ကောင်းကင်နတ်သိုင်းများကို ဟန့်တားပိတ်ဆို့နေ၏။ မကြာခင် ၎င်း ကြေမွသွားသော်လည်း နောက်တစ်လုံးက အစားထိုး ဖွဲ့တည်လာသည်။

ခေါင်းလောင်းသံမြည်နေစဉ် ချင်မူ၏ အရှိန်အဝါက အားကောင်းသထက် အားကောင်းလာသည်။ သူလည်း သိသိသာသာပင် အန်းချင်းယွီနည်းတူ တွေးထားလေသည်။

စစ်သည်တော်နှစ်ယောက် လမ်းကျဉ်းတွင် လျှောက်သည့်အခါ ပိုရဲရင့်သူသာ အနိုင်ရစမြဲ ဖြစ်၏။ ဤသည်က လမ်းကျဉ်းမဟုတ်သော်လည်း အနိုင်ရသူသွားသူ ပိုရဲရင့်သူ ဖြစ်လိမ့်မည်။

ဓားပျံများစွာသည် အန်းချင်းယွီဆီ ပျံထွက်သွားပြီး သူ၏ငှက်မွှေးတောင်များနှင့် ထိခတ်နေသဖြင့် တချွင်ချွင် မြည်သံများ နားကွဲလုအောင် မြည်ဟည်းနေ၏။ ရုတ်တရက် ဓားပျံတစ်လက်က ကောင်းကင်ခြုံလွှမ်းငှက်တောင် ကောင်းကင်နတ်သိုင်းကို ထိုးဖောက်၍ အန်းချင်းယွီဆီ တန်းတန်းမတ်မတ် ဝင်သွားသည်။

အန်းချင်းယွီသည် အရူးတစ်ယောက်လို ပြေးလာနေဆဲ ဖြစ်၏။ ကောင်းကင်နတ်အရှင်ဟောင် ချီးမြှင့်ထားသည့် သူ့အနောက်ရှိ ရောင်ခြည်တော်စက်ဝန်းက ဓားပျံများအား ပိတ်ဆို့ပေးနေသည်။

သို့တိုင်အောင် ဓားပျံတစ်လက်ပြီးတစ်လက် ကောင်းကင်ခြုံလွှမ်းငှက်တောင်များအကြားမှ ဖောက်ထွက်လာသဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းချီးမှာ ၎င်းတို့အား မခုခံနိုင်တော့ပေ။

အန်းချင်းယွီက လက်ကို ဝှေ့ယမ်းရင်း ကောင်းကင်နတ်သိုင်းမျိုးစုံဖြင့် ပိတ်ဆို့နေသည်။ သူသည် အရှိန်အဝါကို ထိန်းသိမ်းလျက် ‌တောင်ထိပ်ဆီ ပြေးလာနေဆဲဖြစ်၏။

သူ့အနေဖြင့် စုဝေးထားသော အရှိန်အဝါကို လက်မလျှော့နိုင်သလို၊ ရပ်လည်း ရပ်မရပေ။ ရပ်လိုက်သည်နှင့် သူ၏ကောင်းကင်နတ်သိုင်းသည် ပြီးပြည့်စုံပြီး အားကောင်းပြင်းထန်တော့မည်မဟုတ်။

ရွှပ်

ဓားပျံတစ်လက်က သူ့ခန္ဓာကိုယ်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်လာသည်။

အန်းချင်းယွီ အံတင်းတင်းကြိတ်၍ ဆက်သွားနေသည်။ သူ့အနောက်ရှိ မူလဝိညာဉ်သည် ချင်မူ့ဆီသို့ လက်သီးများဖြင့် ဆင့်ကာ ဆင့်ကာ ထိုးနှက်နေဆဲဖြစ်၏။ ကောင်းကင်ခေါင်းလောင်းများလည်း ထိုးနှက်ခံနေရသဖြင့် တဒေါင်ဒေါင် မြည်နေသည်။ ခေါင်းလောင်း ပြန်မဖွဲ့တည်နိုင်ခင် စက္ကန့်ပိုင်းအလို၌ သူ့ကောင်းကင်နတ်သိုင်းက ချင်မူ့ခန္ဓာကိုယ်ကို ထိမှန်ကာ သူ့အား ဒဏ်ရာအပြင်းအထန် ရစေသည်။

ရွှပ်

အန်းချင်းယွီမှာ နောက်ဓားတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရသည်။ ထပ်မံ၍ နောက်တစ်လက်က သူ့ရင်ဘတ်ထဲ ဝင်လာ၏။

ရွှပ် ရွှပ် ရွှပ်

မျက်စိတစ်မှိတ်အတွင်း ဓားပျံဆယ်လယ်ကျော်ကား သူ့ရင်ဘတ်ထဲ စိုက်နေချေပြီ။ သူ့ပါးစပ်မှ သွေးများစီးကျလာသော်လည်း အပြုံးမပျက်ပေ။ သူက မရပ်တန့်ဘဲ အရှိန်အဝါကို စုစည်းလျက် ဆက်ပြေးနေသည်။

တောင်ထိပ်နှင့် ချင်မူ့ဆီ ရောက်ရန် မလိုတော့ပေ။

သို့သော် သူ့ကိုယ်ထဲ စိုက်ဝင်နေသည့် ဓားတစ်လက်က ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သဖြင့် သူ၏ရုပ်ခန္ဓာနှင့် ကောင်းကင်တံတားမှာ ပျက်စီးလာ၏။ နောက်ဓားတစ်လက်က ဓားရောင်တစ်ချက်နှင့်အတူ သူ၏ကောင်းကင်တံတားဆီ ခုတ်ချလိုက်သည်။

တံတား ပြိုကျသွားလျှင် ချင်မူ့အနေဖြင့် မည်သို့လုပ်စရာမလိုတော့ပေ။ သူ၏ကောင်းကင်နန်းဆောင်က သူ့ကို ဖိသတ်လိမ့်မည်။

အန်းချင်းယွီမှာ မကြာခင် သေရတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသည်။

“ငါ့ဆရာက ငါ့ကို ဒီလိုလုပ်ဖို့ အမိန့်ပေးခဲ့တယ်”

သူ ချင်မူ့ဆီ ပြေးလာနေစဉ် ပြုံးနေသည့် သူ၏အဖြူရောင်သွားများတွင် အနီ‌ရောင်သွေးများ ပေကျံနေ၏။ သူ အော်ဟစ်လိုက်သည့်အခါ သူ၏အရှိန်အဝါသည် ထူးဆန်းစွာ ပေါက်ကွဲလာ၏။

“ကောင်းကင်ငှက်မွှေးများ စွန့်လွှတ်ခြင်း”

ဤအခိုက်အတန့်တွင် သူ၏ ပြင်းထန်သောအရှိန်အဝါကား အမြင့်ဆုံးသို့ ရောက်သွားချေပြီ။ သူ့အနောက်၌ ငှက်မွှေးများစွာ ဖွဲ့တည်လာပြီး သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်လည်း ငှက်မွှေးများ ဖြစ်လာကာ ပြိုင်ဘက်ကင်းအောင် အားကောင်းပြင်းထန်သော ကောင်းကင်နတ်သိုင်းအသွင်ဖြင့် ချင်မူ့ဆီ ဝင်ရောက်လာသည်။

လော့ဝူရွှမ်က မော့ကြည့်ပြီး သူတို့နှစ်ယောက် အချိန်မရွေး ဝင်တိုက်တော့မည်ကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ရာ အားလှိုင်းကြီးက တိမ်တိုက်များအတွင်းရှိ မည်သည့်အရာကိုမဆို ပြားပြားကပ်အောင် တိုက်ချသွား၏။

အားလှိုင်းက အောက်သို့ ရိုက်ချလိုက်သဖြင့် တောင်တန်းနှင့် ရေတံခွန် ပြိုကွဲသွားသည်။

ချင်မူ ညည်းလိုက်ရ၏။ ဤကောင်းကင်နတ်သိုင်းက သူ၏အားနည်းချက်များကို ထိုးနှက်၍ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ရုပ်ခန္ဓာကို တိုက်ခိုက်သည်။

သူ့လက်ချောင်းရိုးများ တဖျောက်ဖျောက် ကျိုးနေပြီး လက်ရိုးများ၊ လက်မောင်းရိုးများလည်း ကျိုးကုန်သည့်အသံများ ကြားလိုက်ရသည်။ မကြာမီ သူ့လည်ပင်းနှင့် ဦးခေါင်းဆီ ရောက်လာသည်။

သူ့ရင်ဘတ်ဆီမှလည်း မီးရှူးမီးပန်းနှစ်ချက် ပေါက်ကွဲသွားသကဲ့သို့ အသံထွက်ပေါ်လာပြီး အသံသည် ရင်ဘတ်မှ ခြေထောက်အထိ တောက်လျှောက် မြည်သွား၏။

ဖျောင်း ဖျောင်း

ချင်မူနှင့် အန်းချင်းယွီ လူကွဲသွားပြီး အားလှိုင်းကြောင့် နှစ်ခြမ်းကွဲခဲ့သည့် တောင်ထိပ်နှစ်ခုအပေါ် ဆင်းသက်လိုက်သည်။

ရုတ်တရက် ဖောက်ခနဲ မြည်သွားပြီး ချင်မူ့အရေပြားပေါ်တွင် အပေါက်တစ်ပေါက် ပွင့်ထွက်လာသည်။ အပေါက်ထဲမှ ငှက်မွှေးတစ်ချောင်းသည် သွေးစက်လက်ဖြင့် ဖောက်ထွက်လာ၏။

ဖောက် ဖောက် ဖောက် ဖောက် ။ သူ၏ခန္ဓာကိုယ်အနှံ့အပြားမှ ငှက်မွှေးတစ်ချောင်းပြီးတစ်ချောင်း ပျံထွက်လာသည်။ ၎င်းတို့က ချင်မူ့ကို ငှက်မွှေးတောင်များအထဲ တိမ်မြှုပ်သွားစေချင်သည့်အလား လှည့်ပတ်ပျံဝဲနေကြသည်။

သူနှင့်ဆန့်ကျင်ဘက်တွင် အန်းချင်းယွီသည် တဆတ်ဆတ် တုန်ရီနေသော်လည်း ပြုံးနေ၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ အမှန်တကယ် ထိုက်တန်ပါပေတယ်..... ကျုပ်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သုံးတာတောင် ဘာမှမလုပ်နိုင်ခဲ့ဘူး... ဒါပေမဲ့ ကျုပ်ရဲ့ ကောင်းကင်နတ်သိုင်း ရှုံးနိမ့်သွားပေမယ့် ကျုပ်ဆရာကောင်းကင်နတ်အရှင်ရဲ့ ကောင်းကင်နတ်သိုင်းကတော့ မရှုံးနိမ့်ဘူး... ခင်ဗျားကို ကျုပ် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီ”

“မဆိုးပါဘူး အန်းချင်းယွီ”

ချင်မူ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ အပေါက်များ ပြန်ပိတ်သွားသည်။ ကျိုးနေသော အရိုးများလည်း ပြန်ဆက်သွားပြီး ကြေမွသွားသော အရိုးများနေရာ၌ အသစ်များ ပြန်ထွက်လာ၏။ သွေးညစ်များသည်လည်း သွေးအသန့် ပြန်ဖြစ်လာသည်။ ချင်မူကား ပြန်မွေးဖွားလာသည့်အလားပင်။

သူက လက်ဝါးမြှောက်၍ ရေတံခွန်ဆီမှ ရေများ ဆင့်ခေါ်ကာ သူ့ကိုယ်ပေါ်ရှိ သွေးတို့အား ဆေးကြောလိုက်သည်။ သူ့အရှိန်အဝါက ထိပ်ဆုံးအခြေအနေတွင်သာ ရှိနေဆဲပင်။ “မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်... မင်းလို တပည့်မျိုး ရှိတဲ့အတွက် ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ ဂုဏ်ယူသင့်ပါတယ်”

အန်းချင်းယွီက သူ့ကို ငေး၍ ကြည့်နေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းမှ ဝုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး သူ့ခေါင်းအနောက်ရှိ ကောင်းကင်နန်းဆောင် ပြိုကျသွား၏။

“ကောင်းကင်နတ်အရှင်တစ်ယောက် ဆိုတဲ့အတိုင်းပါပဲ....”

သူ့ရုပ်ခန္ဓာမှာ ‌ပေါက်ကွဲသွားပြီး မူလဝိညာဉ်နှင့် ဝိညာဉ်လည်း ပြိုကွဲသွားသည်။ သူကား ပွဲချင်းပြီး သေသွားချေပြီ။

သူ သေသွားသည်နှင့် ချင်မူက ယိုင်ယိုင်ယွဲ့ယွဲ့ အသက်ရှူကာ ချီးကျူးလိုက်သည်။ “အန်းချင်ယွီက မဆိုးဘူး... အင်အားကြီးမားပြီး ခံ့ညားတင့်တယ်တယ်”

သူ့မျက်နှာမှာ ရုတ်တရက် ဝါဖျော့လာပြီး အသက်ရှူသံလည်း ဖရိုဖရဲ ဖြစ်လာသည်။ အန်းချင်းယွီအနေဖြင့် သူ့ကို မသတ်နိုင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းက သူ့အားနည်းချက်များကို အမှန်တကယ် သိရှိထားသဖြင့် သူ၏မူလဝိညာဉ်အား ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့သည်။ အန်းချင်းယွီ၏ နောက်ဆုံး ရိုက်ချက်က သူ၏ရုပ်ခန္ဓာကို ဖျက်စီးရန် ဖြစ်သော်လည်း ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအပေါ် သက်ရောက်ခဲ့၏။

ချင်မူ အန်းချင်းယွီမသေခင် သူ့အားနည်းချက်ကို မထုတ်ပြခဲ့ခြင်းမှာ မာနနှင့် သိက္ခာထိန်းရန် ဖြစ်သည်။

လော့ဝူရွှမ်က သူ့ပတ်ဝန်းကျင်ကို ကြည့်နေပြီး ဓားပျံများ ချင်မူ့ဆီ ပြေးဝင်လာကာ ဓားစက်လုံးတစ်လုံးအသွင် ဖွဲ့တည်သွားကြောင်း မြင်လိုက်ရသည်။ စီးဆင်းနေသည့် ရေအလျဉ်ကဲ့သိ့ သွန်းလုပ်နိုင်သော ပန်းပဲစွမ်းရည်သည် အမှန်ပင် အံ့အားသင့်ဖွယ်ရာဖြစ်၏။

“ကောင်းကင်ဓားမလော့၊ ခင်ဗျားက ကောင်းကင်နတ်ဘုံရဲ့ အတော်ဆုံး ကောင်းကင်ဓားမ,မလား...ကျုပ်ကို ခင်ဗျားရဲ့ ဓားမသိုင်းကွက်ကို ပြပါဦး”

ချင်မူက ဓားစက်လုံးကို သိမ်း၍ ဒဏ်ရာများကုသရန် စွမ်းအင်ဆေးရည်တချို့ ထုတ်ရင်း ပြောနေသည်။ “ကျွန်တော် ကျဲ့ဟွလီနဲ့ ပြိုင်ခဲ့တုန်းက ကျုပ်ရဲ့ဓားသိုင်းတွေ သူကနေတစ်ဆင့် ခင်ဗျားဆီ ပြဖို့ ရည်ရွယ်ခဲ့တယ်... ဒါပေမဲ့ သူက မာနကြီးလွန်းပြီး ကျုပ်ကို အနိုင်ယူချင်တာဆိုတော့ ခင်ဗျားဆီ မပြပေးခဲ့ဘူး... အခု ကျွန်တော့်ဓားသိုင်းကို ခင်ဗျား မြင်ရပြီ... ဘယ်လိုထင်လဲ”

“သိပ်အနုစိတ်ပြီး ဆန်းပြားချက်က ပြီးပြည့်စုံလုနီးနီးပဲ”

လော့ဝူရွှမ် သူ့ကို ရင်ထဲမှ ချီးကျူးမိသည်။ “မင်းရဲ့ ဓားသိုင်းက ပြိုင်ဘက်ကင်းနေပေမယ့် ငါ့ဓားမသိုင်းနဲ့ မင့်ဓားသိုင်းကို အနိုင်ယူဖို့ ငါ ယုံကြည်ချက်ရှိတယ်.... အတိတ်တုန်းက ငါဆို မင်းရဲ့ဓားကို ထပ်ရှုံးမှာပဲ... ဒါပေမဲ့ အခု ငါက ငါ့ရင်ထဲက စိတ်နှလုံးမိစ္ဆာကို ဖျက်စီးပြီးပြီ... မကြောက်တော့ဘူး”

ချင်မူက စွမ်းအင်ဆေးလုံးများ စားရင်း ရယ်သည်။ “ခင်ဗျားပြောတဲ့ပုံစံက ကျဲ့ဟွလီနဲ့ တစ်သံတည်းပဲ... ဒါပေမဲ့ သူက သူ့ရင်ထဲက စိတ်နှလုံးမိစ္ဆာကို ခင်ဗျားထက် အရင် ဖျက်စီးနိုင်ခဲ့တယ်... ဒါတောင် ကျွန်တော့်ကို မယှဉ်နိုင်သေးဘူး”

လော့ဝူရွှမ် အောင့်သက်သက် ဖြစ်သွားသည်။ ချင်မူက သူ့ကို စွမ်းအင်ဆေးလုံး တချို့ပေးကာ ပြော၏။ “ကိုယ်ထဲက အပ်တွေကိုတော့ ထုတ်လို့ရပြီ... မျက်ခုံးနှစ်ဖက်ကြားက ကမ္ဘာဦးသစ်ပင်အူတိုင်ကိုတော့ မထုတ်နဲ့ဦး... ဒီစွမ်အးင်ဆေးလုံးတွေက ခင်ဗျားရဲ့ ကောင်းကင်နန်းဆောင်ကို ပြန်ကုဖို့.... အရင်ဆုံး ကိုယ်ထဲက ဆေးစွမ်းအင်ကို ချေဖျက်ပြီးမှ ဒီစွမ်းအင်ဆေးလုံးကို လမ်းမှာ စား... စောစောက ကျွန်တော်နဲ့ အန်းချင်းယွီရဲ့ တိုက်ပွဲက ကောင်းကင်နတ်ဘုံရဲ့သိုင်းပညာရှင်တွေကို အသိပေးလိုက်သလို ဖြစ်သွားတယ်... မြန်မြန်သွားကြစို့”

သူက အရှေ့ဘက်သို့ လက်ညှိုးထိုးပြကာ ပြောသည်။ “စောစောက လေထဲမှာ ခမ်းခမ်းနားနား အဆောက်အအုံတွေ တွေ့လိုက်ရတယ်.. ကြည့်ရတာ မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ တည်‌ဆောက်ခဲ့တာတွေ ဖြစ်လောက်မယ် ... သွားကြည့်ကြစို့”

လော့ဝူရွှမ်မှာ စွမ်းအင်ဆေးလုံးများ ယူ၍ မနေနိုင်ဘဲ မေးမိသည်။ “မင်းက တကယ် ဝိညာဉ်သန္ဓေသားအဆင့်လား”

“ဟုတ်တယ် တကယ်”

ချင်မူက ပြုံးလျက် ပြော၏။ “ကျွန်တော်နဲ့ အဆင့်တူမှာ တိုက်ခိုက်ချင်တာ သေချာလား”

လော့ဝူရွှမ်၏အမူအရာမှာ မသေမချာဖြစ်နေသည်။ သူက စကားလမ်းကြောင်း လွှဲကာ မေးသည်။ “ဒီက အဆောက်အအုံတွေကို မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ တည်ဆောက်ခဲ့တာလို့ မင်း ပြောလိုက်တာလား... ဒီကို ရောက်ဖူးလို့လား”

“မရောက်ဖူးပါဘူး”

ချင်မူ တတိယမျက်လုံးဖွင့်၍ အတန်ကြာ မြင်ယောင်စိတ်ကူးကြည့်လိုက်သည်။ အနည်းဆုံး ပေတစ်ရာခန့် ရှည်သော ကောင်းကင်နဂါးတစ်ကောင်သည် ဘွားခနဲ ပေါ်ထွက်လာ၏။

လော့ဝူရွှမ်မှာ အံ့အားသင့်သွားပြီး သူ့ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာ ထင်မှတ်ကာ ဓားလက်ကိုင်ရိုးကို ကပျာကယာ လှမ်းဆုပ်လိုက်သည်။

ချင်မူက ခေါင်းယမ်းလိုက်သည်။ “ဒီမှာ စိတ်နှလုံးမိစ္ဆာတွေ မရှိဘူး... စိတ်နှလုံးမိစ္ဆာတွေဆိုတာ မဟာလေဟာနယ် ဖန်ဆင်းရှင်တွေရဲ့ အသိစိတ်အလျဉ်ကို ဖြိုခွဲလိုက်လို့ အပြင်မှာ ဖွဲ့တည်လာတာ.... ဒီကောင်းကင်နဂါးကတော့ ကျွန်တော့်ဖန်ဆင်းမှုမလို့ အန္တရာယ်မရှိဘူး”

လော့ဝူရွှမ်မှာ တွန့်သွားသည်။ “ဒီမြေရဲ့ အရှင်သခင်က မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်မှန်း မင်း ဘယ်လိုသိတာလဲ... မင်းက သူတို့ထဲက တစ်ယောက်လား”

ချင်မူက ကောင်းကင်နဂါးကို လေ့လာပြီးနောက် ၎င်းကျောပေါ် ခုန်တက်ကာ ရယ်လိုက်သည်။ “မဟုတ်ဘူး... ပျံတက်လိုက်”

သူ့အောက်ရှိ ကောင်းကင်နဂါးမှာ ပျံတက်ရန် ကြိုးစားနေသော်လည်း မပျံနိုင်ပေ။ ၎င်းက အော်သည်။ “မာဟာ မာဟာ”

ချင်မူ ခေါင်းကုတ်လိုက်မိသည်။ “ငါက လေးလွန်းလို့လား”

သူက နဂါး၏ကျော‌ပေါ်မှ ခုန်ဆင်းကာ စမ်းကြည့်၏။ “ပျံစမ်း”

နဂါးသည် လေပေါ် ခုန်တက်ပြီးနောက် မြေပြင်သို့ ပြန်ပြုတ်ကျကာ အောက်ရှိ ရေတံခွန်အထဲ၌ နစ်မြုပ်သွား၏။

ချင်မူ မှင်သက်နေစဉ် ရှုကျွင်း၏ရယ်သံက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။ “မင်းရဲ့ လက်ရှိစွမ်းအားနဲ့ ဖန်ဆင်းချင်တယ်ဟုတ်လား.. မင်းက အဝေးကြီးလိုသေးတယ်... အခုလောလောဆယ် မင်းရဲ့အသိစိတ်အလျဉ်က အဆင့်နိမ့်ဖန်ဆင်းရှင်သာသာပဲ ရှိသေးတာ... ငါတို့မျိုးနွယ်က မွေးလာတဲ့ မွေးကင်းစကလေးလိုပေါ့”

ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး လော့ဝူရွှမ်နှင့်အတူ တောင်အောက် ဆင်းသည်။

လော့ဝူရွှမ်မှာ မျက်ခုံးနှစ်ဖက်ကြား၌ ကမ္ဘာဦးသစ်ပင် စိုက်လျက် ရှိသေးသဖြင့် လှုပ်ရရှားရ မပေါ့ပါးပေ။ သို့သော် သူသည် နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်သည့်အလျောက် သူ့အခြေခံသူ ထိန်းထားနိုင်၏။ ထို့ကြောင့် ကောင်းကင်ရတနာများအတွင်းရှိ ချီစွမ်းအင်ကို အသုံးချကာ ချင်မူ့အလျင်အတိုင်း ရွေ့လျားနေသည်။

“ကောင်းကင်နတ်ဘုံက ဒီလူငယ်ပညာရှင်တွေလည်း အဲဒီနန်းတော်ကို သေချာပေါက် သတိမိပြီး သွားကြမှာပဲ.. မင်းက ထောင်ချောက်ထဲကို ဝင်နေတာ” လော့ဝူရွှမ်က သူသွားနေသောဘက်အား သတိပြုမိလျှင် သတိပေးသည်။

ချင်မူ ခေါင်းယမ်းလိုက်၏။ “အဲဒီရောက်ရင် ကျွန်တော် အတော်များများ သက်သာနေပါပြီ”

လော့ဝူရွှမ်မှာ သူ့ကို သတိထပ်ပေးသည်။ “မင်းကို သတ်ချင်တဲ့လူတွေ အများကြီး ရှိတယ်... မဟာလေဟာနယ်ခရီးမှာ အသက်ရှင်ကျန်ခဲ့သူတွေက အစစ်အမှန်နတ်ဘုရားအဆင့် သိုင်းအခြေခံနဲ့ သန်မာအားကောင်းတဲ့ လူတွေပဲ.. သူတို့အစွမ်းအစက အန်းချင်းယွီထက်တောင် ပိုပြင်းထန်သေးတယ်”

ချင်မူ ပြုံးလိုက်မိသည်။ “ကောင်းကင်ဓားမလော့က ကျွန်တော့်ကို ရိုးတွင်းခြင်ဆီထဲအထိ မုန်းပြီး သေလောက်အောင် သတ်ချင်နေတာမဟုတ်လား.. ဘာလို့ ကျွန်တော့်အသက်အန္တရာယ်အတွက် စိတ်ပူနေတာလဲ”

လော့ဝူရွှမ်က အေးစက်စက် နှာခေါင်းရှုံ့၍ ခပ်မာမာပြောသည်။ “ငါက သူများတွေ လက်ချက်နဲ့ မင်းကို မသေစေချင်ရုံသက်သက်ပဲ... မင်း အခုထိ ငါ့ဓားမကို မရှုံးရသေးဘူး... မာန်တက်မနေနဲ့ လောကသခင်ခန္ဓာချင်... ကောင်းကင်နတ်ဘုံမှာ အဆင့်မြင့်သိုင်းပညာရှင်တွေ၊ လူငယ်ပါရမီရှင်တွေ တစ်ပုံကြီးပဲ... တချို့ဆို မဟာကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်တစ်ခု ကျင့်ထားပြီးနေလောက်ပြီ”

ချင်မူမှာ လျန်းဟွာဟွန်ကို တွေးလိုက်မိသဖြင့် ရင်ထဲ အေးစိမ့်သွားသည်။

သင်္ဘောအပေါ်တွင် လျန်းဟွာဟွန်သည် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၁၈ ခုကို ကျင့်ကြံ၍ ကျင့်စဉ်တစ်ခုအဖြစ် ပေါင်းစည်းထားကြောင်း ပြောခဲ့ပြီး ယွင်ချွီးရှို့ကလည်း သူမ မဟာကောင်းကင်နတ်ဘုံအဆင့်ကျင့်စဉ်တစ်ခု နားလည်ထားကြောင်း ပြောခဲ့သည်။

ထို့အပြင် လျန်းဟွာဟွန်ကား အမှန်တကယ် အင်အားကြီးမား၏။ လော့ဝူရွှမ်၏ ဒဏ်ရာများကို သူ ကုသနေခဲ့သော်လည်း သူမ၏ရိုက်ချက်တစ်ချက်က သူ၏လက်လေးချောင်းစလုံး ဖွတ်ဖွတ်ညက်ညက် ကြေသွားစေခဲ့ရာ သူမမည်မျှ သန်မာကြောင်း သက်သေပြနေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို မကြုံတွေ့ထားသော၊ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို မဖွင့်လှစ်ထားသော အမျိုးသမီးတစ်ယောက်သည် ချင်မူ့လက်လေးဖက်ကို ချိုးပစ်နိုင်သည့် မဟာကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်အား အသုံးပြုနိုင်ခဲ့၏။ လျန်းဟွာဟွန်၏ မဟာကောင်းကင်နတ်ဘုံကျင့်စဉ်မှာ အမှန်တကယ် ကြောက်သင့်သောအရာ ဖြစ်ပေသည်။

‘မဟာကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်တစ်ခု ကျင့်ထားတဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးကိ ငါ သေချာပေါက် မနိုင်ဘူး.. ဒါပေမဲ့ ငါ့ဘာသာငါ ကျင့်စဉ်တစ်ခု ထွင်လိုက်ရင်တော့...’

ချင်မူ ခေါင်းယမ်းလိုက်သည်။ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များသည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးလက်ထဲ၌ ရှိ၏။ သူတို့က ခက်ခက်ခဲခဲ ရှာဖွေထားသော ကျင့်စဉ်များကို သူ့ထံ ပေးပါလိမ့်မည်လော။

ပို၍အရေးကြီးသည်မှာ သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတွင် ကောင်းကင်နန်းဆောင်တစ်ဆောင်မှ မရှိပေ။ မဟာကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်၏ အားသာချက်က ကောင်းကင်နန်းဆောင်များစွာ ရှိခြင်းမှ လာသည်။

‘ကောင်းကင်နန်းဆောင်မရှိဘဲ ဘာလုပ်လို့ရမလဲ’ ချင်မူမှာ စိတ်ပျက်လက်ပျက် တွေးနေမိသည်။

များစွာမကြာလိုက်ဘဲ ရေတံခွန်အောက်ရှိ ရေကန်မှာ ဗွမ်းခနဲ ကွဲထွက်သွားပြီး ချင်မူ စိတ်ကူးပုံဖော်ထားသော ကောင်းကင်နဂါးသည် ရေစက်များ ခါရင်း ကန်ထဲမှ ထွက်လာ၏။ ထို့နောက် ချင်မူ့အနံ့ကို လိုက်ရှာနေသည်။

“မာဟာ”

ကောင်းကင်နဂါးမှာ ပျော်ရွှင်စွာဖြင့် ဟိုဟိုသည်သည် ခုန်ပျောက်လမ်းလျှောက်ပြီးနောက် မြေကြီး၌ ဝပ်ကာ ချင်မူ့အား အနံ့ခံရှာနေသည်။

All Chapters