ပြဿနာကြီး! ဖြေရှင်းနည်းက လွယ်ပါတယ်! ၃
Vol. 16 Ch. 230
သူမကချက်ချင်း ဗီဒီယိုကိုနှိပ်လိုက်သည်:
''ဆေးဖက်ဝင်ဝိုင်အကြောင်းရှင်းပြပါရစေ... အရင်ဆုံးပြောချင်တာ ဒီဆေးဖက်ဝင်ဝိုင်က နှစ် ၂၀ သက်တမ်းရှိတဲ့ဆေးဖက်ဝင်ဝိုင်ပါ... ဆေးဖက်ဝင်ဝိုင်က လိပ်ခေါင်းမကုနိုင်ဘူးရယ်တော့မဟုတ်ပါဘူး... ပြီးတော့ ကျွန်မတို့စံအိမ်က ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကိုသက်သေပြဖို့အတွက် ပါမောက္ခရန်ကိုဖိတ်ခေါ်ချင်ပါတယ်''
ထိုတုံ့ပြန်သည့်ဗီဒီယိုကိုမြင်လျှင် ချွန်းချွန်းပြုံးမိသည်။
သက်သေပြဖို့ ပါမောက္ခရန်ကိုဖိတ်မယ်တဲ့လား? ချင်းလင်စံအိမ်က စိတ်ကူးယဉ်နေတာဖြစ်မယ်။

တခြားပါမောက္ခသာဆိုရင် သူ့စကားသူပြန်ပြင်နိုင်မည်။
သို့သော် ပါမောက္ခရန်ဘာလုပ်တယ်ဆိုတဲ့အကြောင်း သူတို့မေ့နေပုံရသည်။ ဒီလိုလုပ်ရင် သူ့ဉာဏ်ပညာကိုသက်သက်စော်ကားရာကျမည်။
ချင်းလင်စံအိမ်၏တုံ့ပြန်ချက်ဗီဒီယိုကို ဒီကိစ္စအကြောင်းလိုက်နေသူအားလုံး အထူးသဖြင့် ထိုမှတ်ချက်ပေးသူများမြင်သွားလိမ့်မည်။ သူတို့လိုဘလော့ဂါများမှာ ရေပန်းစားခေါင်းစဉ်နှင့်ကျော်ကြားရန်အခွင့်အရေးသာရှိသည်။ သူတို့က ဗီဒီယိုသာတင်နိုင်၏။ သူတို့ကိုယ်ပိုင်အရည်အချင်းပေါ်မူတည်ပြီး သူတို့ဘယ်လောက်များများရနိုင်မှာလဲ။
တူညီတဲ့အကြောင်းအရာတစ်ခုကို ဗီဒီယိုနှစ်ပုဒ်သုံးပုဒ်ဆက်တိုက်တင်လိုက်ရင် အချောင်နာမည်ရချင်သည့်ရည်ရွယ်ချက်က သိသာလွန်းသွားမည်။ ပရိသတ်တွေက အချဉ်မဟုတ်။
ထို့ကြောင့် ပါဝင်ပတ်သက်သူက အကြိမ်တိုင်းလိုလို တုံ့ပြန်ချက်ဗီဒီယိုတင်ဖို့မျှော်လင့်ကြသည်။ အကြောင်းမှာ တုံ့ပြန်ချက်ဗီဒီယိုတင်လိုက်သည်နှင့် သူတို့က လူတွေဆွဲခေါ်နိုင်အောင် နောက်ထပ်ဗီဒီယိုတင်လို့ရပြီဖြစ်သည်။
စတူဒီယိုတစ်ခုတွင်_
ဝတ်စုံပြည့်ဝတ်ထားပြီး မျက်နှာလေးထောင့်ကျကျ ကတုံးဆံတောက်ပုံနှင့် အမျိုးသားတစ်ဦးမှာ ချင်းလင်စံအိမ်ဗီဒီယိုကိုကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။
သူကအစ်ကိုစုန့်။ မီဒီယာပလက်ဖောင်းတစ်ခုတွင် ပဉ္စမအဆင့်ရှိသော အစီရင်ခံသူဖြစ်သည်။
ထိုပုံရိပ်တွင် သူတင်ထားသောဗီဒီယိုအရ သူကတရားဝင်သတင်းကြေညာသူတစ်ဦးဟု အလွယ်တကူအထင်ခံရနိုင်သည်။ သူကလူတွေကို အမြင်ကောင်းပေးထား၏။
ထိုအချက်မှာ အစီရင်ခံသူတစ်ဦးဟူသော သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အမှတ်အများကြီးတိုးစေသည်။
သို့သော် သူအရင်က အာမခံအရောင်းသမားတစ်ဦးမှန်း ဘယ်သူမှမသိကြချေ။ အာမခံကိုဝယ်ရန် အသက်ကြီးသူများအားလှည့်စားသည့်အတွက် အလုပ်တောင်အထုတ်ခံခဲ့ရသည်။
သူက ရေပန်းစားခေါင်းစဉ်တစ်ခုအကြောင်းဗီဒီယိုတင်ရာမှ မမျှော်လင့်ဘဲဘလော့ဂါဖြစ်လာသူပင်။ အခုတော့ သူ့မှာပရိသတ် ၃ သန်းနီးပါးရှိနေပြီ။

နောက်ပြီး သူပရိသတ် ၃ သန်းကျော်နေသရွေ့ နောက်ထပ်အမြတ်နည်းနည်းထုတ်နိုင်သေးသည်။ ထိပ်တန်းသုံးယောက်ထဲဝင်ဖို့ သူ့အတွက်ပြဿနာမရှိတော့။
ဒါအရေးကြီးသည်။ ထိပ်တန်းသုံးယောက်ရဲ့အကျိုးအမြတ်က ထိပ်တန်းငါးယောက်အကျိုးအမြတ်နှင့် ဘာမှမတူ။
ဘေးမှအကူတစ်ယောက်က_ ''အစ်ကိုစုန့်... ချင်းလင်စံအိမ်က ပါမောက္ခရန်ကိုဖိတ်မယ်တဲ့... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ပါမောက္ခရန်လိုလူက သူ့သဘောထားကို ငွေကြောင့်ပြောင်းလဲမှာမဟုတ်ဘူး... ဒီတစ်ခါတော့ ချင်းလင်စံအိမ်အမှားလုပ်မိပြီ... သူတို့က ကျွန်တော်တို့ရဲ့အသိကိုထပ်စော်ကားလိုက်တာလား?''
အစ်ကိုစုန့်က ခဏတွေးကြည့်ပြီး ရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်သည်။ သူကအေးစက်စက်နှင့်_ ''ချင်းလင်စံအိမ်က သူများရဲ့အသိကိုစော်ကားတယ်ဆိုရင် တို့က ချင်းလင်စံအိမ်ကိုစော်ကားရမှာပေါ့''
''အခုဒီဖြစ်ရပ်ကို လူသိအရမ်းများနေပြီ... ငါတို့က မီးလေးနည်းနည်းထိုးပေးချင်ရုံပဲ... ဗီဒီယိုတင်ပြီးရင် ဗီဒီယိုမှာရင်းနှီးမြှုပ်နှံဖို့ နောက်ထပ်ယွမ် ၂၀၀၀၀၀ သုံးမယ်... ဒါမှငါတို့ဆီများများဆွဲဆောင်နိုင်မှာ... ဒီအခွင့်အရေးကိုအသုံးချပြီး ငါ့ပရိသတ် ၃ သန်းကျော်အောင်လုပ်ရမယ်''
အစ်ကိုစုန့်က အလွန်ရည်မှန်းချက်ကြီးသည်။ မဟုတ်ရင် သူရာထူးတိုးဖို့အတွက် အာမခံကိုဝယ်အောင် လူကြီးတွေကိုလှည့်စားခဲ့မှာမဟုတ်ပေ။ အဲဒီတုန်းက သူ့အကြောင်းသာမပေါ်ခဲ့ရင် အာမခံလုပ်ငန်းမှာ အောင်မြင်သူတစ်ယောက်ဖြစ်နေလိမ့်မည်။
သို့သော် ဒီတစ်ကြိမ်တွင် ပါမောက္ခရန်က အမှန်ဘက်က။ ဘာပြဿနာမှဖြစ်မှာ သူမကြောက်။ အခုယွမ် ၂၀၀၀၀၀ သုံးလိုက်ရင် နောင်မှာ အဆ ၂၀ ကနေ ၃၀ အထိပြန်ရနိုင်သည်။
ခဏအကြာ အစ်ကိုစုန့်က သူ့လက်ထောက်ကို ဗီဒီယိုတစ်ပုဒ်ရိုက်ခိုင်းလိုက်၏။ ထို့နောက်သူက ဗီဒီယိုတွင်_ ''ချင်းလင်စံအိမ်ရဲ့တုံ့ပြန်ချက်ဗီဒီယိုကိုမြင်ရတာ စိတ်မကောင်းပါဘူး... ပုံမှန်ဆို ကုမ္ပဏီတစ်ခုက အထူးသဖြင့် နာမည်ကြီးရှုမျှော်ခင်းနေရာတစ်ခုကလမ်းလွဲနေရင် ပထမဆုံးလုပ်သင့်တာက နှိမ့်ချပြီးအမှန်ပြင်ဖို့ပါပဲ''
''ဒါပေမဲ့ ပါမောက္ခရန်က ချင်းလင်စံအိမ်ရဲ့အခြေခံအမှားကိုထောက်ပြလိုက်တဲ့အခါမှာ သူတို့ကနောင်တမရဘဲနဲ့ ဆေးဖက်ဝင်ဝိုင်ကိုသက်သေပြဖို့ ပါမောက္ခရန်ကိုဖိတ်ပြီးတော့တောင် ပိုသတင်းကြီးအောင်ဆက်ကြိုးစားပါသေးတယ်''
''ချင်းလင်စံအိမ်က လူတွေရဲ့ဦးနှောက်ကို ဇောက်ထိုးဖြစ်အောင်လုပ်နေတယ်လို့သာ ပြောချင်ပါတယ်... ပါမောက္ခရန်က ချင်းလင်စံအိမ်ရဲ့ဒီလိုအခြေခံအမှားအတွက် သူ့အမြင်ကိုပြောင်းလဲဖို့ဆိုတာ ပိုပြီးတော့မဖြစ်နိုင်ပါဘူး''
''လူချမ်းသာတွေလုယက်နေရတဲ့ ဆေးဖက်ဝင်ဝိုင်ကိုဖန်တီးနိုင်တာနဲ့ ဘာမဆိုကုသနိုင်တယ်လို့ပြောလို့ရမယ်မထင်ပါနဲ့... ဒါကအရင် ဦးနှောက်ကိုရွှေချတာ အရပ်ရှည်ထွက်စေတာ ၉၆ ပါးရောဂါပျောက်ဆေးဆိုတာတွေနဲ့ ဘာကွာလို့လဲ?''
''ချင်းလင်စံအိမ်က ထပ်ပြီးကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတယ်ဆိုတာ ကျွန်တော်သိနေတယ်... ပြီးတော့ ရုတ်တရက်ကျော်ကြားလာတဲ့ အင်တာနက်ဆယ်လီအတော်များများလို ချင်းလင်စံအိမ်ဟာ သူတို့အမှားကြောင့် မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားတော့မယ်ဆိုတာလည်း ကျွန်တော်သိနေတယ်... နောက်ဆုံး သူတို့ကိုဘယ်သူမှဂရုစိုက်တော့မှာမဟုတ်ဘူး''
ဗီဒီယိုက အခက်အခဲမရှိပြီးသွားသည်။ နောက်ပြီး အစ်ကိုစုန့်က သူ့စိတ်ခံစားချက် အထူးသဖြင့် ဒေါသစိတ်ကိုမှန်မှန်ကန်ကန်ထည့်ထားကြောင်း သူသိသည်။ လူတွေက ဗီဒီယိုကြည့်ရင် သူ့ကိုလူမှန်ဟုထင်ကြလိမ့်မည်။
ဗီဒီယိုတင်ပြီးနောက် အစ်ကိုစုန့်က သူ့ဖုန်းယူကာ ကြော်ငြာရန် ယွမ် ၂၀၀၀၀၀ ကိုချက်ချင်းသုံးပစ်လိုက်သည်။ တစ်ကြိမ်သာကန့်သတ်ထားခြင်းကြောင့် သူ့အကောင့်ကိုခွဲသုံးပြီး ငွေရင်းနှီးမြှုပ်နှံရ၏။
ထိုကိစ္စကနာမည်ရပြီးဖြစ်သဖြင့် အစ်ကိုစုန့်၏ Dou+ လုပ်ပြီးပြီးချင်း လက်ထောက်အကူကစိတ်လှုပ်ရှားစွာနှင့်_ ''အစ်ကိုစုန့်... လမ်းကြောင်းတွေကိုစပြီးဆွဲဆောင်နေပြီ... မှတ်ချက်နဲ့ like အရေအတွက် ပြီးတော့ ပရိသတ်ရောတိုးလာတယ်... အရင်ဗီဒီယိုရဲ့ဆယ်ဆပဲ... ဒီနှုန်းနဲ့ဆို ပရိသတ် ၃ သန်းကျော်အောင် ဒီကိစ္စကိုအသုံးချနိုင်ပြီ''
အစ်ကိုစုန့်က ထိုစကားကြားလျှင် ပြုံးရွှင်နေသည်။ ပါမောက္ခရန်က သူ့ကိုအခွင့်အရေးတစ်ခုပေးလိုက်ပြီလေ။