ဒါဘယ်လိုဖြစ်တာလဲ? ဒီစာလုံးကို ငါတကယ်ရေးခဲ့တာလား? ၁
Vol. 16 Ch. 231
တစ်ရက်က မြန်မြန်ဆန်ဆန်ကုန်သွားသည်။
ပါမောက္ခရန်က အိပ်ရာစောစောနိုးလာပြီး မျက်နှာသစ်၊ အောက်ထပ်ဆင်းကာ ခြံဝင်းထဲတွင် ထိုက်ချိနည်းနည်းပါးပါးလုပ်လိုက်သည်။
သူ့စမ်းသပ်မှုသာ ပြဿနာမရှိလျှင် သူ့ပုံမှန်လုပ်ရိုးလုပ်စဉ်က တသမတ်တည်းပင်။
ထိုက်ချိလုပ်ပြီး အိမ်ထဲပြန်ရောက်လျှင် သူ့ဇနီးပြင်ပေးထားတဲ့ဆန်ပြုတ်က အဆင်သင့်ဖြစ်ပြီ။
နှစ်လုတ်လောက်စားအပြီးတွင် သူ့မိတ်ဆွေကောင်းပါမောက္ခလျိုထံမှ ဖုန်းဝင်လာ၏။ သူက မင်မြို့တော်စိုက်ပျိုးရေးသုတေသနတက္ကသိုလ်မှညွှန်မှူးဖြစ်သည်။
ပါမောက္ခရန်က ချက်ချင်းဖုန်းကိုင်လိုက်ပြီး_ ''လောင်လျို... ဘာလို့ဒီလောက်အစောကြီးဖုန်းဆက်တာလဲ?''
ပါမောက္ခလျို၏အသံကို ဖုန်းထဲမှကြားရသည်_ ''လောင်ရန်... မင်းနိုးနေပြီဆိုတာ ငါသိတယ်... မင်းကိစ္စက အင်တာနက်ပေါ်မှာပေါက်နေပြီ... မင်းကိုရှာပြီး ကြားဝင်ဖျန်ဖြေပေးဖို့ ငါ့ကိုပုံအပ်ထားတဲ့သူရှိတယ်''
''နေပါဦး!'' ပါမောက္ခရန်ရုတ်တရက်ကြောင်သွားပြီး_ ''လောင်လျို... မင်းဘာတွေပြောနေတာလဲ? ဘာဖြစ်လို့လဲ?''

''ဘယ်လို?'' ပါမောက္ခလည်း လုံးဝကြောင်သွားသည်_ ''လောင်ရန်... အင်တာနက်ပေါ်မှာ ဒီလောက်ကြီးတဲ့ကိစ္စကို မင်းမသိဘူးလား? မင်းနဲ့ချင်းလင်စံအိမ်ပြဿနာတက်တဲ့အကြောင်းလေ... အခုအင်တာနက်ပေါ်မှာ မင်းဗီဒီယိုတွေချည်းပဲ''
''လောင်လျို... နေဦး!'' ပါမောက္ခရန်မျက်မှောင်ကြုတ်သွားသည်။ သူက သူ့ဇနီးကိုဖုန်းယူလာခိုင်းလိုက်၏။ ထင်ထားသည့်အတိုင်း သူ့အကြောင်းဗီဒီယိုတစ်ပုဒ်ကို ချက်ချင်းတွေ့လိုက်ရသည်။
သူကအသက်ရနေပြီဖြစ်သော်လည်း အင်တာနက်ပေါ်မှဗီဒီယိုပလက်ဖောင်းတချို့ကို နားလည်နိုင်စွမ်းရှိသေးသည်။ ဘာပဲဖြစ်ဖြစ် သူ့ဇနီးက ဒီပလက်ဖောင်းကိုမကြာမကြာလျှောက်ကြည့်တတ်၏။
''ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသုတေသနကို နှစ်မြှုပ်လုပ်ကိုင်နေတဲ့ပါမောက္ခတစ်ဦးအနေနဲ့ ချင်းလင်စံအိမ်ရဲ့လုပ်ရပ်အပေါ် အရမ်းဒေါသထွက်မိတယ်...''
like နှင့်မှတ်ချက်များကိုမြင်သောအခါ ကိစ္စကမသေးကြောင်း သူသိလိုက်သည်။ နောက်ပြီး ဗီဒီယိုတချို့ လျှောက်ဆွဲကြည့်လိုက်တိုင်း ချင်းလင်စံအိမ်နှင့်သူ့ဗီဒီယိုတွင် ကိုယ့်ဂုဏ်ကိုယ်ဖော်သူများမှတ်ချက်ပေးထားသည်ကို သူတွေ့ရသည်။
''အကုန်မသိတတ်သားတွေပဲ'' ပါမောက္ခရန်က စိတ်ဆိုးဆိုးနှင့်မာန်မဲလိုက်၏။
ဒီစကားတွေ သူပြောခဲ့တာဖြစ်သော်လည်း ထိုအချိန်က သူ့အခြေအနေမှာ ချင်းလင်စံအိမ်ကိုပစ်မှတ်ထားဖို့ရည်ရွယ်ချက်မရှိသလို အွန်လိုင်းပေါ်တင်ဖို့စိတ်ကူးလည်းမရှိချေ။ သူ့သားကိုပစ်မှတ်ထားပြီး သူ့ချွေးမကိုပြောခဲ့ခြင်းဖြစ်သည်။
သူ့သားက အမြဲစိတ်မချရ။ ပါးပါးနပ်နပ်မရှိ။ မိတ်ဆွေ၏သုတေသနတက္ကသိုလ်ကိုဝင်နိုင်ရန် သူ့အဆက်အသွယ်ကိုအားကိုးပြီး စီစဉ်ပေးခဲ့ရသည်။ ဒီလောက်ပေါ့ပေါ့ဆဆနေလိမ့်မယ်လို့ဘယ်ထင်မှာလဲ?
ပိုဆိုးတာက သူ့သားမှာ တန်ဖိုးမရှိစိတ်မချရသောကျီးအာသီးမိန်းမနှင့်လက်ထပ်ထားသောကြောင့်ပင်။
ဒီတစ်ကြိမ်တွင် သူ့မိတ်ဆွေ၏အဓိကစမ်းသပ်မှု၌ လူအင်အားနည်းနေသည်။ သူ့သား၏ဂြိုလ်မွှေတတ်သောမိန်းမက လိပ်ခေါင်းထနေလို့ ချင်းလင်စံအိမ်သွားဖို့ပူဆာနေသတဲ့။ ချင်းလင်စံအိမ်ရဲ့ဆေးဖက်ဝင်ဝိုင်က လိပ်ခေါင်းသက်သာစေသည်တဲ့လေ။
ထိုအချိန်က သူအရမ်းစိတ်ဆိုးပြီး ထိုစကားများကိုပြောခဲ့သည်။ အမျိုးသမီးတွေစိတ်ပူတာကိစ္စမရှိသော်လည်း သူတို့မှာအခြေခံအသိတောင်မရှိချေ။ ပါမောက္ခတစ်ဦးအနေနဲ့ အရက်ကလိပ်ခေါင်းကုနိုင်တယ်ဆိုတာ သူဘယ်လိုလုပ်ယုံနိုင်မလဲ?
သူ့စကားတွေက သူ့ဂြိုလ်ဆိုးချွေးမကို ရည်ရွယ်ထားခြင်းဖြစ်၏။ သူမနားလည်မည်ထင်မိသည်။
သူမအခင်ဆုံးသူငယ်ချင်း၏ကိုယ်ပိုင်မီဒီယာအကြောင်းတွေးမိတော့မှ ဘာဖြစ်နေမှန်းသဘောပေါက်သွား၏။
မိုက်မဲတဲ့အမျိုးသမီး။ ကိုယ့်မိသားစုကိုဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာတင်ရဲတယ်ပေါ့။ ဒီလောက်ပွက်လောရိုက်အောင်တောင် လုပ်လိုက်ပြီ။
ဒီလိုအမျိုးသမီးမျိုးကိုလက်ထပ်တဲ့သူက တကယ်ကံဆိုးတာပဲ။
နောက်ဆုံးတော့ ပါမောက္ခရန်သက်ပြင်းသာချနိုင်တော့သည်။

သူ့မှာ ဘာရွေးချယ်စရာရှိသေးလို့လဲ? အမျိုးသမီးက သူ့ကိုမြေးမလေးပေးထားပြီ။
သူမသာကိုယ်ဝန်မရှိခဲ့ရင် သူ့သားကို ဒီလိုအမျိုးသမီးမျိုးလက်ထပ်ဖို့ ဘယ်တော့မှသဘောတူမည်မဟုတ်။
အဆုံးတွင် ပါမောက္ခရန်မှာ မတတ်သာစွာနှင့် ဖုန်းထဲပြောလိုက်ရတော့သည်_ ''လောင်လျို... ဘာဖြစ်နေလဲ ငါသိပြီ... ဒါပေမဲ့ လိုင်းပေါ်ဖြစ်နေတာတွေတော့ ငါတကယ်မသိဘူး''
အခုတော့ အကောင့်တစ်ခုမှာ သူ့ပရိသတ် ၁၀ သန်းရှိမှန်း အကြီးအကဲယွမ်သိလိုက်ရသောအခါ သူဘယ်လိုခံစားရလဲ နားလည်သွားပြီထင်သည်။
သို့သော်လည်း ဒီလိုသောက်ပြဿနာမျိုးနှင့်ကြုံရမည်ဟု သူမထင်မိပါချေ။
ပါမောက္ခရန်က ထပ်မေးလိုက်သည်_ ''လောင်လျိူ... မင်းဒီလိုဖုန်းဆက်တယ်ဆိုတော့ ချင်းလင်စံအိမ်ရဲ့နောက်ခံက မရိုးရှင်းဘူးဆိုတဲ့သဘောမလား?''
ပါမောက္ခလျိုက_ ''လောင်ရန်... မင်းမှားနေပြီ... ငါအတည်ပြုနိုင်တာက ဆေးဖက်ဝင်ဝိုင်မှာ လိပ်ခေါင်းသက်သာစေတဲ့အာနိသင်တကယ်ရှိတယ်ဆိုတာပဲ... မင်းသူ့ကိုအထင်လွဲနေတာ... အဲဒါကြောင့်ငါဖုန်းဆက်တာ''
''ဒီဆေးဖက်ဝင်ဝိုင်က တကယ်လိပ်ခေါင်းကုနိုင်တယ်လား? ဒါအဓိပ္ပါယ်မရှိဘူးနော်!'' ပါမောက္ခရန်က သူသိထားသည်ကိုစိန်ခေါ်ခံလိုက်သလို အလွန်အံ့အားသင့်သွားသည်။
''လောင်ရန်... ဒါအခြေခံအသိနဲ့ဆန့်ကျင်နေတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ အမှန်ပဲ... ပြီးတော့ ငါသိရသလောက် အာနိသင်ကအရမ်းထိရောက်တယ်... စျေးကွက်ထဲကလိပ်ခေါင်းဆေးတွေအားလုံးထက်သာတယ်'' ပါမောက္ခလျိုက အရမ်းသေချာပုံနှင့်_ ''ဒါနည်းနည်းမယုံနိုင်စရာကောင်းတယ်ဆိုပေမဲ့ ဒီဆေးဖက်ဝင်ဝိုင်ထဲမှာ ပုံပြောင်းတဲ့ဓာတ်ပစ္စည်းတချို့ပါတယ်လို့တော့ အာမခံချက်မရှိဘူး... သိပ္ပံပညာမှာ မရှိတာတော့မဟုတ်ပါဘူး''
ပါမောက္ခရန်က ထိုစကားကြားလျှင် ချက်ချင်းစိတ်ဝင်စားသွားပြီး_ ''လောင်လျို... မင်းဒီလိုဖုန်းဆက်ပြောနိုင်တယ်ဆိုမှတော့ ချင်းလင်စံအိမ်နဲ့ မင်းအဆက်အသွယ်ရှိတယ်မလား? ငါသူတို့ဆီသွားပြီး ဝိုင်နည်းနည်းလေ့လာလို့ရမလား?''
မည်သည့်သိပ္ပံပညာရပ်မှာမဆို ပုံပြောင်းတဲ့ဓာတ်ပစ္စည်းပေါ်လာခြင်းက ပညာရပ်တိုးတက်မှုအတွက်အထောက်အကူဖြစ်နိုင်သည်။
လိပ်ခေါင်းနှင့်အရက်မှာ ဘဝနှင့်ကျန်းမာရေးသိပ္ပံပညာတွင်လည်း ပြဒါးတစ်လမ်းသံတစ်လမ်းဆိုတာ အခြေခံအသိပင်။ အခုတော့ လိပ်ခေါင်းကုနိုင်တဲ့ဆေးဖက်ဝင်ဝိုင်ရှိနေပြီ။ ဓာတ်သတ္တုပြောင်းလဲမှုရှိလာဖို့များ၏။ ဒါကိုသုတေသနလုပ်နိုင်ရင် တချို့အရာတွေဆက်စပ်မှုရှိလာနိုင်သည်။
ဒါသူလိုလူအတွက် အလွန်ကြီးမားသောဆွဲဆောင်မှုဖြစ်လေသည်။
ပါမောက္ခလျိုက ပါမောက္ခရန်၏စကားကိုကြားလျှင် ပြုံးလိုက်ပြီး_ ''အင်တာနက်ပေါ်ကအခြေအနေကလည်း ချင်းလင်စံအိမ်အတွက် အရမ်းဆိုးနေပြီ... အဲဒါကြောင့် သူတို့က မင်းကိုဖိတ်ပြီး ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်တွေကိုအတည်ပြုပေးဖို့ ဗီဒီယိုတစ်ပုဒ်တင်ထားတယ်... သူတို့က မင်းရဲ့တုံ့ပြန်ချက်ကိုစောင့်နေတာ''
ပါမောက္ခရန်က ထိုအကြောင်းသိလျှင်သိချင်း_ ''လောင်လျို... ငါမကြာခင်ထွက်လာမယ်လို့ပြောလိုက်ပါ... ငါမင်းဆီညနေပိုင်းလောက်ရောက်မယ်... ဒါနဲ့ အင်တာနက်ပေါ်ကကိစ္စက ငါ့ကြောင့်ဖြစ်သွားတာဆိုတော့ ငါမင်းအတွက် ဗီဒီယိုရိုက်ပေးမယ်... မင်းချင်းလင်စံအိမ်ကိုပို့လိုက်လို့ရတယ်''
''ဟုတ်ပြီလေ... ငါပို့ပေးမယ်'' ပါမောက္ခလျိုကပြောလိုက်သည်။
…
ချင်းလင်စံအိမ်တွင်_
ချင်လင်ကဂိုဒေါင်သွားပြီး ဂိမ်းထဲမှပစ္စည်းများကိုစံအိမ်ပို့လိုက်သည်။ သူ့ရုံးခန်းရောက်ရောက်ချင်း လီခိုင်ဆီမှ Wechat စာဝင်လာ၏။ ဗီဒီယိုတစ်ပုဒ်ဖြစ်သည်။