ဒါဘယ်လိုဖြစ်တာလဲ? ဒီစာလုံးကို ငါတကယ်ရေးခဲ့တာလား? ၂
Vol. 16 Ch. 232
ဗီဒီယိုအောက်တွင် စာလည်းပါသည်:
''အထင်လွဲတာပါ... ပါမောက္ခရန်က အွန်လိုင်းပေါ်မှာ ဒီလောက်ပွက်လောရိုက်နေမှန်းမသိဘူး... ပြီးတော့သူက ချင်းလင်စံအိမ်ကိုလာမယ်လို့ကတိပေးထားတယ်... ဒီညနေလောက် မင်မြို့တော်ကိုရောက်ပြီး မနက်ဖြန်စံအိမ်ကိုလာမယ်တဲ့''
ချင်လင်က စာဖတ်ပြီး ဗီဒီယိုကိုနှိပ်လိုက်သည်။ ထိုဗီဒီယိုမှာ အမှန်ပင် ပါမောက္ခရန်ကိုယ်တိုင်ရိုက်ထားသောဗီဒီယိုဖြစ်၏:
''အွန်လိုင်းပေါ်မှာဖြစ်ခဲ့တာအတွက် စိတ်မကောင်းပါဘူး... ကိုယ့်ကိုယ်ပိုင်အကြောင်းအရင်းအတွက်နဲ့ ပြည်သူလူထုအင်အားအများကြီးကို နေရာမယူစေချင်ပါဘူး... ပြီးတော့ ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းမလေ့လာကြည့်ဘဲနဲ့ ဆုံးဖြတ်ချက်ချတာ အပြင်းအထန်မဟုတ်ပါဘူး... ဒါက သိပ္ပံအသိမဟုတ်ဘူး... အဲဒါကြောင့် အားလုံးကိုလာတောင်းပန်တာပါ''
''လိပ်ခေါင်းသမားက အရက်ရှောင်ရတာ သာမန်အသိဆိုပေမဲ့ သိပ္ပံနည်းကျပုံပြောင်းလာတဲ့ဓာတ်ပစ္စည်းပေါ်လာမယ်ဆိုရင် ဒါအထူးကိစ္စဖြစ်သွားပြီ... နောက်ပြီး ကျုပ်ပြောချင်တာက ဒီသိပ္ပံနည်းကျပုံပြောင်းလာတဲ့ဓာတ်ပစ္စည်းက ချင်းလင်ဆေးဖက်ဝင်ဝိုင်ထဲမှာရှိနေတယ်... ကျုပ်သာလေ့လာပြီးသိနိုင်မယ်ဆိုရင် လိပ်ခေါင်းလူနာတွေအတွက် ဆုလာဘ်တစ်ခုလို့ပြောလို့ရတယ်... ဒီအတွက် ကျုပ်ကိုယ်တိုင် ချင်းလင်စံအိမ်ကိုသွားမယ်''
''ပြီးတော့ လူစိတ်ဝင်စားအောင်လုပ်ချင်တာနဲ့ ကျုပ်ကိုတိတ်တိတ်လေးဓာတ်ပုံရိုက် ဗီဒီယိုတင်တဲ့သူတွေကိုလည်း ရှေ့နေလက်ထဲလွှဲပေးသွားမယ်... ကျုပ်လုံးဝအလွတ်မပေးနိုင်ဘူး''
ပါမောက္ခရန်၏နောက်ဆုံးစကားမှာ ထူးထူးခြားခြားအခိုင်အမာဖြစ်နေသည်။ အကြောင်းမှာ ထိုကိစ္စက သူ့ချွေးမနှင့်အခင်ဆုံးသူငယ်ချင်းတို့လက်ချက်ဖြစ်ကြောင်း သိနေသောကြောင့်ပင်။
သူဒါမျိုးကိုအပြစ်မယူခဲ့ရင် နောက်တစ်ကြိမ်ထပ်ဖြစ်လာလိမ့်မည်။
ချင်လင်ကဗီဒီယိုကြည့်ပြီးလျှင် ချက်ချင်းပါမောက္ခရန်ကိုအထင်ကြီးသွားသည်။ တစ်ဖက်လူရဲ့ဂုဏ်ပုဒ်အရ ဗီဒီယိုချန်နယ်နှင့်ရိုးရိုးသားသားတောင်းပန်နိုင်သူအလွန်ရှားပြီး သူတို့အမှားကိုတောင် အရင်ဝန်ခံထားသေးသည်။

နောက်ပြီး တစ်ဖက်လူက သူ့ကိုဒီဗီဒီယိုပို့ပေးပြီး အွန်လိုင်းပေါ်တင်ကာ ချင်းလင်စံအိမ်လက်ရှိအခြေအနေကိုဖြေရှင်းသင့်သည်ဆိုသောသဘောပင်။
အလွန်လည်းစိတ်ကူးကောင်းသည်။
ရုံးခန်းတံခါးပွင့်လာပြီး ကျောက်မိုချင်းအပြေးဝင်လာ၏_ ''ချင်လင်... ပါမောက္ခရန်က မနေ့ညကကျွန်မတို့ပို့တဲ့ဗီဒီယိိုကို မတုံ့ပြန်ဘူး... လူကြီးမင်းလီနဲ့အဆက်အသွယ်ကရော?''
ချင်လင်ကပြုံးပြီး သူ့ဖုန်းကိုကျောက်မိုချင်းဆီပေးလိုက်သည်_ ''ဖြေရှင်းပြီးသွားပြီ... ဒီဗီဒီယိုကို လိုင်းပေါ်တင်လိုက်တော့''
ကျောက်မိုချင်းက ဇဝေဇဝါနှင့် ဖုန်းကိုယူပြီး ပါမောက္ခရန်ဗီဒီယိိုကိုကြည့်လိုက်သည်။
''ကျွန်မလုပ်လိုက်မယ်'' ကျောက်မိုချင်းက ကြည့်ပြီးပြောလိုက်၏။ ထို့နောက် ချင်လင်၏ဖုန်းနှင့်အလျင်စလိုထွက်သွားသည်။ ဒီဗီဒီယိုနှင့် အင်တာနက်ပေါ်က ပွက်လောရိုက်နေတာအဆုံးသတ်သွားမည်။ ပြီးတော့ အပြစ်တွေကလည်း တစ်ပတ်လည်သွားမည်။
လိုင်းပေါ်တွင်_
တစ်ညအချိန်ကုန်ပြီးနောက် ပါမောက္ခရန်နှင့်ချင်းလင်စံအိမ်၏နာမည်ကြီးမှုမှာ လုံးဝပေါက်သွားသည်။ ချင်းလင်စံအိမ်ကို မှတ်ချက်ပေးဗီဒီယိုတင်သူပိုများလာ၏။
ရုံးခန်းတစ်ခုတွင်_
အစ်ကိုစုန့်က သူ့နောက်ခံအချက်အလက်ကိုအာရုံစိုက်နေသည်။ like နှင့်အာရုံစိုက်ခံရမှုများ အလွန်အကျွံတိုးလာ၏။ သူက Dou+ တွင် ယွမ် ၂၀၀၀၀၀ မြှုပ်နှံထားပြီး နှစ်ဖက်ပဋိပက္ခအခြေအနေကိုပိုဆိုးလာအောင် တမင်သက်သက်မီးထိုးပေးထားသည်။
ဒီလိုဆွပေးတဲ့နည်းက တကယ်တော့အလွန်အန္တရာယ်များ၏။ သူတို့အခြေအနေပြောင်းပြန်လှန်ပြီး အဆုံးသတ်သွားမှာစိုးရိမ်ရသည်။
သို့သော် ပါမောက္ခရန်နှင့်အကြီးအကဲယွမ်လိုလူမျိုးတို့မှာ အခြေအနေပြောင်းပြန်လှန်ရန်မဖြစ်နိုင်။ စောင့်ထိန်းစရာအများကြီးမလိုအပ်။
''အစ်ကိုစုန့်... ချင်းလင်စံအိမ်က နောက်ထပ်ဗီဒီယိုတစ်ပုဒ်တင်တယ်'' လက်ထောက်က ရုတ်တရက်စိုးရိမ်တကြီးပြောလာသည်။
အစ်ကိုစုန့်ကပြုံးလိုက်ပြီး_ ''မနေ့ကချင်းလင်စံအိမ်ပို့တဲ့ဗီဒီယိုကို ပါမောက္ခရန်ကမတုံ့ပြန်လို့ နောက်ထပ်တုံ့ပြန်ချက်ဗီဒီယိုထပ်တင်တာပဲနေမှာပေါ့''
သို့သော် လက်ထောက်က စိတ်ပူနေဆဲ_ ''အစ်ကိုစုန့် မဟုတ်ဘူး... လာကြည့်''
အစ်ကိုစုန့်က ဇဝေဇဝါနှင့်မျက်မှောင်ကြုတ်ပြီး ရှေ့တိုးလာသည်။ ချင်းလင်စံအိမ်တင်သောဗီဒီယိိုကို သူတွေ့သော်လည်း ဗီဒီယိုပါအကြောင်းအရာက သူ့ကိုကြောင်သွားစေ၏။
ဒီဗီဒီယိုက တကယ်ပဲပါမောက္ခရန်ရဲ့တုံ့ပြန်တဲ့ဗီဒီယိုလား? ပါမောက္ခရန်က တောင်းပန်ထားပြီး ချင်းလင်စံအိမ်ကိုသွားမယ်လို့တောင် ပြောနေသေး။

''ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?'' အစ်ကိုစုန့်မှာ မယုံသင်္ကာဖြစ်သွားသည်။
ဒါမဖြစ်သင့်ဘူး။
ဒါပေမဲ့ ဖြစ်သွားပြီ။
ပါမောက္ခရန်က သိပ္ပံနည်းကျပုံပြောင်းလာမှုဓာတ်အကြောင်းလည်းပြောထားသေးသည်။ အဲဒီအကြောင်း သူတို့နားမလည်သော်လည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်က လိပ်ခေါင်းကုနိုင်တယ်လို့ရည်ညွှန်းထားပုံပဲ ဟုတ်တယ်မလား?
အစ်ကိုစုန့်မှာ တခဏချင်းစိတ်ရှုပ်ထွေးသွားသည်။
သူက ယွမ် ၂၀၀၀၀၀ သုံးထားပြီးပြီ။ အခုတော့ မျှော်လင့်ထားတဲ့အကျိုးအမြတ်ရဖို့အဝေးကြီး။ ဒါသူ့ကိုရိုက်စားလုပ်တာမလား?
အစ်ကိုစုန့်တင်မဟုတ်။ မှတ်ချက်ဗီဒီယိုတင်သူအားလုံးလည်း ထိုထိုးနှက်ချက်ကြောင့် ကြောင်သွားကြသည်။
ပါမောက္ခရန်ဘက်က ရပ်တည်ခဲ့သည်မှန်သော်လည်း အခုတော့ ပါမောက္ခရန်က သူ့အခြေအနေမမှန်ကြောင်းဖွင့်ချလာခဲ့ပြီ။ ဒါသူတို့ကို ခက်ခဲအောင်လုပ်နေတာမလား? ရိုက်ချက်ကပြင်းလွန်း၍ အသက်ရှုဖို့တောင်ခက်နေသည်။
မဖြစ်နိုင်ဆုံးတန်ပြန်အခြေအနေက ရောက်လာခဲ့၏။
အဓိကက သူတို့ကအခြေအနေကိုနားမလည်ဘဲ မျက်စိစုံမှိတ်ဘက်လိုက်ခဲ့တဲ့ပုံပေါက်အောင်လုပ်နေသလိုမဖြစ်သွားဘူးလား? မျှမျှတတကြားနေပြီးမှတ်ချက်ပေးတာမရှိဘူးမလား?
သူတို့မှတ်ချက်တချို့ကို ဒီလိုသံသယတွေမြင့်တက်နေပြီ။
အဓိကအချက်က ပါမောက္ခရန်ရဲ့နောက်ဆုံးစကားက ဘာအဓိပ္ပါယ်လဲ? သူ့ကိုတိတ်တိတ်လေးဓာတ်ပုံရိုက်ပြီး သူ့ဗီဒီယိုကိုလိုင်းပေါ်တင်ခဲ့တာပေါ့။ ကြည့်ရတာ တစ်ခုခုဖြစ်နေပုံပဲ။
နောက်ပြီး ပါမောက္ခရန်ရဲ့ရှေ့နေနဲ့ဖြေရှင်းမယ်ဆိုတဲ့စကားက အလေးအနက်ဖြစ်မည်။ ပါမောက္ခရန်လိုလူမျိုးက တာဝန်ယူထားတာ အလွန်ဒုက္ခများလိမ့်မည်။
မှတ်ချက်ပေးသူတွေက ပါးစပ်အဟောင်းသားဖြစ်နေကြ၏။ ပထမဆုံးဗီဒီယိိုကိုပြန်ရှာသောအခါ ရှာမတွေ့တော့။ ဖျက်လိုက်တာဖြစ်မည်။
ဒါချောက်ချတာမလား? အားလုံးကချက်ချင်းဗီဒီယိိုကိုဖျက်လိုက်ကြ၏။
တခဏအတွင်း ပါမောက္ခရန်ဗီဒီယိုနှင့် ချင်းလင်စံအိမ်အပေါ်မှတ်ချက်များမှာ လျင်လျင်မြန်မြန်ပျောက်ကွယ်သွားသည်။
အမှန်ပင် ပွဲကြည့်ပြည်သူအတော်များများက သက်ဆိုင်ရာဗီဒီယိုများကို နောက်ပိုင်းပြန်ရှာမရတော့ချေ။
အစ်ကိုစုန့်ကစတူဒီယိုထဲတွင် သူ့လက်ထောက်အားချက်ချင်းပြောလိုက်သည်_ ''မြန်မြန်... ဗီဒီယိုကိုဖျက်လိုက်... ဒီတစ်ခါငါတို့လှည့်စားခံရပြီ''
မဖြစ်နိုင်ဆုံးတန်ပြန်အခြေအနေက ဖြစ်လာမှတော့ သူဘာတတ်နိုင်မလဲ? ပါမောက္ခရန်ကို သူသွားဝေဖန်လို့လည်းမရဘူး ဟုတ်တယ်မလား? သူသာဒီလိုလုပ်ရဲရင် ပရိသတ် ၃ သန်းနီးပါးရှိတဲ့သူ့အကောင့်ပါ ပါသွားလိမ့်မည်။
ဖြစ်ချင်တော့ ဒီတစ်ခါပါမောက္ခရန်ဖြစ်နေလို့။ ပါမောက္ခရန်ကတောင်းပန်ထားတော့ သူ့ကိုသိပ်မထိခိုက်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလိုကြိုမမြင်နိုင်တဲ့အဖြစ်အပျက်မျိုး ဘယ်ထင်ထားပါ့မလဲ?