မဟာဓားတာအို၏ အလှ
Vol. 72 Ch. 945
ချင်မူက သူ့ကို ကြည့်၍ ခေါင်းရမ်းကာ ရယ်လိုက်သည်။ “ကောင်းကင်သမားလော့၊ ခင်ဗျား အခု ဒဏ်ရာအပြင်းအထန် ရထားတယ်... ကိုယ့်ကိုကိုယ် မကုသရင် မကြာခင် သေရလိမ့်မယ်”
လော့ဝူရှန်းတစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး ဒဏ်ရာဒဏ်ချက်များ ပွထနေသည်။ သူ့သွေးများကြောင့် သူ့ခြေထောက်အောက်ရှိ ရေများ ရဲရဲနီနေသည်အထိ ဖြစ်၏။
သူသည် ကောင်းကင်နတ်အရှင်များနှင့် အာဏာရှင်တို့၏ တပည့်များကို ကာကွယ်နိုင်ရန် ကြိုးစားခဲ့ရသည့်အပြင် စိတ်နှလုံးမိစ္ဆာများကိုလည်း တိုက်ခိုက်ခဲ့ရ၏။ ထို့နောက် စိတ်နှလုံးမိစ္ဆာ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ဆီမှ ရိုက်ခတ်မှုကိုလည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ရလဒ်အနေဖြင့် သူ့တစ်ကိုယ်လုံး ရစရာမရှိတော့ပေ။
ချင်မူက ဆေးပညာကျွမ်းကျင်သူပီပီ တစ်ချက် ကြည့်လိုက်ရုံဖြင့် လော့ဝူရှန်း၏ဒဏ်ရာများမှာ မကြာမီ သေစေနိုင်သည့် ဒဏ်ရာများ ဖြစ်လာတော့မည်ကို သိလိုက်၏။
“ခင်ဗျား ကျွန်တော့်ကို စောင့်ခဲ့တာ နှစ်လေးသောင်းကြာပြီပဲ... နည်းနည်းလောက် ထပ်စောင့်ရုံနဲ့ ဘာမှဖြစ်မသွားဘူးမလား”
ချင်မူက သူ့ဆီသို့ လျှောက်သွားပြီး ဒဏ်ရာဒဏ်ချက်များအား စစ်ဆေးကြည့်ရှုသည်။ “ကျွန်တော့်အတွက် ခင်ဗျားရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ မခက်ဘူး... မာချင်ယောင် ဆောင်မနေပါနဲ့”
လော့ဝူရှန်းမှာ ညည်းတွားလိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံး ပွင့်ထွက်လာပြီး သွေးတို့လည်း ပန်းထွက်လာ၏။
ချင်မူက သူ့ကို ကူ၍ တောင်ထိပ်ဆီသို့ ခေါ်သွားသည်။ သူ၏ဒဏ်ရာများကို သွေးတိတ်အောင် အရင်ဆုံးလုပ်ပြီးနောက် စွမ်းအင်ဆေးရည်တချို့ ထုတ်လျက် ဆေးဖော်စပ်ရင်း ပြောသည်။ “ကျွန်တော် ခင်ဗျားခန္ဓာကိုယ်ပေါ်မှာ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်တယ်... စွမ်းအင်ဆေးလုံးတွေ၊ ဆန်းကြယ်ဆေးတွေနဲ့ ခင်ဗျားရဲ့ မူလဝိညာဉ်၊ ကောင်းကင်ရတနာနဲ့ ကောင်းကင်နန်းဆောင်ရဲ့ ဒဏ်ရာတွေကိုလည်း ကုသပေးနိုင်တယ်.... ဒါပေမဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲမှာ တာအိုဒဏ်ရာ ရှိနေသေးတယ်.... အဲ့ဒီဒဏ်ရာက စိတ်နှလုံးမိစ္ဆာကောင်းကင်နတ်ဧကရာဇ်ရဲ့ လက်၀ါးနဲ့ ထိလိုက်လို့ ဖြစ်လာတဲ့ ဒဏ်ရာပဲ.... အဲ့ဒါကတော့ ခင်ဗျားဘာသာ ခင်ဗျား ကုသရမှာ”
သူက အားတုံ့အားနာ ဆက်ပြောသည်။ “ကျွန်တော်အနေနဲ့ အဲဒီလိုဒဏ်ရာမျိုး ကုသမပေးနိုင်ပေမယ့် ဖန်ဆင်းပညာမှာတော့ ကျွမ်းပါတယ်... ဟိုတုန်းက ကျွန်တော် ခင်ဗျားရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့တာဆိုတော့ လက်တစ်ဖက် အစားပြန်ပေးနိုင်တယ်”
လော့ဝူရှန်သည် ခေါင်းရမ်း၏။ “ငါ့နာမည်က ဝူရှန်... ငါ့မိဘတွေက ငါ့ကို တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းဖို့ မျှော်လင့်ပြီး အဲဒီနာမည်ပေးခဲ့တာ... ဒါပေမဲ့ မင်း ငါ့လက်ကို ဖြတ်ခဲ့တဲ့အချိန်မှာ ဝူရှန်က လက်တစ်ဖက်တည်းရှိတဲ့လူ ဆိုတဲ့ အဓိပ္ပာယ်လည်း ရမှန်း ငါ သဘောပေါက်ခဲ့တယ်... ငါ့တစ်ဘဝလုံး သင်ယူခဲ့တာတွေ၊ လေ့လာခဲ့တာတွေက ဒီလက်တစ်ဖက်အပေါ်ပဲ အခြေခံတယ်... မင်း ငါ့အတွက် လက်တစ်ဖက် ပြန်ဆက်ပေးရင်တောင်မှ ငါက ပြန်ဖြတ်တောက်ပစ်ဦးမှာပဲ”
ချင်မူက ချီစွမ်းအင်ဖြင့် ဆေးမီးဖိုတစ်အိုး ဖွဲ့တည်ကာ ဆေးအိုးကို ပတ်လျှောက်ရင်း ဆေးဖော်စပ်နည်းမျိုးစုံ ထုတ်လွှတ်နေ၏။ လော့ဝူရှန်းပြောသည်ကို ကြားလျှင် သူ့ဆီသို့ ပြုံးပြ၍ စွမ်းအင်ဆေးလုံးများ ဆက်ဖော်နေသည်။ “ကျွန်တော်လည်း အဲ့လိုပဲ တွေးမိပါတယ်.... ခင်ဗျားကို ဆေးကုနေတုန်း ကျွန်တော် အဆိပ်ခတ်မှာ မကြောက်ဘူးလား”
လော့ဝူရွှမ်ကား ပြန်မဖြေချေ။
ချင်မူက ဆေးလုံးများနှင့် ဆေးရည် ဖော်စပ်ပြီးနောက် သူ့ကို ဦးစွာ စားစေသည်။
“အဆိပ်ခတ်ထားလား” လော့ဝူရှန်က ဆေးလုံးများကို စိုက်ကြည့်နေ၏။
ချင်မူ ငွေအပ်တချို့ ထုတ်ကာ ရယ်လိုက်သည်။ “မှန်းကြည့်ပေါ့”
လော့ဝူရှန်က ခေါင်းမော့၍ စွမ်းအင်ဆေးလုံးများကို မြိုချလိုက်သည်။ သူ မြိုချပြီးသည့်အခါ ချင်မူသည် သူ့အကြောထဲသို့ အပ်များ စိုက်ကာ ဆေးစွမ်းအင်များ ကောင်းကင်ရတနာများဆီ ရောက်အောင် လမ်းပြပေးနေ၏။
လော့ဝူရှန်မှာ ကောင်းကင်ရတနာထဲသို့ ဆေးစွမ်းအင် စီးဝင်လာသည်ကို တမုဟုတ်ချင်း ခံစားလိုက်ရသည်။ ကောင်းကင်ရတနာတို့၏ ဒဏ်ရာများသည် ဖြည်းညင်းစွာ သက်သာလာပြီး စုတ်ပြတ်ပေါက်ပြဲနေသည်များလည်း သေးငယ်ကျုံ့ဝင်လာ၏။
“ကျွန်တော်က ကောင်းကင်နန်းဆောင်တွေကို သိပ်နားမလည်တော့ ကောင်းကင်နန်းဆောင်ရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ ခက်တယ်... ပြီးတော့ သာမန်ငွေအပ်တွေအနေနဲ့ ကောင်းကင်နန်းဆောင်ဆီ ထိုးဖောက်နိုင်ဖို့လည်း မလွယ်ဘူး.... တောင်ကောင်းကင်မုခ်ဝက အပ်တွေကို ဖျက်စီးပစ်ပြီး ဆေးစွမ်းအင် ဖြတ်မစီးနိုင်အောင် တားမှာ”
“ကံကောင်းထောက်မလို့ ကျွန်တော့်မှာ တောင်ကောင်းကင်မုခ်၀ကို ဖြတ်သွားနိုင်တဲ့ ရတနာတစ်ခု ရှိတယ်”
ချင်မူက ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ထုတ်ကာ စိတ်ဖြင့် စေစားလိုက်သည်။ အူတိုင်သည် အပ်ပမာ ပါးလျသေးငယ်သွား၏။
သူက သစ်သားအပ်ကို လော့ဝူရှန်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးထည့်ပေးလိုက်ရာ ကမ္ဘာဦးသစ်ပင်၏ အူတိုင်သည် တောင်ကောင်းကင်မုခ်၀ကို ဖြတ်ကျော်ကာ လော့ဝူရှန်၏ ကောင်းကင်နန်းဆောင်ဆီ ရောက်သွား၏။
“ရှည်ထွက်လိုက်”
ချင်မူ ခပ်တိုးတိုး အမိန့်ပေးလိုက်သည့်အခါ အူတိုင်က လော့ဝူရှန်၏ ကျောက်စိမ်းမြို့တော်အထိ ရှည်ထွက်သွားသည်။ အူတိုင်၏ အခြားတစ်ဖက်က နတ်ကောင်းကင်ခန်းမထဲသို့ ၀င်ရောက်ကာ လော့ဝူရှန်၏ မူလဝိညာဉ်ဆီ သွားသည်။
ချင်မူက လော့ဝူရှန်၏ အမူအရာကို ဂရုတစိုက် အကဲခတ်ပြီး ပြောသည်။ “ဒီအဖိုးထိုက်ရတနာက ကျွန်တော် စိတ်ရှိသလို ပြောင်းလဲနိုင်မှန်း သိတယ်မလား.... ပြီးတော့ အင်မတန်လည်း ထက်ရှတယ်... ခင်ဗျားက နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်နေလည်း ဒီအခြေအနေမှာ ခင်ဗျားအသက်က ကျွန်တော့်လက်ထဲ ရောက်သွားပြီ.... ကျွန်တော် စိတ်ရှိရင် ဒီရတနာက ခင်ဗျားရဲ့ ကောင်းကင်တံတားကို ဖောက်ခွဲပြီး ခင်ဗျားရဲ့ မူလဝိညာဉ်နဲ့ ခေါင်းကို ဖောက်ထွက်သွားလိမ့်မယ်”
လော့ဝူရှန်၏ အမူအရာက တည်ငြိမ်နေ၏။ “ငါ မင်းကို ယုံတယ်.... မင်း ငါ့ကို မကုရင်လည်း ငါ အသက်ရှည်ရှည် နေရတော့မှာမှ မဟုတ်တာ”
ချင်မူ တဟားဟား ရယ်လိုက်ကာ သူ့ကို စွမ်းအင်ဆေးလုံးများ စားစေသည်။ “ဒီလောက် ယုံနေတော့လည်း ကျွန်တော်ဖြင့် ရှက်တောင်ရှက်မိပါတယ်ဗျာ.... အမှန်တိုင်းပြောရရင် ကျွန်တော်က ကိုယ့်ကိုကိုယ်တောင် ယုံတာမဟုတ်ဘူး..... ခင်ဗျားရဲ့ဒဏ်ရာတွေ အကောင်းပကတိ ပြန်ဖြစ်ဖို့ အချိန်လိုသေးတယ်..... ပြန်သက်သာရင်တော့ ကျွန်တော့်ကို လာစိန်ခေါ်လှည့်ပေါ့”
လော့ဝူရှန်က ထရပ်ကာ မေးသည်။ “မင်း ဘယ်ကို သွားဖို့ တွေးထားလဲ... ငါ ငါ့နှလုံးသားထဲက စိတ်နှလုံးမိစ္ဆာကို မသတ်နိုင်ရင် ဒီကနေ ကောင်းကင်နတ်ဘုံဆီ ပြန်ရောက်တာနဲ့ စိတ်နှလုံးမိစ္ဆာရဲ့ လက်ချက်နဲ့ သေရဦးမှာပဲ.... စိတ်မပူနဲ့ ငါအပြည့်အ၀ သက်သာလာမှ မင်းကို အဆင့်တူမှာ ပြန်တိုက်ခိုက်ပါ့မယ်.... ငါ့ရဲ့သိုင်းအဆင့်နဲ့ မင်းကို ဖိ,တိုက်ရင် ငါ့ရင်ထဲက စိတ်နှလုံးမိစ္ဆာကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး”
ချင်မူ စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် နတ်အလင်းတန်းတစ်တန်းသည် ကောင်းကင်ကို ဖြတ်ကာ သူတို့ဆီသို့ ဦးတည်လာ၏။
နတ်အလင်းတန်းက အရှိန်တင်လာပြီး အံ့အားသင့်ဖွယ် ချီစွမ်းအင်ကို လက်တစ်ဖက်အသွင် ဖွဲ့တည်လိုက်ကာ တောင်ထိပ်ဆီသို့ လှမ်းအုပ်လိုက်သည်။
“နတ်ဘုရားအစစ်” လော့ဝူရှန် ရင်ထဲထိတ်သွားပြီး ၎င်းကို ခုခံရန် လှုပ်ရှားတော့မည့်အချိန် သူ၏ချီစွမ်းအင်များ ဖရိုဖရဲဖြစ်သွားကြောင်း ခံစားလိုက်ရသည်။
ချင်မူ၏ချီစွမ်းအင် ပေါ်ထွက်လာပြီး သူ့ခြေထောက်အောက်ရှိ ရေတံခွန်က မြောက်တက်လာကာ တောင်ထိပ်ကို ဖုံးအုပ်လိုက်သော ပေါင်းမိုးအသွင် ဖွဲ့တည်လိုက်၏။ လော့ဝူရှန် မော့ကြည့်လိုက်သည့်အခါ ရေစီးကြောင်းက ထိုအမိုး၏ မျက်နှာပြင်တလျှောက် စီးဆင်းနေပြီး ရေစီးနေစဉ် ထူးဆန်းသော အမှတ်အသားနှင့် သင်္ကေတများ ပေါ်ထွက်လာကြောင်း မြင်လိုက်ရသည်။
၎င်းက ကောင်းကင်တာအိုသင်္ကေတတစ်ခု ဖြစ်လေသည်။
ဤကောင်းကင်တာအို ကောင်းကင်နတ်သိုင်းကို ရွှမ်တု၏ ဆဋ္ဌမကောင်းကင်တာအို၊ ကောင်းကင်ပေါင်းမိုးဟု ခေါ်သည်။
လက်ဝါးကြီးသည် ဆဋ္ဌမကောင်းကင်တာအိုနှင့် ဝင်တိုက်သွားပြီးနောက် နှစ်ခုလုံး ပေါက်ကွဲသွား၏။ ချင်မူ့မျက်ခုံးများ ပင့်တက်သွားသည်။ ချဉ်းကပ်နေသော တစ်ယောက်၏ ကျင့်စဉ်စွမ်းအားကား မယုံနိုင်လောက်အောင် သိပ်သည်းပေသည်။
“ဟိုတုန်းက တစ်လောကလုံးကို ဖိန့်ဖိန့်တုန်စေခဲ့တဲ့ ကောင်းကင်နတ်အရှင်မူ၊ နဂါးဟန်ခေတ်၊ ချုံဧကရာဇ်ခေတ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အံ့အားသင့်စေခဲ့တဲ့ လောကသခင်ခန္ဓာ.... ခင်ဗျား ထင်သလောက်လည်း မဟုတ်ပါလား”
နတ်အလင်းတန်းက ရွှစ်ခနဲ ရောက်လာကာ တုံ့ခနဲ ရပ်သွား၏။ ထိုလူက စိမ်းရွှေရောင်တောင်ပံများဖြင့် လူတစ်ယောက် ဖြစ်လေသည်။ သူ့တောင်ပံနှစ်ဖက်က ရင်ဘတ်အရှေ့၌ ကြက်ခြေခတ်လိုက်ပြီး တုန်ခါကာ စိမ်းရွှေရောင် ငှက်အမွှေးအတောင်များဖြင့် ချင်မူ့ဆီသို့ ပိုင်းဖြတ်လိုက်၏။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ငှက်မွှေးတောင်တို့ကား တောင်ထိပ်ပတ်ဝန်းကျင်တွင် ဖြာထွက်သွားပြီး ပြွတ်သိပ်ကြပ်သည်အထိ ဖုံးလွှမ်းသွားသည်။
ဓားငှက်တောင်များက လှိုင်းလုံးကြီးပမာ နိမ့်ချည်မြင့်ချည် ရွေ့လျားရင်း တောင်ထိပ်ကို ဝန်းရံထားသည်။
“လော့ဝူရွှမ်၊ ဒါက ဟောင်နန်းတော်နဲ့ ကောင်းကင်နတ်အရှင်မူကြားက ကိစ္စပဲ... မင့်အလုပ်မဟုတ်ဘူး... ဝင်မပါနဲ့” အစိမ်းရောင် အမွှေးအတောင်များနှင့် လူက လှမ်းအော်၏။
ချင်မူ လက်တစ်ဖက် မြှောက်လိုက်သည့်အခါ ရေတံခွန်က စီးဆင်းနေခြင်း ရပ်တန့်သွားသည်။ ထို့နောက် ကောင်းကင်ပေါင်းမိုးအသွင် ထပ်မံဖွဲ့တည်ကာ တောင်ထိပ်ကို လွှမ်းခြုံလိုက်၏။ မရေမတွက်နိုင်သော စိမ်းရွှေရောင်ငှက်တောင်များက ကောင်းကင်ပေါင်းမိုးကို ဆက်လက်ဝင်တိုက်နေသဖြင့် တောက်ပသော အလင်းရောင်များ ဖြာထွက်နေတော့သည်။
“ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းတဲ့လား.... ကောင်းကင်နတ်ဘုံမှာ အဲဒီသိုင်းကွက် မကျင့်ကြံဖူးတဲ့ တပည့်တစ်ယောက်မှ မရှိဘူး... ကောင်းကင်နတ်အရှင်မူ ကိုယ့်ကိုယ်ကို အရူးလုပ်မနေနဲ့”
စိမ်းရွှေရောင် ငှက်တောင်ပံနှင့်လူက သူနှင့်ချင်မူ့အကြား ခြားထားသော ကောင်းကင်ပေါင်းမိုး၏အပေါ်၌ ဒူးထောက်ချကာ အလေးအနက် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်၊ အန်းချင်းယွီ ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”
“ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်လား”
ချင်မူမှာ ကောင်းကင်ပေါင်းမိုးကို အသားကုန် ထိန်းထားနေရသဖြင့် မျက်နှာတစ်ပြင်လုံး နီမြန်းနေသည်။ “ငါ့ကို သတ်ဖို့ ရောက်လာတာဆိုရင် ဘာလို့ အခုလို လေးစားပြနေတာလဲ”
အန်းချင်းယွီက ပြန်မထပေ။ ချင်မူ ထွက်မပြေးနိုင်အောင် အမွှေးအတောင်များဖြင့် ပတ်ဝန်းကျင်ကို ဝန်းရံထားကာ လေးစားစားဖြင့် သုံးကြိမ်ဒူးထောက်၍ ကိုးကြိမ်အရိုအသေပေးနေသည်။ ထို့နောက် အလေးအနက် ပြန်ဖြေသည်။
“နဂါးဟန်ခေတ်ရဲ့ ပထမနှစ်အစမှာတုန်းက ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ယွီရဲ့ ကိုယ်စား နတ်ဘုရားဖြစ်နိုင်မယ့်နည်းလမ်း မျှဝေပေးခဲ့တယ် ကြားတယ်... ကျုပ်ဆရာရဲ့ ကောင်းမှုကို ခိုးယူရာကျပေမယ့် ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းမှုတွေဟာ မသေးပါဘူး... ကျုပ်က ဆရာ့ရဲ့အမိန့်အရ ကောင်းကင်နတ်အရှင်မူ့ကို သတ်ရမှာမလို့ ခင်ဗျားအနေနဲ့ ကျုပ်လက်ထဲမှာ မုချသေရမှာပါ... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီဟာ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို သက်ရှိသတ္တဝါတွေဆီ မျှဝေပေးခဲ့တဲ့ ကျေးဇူးရှင်မလို့ မသတ်ခင် အရင်ဆုံး ထာဝရပြုရပါလိမ့်မယ်”
ချင်မူမှာ ကောင်းကင်ပေါင်းမိုးကို ဆက်လက်ထိန်းထားရင်း အသက်ပြင်းပြင်းရှူနေရသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်က အတော်လေး ကျင့်ဝတ်ရှိတာပဲ... ကျွန်တော်က ဝိညာဉ်မရှိတဲ့အတွက် မကြာခင် သေရတော့မှာပါ... ကိုယ့်သိုင်းအဆင့်ကို ပိတ်ပြီး ကျွန်တော်နဲ့ အဆင့်တူမှာ တိုက်ခိုက်ချင်စိတ် ခင်ဗျားမှာ မရှိဘူးလား”
သူက ချောင်းတဟွတ်ဟွတ် ဆိုးနေပြီး အသက်ရှူသံလည်း အားနည်းနေသည်။ သူ့ရင်ထဲတွင် ဘဝနိဂုံးချုပ်တော့မည့် အရွယ်ကောင်းသူရဲကောင်းတစ်ယောက်၏ ခံစားချက်ကဲ့သို့ စိတ်ပျက်အားလျော့နေသော ခံစားချက် ထွက်ပေါ်လာ၏။ သူ့အပြုံးကလည်း မချိတင်ကဲ ဖြစ်နေသည်။ “ကျွန်တော့်သိုင်းအဆင့်က ဝိညာဉ်သန္ဓေသားအဆင့်အထိ ကျသွားပါပြီ... ခင်ဗျားက အစစ်အမှန်နတ်ဘုရားဆိုပေမယ့် ကျွန်တော်ကတော့ ဝိညာဉ်သန္ဓေသားအဆင့်ပဲ ရှိသေးတယ်... သူရဲကောင်းဆန်ဆန် သေဆုံးဖို့ပဲ မျှော်လင့်မိတာပါ... အနည်းဆုံး မျှမျှတတ တိုက်ခိုက်ရရင် ကျွန်တော် အေးအေးချမ်းချမ်း သေရတာပေါ့”
အန်းချင်းယွီက ထရပ်လိုက်သည်။ သူ့အနောက်မှ တဝှမ်ဝှမ် မြည်သံများ ထွက်ပေါ်လာပြီး သူ၏ခေါင်းအနောက်ရှိ ရောင်ခြည်တော်စက်ဝန်းအတွင်း၌ ကောင်းကင်နန်းဆောင်လေးဆောင် လွင့်မျောလျက် ဖွဲ့တည်လာသည်။ သူ့မျက်ဝန်းများသည် တောက်ပနေ၏။ “ကောင်းကင်နတ်အရှင်မူရဲ့ သိုင်းအဆင့်က မယှဉ်နိုင်လောက်အောင် နက်နဲပြီး ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်လေးခု ပေါင်းစည်းထားတာနဲ့ ညီမျှတဲ့အကြောင်း ဆရာ ပြောခဲ့ပါတယ်... ဒါ့ကြောင့် အစစ်အမှန်နတ်ဘုရားတစ်ပါးအနေနဲ့ ကောင်းကင်နတ်အရှင်မူကို တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ပါ့မယ်”
အန်းချင်းယွီ၏အသံသည် ဆက်လက်ပျံ့လွင့်လာ၏။ “ကောင်းကင်နတ်အရှင်မူရဲ့ အသိစိတ်အလျဉ်ကလည်း သိပ်ကိုအားကောင်းပြီး ဗြဟ္မဗုဒ္ဓရဲ့ အဆုံးမဲ့ကပ်ဘေးသုတ္တန်ကို ကျင့်ကြံထားတဲ့အကြောင်း ဆရာပြောလိုက်သေးတယ်... အဲဒါကြောင့် ကျုပ်ဆရာက ကောင်းကင်နတ်အရှင်မူရဲ့ ပုံရိပ်ယောင်တွေ ကျုပ်တို့ကို မလွှမ်းမိုးနိုင်အောင် တစ်ယောက်ချင်းစီအတွက် အဖိုးထိုက်ရတနာတစ်မျိုးစီ လက်ဆောင်ပေးခဲ့တယ်”
သူ့ရင်ဘတ်အပေါ်ရှိ ကျောက်စိမ်းလည်ဆွဲတစ်ကုံးဆီမှ အလင်းရောင်ကွန့်မြူးတောက်ပလာသည်။
ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဤကျောက်စိမ်းလည်ဆွဲက ကောင်းကင်နတ်အရှင်ဟောင်ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ပြီး သူ၏အိပ်မက်ပုံရိပ်ယောင်များအား ချုပ်ထားနိုင်စွမ်း ရှိ၏။
စောစောက သူသည် အန်းချင်းယွီ၏ အသိစိတ်အလျဉ်ကို အိပ်မက်ကမ္ဘာသို့ ခေါ်လိုက်သော်လည်း ကျောက်စိမ်းလည်ဆွဲကား သူ၏အသိစိတ်အလျဉ်ကို ပိတ်ဆို့ခဲ့ချေသည်။
အန်းချင်းယွီ၏ သိုင်းကွက်များက ယခင်သိုင်းကွက်များထက် ပိုမိုအားကောင်းလာသည်။ စိမ်းရွှေရောင်ဓားငှက်မွှေးများသည် ကောင်းကင်တစ်လျှောက် လွှမ်းခြုံ၍ နေ၊ ပင်လယ်ပြင်နှင့် အရပ်ရှစ်မျက်နှာစလုံးအား အုပ်မိုးထားသဖြင့် ချင်မူ ရှောင်ပြေးရန် မဖြစ်နိုင်တော့ပေ။
အဋ္ဌမကောင်းကင်တာအို၊ ကောင်းကင်လေ
အန်းချင်းယွီက ပါးစပ်ဟ၍ ဝိညာဉ်ပုတီးစေ့တစ်လုံး ထွေးထုတ်လိုက်သည်။ ကောင်းကင်လေသည် ဆူညံကျယ်လောင်စွာ တိုက်ခတ်သွားသော်လည်း သူ့ကို တစ်လက်မလေးပင် မရွှေ့နိုင်ပေ။ ကောင်းကင်လေ၏ စွမ်းအားမှာ တမုဟုတ်ချင်း ဖြိုခွင်းခံလိုက်ရသည်။
ချင်မူ အံ့အားသင့်သွားသည်။ ‘ရွှမ်တုရဲ့ ကောင်းကင်နယ်စားမင်းတော့ အန္တရာယ် ရှိနေပြီ’
သူ စောစောက ထုတ်လွှတ်ခဲ့သည့် ကောင်းကင်တာအို ကောင်းကင်နတ်သိုင်းကွက်နှစ်ကွက်စလုံးကို အန်းချင်းယွီက အလွယ်တကူ ဖြိုခွဲပစ်ခဲ့၏။ ချင်မူ၏ ကောင်းကင်တာအိုကောင်းကင်နတ်သိုင်းတွင် အခြေခံသင်္ချာဖြင့် တွက်ချက်ထားသော ကောင်းကင်တာအိုသင်္ကေတများမျှသာ မပါပေ။ ထိုက်ဝေသင်္ချာကျမ်းဖြင့် တွက်ချက်ထားသည့် သင်္ကေတအမှတ်အသားများလည်း ပါဝင်သည်။
‘ကောင်းကင်နတ်ဘုံအနေနဲ့ ကောင်းကင်တာအို ၄၉ မျိုးစလုံး မဆန်းစစ်ရသေးဘူးဖြစ်မယ်... မဟုတ်ရင် ကောင်းကင်နယ်စားမင်း သေနေလောက်ပြီ... ဒါပေမဲ့ ဒီနေ့က နောင်တစ်ချိန်ကျရင် ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်’ ချင်မူ သူ့ဘာသာသူ တွေးမိသည်။
အန်းချင်းယွီသည် တောင်ထိပ်သို့ တက်လာ၏။ သူ့အနောက်၌ အစိမ်းရောင်အလင်းများ တောက်ပလာပြီး ဓားငှက်တောင်များက အစိမ်းရောင်တောင်ပံတစ်ဖက် ဖွဲ့တည်လိုက်သည်။ သူက ရယ်လေသည်။ “ကောင်းကင်နတ်အရှင်၊ ကျုပ် ခင်ဗျားကို ပြောပြီးပါပြီ.... ကောင်းကင်တာအိုကောင်းကင်နတ်သိုင်းတွေက ကောင်းကင်နတ်ဘုံမှာ မရှားဘူး”
သူ၏တောင်ပံနှစ်ဖက်က ရှေ့သို့ ထိုးစိုက်လိုက်သည်။ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် လေးမျိုး ကျင့်ကြံပြီးနောက် အန်းချင်းယွီ၏ ကျင့်စဉ်စွမ်းအင်က ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းလာခဲ့သဖြင့် သိုင်းကွက်မှာ မထင်မှတ်ထားဖွယ်ရာ အားကောင်းပြင်းထန်နေ၏။ တောင်ပံများက နေရာဟင်လင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အလယ်ကောင်းကင်နန်းဆောင်၌ သူ၏မူလဝိညာဉ်သည် နေလုံးကြီးတစ်လုံး ပိုက်လျက် ရပ်နေ၏။ နေလုံးကြီးဆီမှ အလင်းတန်းတစ်တန်းက ချင်မူ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။
ကျန်ကောင်းကင်နန်းဆောင်သုံးခုမှလည်း သူ၏မူလဝိညာဉ်အသွင်သဏ္ဍာန်များ ထွက်လာကြသည်။ သူတို့သည် ကောင်းကင်နန်းဆောင်သုံးခု၏ စွမ်းအားကို ထိန်းချုပ်၍ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ ဘီလူးကြီးသုံးကောင် ဖွဲ့တည်လိုက်ကြ၏။
ရင်သပ်ရှုမောဖွယ်ရာ လှပလွန်းသော အရှင်မတစ်ပါး၊
ရိုးရိုးရှင်းရှင်းအသွင်နှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၊
ရက်စက်ခက်ထန်မည့်ပုံရသော မိစ္ဆာဘုရင်တစ်ပါး။
အကုန်လုံး ချင်မူ့ကို ပြိုင်တူတိုက်ခိုက်ကြသည်။
ချင်မူ့အတွက် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များစွာ ကျင့်ကြံထားသည့်အပြင် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသော ပြိုင်ဘက်ကောင်းတစ်ယောက်အား ပထမဆုံးအကြိမ် ဆုံရခြင်းဖြစ်၏။ ကောင်းကင်တာအိုကောင်းကင်နတ်သိုင်းများဖြင့် သူ့ကို တိုက်ခိုက်နေလျှင် လွယ်မည်မဟုတ်ကြောင်း သိ၍ သူက ဓားစက်လုံးကို ဆုပ်ကိုင်လိုက်သည်။ ဓားစက်လုံး ပွင့်ထွက်လာသည့်အခါ ဓားအလင်းတန်းများ ကောင်းကင်တစ်လျှောက် ကခုန်သွားသည်။
ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး တစ်စက္ကန့်အတွင်း လူရိပ်နှစ်ခုကား တောင်ထိပ်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။ နှစ်ယောက်စလုံး တစ်ဖက်လူ၏စွမ်းအားကြောင့် နောက်လွင့်ထွက်သည်အထိ ရိုက်ထုတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။
တခဏအတွင်း သူတို့နှစ်ယောက်စလုံး ဆယ်မိုင်ကျော် လွင့်ထွက်သွား၏။ ချင်မူ ရပ်နေခဲ့သည့် တောင်မှာလည်း အက်ရာများ ထလာသည်။
လော့ဝူရွှမ်မှာ မျက်ခုံးနှစ်ဖက်ကြား၌ ကမ္ဘာဦးသစ်ပင်အူတိုင် တန်းလန်းဖြင့် တောင်ထိပ်၌ ရပ်နေသည်။ ငွေအပ်များကလည်း သူ့ခန္ဓာကိုယ်အနှံ့အပြား၌ စိုက်နေသောကြောင့် မဆင်မခြင် မလှုပ်ရှားရဲပေ။
ငွေအပ်များက ပြဿနာမရှိပေ။ အလွန်ဆုံး ချီစွမ်းအင် လှည့်ပတ်၍ အပ်များကို ဖျက်စီးလိုက်ရုံသာ ဖြစ်သည်။ သို့သော် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ကမ္ဘာဦးသစ်ပင်အူတိုင်မှာ အလွယ်တကူ ပျက်စီးမည့်အရာမဟုတ်ပေ။
ထိုနေရာရှိ စွမ်းအင်ကို လှည့်ပတ်လိုက်လျှင် သူ၏ကောင်းကင်နန်းဆောင်သည် ဦးနှောက်နှင့်အတူ တစစီ ပေါက်ကွဲသွားလိမ့်မည်။
‘လောကသခင်ခန္ဓာချင် ဒီလူ့ကို ယှဉ်နိုင်ပါ့မလား... နှစ်ယောက်က သိုင်းအဆင့် ကွာခြားလွန်းတယ်’
သူ ဤသို့တွေးနေစဉ် သူတို့နှစ်ယောက်၏ ကောင်းကင်နတ်သိုင်းများက တောင်ထိပ်ဆီသို့ ရောက်လာခဲ့ပြီဖြစ်သည်။ နှစ်ယောက်စလုံး လွင့်ထွက်သွားသည့်အချိန်တွင် ကောင်းကင်နတ်သိုင်းရာချီ ထုတ်လွှတ်ခဲ့ကြ၏။
အန်းချင်းယွီတွင် သိုင်းကွက် ပိုများသည်။ သူ၏ကောင်းကင်နန်းဆောင်လေးခုရှိ မူလဝိညာဉ်များက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် အမျိုးမျိုး ထုတ်ဖော်နိုင်ကြပြီး ကောင်းကင်နတ်သိုင်းအမျိုးမျိုးလည်း အလွယ်တကူ ထုတ်လွှတ်နိုင်ကြ၏။ သိုင်းကွက်တစ်ကွက်တိုင်း၊ ကျင့်စဉ်တစ်ခုစီတိုင်း၏ စွမ်းအားက မယုံနိုင်လောက်အောင် သန်မာအားကောင်းသည်။ ကောင်းကင်နတ်သိုင်းရာချီ ပြေးဝင်လာသည့်အခါ ထိုစုစုပေါင်းစွမ်းအားမှာ ကြောက်စရာကောင်း၏။
သို့သော် ချင်မူက ဓားသိုင်းကွက်များသာ အသုံးပြုနေသည်။ မရေမတွက်နိုင်သော ဓားပျံများသည် ဆယ်မိုင်ကျော်မှ ပျံသန်းလာပြီး ဓားချက်တစ်ချက်စီတိုင်း ထုတ်လွှတ်နေသည့် ဓားသိုင်းကွက်များကား မတူညီပေ။ ဓားပျံများ ညင်ညင်သာသာ တုန်ခါလိုက်သည့်အခါ အတောက်ပဆုံး ဓားအလင်းတန်းများ ဖြာထွက်လာပြီးနောက် တောင်တန်းမြစ်ပြင်များအဖြစ် ပြောင်းလဲသွားသည်။
ဓားပျံတချို့ဆိုလျှင် ကြိမ်နှုန်းများအတိုင်း ခုန်ရင်း ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည်။ တချို့ဓားများက အလွန်မြန်သော်လည်း တချို့ကမူ အလွန်နှေးသည်။ ဓားသိုင်းကွက်အမျိုးမျိုးက အဆက်မပြတ် ပြောင်းလဲနေပြီး မတူညီသော ဓားသိုင်းကွက်များအတွင်း၌ ပို၍ပင် ရှုပ်ထွေးဆန်းပြားသော ဓားသိုင်းကွက်များ ဖြစ်ပေါ်လာသည်။
ချင်မူ့တွင် ဓားပျံများစွာ ရှိသော်လည်း သူ၏ဓားအားလုံးက ကောင်းကင်နတ်သိုင်းများ ဖြစ်ပြီး စနစ်တစ်ခုအား ဖော်ဆောင်ထား၏။ ၎င်းက မဟာကောင်းကင်နတ်သိုင်း၏ အစိတ်အပိုင်းတစ်ပိုင်း ဖြစ်နေချေပြီ။
လော့ဝူရွှမ်က သူ့ခေါင်းထက်၌ ပျံသန်းနေသော ဓားတောအုပ်ကို ကြည့်ရင်း လေ့လာမှတ်သားနေသည်။ ချင်မူ၏ ဓားသိုင်းကွက်များက မဟာဓားတာအို၏ ပြီးပြည့်စုံသော အလှတရားအား ဖော်ကျူးပြသနေ၏။
လော့ဝူရွှမ်သည် ဓားမဖြင့် လမ်းစဉ်အဆင့်သို့ ဝင်ရောက်ကာ ကောင်းကင်နတ်ဘုံ၌ နံပါတ်တစ် ကောင်းကင်ဓားမဖြစ်ခဲ့၏။ ချင်မူက သူ့ရန်သူဖြစ်ပြီး သူ့ဘဝတွင် အနိုင်ယူကိုယူရမည့် ပြိုင်ဘက်ဟုလည်း သူ သတ်မှတ်ထားသည်။
သူ့မှာ ချင်မူ သူ့လက်မောင်းအား ဖြတ်တောက်ခဲ့သော ဓားသိုင်းကွက်ကို အကြိမ်ပေါင်းများစွာ မြင်ယောင်ခဲ့ပြီး ချုံဧကရာဇ်ဓားနတ်ဘုရား ပိုင်ချွီအာနှင့်လည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ရင်း ပိုင်ချွီအာ၏ ဓားကွက်များမှတစ်ဆင့် ချင်မူ၏ဓားကွက်များအား လေ့လာခဲ့ဖူး၏။
ချင်မူ့ဓားသိုင်းကို အလေးစားဆုံးသူမှာ ကောင်းကင်နတ်အရှင်ဟောင်ပြီးလျှင် သူ ဖြစ်ချေသည်။