ပြဿနာကြီး! ဖြေရှင်းနည်းက လွယ်ပါတယ်! ၁
Vol. 16 Ch. 228
ချွန်းချွန်းက ပါမောက္ခရန်၏ဗီဒီယိုကို လျှို့ဝှက်ထောက်ပံ့ပေးသဖြင့် ပါမောက္ခရန်၏ချင်းလင်စံအိမ်ကိုတိုက်ခိုက်သောဗီဒီယိုမှာ လျင်လျင်မြန်မြန်နာမည်ထွက်လာသည်။
မရေမတွက်နိုင်သောပြည်သူများ၏အာရုံကိုဖမ်းစားလိုက်သလိုပင်။
ချင်းလင်စံအိမ်၏ဂုဏ်သတင်းနှင့် ချင်းလင်ဆေးဖက်ဝင်ဝိုင်၏နာမည်အရ တခြားပါမောက္ခတစ်ဦးဖြစ်လျှင် ဘယ်သူဖြစ်ဖြစ် ပြည်သူတွေက သေချာပေါက်ခေါက်ထားလိုက်မှာပင်။ ထိုပါမောက္ခ၏မှတ်ချက်နေရာတွင် ချက်ချင်းဝေဖန်စာများရနိုင်သလို လူစိတ်ဝင်စားအောင်လုပ်သည့်အတွက် လှောင်တောင်အလှောင်ခံရနိုင်သည်။
သို့သော် ပါမောက္ခရန်မှာမတူ။
သူကကျော်ကြားရုံသာမက အမှန်တကယ်လည်း အများကြီးပါဝင်လုပ်ဆောင်ခဲ့သူဖြစ်သည်။
သူသုတေသနလုပ်ခဲ့သောဆေးများမှာ မရေမတွက်နိုင်သောသူများကိုအကျိုးရှိစေခဲ့ပြီး နဂိုကစျေးကောင်းသောဆေးဝါးများကို စျေးသက်သာလာစေသည်။
ပါမောက္ခရန်မှာ တော်ဝင်ပညာရှင်အဖြစ် အပ်နှင်းခံရတော့မည့်သူဖြစ်၏။ အဓိကအကျဆုံးမှာ သူကသူရဲကောင်းဖြစ်နေဆဲပင်။
ရောဂါဆန်းကပ်ဘေးဆိုက်ခဲ့စဉ်က ရှေ့တန်းသုတေသနအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူကကြီးကြီးမားမားပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး ချီးကျူးဂုဏ်ပြုထိုက်သူ သူရဲကောင်းစာရင်းတွင်ပါဝင်သည်။
ဒီလိုလူမျိုးက ချင်းလင်စံအိမ်ကိုမေးခွန်းထုတ်တာ လူကြိုက်များအောင်ဗန်းပြလုပ်ခြင်းဟု ဘယ်သူမှမတွေးရဲပါချေ။ နောက်ပြီး လိပ်ခေါင်းရှိလျှင် အရက်ရှောင်ရသည်မှာ အမှန်ပင်အခြေခံအသိတရားဖြစ်သည်။
ဗီဒီယိုထဲတွင် ပါမောက္ခရန်က ချင်းလင်စံအိမ်ကိုတိုက်ခိုက်ရင်း အကြွင်းမဲ့စိတ်ဆိုးနေသည်ကိုမြင်နိုင်၏။
အဓိကအကျဆုံးအချက်မှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်၏အာနိသင်ကို သက်သေပြရန်ဖြစ်သည်။ လိပ်ခေါင်းကိုသက်သာစေသောအာနိသင်မှာ သက်သေမပြရသေး။

ချင်းလင်စံအိမ်က လူစိတ်ဝင်စားအောင် အစဉ်အလာအတိုင်းမဟုတ်ဘဲ တမင်သက်သက်လုပ်ခြင်းဖြစ်ကြောင်း အာမခံချက်မရှိပေ။
ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်မှာ ဘယ်သူကအာမခံနိုင်မလဲ?
ဗီဒီယိုကိုတစ်ယောက်ပြီးတစ်ယောက်တွေ့သွားကြပြီး ချင်းလင်စံအိမ်ကိုတွဲတင်ကြသည်။
ထို့ကြောင့် ချင်းလင်စံအိမ်မှာ ပြည်သူ့အမြင်တွင် ဝဲဂယက်ထဲကျရတော့သည်။
…
ချင်းလင်စံအိမ်၌_
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ညစာစားပြီးပြီနောက် လက်ဖက်ရည်သောက်ရန် လီရှင်းကို ချင်လင်ရုံးခန်းထဲဆွဲခေါ်လာသည်။
ထို့နောက် မာလဲ့ဝမ်ယူလာသော အူလုံလက်ဖက်ရည်နှင့် ချင်လင်ရုံးခန်းထဲက သစ်မွှေးနံ့ပေါင်းလိုက်ရင် အထဲမှာ စကားပြောပြီး လက်ဖက်သောက်တဲ့အခါ သာသာယာယာပဲမလား?
''သစ်မွှေးနံ့သာ'' လီရှင်းသက်ပြင်းချလိုက်သည်_ ''ချင်လင်... ဒီလိုပစ္စည်းကောင်းမျိုး ဘယ်တုန်းကရလိုက်တာလဲ?''
ချန်ရှန်းဖေကစလိုက်သည်_ ''လီရှင်း... မင်းတစ်ချိန်လုံး ချင်လင်ဆီမှာနေနေတာ အလဟဿနေနေတာပဲ''
မာလဲ့ဝမ်ကပြုံးလိုက်ပြီး_ ''သူက ဝိုင်လောက်သိတာ... မင်းသာနံ့သာစိတ်ဝင်စားတဲ့သူမဟုတ်ရင် လောင်ချန် ငါလည်း နံ့သာဘူးတင်ထားတဲ့ချင်လင်ရဲ့စင်ကို သတိပြုမိမှာမဟုတ်ဘူး''
တစ်ဖက်မှာ ချင်လင်က မာလဲ့ဝမ်ဖျော်ထားသောလက်ဖက်ရည်ကို အားလုံးအတွက် နောက်တစ်ခွက်စီငှဲ့ပေးလိုက်သည်။
သူတို့စကားပြောနေစဉ် ရုတ်တရက်ကျောက်မိုချင်းက စိုးရိမ်နေသောမျက်နှာထားနှင့်ဝင်လာသည်။ ကောင်းယောင်ယောင်၊ စီစဉ်သူနှင့် အယ်ဒီတာလည်းပါ၏။
''ချင်လင်... လိုင်းပေါ်မှာ ပြဿနာတက်နေပြီ'' ကျောက်မိုချင်းက အလောတကြီးပြောလိုက်သည်။
''ဘာဖြစ်လို့လဲ?'' ချင်လင်ကသိချင်စိတ်နှင့်မေးလိုက်၏။ ကျောက်မိုချင်းဒီလောက်စိုးရိမ်နေတာကို သူပထမဆုံးမြင်ဖူးခြင်းပင်။
''ဒီဗီဒီယိုကို ကြည့်ပါဦး'' ကျောက်မိုချင်းက ချက်ချင်းသူမဖုန်းကို ချင်လင်လက်ထဲထည့်ပေးလိုက်သည်။ ဗီဒီယိုတန်းလန်းဖွင့်ထား၏။
''ပါမောက္ခရန်?'' ချင်လင်က ဗီဒီယိုထဲမှပုဂ္ဂိုလ်ကိုမြင်လျှင် အံ့သြသွားသည်။
ပါမောက္ခရန်၊ အကြီးအကဲကျုံးနှင့် အကြီးအကဲယွမ်တို့ကို မသိသူမရှိလောက်ဘူးမဟုတ်လား?
ပါမောက္ခရန်မှာ အကြီးအကဲကျုံး၊ အကြီးအကဲယွမ်တို့လောက်မဟုတ်သော်လည်း ဒီလိုလူမျိုးက နောင်တွင်အောင်မြင်လာမည့်သူမှန်း အားလုံးသိကြသည်။ သူကအကြီးအကျယ်ပါဝင်အားထုတ်ခဲ့သူတစ်ဦးဖြစ်ပြီး တော်ဝင်ပညာရှင်အဖြစ်ခန့်အပ်ခံရမည့်အကြောင်းရင်းမှာ အသက်ဂုဏ်အားကြီးသောကြောင့်သာ။ သူ့ရှေ့တွင် ဦးစီးဦးဆောင်တချို့ရှိနေဆဲပင်။

ထိုကိစ္စများတွင် အသက်ဂုဏ်အားကြီးသူတချို့ရှိသော်လည်း အကူအညီမရခဲ့ပေ။
ပါမောက္ခရန်၏စိတ်ဆိုးနေသောအသံက ဗီဒီယိုထဲမှထွက်လာသည်_ ''ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသုတေသနကို နှစ်မြှုပ်လုပ်ကိုင်နေတဲ့ပါမောက္ခတစ်ဦးအနေနဲ့ ချင်းလင်စံအိမ်ရဲ့လုပ်ရပ်အပေါ် အရမ်းဒေါသထွက်မိပါတယ်...''
''???'' ဗီဒီယိုကိုကြည့်ပြီးသောအခါ ချင်လင်ကြောင်သွားသည်။
သူက ပါမောက္ခရန်လိုလူမျိုးကို အလွန်လေးစားသူဖြစ််၏။
သို့သော် ပါမောက္ခရန်၏အပြစ်တင်မာန်မဲခြင်းကိုခံရလိမ့်မည်ဟု မထင်ထားပေ။
ပါမောက္ခရန်ဗီဒီယိုကိုကြည့်ပြီး သူ့တွင်ပြန်လည်ချေပရန်အင်အားမရှိတော့။ အကြောင်းမှာ အရက်ရှောင်ရမည့်ဟူသောအခြေခံအသိကို သူလည်းသိသောကြောင့်ပင်။ ပြင်ပလောကမှာ ဒီအာနိသင်ကိုအတည်မပြုနိုင်သေးခင် သူ့ဆေးဖက်ဝင်ဝိုင်ကိုသံသယဝင်မှာ အမှန်ဖြစ်သည်။
သို့သော်လည်း သူနားမလည်နိုင်တာတစ်ခုရှိနေသည်။ ပါမောက္ခရန်လိုလူမျိုးက ချင်းလင်စံအိမ်ပွဲကြော်ငြာအတွက် သူ့ကိုဝေဖန်တာမဖြစ်နိုင်ဘူး ဟုတ်တယ်မလား?
ဘာပဲဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ ကြော်ငြာအတုအယောင်တွေကအများကြီး။ တစ်ဖက်လူက လုံးဝစိတ်ဝင်စားမှာမဟုတ်။
ဒါပေမဲ့ အခုဖြစ်နေတာက ပါမောက္ခရန်မှာ ဒေါသထွက်နေပုံပေါက်သည်။
ဒါချင်းလင်စံအိမ်ကို မီးစင်တင်တာမဟုတ်လား?
ချန်ရှန်းဖေ၊ မာလဲ့ဝမ်၊ လီရှင်းနှင့် လီခိုင်တို့လည်း အသံကြားလျှင် ရောက်လာကြသည်။
''ဘာဖြစ်တာလဲ?'' မာလဲ့ဝမ်သိချင်နေပြီ။
ချန်ရှန်းဖေက စူးစမ်းပြီး_ ''ပါမောက္ခရန်ပဲ... ဘာလို့သူက ရုတ်တရက်ကြီး ချင်လင်ကိုဝေဖန်ရတာလဲ? ဒါမဖြစ်သင့်ဘူး''
''တစ်ခုခုတော့မှားနေပြီ'' လီရှင်းကထောက်ခံလိုက်သည်။
လီခိုင်က ဖြတ်ပြောလိုက်၏_ ''ဆေးကအာနိသင်ရှိတယ်... ငါသောက်ပြီးပြီ... သက်သေပြလို့ရတယ်''
ထိုစကားကြောင့် ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့က သူ့ကိုထူးဆန်းသောအကြည့်များနှင့်ကြည့်လိုက်ကြသည်။
လီခိုင်မှာ သူတို့သုံးယောက်နှင့်အကြည့်ချင်းဆုံသောအခါ ချက်ချင်းစိတ်ရှုပ်သွားပြီး_ ''ငါပါမောက္ခရန်ကိုသိတယ်... အရင်ကတွေ့ဖူးတယ်... သူကဒီလိုအားယားနေတဲ့သူမဟုတ်ဘူး... ဒါအထင်လွဲနေတာဖြစ်ရမယ်... ရိုက်ထားတဲ့ရှုထောင့်ကိုကြည့်ရရင် ဘေးကနေတိတ်တိတ်လေးရိုက်ထားမှန်းသိသာတယ်''
သူတို့က ဗီဒီယိုကိုကြည့်လိုက်ရာ အမှန်ဖြစ်ကြောင်းတွေ့ရသည်။
ချန်ရှန်းဖေက မျက်မှောင်ကြုတ်ပြီး_ ''ဒါပေမဲ့ ပါမောက္ခရန်ရဲ့စကားတွေက စံအိမ်ကိုတည့်တည့်ပြောထားတာ... ဒီပြဿနာကိုမဖြေရှင်းရင် စံအိမ်ကတကယ်ဒုက္ခရောက်မှာ... ချင်းလင်စံအိမ်ဘက်ကမဟုတ်တဲ့သူ ဒါမှမဟုတ် အွန်လိုင်းကနေပိုက်ဆံသက်သက်ရှာချင်တဲ့သူတွေက အခွင့်ကောင်းယူပြီး ဒုက္ခရောက်အောင်လုပ်မှာ''
''ဒါဆို အားလုံးကမေးခွန်းထုတ်လာတဲ့အခါ အမှားကမှန်လာနိုင်တယ်... အတုက အစစ်ဖြစ်လာနိုင်တယ်''
ဒါအင်တာနက်ရဲ့ အားနည်းချက်။ ဘယ်ဟာအစစ် ဘယ်ဟုအတုဆိုတာ ပြောဖို့ခက်သည်။
ကျောက်မိုချင်းက မျက်မှောင်ထပ်ကြုတ်လိုက်ပြီး_ ''အွန်လိုင်းပေါ်မှာတော့ ဖြစ်ပြီးသွားပြီ... ဘာလော့ဂါတွေအတော်များများက ဒီအကြောင်းဗီဒီယိုတွေတင်ကြတယ်... အကုန်လုံးလိုလိုက ပါမောက္ခရန်ဘက်ကနေပြီး တို့စံအိမ်ကိုအပြစ်တင်ထားကြတယ်''
ချင်လင်က ကျောက်မိုချင်းဖုန်းကိုယူပြီး ဗီဒီယိုတချို့လျှောက်ကြည့်လိုက်သည်။ အမှန်ပင် မှတ်ချက်ပေးထားသောဗီဒီယိုတစ်ပုဒ်ကိုတွေ့လိုက်ရလေသည်: