← Chapters

ဒါဘယ်လိုဖြစ်တာလဲ? ဒီစာလုံးကို ငါတကယ်ရေးခဲ့တာလား? ၄

Vol. 16 Ch. 234

ဒါဘယ်လိုဖြစ်တာလဲ? ဒီစာလုံးကို ငါတကယ်ရေးခဲ့တာလား? ၄

Vol. 16 Ch. 234

ဂိတ်ကနေ ချင်းလင်စံအိမ်ကို တစ်နေ့ ၁၀ သုတ်လောက်ဆွဲနိုင်သည်။ နေ့လယ်နားနီးအထိ ခေါက်တုံ့ခေါက်ပြန်သွားနိုင်၏။

တစ်နေ့ခရီးသည် စုစုပေါင်း ၁၅ခေါက်လောက်ဆွဲဖို့အခက်အခဲမရှိ။ ကားအတွက် ယွမ် ၁၀၅၀ မှ ၁၂၇၅ ယွမ်ရသည်။ ဂတ်စ်ဖိုးနှင့်အခြားအသုံးများနုတ်လိုက်လျှင် တစ်လယွမ်သောင်းချီရဖို့အသာလေးပင်။

အဓိကမှာ ချင်းလင်စံအိမ်ခရီးသည်များလွန်းသောကြောင့် ကားမလုံလောက်၍ ကိုယ်ပိုင်ကားအတော်များများက ဖောက်သည်များတောင်းလာကြသည်။ ကုမ္ပဏီကလည်း ကားအရေအတွက်တိုးရန်စီစဉ်နေ၏။

ပျမ်းမျှလစာယွမ် ၃-၄၀၀၀ ရှိသော ရုံချန်းစီရင်စုတွင် တက္ကစီမောင်းသူများမှာ ဝင်ငွေမြင့်သောအုပ်စုဖြစ်လာပြီး လူအတော်များများအတောင့်တဆုံးအလုပ်အကိုင်တစ်ခုဖြစ်လာသည်ဟုဆိုနိုင်သည်။

ထို့ကြောင့် ချင်းလင်စံအိမ်ကို အလွန်ကျေးဇူးတင်မိသည်။ သူတို့လည်း ဒီအလုပ်ကို ချင်းလင်စံအိမ်ကပေးထားခြင်းဖြစ်ကြောင်းသိကြ၏။ ထို့ကြောင့် အကြိမ်ပေါင်းများစွာ ခရီးသည်များအား ချင်းလင်စံအိမ်အနေအထားကိုမိတ်ဆက်ပေးပြီး ချင်းလင်စံအိမ်မှာဘယ်လိုလည်ပတ်ရင်ပိုကောင်းကြောင်းအကြံပေးကာ အကူအညီပေးကြသည်။ ချင်းလင်စံအိမ်အကြောင်း စကားကောင်းပါပြောပေးကြ၏။

ချင်းလင်စံအိမ်မပြိုလဲသရွေ့ သူတို့အလုပ်လည်းအာမခံချက်ရှိသည်ဟုနားလည်ထားကြသည်။

ဝမ်ရန်နှင့်စုကျွမ်မှာ ကားအကြာကြီးစောင့်စီးပြီး နောက်ဆုံးချင်းလင်စံအိမ်ရောက်လာကြ၏။ ကားထဲမှထွက်ထွက်ချင်း ဗုံသံ၊ မောင်းသံ၊ မီးရှူးမီးပန်းအသံများကြားလိုက်ရသည်။



သူတို့နှစ်ယောက်က အနီရောင်ပိုးစနှင့်ပတ်ထားသောဆိုင်းဘုတ်တစ်ခု စံအိမ်ပေါက်ဝတွင်ချိတ်ဆွဲထားသည်ကိုမြင်ရသည်။ စံအိမ်ကပြောင်းလဲမည့်ဆိုင်းဘုတ်ဖြစ်ရမည်။

ထိုအချိန်တွင် ဝင်ပေါက်ပတ်ပတ်လည်၌ ခရီးသည်အများရှိနေပြီဖြစ်သည်။ သူတို့ကလည်း ချင်းလင်စံအိမ်၏ကတ်အသစ်အကြောင်း အလွန်သိချင်လှပြီ။

ချင်လင်၊ ကျောက်မိုချင်း၊ ချန်ရှန်းဖေ၊ လီရှင်းတို့လည်းရောက်လာပြီး မီးရှူးမီးပန်းအသံများဆီကြည့်လိုက်ကြသည်။

''ဆိုင်းဘုတ်ကိုဘယ်လိုပုံထင်လဲ လောင်ချန်?'' မာလဲ့ဝမ်က စူးစမ်းမေးလိုက်၏။

သူတို့ရောက်လာပြီးကတည်းက ဒီဆိုင်းဘုတ်ကိုမမြင်ရသေး။ အခုမှကြည့်ရတော့မည်။

ချန်ရှန်းဖေကပြုံးပြီး_ ''သိတာပေါ့... ငါက ဆိုင်းဘုတ်မှာကမ္ဗည်းထိုးဖို့ ကူညီပေးတဲ့သူပဲ... ငါ့ဦးလေးရေးထားတာလေ''

''စိတ်ပျက်အောင်မလုပ်မိဖို့ မျှော်လင့်ပါတယ်'' ချန်ဖုန်းဝူက တခြားသူများကိုလက်အုပ်ပုံစံပြပြီး ပြောလိုက်သည်။

မီးရှူးမီးပန်းအသံများကြောင့် သူတို့ပတ်လည်တွင် ခရီးသည်များစုဝေးနေကြပြီ။

ထိုအချိန်တွင် ချန်တပေက ဆိုင်းဘုတ်အောက်လျှောက်သွားပြီး အနီရောင်ပိုးစထောင့်ကိုဆုပ်ကိုင်လိုက်သည်။

ချင်လင်က ချင်းလင်စံအိမ်စာရင်းသွင်းအခမ်းအနားအတွက် ကုမ္ပဏီကြီးများနှင့်လုပ်ထားခြင်းမရှိ။ ဗုံမောင်းတီးပြီး မီးရှူးမီးပန်းသာလွှတ်၏။ အဓိကက ပွဲဖြစ်မြောက်ရန်သာဖြစ်သည်။ ထို့အပြင် ခရီးသည်များတက်ကြွစေရန် အကျိုးအမြတ် ၄၆၆၆ လည်းရှိသေးသည်။

သူဌေးတွေလို ဒါကိုလုပ်ဖို့ကိုယ်တိုင်ကိုယ်ကျတိုက်တွန်းခြင်းမျိုးတောင်မရှိ။

သူ့ကိုယ်သူမထင်ပေါ်စေချင်။ သူတတ်နိုင်သရွေ့ သိုသိုသိပ်သိပ်သာနေမည်။

ချန်တပေက စိတ်လှုပ်ရှားနေသည်။

သူဌေးက ပိုးစလက်ခံတာလိုအရေးကြီးသောကိစ္စကို သူ့ကိုအပ်နှံထားခြင်းမှာ သူဌေးကသူ့ကိုယုံကြည်သည်ဆိုသောအချက်ပင်။ သူက သူဌေးရဲ့လူယုံတော်။

ရှေးယခင်က သူဌေးသာ ဧကရာဇ်ဖြစ်ခဲ့လျှင် သူကကုန်းကုန်းဖြစ်... မဟုတ်သေးဘူး၊ တပ်မှူးဖြစ်လိမ့်မည်။

''ပိုးစကိုဖမ်း''



ချန်တပေကအော်ပြီး အနီရောင်ပိုးစကိုဆွဲချလိုက်သည်။

ခဏချင်း_

အရည်အသွေး ၂ သစ်မွှေးဆိုင်းဘုတ်မှာ အားလုံးမျက်စိထဲတွင်ပေါ်လာပြီး 'ချင်းလင်စံအိမ်'ဟူသောစာလုံးမှာ အားလုံး၏မျက်စိထဲစွဲထင်သွားသည်။

အာရုံကိုဆွဲဆောင်နိုင်ခြင်း +၂ နှင့် အနုပညာအသွင်အပြင်ရှိခြင်း +၂ အရည်အသွေးက အားလုံးကိုအကြည့်မခွာနိုင်အောင် ချက်ချင်းပြုစားလိုက်၏။

ဆိုင်းဘုတ်ပေါ်ရှိစာလုံးများက လှပလွန်းပြီး ပြောမပြနိုင်အောင် အနုပညာအသွင်အပြင်ကိုဆောင်နေသည်။ အဓိကအချက်မှာ 'ချင်းလင်စံအိမ်'ဟူသောစာလုံးက သူမတူအောင်အသက်ဝင်နေခြင်းပင်။

မာလဲ့ဝမ်က စာလုံးများကိုမြင်မြင်ချင်း အံ့သြသွားပြီး_ ''ဆရာချန်... ခင်ဗျားလက်ရေးကကောင်းတယ်... ကမ္ဗည်းထိုးတာကို ဒီလောက်ကောင်းကောင်းမြင်ဖူးတာ ဒါပထမဆုံးပဲ... ကျွန်တော့်ကုမ္ပဏီကိုရော ကူညီပေးနိုင်မလား?''

လီရှင်းက မပြောဘဲမနေနိုင်တော့_ ''ဆရာချန်... ခင်ဗျားရဲ့လက်ရေးက တိုင်းပြည်မှာအကောင်းဆုံးပဲ... အနည်းဆုံးတော့ ကျွန်တော်မြင်ဖူးသမျှစာလုံးထဲမှာ ခင်ဗျားလက်ရေးအလှဆုံး''

ချန်ရှန်းဖေကစာလုံးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခုတော့မှားနေပြီ။ ဘာလို့မတူသလိုခံစားနေရပါလိမ့်?

ဆရာချန်ဖုန်းဝူလည်း မှင်သက်နေ၏။ သူက 'ချင်းလင်စံအိမ်'ဟူသောစာလုံးကို မယုံနိုင်စွာကြည့်နေသည်။

ဒီစာလုံးတွေကို သူတကယ်ရေးခဲ့တာလား?

သူစုတ်တံသုံးပြီး စာရွက်ပေါ်မှာရေးမယ်ဆိုရင်တောင် ဒီလောက်အသက်ဝင်တဲ့ခံစားချက်မျိုးရမှာမဟုတ်။ ဆိုင်းဘုတ်ပေါ်မှာထွင်းထားတဲ့စာလုံးတွေက ဘာလို့ဒီလောက်အသက်ဝင်နေတာလဲ?

သူကိုယ်တိုင်တွေ့မြင်ရသောအခါ သူသဘောကျသွားသည်။ နံပါတ်တစ်ဟုပြောလျှင် ချဲ့ကားရာရောက်မည်မထင်။

''အရင်တစ်ခေါက်က ငါထူးထူးခြားခြားရေးခဲ့လို့လား? ငါ့အင်အားတွေတိမ်မြှုပ်နေတာလား?'' ဆရာချန်ဖုန်းဝူက အရင်တစ်ခါသူကမ္ဗည်းထိုးခဲ့စဉ်အခြေအနေကိုခက်ခက်ခဲခဲပြန်စဉ်းစားရင်း ရေရွတ်လိုက်သည်။

သူမူးနေခဲ့တာလားမသိ။ ချန်ရှန်းဖေဆီကဖုန်းဝင်လာတော့ အရက်ရှိန်နှင့် စာလုံးလေးလုံးအလိုက်သင့်ရေးပေးလိုက်သည်။ ဘယ်အမှိုက်ပုံးထဲကို မူရင်းစာရွက်ပစ်လိုက်လဲမသိတော့ချေ။

သူဌေးချင်က စံအိမ်မှာဧည့်ခံခဲ့ပြီးဖြစ်၍ ဒါကိုထုတ်ပြောဖို့ရှက်စရာကောင်းလွန်းသွားပြီ။

ဒါပေမဲ့ သူ့ရဲ့ဝတ်ကျေတန်းကျေအရေးအသားလေးက ဒီလောက်ကောင်းနေမယ်လို့ ဘယ်ထင်မလဲ?

သူကမ္ဘာသစ်ဖွင့်လိုက်မိတာလား? သောက်ရင်းမူးရင်းရေးရင် သူ့လက်ရေးကပိုတိုးတက်တာလား?

ဆရာချန်ဖုန်းဝူမှာ ရုတ်တရက်ပြန်ချင်စိတ်ပေါက်သွားလေသည်။



All Chapters