စိတ်နှလုံးမိစ္ဆာ ကောင်းကင်နတ်ဧကရာဇ်
Vol. 72 Ch. 944
ချင်မူသာ သင်္ဘောအပေါ်၌ ရှိနေလျှင် ဤစကားကြောင့် သေချာပေါက် အထိတ်တလန့် ထခုန်မိလိမ့်မည်။
ယွင်ချွီးရှို့သည် ကောင်းကင်နတ်ဧကရီဟု သူ တစ်လျှောက်လုံး ခန့်မှန်းထားခဲ့ပြီး သူ့အထင်က မှန်ကြောင်း သက်သေပြနေခဲ့သော အချက်အလက်များလည်း ရှိခဲ့သည်။
ကောင်းကင်နတ်ဧကရီက ညီမတော်အရှင်မယွမ်မုကို သတ်ပြီးနောက် သူမ၏ရုပ်ခန္ဓာတွင် ပူးကပ်ကာ ကောင်းကင်နတ်ဘုံဆီသို့ ပြန်သွားခဲ့သည်။ ထို့နောက် ကောင်းကင်နတ်ဧကရာဇ် လူဝင်စားအောင်လည်း ကျွယ်ဝူချိန်အသွင် ပြောင်း၍ ဖျားယောင်းကာ သတ်ဖြတ်ခဲ့သည်။ ကောင်းကင်နတ်အရှင်လင် သူမကို သတ်သည့်အခါ သူမသည် ထိုအခွင့်အရေးကို အသုံးချကာ လူပြန်ဝင်စားပြီး ကောင်းကင်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်၍ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့၏။
လျန်းဟွာဟွန်က အရှင်မယွမ်မု၏ လူဝင်စားဖြစ်သည်ဟုလည်း သူ ထင်ခဲ့ပြီး အရှင်မယွမ်မုသည်လည်း လုံးလုံးလျားလျား မသေဆုံးခဲ့ဘဲ့ ကောင်းကင်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ကာ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာခဲ့မည်ဟုပင် ဝေးဝေးလံလံ တွေးခဲ့မိသေးသည်။
သူ ထိုသို့ထင်ရသည့်အကြောင်းရင်းမှာ တစ္ဆေသင်္ဘော၏အပေါ်တွင် ကောင်းကင်နတ်ဧကရီ၏ ဝိညာဉ်အား ဆင့်ခေါ်ရန် ကြိုးစားခဲ့ဖူးသည်ကို ယွင်ချွီးရှို့က သိထားသောကြောင့် ဖြစ်သည်။
သို့သော် လျန်းဟွာဟွန်က ‘ငါ့ကို အစ်မတော်လို့ ခေါ်’ ဟု ပြောခဲ့ချေရာ သူ့အထင်အမြင်အားလုံး ပြောင်းပြန်ဖြစ်သွားချေပြီ။
ချင်မူ သင်္ဘောပေါ်၌ မရှိသည်က နှမြောစရာကောင်းသည်။ ပို၍ပင် နှမြောစရာကောင်းသည်မှာ လော့ဝူရွှမ်သည် ဤမိန်းကလေးနှစ်ယောက်၏ နောက်ကြောင်းကို မသိသလို၊ သူတို့ညီအစ်မကြား ပြဿနာများကိုလည်း စိတ်မဝင်စားသဖြင့် ကြယ်တာရာများဆီသို့သာ မော့ကြည့်နေ၏။
ကြယ်တာရာအစုအဝေးအပေါ်တွင် ချင်မူက လျင်မြန်စွာ ရွေ့လျားနေပြီး နတ်ဘုရားများက လျှပ်စီးကဲ့သို့ အမြန်နှုန်းများဖြင့် သူ့နောက် လိုက်ဖမ်းနေကြသည်။
‘လောကသခင်ခန္ဓာချင် လမ်းလျှောက်နေတဲ့အလောင်းတွေ စောင့်ရှောက်ပေးထားတဲ့ ဧရိယာကနေ ထွက်လိုက်ရင် သူ့ရင်ထဲက စိတ်နှလုံးမိစ္ဆာကို လှုံ့ဆော်မိလိမ့်မယ်.... သူ ဘာလို့ ဒီလောက် အဆင်အခြင်မဲ့ပြီး သင်္ဘောပေါ်က အဆင့်မြင့်သိုင်းပညာရှင်တွေ သွားရန်စနေတာလဲ’
လော့ဝူရွှမ်သည် ကြယ်အစုအအဝေး ညွှန်ပြနေရာအတိုင်း လှမ်းကြည့်လိုက်၏။ ရုတ်တရက် သူ့ရင်ထဲ ထိတ်သွားသည်။ လေဟာနယ်ထဲရှိ အမှောင်ထုအတွင်းက ကြယ်စင်စု၏ အစပ်နားတွင် မြေပြင်တစ်ခု ရှိနေသည်။
“မဟာလေဟာနယ်မြေပြင်.. ဒါကြောင့်ကိုး... သူ မဟာလေဟာနယ်မြေပြင်ကို မြင်လိုက်တာပဲ”
ဓားမရောင်နှစ်တန်းက လော့ဝူရွှမ်၏ မျက်လုံးများမှ ထွက်လာပြီး လေထဲတွင် တရွှပ်ရွှပ် မြည်လျက် တောက်ပနေသဖြင့် သင်္ဘောပေါ်ရှိလူများ အံ့အားသင့်သွားကြသည်။ သူက အော်ဟစ်ပြောလေသည်။ “အခုချက်ချင်း ဦးတည်ရာပြောင်းပြီး မဟာလေဟာနယ်ရဲ့ မြေပြင်ဆီ ဦးတည်မယ်”
သင်္ဘောအပေါ်၌ ကျန်ခဲ့သော အယောက်နှစ်ဆယ်၊ သုံးဆယ်က သင်္ဘောကို အလျင်အမြန် ပဲ့ကိုင်ကာ အရှိန်တင်သည်။ ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်လည်း အကြည့်လွှဲကာ သင်္ဘော ရွေ့လျားနိုင်အောင် ကူညီပေးကြသည်။
မဟာလေဟာနယ်မြေပြင်မှာ အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း ရှာတွေ့ခဲ့သော လွင့်မျောနေသည့် မြေပြင်အပိုင်းအစတစ်ခုသာ ဖြစ်သည်။ ထိုနေရာတွင် ထူးဆန်းပြီး ခန့်မှန်းမရမည့် စိတ်နှလုံးမိစ္ဆာများ မရှိပေ။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက မဟာလေဟာနယ်မြေပြင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ကာ ရွှင်ပျော်ပျော်ကျေးရွာနှင့် ခိုင်ဧကရာဇ်အား ရှာတွေ့လိုငြား ရည်ရွယ်ချက်ဖြင့် မဟာလေဟာနယ်အတွင်း၌ သူတို့၏တပည့်များနှင့်အတူ ခရီးသွားနေကြခြင်း ဖြစ်သည်။
သင်္ဘောက တမုဟုတ်ချင်း အရှိန်မြန်လာကာ ချင်မူတို့နောက် အမှီလိုက်သွားသည်။ လော့ဝူရွှမ်ကိုယ်တိုင်ပင် သူ၏ချီစွမ်းအင်ကို အသက်သွင်း၍ သင်္ဘော၏ အရှိန်အား အမြင့်ဆုံးသို့ တွန်းပို့လိုက်၏။ များစွာမကြာလိုက်ဘဲ သင်္ဘောက ချင်မူ့နောက် လိုက်နေသော အုပ်စုအား လိုက်မှီလာသည်။ လော့ဝူရွှမ် လှမ်းအော်လိုက်သည်။ “ငါတို့ မဟာလေဟာနယ်ဟင်းလင်းပြင်ဆီ ရောက်ပြီ... သင်္ဘောပေါ် ပြန်လာကြတော့”
မရေမတွက်နိုင်သော အလင်းတန်းများက ပြန်ကွေ့လာပြီး သင်္ဘောအပေါ်သို့ တစ်တန်းပြီးတစ်တန်း ဆင်းသက်လာကြသည်။
အားလုံးသည် အရှေ့ရှိ ကောင်းကင်နတ်မြစ်အပေါ်တွင် ပြေးနေသော ချင်မူ့ထံ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေကြ၏။ တစ်ယောက်ချင်းစီက ကောင်းကင်နတ်သိုင်းများ ပြင်ထားကြပြီး နတ်လက်နက်များလည်း အသင့်အသက်သွင်းထားကြကာ ချင်မူ့ကို လိုက်မှီသည်နှင့် အသေသတ်နိုင်မည့် အခွင့်အရေးအား စောင့်နေကြ၏။
ဤအခိုက်အတန့်တွင် လော့ဝူရွှမ်မှာ နဖူးမှ ချွေးပြန်လာပြီး အက်ကွဲကွဲအသံဖြင့် ပြောသည်။ “အရှေ့မှာ လမ်းလျှောက်နေတဲ့အလောင်းတွေ မရှိတော့ဘူး... ရပ်... သင်္ဘောကို မြန်မြန်ရပ်”
“ကောင်းကင်နတ်အရှင်မူက တော်တော်ဖမ်းရခက်တာပဲ” ယွင်ချွီးရှို့သည် လက်ဝါးနှစ်ဖက်ပွတ်ရင်း ချီးကျူးနေ၏။
သင်္ဘောက တဖြည်းဖြည်း နှေးသွားသော်လည်း အရှိန်ကြောင့် လမ်းလျှောက်နေသော နောက်ဆုံးအလောင်းကို ကျော်ကာ မိုင်တစ်ရာကျော်အထိ ဆက်ရွေ့သွား၏။ သင်္ဘောပေါ်ရှိ လူတိုင်း မကြောက်ဘဲ မနေနိုင်တော့သဖြင့် စိတ်နှလုံးမိစ္ဆာတစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။
လော့ဝူရွှမ် လှမ်းအော်လိုက်သည်။ “မရပ်နဲ့... မင်းတို့စိတ်နှလုံးမိစ္ဆာတွေ အသက်မဝင်လာခင် သင်္ဘောကို အားကုန်အသက်သွင်းပြီး မဟာလေဟာနယ်မြေပြင်ဆီ မြန်မြန်သွားကြ”
သူ ဤသို့ ပြောပြီးသည့်အချိန်မှာပဲ တဗြန်းဗြန်းအသံ ကြားလိုက်ရသည်။ လော့ဝူရွှမ်မှ အသည်းနှလုံးထဲ အေးစိမ့်သွားပြီး နောက်လှည့်ကြည့်လိုက်၏။ သင်္ဘောအနောက်၌ ချင်မူတစ်ယောက်သည် သေတ္တာတစ်လုံးအပေါ်၌ မတ်တပ်ရပ်လျက် ပေါ်လာပြီး သူ့ဆီသို့ ကြည့်နေချေသည်။
သေတ္တာက အမြန်ဆုံး စပြေးပြီး သင်္ဘောနောက် အမှီလိုက်လာသည်။
တစ်ချိန်တည်းမှာပင် သင်္ဘောအပြင်ရှိ နေရာဟင်းလင်းပြင်မှာ တုန်ခါလာကာ ဧရာမမျက်လုံးကြီးတစ်လုံးက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် လေဟာနယ်ထဲမှ ထိုးထွက်လာသည်။ ဤမျက်လုံးကြီးကား မည်သူ၏စိတ်နှလုံးမိစ္ဆာမှန်း မသိရပေ။
မျက်လုံးကြီးသည် ရုတ်တရက် အလျားလိုက် ပွင့်ထွက်သွားပြီး ချွန်မြနေသည့် သွားများ ပေါ်လာ၏။ ၎င်းက ပါးစပ်ကြီးဖြဲလျက် သင်္ဘောဆီ လှမ်းကိုက်ချလိုက်သည်။
ထိုအခိုက်အတန့်၌ မကောင်းဆိုးဝါးမျိုးစုံ စတင်ထွက်ပေါ်လာတော့သည်။
သင်္ဘောထက် ပိုရှည်လျားသော နဂါးရိုင်းများ၊ သင်္ဘောအောက်၌ ပုန်းခိုနေသော လက်တံပါမကောင်းဆိုးဝါးများ၊ ကျောပြင်၌ မျက်လုံးများ ထွက်နေသည့် ဧရာမပင့်ကူကြီးများ၊ ခေါင်းပြတ် သတို့သမီးတစ်ယောက်နှင့် မီးတောက်မီးလျှံတို့ ဟုန်းဟုန်းတောက်နေသည့် ရှေးဟောင်းနတ်ဘုရားများပင် ပါဝင်သည်။
ထို့အပြင် မကောင်းဆိုးဝါးများသာမဟုတ်၊ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ပုံရိပ်လည်း လေဟာနယ်ထဲမှ ထွက်ပေါ်လာ၏။
ကောင်းကင်နတ်အရှင်များလည်း ရှိကြသည်။ ဘယ်တပည့်၏ ရင်ထဲတွင် ဆရာဖြစ်သူများက စိတ်နှလုံးမိစ္ဆာဖြစ်နေသလဲ မသိပေ။
‘ငါတို့ သူ့ထောင်ချောက်ထဲ ကျသွားပြီ’
လော့ဝူရွှမ် သက်ပြင်းချမိသည်။ သူက ဓားမဆွဲထုတ်၍ ဧရာမမျက်လုံးကြီးကို ဒေါင်လိုက် ခုတ်ချလိုက်ရင်း တွေးနေသည်။ ‘လောကသခင်ခန္ဓာချင် မဟာလေဟာနယ်မြေပြင်ဆီ မရောက်ခင် ပြေးထွက်သွားတဲ့ အကြောင်းရင်းက ငါတို့ သူ့နောက် လိုက်လာအောင် လုပ်ဖို့ပဲ... ပြီးတာနဲ့ သူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း သုံးပြီး မဟာလေဟာနယ်မြေပြင်ဆီ ငါတို့ထက် အရင်ကြိုသွားလိမ့်မယ်... ငါတို့ကတော့ လမ်းလျှောက်နေတဲ့ အလောင်းတွေရဲ့ အရှိန်အဝါ စောင့်ရှောက်ပေးနေတဲ့ ဧရိယာထဲကနေ ထွက်ပြီး သူ့ကို လိုက်ဖမ်းလိုက်ရင် ငါတို့ရဲ့စိတ်နှလုံးမိစ္ဆာတွေ ထွက်ပေါ်လာပြီး အသတ်ခံရလိမ့်မယ်... ဒီခွေးကောင်က တော်တော် ရက်စက်တာပဲ”
အရာရှိနတ်ဘုရားက စူးစူးဝါးဝါး အော်သည်။ “ဗုဒ္ဓရဲ့ကျင့်စဉ်ကို သုံးမနေကြနဲ့တော့.. မဟာလေဟာနယ်ဆီ မြန်မြန်ရောက်အောင် မှော်စွမ်းအင်အကုန် စုစည်းပြီး ပို့လွှတ်လိုက်ကြ”
သူ ဤစကားတစ်ခွန်းသာ ပြောရသေးသည့်အချိန် နဂါးပျံတစ်ကောင်က သူ့ကို သုတ်ချီကာ လေဟာနယ်ထဲသို့ ဆွဲခေါ်သွားသည်။
မဟာလေဟာနယ်ထဲမှ အော်သံတစ်ချက် ကြားလိုက်ရသည်။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးများသည် လေဟာနယ်ထဲမှ ထွက်လာကာ ထိုအရာရှိနတ်ဘုရားအပေါ် ခုန်အုပ်လိုက်ကြသဖြင့် မကြာခင် သူ သေသွားတော့သည်။
လော့ဝူရွှမ်က ဧရာမမျက်လုံးကြီးကို သုတ်သင်ပြီးနောက် သူ့တွင် ရှိသမျှ အားအင်အကုန်ဖြင့် သင်္ဘောအား ဆက်လက်မောင်းနှင်နေသည်။ ကျန်ရှိသူများကလည်း သင်္ဘော၏ အရှိန်ကို အမြန်ဆုံးသို့ မြှင့်တင်ထားကြ၏။
သင်္ဘော၏ပတ်ဝန်းကျင်တွင် အရိပ်များ တဖျတ်ဖျတ် ပြေးနေသည်။ ဤသင်္ဘောသည် ထိပ်တန်း နတ်လက်နက် ဖြစ်သော်လည်း မြင့်မားလှသည့် အမြန်နှုန်းဆီမှ ဖိအားကြောင့် စတင်ပျက်စီးလာ၏။ ကုန်းပတ်ပျဉ်ချပ်များ တစ်ချပ်ပြီးတစ်ချပ် ကွာထွက်လာပြီး သံများလည်း ပြုတ်ထွက်ကုန်သည်။
သင်္ဘော၏ ရွက်တိုင်များမှာ ယိမ်းယိုင်နေကာ အချိန်မရွေး လဲကျတော့မလို ဖြစ်လာသည်။
လော့ဝူရွှမ် လှမ်းကြည့်လိုက်သည့်အခါ လေဟာနယ်ထဲတွင် ကောင်းကင်နတ်ဧကရာဇ်သည် တဖြည်းဖြည်း ခေါင်းလှည့်၍ သင်္ဘောဆီ ကြည့်နေကြောင်း မြင်လိုက်ရ၏။
ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကား ကြီးမားလွန်းပေသည်။
သင်္ဘောသည် အတိုင်းထက်အလွန် မြန်သော်လည်း ဤဧရာမဖြစ်တည်မှုကြီး၏ ရှေ့မှောက်၌ စာမဖွဲ့နိုင်တော့ပေ။ သင်္ဘောမှာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ နှာသီးဖျားနား ဖြတ်သွားသော ဖြုတ်ကလေးတစ်ကောင်နှင့် တူနေသည်။
ကံကောင်းစွာဖြင့် မဟာလေဟာနယ်မှ စိတ်နှလုံးမိစ္ဆာကောင်းကင်နတ်ဧကရာဇ်ကို ဖော်ဆောင်နေသော်လည်း အပြည့်အဝ ရုပ်လုံးပေါ်လာရန် အချိန်တချို့ ကြာလိမ့်မည်။ သူတို့အနေဖြင့် ထို့မတိုင်ခင် မဟာလေဟာနယ်မြေပြင်ဆီသို့ ထွက်ပြေးနိုင်လောက်သေး၏။
သို့သ်ော ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်သည် ဖြည်းဖြည်းချင်း ဖွဲ့တည်လာသော်လည်း အခြားစိတ်နှလုံးမိစ္ဆာတို့၏ အသွင်သဏ္ဍာန်များက အံ့အားသင့်ဖွယ်ရာ မြန်လှသည်။ သင်္ဘောပေါ်ရှိ လူများ၏ စိတ်နှလုံးမိစ္ဆာတို့သည် အင်အားကြီးမားလာကြပြီး သင်္ဘောဆီ ခုန်အုပ်နေကြ၏။
ဒုန်း
လက်လေးဖက်၊ တောင်ပံနှစ်ဖက်ဖြင့် ဝံပုလွေတစ်ပိုင်း, ကျားတစ်ပိုင်း မကောင်းဆိုးဝါးတစ်ကောင်က ကုန်းပတ်ပေါ် ခုန်ချလိုက်သည်။ ထို့နောက် ပါးစပ်ကြီး ပြဲနေအောင် ဖြဲကာ နတ်ဘုရားတစ်ပါးအား အကောင်လိုက် မြိုချလိုက်သည်။
လော့ဝူရွှမ်က ဓားမအလင်းတန်းများနှင့်အတူ ရှေ့တက်ကာ ထိုမကောင်းဆိုးဝါးကို တိုက်ခိုက်သည်။ သို့သော် သင်္ဘောအောက်ရှိ မရေမတွက်နိုင်သော လက်တံများသည် သင်္ဘောကို တွယ်ကပ်နေသဖြင့် သင်္ဘော၏အရှိန်မှာ တဖြည်းဖြည်း သေလာသည်။
လော့ဝူရွှမ် ဓားမကို ခါ၍ ဓားအလင်းတန်းများကို နှစ်ခြမ်းစီ ခွဲစေသည်။ ထို့နောက် ရှစ်ကြိမ်အထိ ဆပွားသွားသည်။ တခဏလေးအတွင်း သူ၏ဓားရောင်များက ရေတံခွန်သဖွယ် ကျဆင်းလာပြီး ကုန်းပတ်နှင့် အနားသတ်တစ်လျှောက် ရွေ့လျားသည်။
ဓားရောင်များသည် သင်္ဘောအပေါ်ရှိ လူများကို ရှောင်သွားပြီး မျက်စိတစ်မှိတ်အတွင်း သင်္ဘောအောက်ရှိ မကောင်းဆိုးဝါးလက်တံများကို အတုံးတုံးအတစ်တစ် ခုတ်ပိုင်းရင်း သင်္ဘောတစ်စင်းလုံးအား ရှင်းလင်းသွားစေသည်။
လော့ဝူရွှမ်မှာ ဓားမဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့သော နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်မဟုတ်ပါလော။ သင်္ဘောအပေါ် ခုန်တက်လာခဲ့သည့် မကောင်းဆိုးဝါးများ ပုံနေသော်လည်း သင်္ဘောအပေါ်ရှိ လူတိုင်း အသက်အန္တရာယ်မရှိအောင် ကာကွယ်ပေးနိုင်ခဲ့သေး၏။
ဤအခိုက်အတန့်တွင် အရှေ့၌ အလင်းစက်ဝန်းတစ်ခု ပေါ်လာသည်။ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် တောက်ပလင်းထိန်နေသော အလင်းရောင်မှာ အလွန်မျက်စိကျဖွယ်ကောင်းပြီး ၎င်းနှင့်အတူ ခေါင်းကြီးတစ်လုံးက ဖြည်းဖြည်းချင်း မော့လာသည်။
“ကောင်းကင်နတ်အရှင်ဟုန်”
လော့ဝူရွှမ် အသက်ပြင်းပြင်းရှူလိုက်မိသည်။ တစတစ မြင့်တက်လာနေသော ကောင်းကင်နတ်အရှင်က ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးအနက်မှ ကောင်းကင်နတ်အရှင်ဟုန် ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟုန်သည် ပုံရိပ်အဆင့်သာ ရှိသော်လည်း သူ့ခေါင်းနောက်ရှိ အလင်းစက်ဝန်းက အပြည့်အဝ ဖွဲ့တည်နေပြီဖြစ်၏။ သူက လက်မြှောက်ကာ သင်္ဘောရှိရာသို့ လှမ်းဆွဲသည်။
“မင်းက ကောင်းကင်နတ်အရှင်တစ်ပါးကို ဓားမနဲ့ ရွယ်နေတာလား”
လော့ဝူရွှမ်၏ မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။ ဤကောင်းကင်နတ်အရှင်ဟုန်က မည်သူ၏စိတ်နှလုံးမိစ္ဆာမှန်း သူ မသိသော်လည်း သူ့ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာလည်း ဖြစ်၏။
ကောင်းကင်နတ်အရှင်တစ်ပါးအား သူ ဓားမဖြင့် မရွယ်ရဲပေ။
သူက ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်ဘုံ၏ အရှင်ဘုရင်တစ်ပါး မဟုတ်ပါလော။
ပုံရိပ်သာ ဖြစ်လျှင်တောင်မှ၊ မဟာလေဟာနယ်မှ ဖန်ဆင်းထားသော စိတ်နှလုံးမိစ္ဆာသာ ဖြစ်လျှင်တောင်မှ သူ ကောင်းကင်နတ်အရှင်တစ်ပါးအား မတိုက်ခိုက်ရဲပေ။
ကောင်းကင်နတ်အရှင်သည် ကောင်းကင်နတ်ဘုံ၏ အထွတ်အမြတ်အာဏာနှင့် အင်အားကို ကိုယ်စားပြု၏။ ကောင်းကင်နတ်အရှင်တစ်ပါးကို ဓားမဖြင့် ခုတ်ပိုင်းရန် အသာထား၊ ဓားမဖြင့် ရွယ်ခြင်းကပင် ပြစ်မှုကြီး မြောက်နေချေပြီ။
“ဒါပေမဲ့”
လော့ဝူရွှမ်က တစ်ဖက်တည်းသော လက်ဖြင့် ဓားမကို ပင့်မြှောက်ကာ ခိုင်မာပြတ်သားနေသည့် မျက်လုံးများဖြင့် ကောင်းကင်သို့ ခုန်တက်လိုက်၏။ ထို့နောက် မာန်အပြည့်ဖြင့် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ “ငါက ကောင်းကင်နတ်အရှင်မူကိုတောင် တိုက်ခိုက်ရဲသေးတာပဲ.... ကောင်းကင်နတ်အရှင်ဟုန်ကို ထည့်တွက်စရာတောင်မလိုဘူး... ငါ့နှလုံးသားထဲက နတ်ဘုရားကို ငါကိုယ်တိုင် ဖျက်စီးမယ်”
သူ့အနောက်၌ ကောင်းကင်နန်းဆောင်များ ဝှမ်ခနဲ ထွက်ပေါ်လာပြီး သူ၏မူလဝိညာဉ်သည် ကောင်းကင်နန်းဆောင်၏ နတ်ကောင်းကင်ခန်းမထဲ၌ ရပ်နေ၏။ သူက ဓားမကိုလည်း တစ်ချိန်တည်း ဆွဲထုတ်ကာ ကောင်းကင်နတ်အရှင်ဟုန်၏ ပုံရိပ်ဆီသို့ ခုတ်ချလိုက်သည်။
ဓားမဖြင့် ခုတ်ချလိုက်သည့်အချိန်တွင် လော့ဝူရွှမ်မှာ ရင်ဘတ်အတွင်းမှ သတ္တိများ လှိုက်၍လှိက်၍ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူ့ဓားမသိုင်းကွက်များသည် အမြဲတစေ စေ့စပ်တိကျခဲ့ကာ သမာဓိအဆင့်အထိ ရောက်ခဲ့၏။ သို့သော် တိကျသော်လည်း သူရဲကောင်းဆန်သော ခံစားချက်မျိုး ကင်းမဲ့နေသည်။ ဆားမပါသော ဟင်းခွက်သဖွယ်ပင်။
သို့သော် ဤအခိုက်အတန့်တွင် သူကား တိကျမှုဖြင့် ကန့်သတ်ထားသော ဘောင်ထဲမှ ထွက်လာချေပြီ။
ဓားမရောင်က ကောင်းကင်နတ်အရှင်ဟုန်၏ လက်ကြီးကို ထိမှန်ကာ လက်ဝါးအား ပိုင်းဖြတ်လိုက်သည်။ ထို့နောက် အလွန်လင်းထိန်နေသည့် ဓားမရောင်သည် ကောင်းကင်နတ်အရှင်ဟုန်၏ ဦးခေါင်းထဲသို့ ဆင်းသက်သွားပြီးနောက် ဦးခေါင်းခွံကိုပါ ထိုးစိုက်သွား၏။
ဖျောက်
လော့ဝူရွှမ်၏လက်ထဲရှိ ဓားမ ပေါက်ကွဲသွားသည်။ ကောင်းကင်နတ်အရှင်ဟုန်သည် ပုံရိပ်ဖြစ်သော်လည်း စွမ်းအားက ကြောက်ခမန်းလိလိ အင်အားကြီးမားနေသေး၏။ သူက လော့ဝူရွှမ်၏ ဘဝတစ်လျှောက် အဖော်ပြုလာခဲ့သော နတ်ဓားမကို ဖျက်စီးပစ်လိုက်သည်။
လော့ဝူရွှမ်မှာ တန်ပြန်ရိုက်ခတ်မှုကြောင့် သွေးအန်ကာ ယိမ်းယိုင်သွားသည်။ သူ့အနောက်တွင် သင်္ဘောသည် သူရှိရာသို့ တဟုန်ထိုး လာနေသဖြင့် သူ့ခန္ဓာကိုယ်မှ သင်္ဘောနှင့် ဝင်တိုက်ကာ ကိုက်တစ်ရာကျော်သို့ လွင့်ထွက်သွား၏။
သင်္ဘောက ကောင်းကင်နတ်အရှင်ဟုန်၏ ခေါင်းနောက်မှ ဖြတ်သွားကာ အဝေးရောက်သွားသည်။
အရှေ့တွင် မဟာလေဟာနယ်မြေပြင် ရှိသည်။
ကောင်းကင်နတ်အရှင်ဟုန်၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း လှည့်လာနေပြီး တစ်ချိန်တည်းမှာပင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ လက်ဝါးကြီးကလည်း မဟာလေဟာနယ်မြေပြင်ဆီ ရောက်လာသည်။ အားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပြီး လာနေသော ကောင်းကင်နတ်ဧကရာဇ်၏ လက်ဝါးကြီးအား ငေးကြောင်စွာ ကြည့်နေကြသည်။
လက်ဝါးကြီးသည် မဟာလေဟာနယ်၏ လေထုထဲသို့ ရောက်သည်နှင့် တမုဟုတ်ချင်း မီးလောင်ပြာကျကာ အနက်ရောင်ပြာမှုန်များအဖြစ် ပြန့်ကြဲသွား၏။
သိသိသာသာပင် အပြင်မှ ဆန်းကြယ်မကောင်းဆိုးဝါးများ ဝင်မလာနိုင်အောင် မဟာလေဟာနယ်အတွင်းရှိ ဤမြေပြင်ကို ထူးဆန်းသောစွမ်းအားက ကာကွယ်ပေးထားခြင်း ဖြစ်လိမ့်မည်။
သို့သော် လက်ဝါးကြီး၏ စွမ်းအားက ကြောက်မက်ဖွယ်ရာ ဂယက်များ ဖြစ်ပေါ်လာစေသေးသည်။ ၎င်းသည် သင်္ဘောဆီ မရောက်လာသော်လည်း သင်္ဘောမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။
သင်္ဘောအပေါ် လူများမှာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရ၍ သွေးအန်နေကြသည်။ အားနည်းသူများမှာ ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေသူကကြေ၊ ခန္ဓာကိုယ် ပေါက်ကွဲသွားသူက ပေါက်ကွဲသွားကြသည်။ သူတို့၏မူလဝိညာဉ်များပင် ပြာကျသွားချေသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က မည်သူ၏ စိတ်နှလုံးမိစ္ဆာမှန်း မသိရပေ။ ယခုထိ သူ၏ပုံရိပ်သည် အပြည့်အစုံ မဖွဲ့တည်လာသေးသည့်တိုင်၊ လက်ဝါးက မဟာဟင်းလင်းပြင်သို့ ရောက်လာသည့်အချိန် ပျက်စီးသွားသည့်တိုင် ... နောက်ဆက်တွဲဂယက်များက သူတို့ကို သတ်ဖြတ်နိုင်ခဲ့သေးသည်။
လော့ဝူရွှမ်မှာ ဤရိုက်ခတ်မှုကို အစွမ်းကုန် တောင့်ခံထား၏။ သူ့ဒဏ်ရာအဟောင်းများ ပွင့်ထွက်လာပြီး သွေးတို့ ပန်းထွက်လာရင်း ပြုတ်ကျသွားသည်။
ကောင်းကင်နတ်အရှင်များနှင့် ကောင်းကင်နတ်ဘုံ၏ အာဏာရှင်တို့၏ တပည့်များအား သူ မကာကွယ်နိုင်လိုက်ပေ။ ရိုက်ခတ်မှု၏ ဂယက်များကြောင့် နတ်ဘုရားတစ်ဝက် အနည်းဆုံး သေဆုံးသွားကြသည်။
လော့ဝူရွှမ်မှာ ရင်ထဲ အေးခဲသွားကာ ဝမ်းနည်းလာသည်။
ချင်မူက သူတို့ကို ဦးဆောင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်များနှင့် အာဏာရှင်များ၏ တပည့်တို့ ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးရမည့် တာဝန်က သူ့တွင် ရှိသည်။ ယခုတွင် အတော်များများ သေဆုံးသွားကြကာ သူ့ကိုယ်သူ အပြစ်မတင်မိဘဲ မနေတော့ပေ။
သူ့အနေဖြင့် မဟာလေဟာနယ်ထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင်ပင် ကောင်းကင်နတ်ဘုံသို့ ပြန်ရောက်သည်နှင့် သေဒဏ်မှ လွတ်မြောက်မည်မဟုတ်ပေ။
လော့ဝူရွှမ်မှာ စိတ်ပျက်လက်မှိုင်ကျသွားသဖြင့် သူ့ခန္ဓာကိုယ်မှာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ သူ ပြုတ်ကျနေသည့် သူ့အောက်ဤ ခမ်းနားထည်ဝါသော တောင်တန်းများ ရှိနေပြီး ပုံမှန်တောင်တန်းများထက် ပိုမိုမြင့်မားကြောင်း တွေ့နေရ၏။ အောက်ရှိ မြစ်သည်လည်း ကျယ်သထက် ကျယ်လာကာ ရေတံခွန်တို့မှာလည်း ကောင်းကင်ထက်မှ စီးကျနေသည့်အလား ထင်ရသည်။
အဖြူရောင်တိမ်တိုက်များက အပူအပင်ကင်းမဲ့စွာ လွင့်မျောနေပြီး တိမ်ပင်လယ်ပြင်ကြီးပမာ ထူထဲသိပ်သည်းနေကြသည်။ သူ့မှာ ကောင်းကင်ထက်မှ ကျဆင်းလာပြီး တောင်အမြင့်တစ်လုံ၏ဘေးမှ ဖြတ်သွားသည့်အချိန် နဂါးငွေ့တန်းသဖွယ် ကောင်းကင်များဆီမှ စီးကျနေသည့် ရေတံခွန်ပျံများအား မြင်နေရ၏။
ချင်မူက ရေတံခွန်တစ်စင်း၏ အမြင့်ဆုံးနေရာ၌ ရပ်နေပြီး ပျက်စီးသွားသည့် သင်္ဘောမှ အငွေ့တလူလူ ထနေသော မီးခိုးများ၊ တဟုန်းဟုန်း တောက်လောက်နေသော မီးတောက်များအကြားရှိ နတ်ဘုရားများ အောက်ပြုတ်ကျလာကာ မဟာလေဟာနယ်မြေပြင်၌ ပြန့်ကြဲသွားကြသည်ကို ကြည့်နေသည်။
ချင်မူသည် အကြည့်လွှဲလိုက်ပြီး လော့ဝူရွှမ်ကို သတိထားသွားသဖြင့် လှမ်းပြုံးပြနေ၏။
‘မိစ္ဆာကောင်’ လော့ဝူရွှမ်မှာ အမျက်တချောင်းချောင်း ထွက်သွားပြီး ရေတံခွန်၏အောက်ခြေရှိ ရေကန်ထဲသို့ ဗွမ်းခနဲ ပြုတ်ကျသွားသည်။
ရေတံခွန်၏ အမြင့်ဆုံးနေရာတွင် ချင်မူသည် မြေပုံတစ်ခုပါသော စာလိပ်တစ်လိပ်ကို ဖြန့်ကာ အသေအချာကြည့်ပြီးနောက် ပတ်ဝန်းကျင်သို့ အကဲခတ်ကာ မြေပုံနှင့် တိုက်ကြည့်၏။
အချိန်တချို့ကြာသော် ရေတံခွန်က ရုတ်တရက် ပြောင်းပြန်စီးဆင်းပြီး ကောင်းကင်ထက်သို့ ပြန်တက်သွားသည်။ ရေသားဖြင့် ဖွဲတည်နေသော ဓားမကြီးတစ်လက်က ကောင်းကင်အား ခုတ်ဖွင့်နေသယောင် ထင်ရပေသည်။
လော့ဝူရွှမ်သည် နောက်ပြန်စီးဆင်းနေသော ရေတံခွန်အပေါ်တွင် ရပ်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချင်မူ့ဆီ လျှောက်သွားသည်။ သူက စကားတစ်လုံးချင်းစီကို အလေးအနက် ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နတ်ဘုံတစ်ဘုံလုံးအတွက် ချိန်ကိုက်ဗုံးတစ်လုံးပဲ... မင်းက အင်မတန်မှ ကောက်ကျစ်စဉ်းလဲပြီး ရက်စက်ယုတ်မာတယ်”
ချင်မူက မြေပုံကို ပြန်လိပ်ကာ ပြုံးနေသည်။ “ကျွန်တော် ခင်ဗျားအသက်ကို ကယ်ဖူးတယ်နော်”
“ငါက ကောင်းကင်နတ်ဘုံအတွက် မင်းကို သတ်မှာမဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက အဲဒီတိုက်ပွဲကို ဆက်တိုက်ပြီး ငါ့ရင်ထဲက စိတ်နှလုံးမိစ္ဆာကို သတ်ချင်ရုံသက်သက်ပဲ”
လော့ဝူရွှမ်သည် ဓားအိမ်မှ မထုတ်ရသေးသော နတ်ဓားမတစ်လက်ပမာ ထင်ရ၏။ သူက သူရဲကောင်းတို့၏ သတ္တိအားမာန်အပြည့်အဖြင့် အလေးအနက် ကြေညာသည်။ “ဝိညာဉ်အစောင့်တပ်ဖွဲ့ရဲ့ လော့ဝူရွှမ်၊ ချုံဧကရာဇ်ရဲ့ လောကသခင်ခန္ဓာကို စိန်ခေါ်တယ်... ကျေးဇူးပြုပြီး”