ဂိမ်းရဲ့လုပ်ငန်းအသစ်: တီဗွီ အွန်လိုင်း! ၂
Vol. 16 Ch. 239
ဝမ်ရန်စားနေစဉ် စုံတွဲတစ်တွဲအပြေးဖြတ်သွားသည်ကိုတွေ့ရသည်။
''မြန်မြန်... စံအိမ်ဝင်ပေါက်မှာ ဗီဒီယိုရိုက်ရအောင်... ဆိုင်းဘုတ်အောက်ကဗီဒီယိုကိုတင်ထားတဲ့သူရှိနေပြီ''
''အရမ်းမလောပါနဲ့... ဆိုင်းဘုတ်က ဘယ်မှမပြေးပါဘူး''
ဝမ်ရန်က ထိုအသံကြားလျှင် သူ့ဖုန်းကိုသိမ်းလိုက်ပြီး စုကျွမ်အား_ ''ဘေဘီ... မြန်မြန်စား... စားပြီးရင် တို့ဗီဒီယိုရိုက်ပြီး အခိုက်အတန့်များမှာတင်မယ်... မဟုတ်ရင် လာပြီးအလကားဖြစ်မယ်''
ချင်းလင်စံအိမ်ဆိုင်းဘုတ်တန်ဖိုးပေါ်သွားပြီးနောက် စံအိမ်ဝင်ပေါက်နှစ်ခုမှာ ခရီးသည်များအတွက် မသွားမဖြစ်ဖြစ်လာမည်ဟု သူကြိုသိနေသည်။
နောက်ဆို ခရီးသည်တွေ တံခါးဝမှာတန်းစီရလောက်သည်။
ဘာပဲဖြစ်ဖြစ် အနည်းဆုံးယွမ် ၁.၁ သန်းတန်တဲ့ဆိုင်းဘုတ်ပဲလေ။ ဒါတန်ဖိုးကြီးအနုပညာပစ္စည်းလို့သတ်မှတ်နိုင်တယ်မဟုတ်လား?
ပြီးတော့ ဒီလိုတန်ဖိုးရှိတဲ့ဆိုင်းဘုတ်မျိုးကို သာမန်လူတွေဘယ်လောက်များများကမြင်ဖူးမှာလဲ?
ဒီလိုဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး သူတို့အခိုက်အတန့်များမှာမတင်ချင်တဲ့သူရောရှိမလား?
ဘာပဲဖြစ်ဖြစ် အနည်းဆုံးယွမ် ၁.၁ သန်းတန်တဲ့ဆိုင်းဘုတ်နဲ့ဓာတ်ပုံတော့ရိုက်နိုင်သေးတာပေါ့ ဟုတ်တယ်မလား?
နောင်မှာ ချင်းလင်စံအိမ်ကိုလာလည်ပြီး ဒီဆိုင်းဘုတ်အောက်မှာဗီဒီယိုမရိုက်လိုက်ရရင် တစ်ခုခုဆုံးရှူံးသလိုလိုခံစားရလိမ့်မည်။

ဝမ်ရန်က သူ့အသားကင်ကိုလတ်စသတ်ပြီး စုကျွမ်ကို စံအိမ်ဝင်ပေါက်ဆီခေါ်သွားရာ သူအံ့အားသင့်သွားသည်။
အဲဒီမှာ လူတန်းရှည်ကြီးရှိနေပြီ။ ကြပ်သိပ်နေ၏။
…
အချိန်တချို့ကုန်လွန်သွားသည်။
မကြာခင် ညနေပိုင်းရောက်သွား၏။
ချင်လင်ရုံးခန်းထဲသို့ ကျောက်မိုချင်းဝင်ဝင်လာချင်း ချင်လင်ကဖက်လိုက်သည်။
တံခါးကို နောက်မှာလော့ချလိုက်၏။
''ချင်လင်... ရှင်နဲ့လုပ်ငန်းအကြောင်းပြောဖို့လာတာ'' ကျောက်မိုချင်းက ချင်လင်ကိုမျက်လုံးလှန်ကြည့်လိုက်သည်။
''ကိုယ့်ပေါင်ပေါ်မှာထိုင်ပြီးလည်း ပြောလို့ရပါတယ်'' ချင်လင်က ဂုဏ်ယူပုံနှင့်ပြုံးလိုက်သည်။ သူက ကျောက်မိုချင်းကို သူ့ပေါင်ပေါ်တင်ပြီး ထိုင်ချလိုက်၏။
ကျောက်မိုချင်း ဒီလူနဲ့ပတ်သက်ပြီး တကယ်ဘာမှမတတ်နိုင်_ ''ရှင်ဘာလို့ အမြဲတမ်းရုံးခန်းထဲမှာ ဒီလိုလုပ်ရတာလဲ?''
ချင်လင်ကပြုံးပြီး အဓိပ္ပါယ်ပါပါနှင့်_ ''ဒါရုံးခန်းစတိုင်လို့ခေါ်တယ်... မင်းသာ ရုံးဝတ်စုံကိုယ်ကြပ်နဲ့ ဆွဲဆောင်မှုရှိတဲ့စတော့ကင်လေးဝတ်လိုက်ရင်...''
''ဘာတွေလဲ... ဘာတွေတွေးနေတာလဲ?'' ကျောက်မိုချင်းကမျက်နှာနီရဲသွားပြီး ချင်လင်ကိုစကားဖြတ်ပြောလိုက်၏။ ရှက်ရှက်နှင့် သူ့ခါးကိုဆွဲဆိတ်လိုက်ပြီးမှ_ ''ဟွန့်... လိုင်းပေါ်ကသတင်းတွေတွေ့တယ်မလား? ကျွန်မတို့စံအိမ်ရဲ့ဆိုင်းဘုတ်နှစ်ခုလည်း အရမ်းနာမည်ကြီးနေပြီ... အဲဒီဆိုင်းဘုတ်နှစ်ခုက အနည်းဆုံးယွမ် ၂.၂ သန်းတန်တယ်ဆိုတာ ရှင်ပြောတောင်မပြောဘူး''
ချင်လင်ကဗီဒီယိုကြည့်ထားပြီးဖြစ်၍ ရှင်းပြလိုက်သည်_ ''ဆရာချန်ဖုန်းဝူရဲ့လက်ရေးက ငွေကုန်ကြေးကျမရှိဘူး... မော်ကွန်းဘုရင်က ဒီအကြောင်းမသိဘူး''
စာလုံးတွေကဘာလို့အရမ်းအသက်ဝင်နေမှန်း သူကောင်းကောင်းသိသော်လည်း ဆရာချန်ဖုန်းဝူမှာ ဒီတစ်ကြိမ်တွင်လုံးဝနာမည်ကြီးလာတော့မည်။ သူ့လက်ရေးက အလွန်တန်ဖိုးရှိလာနိုင်သည်။
သို့သော် ကျောက်မိုချင်းက စိုးရိမ်တကြီးနှင့်_ ''ဆရာချန်ဖုန်းဝူက မိတ်ဖြစ်ဆွေဖြစ်ရေးပေးတယ်ဆိုရင်တောင် ကျွန်မတို့ဆိုင်းဘုတ်က အနည်းဆုံးယွမ် ၂.၂ သန်းတန်တယ်ဆိုတာ အင်တာနက်ပေါ်မှာအကုန်သိကုန်ကြပြီ... တချို့ဆို ကျွန်မတို့ဆိုင်းဘုတ်ကိုခိုးဖို့ အဖွဲ့ဖွဲ့ဖို့တောင် အကြံပေးထားသေးတယ်''
''အဲဒါအပျော်သဘောနဲ့ပြောတယ်ဆိုတာသိပါတယ်... ဒါပေမဲ့ ကျွန်မတို့စောင့်ကြည့်ရမယ်... အဲဒါကြောင့် ဝင်ပေါက်မှာပုံသေစောင့်ဖို့ တစ်ယောက်တည်းလွှတ်ထားတာ မလုံခြုံဘူး... ညပိုင်းပုံသေစောင့်ဖို့နှစ်ယောက်ထားတာအကောင်းဆုံးပဲ''
''မင်းပဲစီစဉ်လိုက်ပါ'' ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူကမေးလိုက်၏_ ''အကျိုးအမြတ်တွေဝေပေးနေတာ အခြေအနေဘယ်လိုရှိလဲ?''
ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''သူများတွေယူသွားတာကြာပေါ့... နံ့သာဖြူနံ့သာမှုန့်တောင် မကျန်တော့ဘူး... ပါမောက္ခရန်နဲ့ကိစ္စဖြစ်ခဲ့ပေမဲ့ ဒီနေ့လာတဲ့သူအများကြီးပဲ... လူအရေအတွက်တင် အရင်တစ်ခါအကြီးအကဲစားပွဲထက်မနည်းဘူး''
''ဒါပေမဲ့ အခုအားလုံးက ဆိုင်းဘုတ်နဲ့လိပ်ခေါင်းသက်သာတဲ့ဆေးဖက်ဝင်ဝိုင်ကိုအာရုံစိုက်နေကြတာ... နံ့သာဖြူနံ့သာမှုန့်ကို ဘယ်သူမှစိတ်မဝင်စားကြဘူး''

ချင်လင်ကပြုံးလိုက်ပြီး_ ''အဲဒါ ဘယ်သူမှမသုံးဖူးသေးလို့လေ... ညကျတစ်ယောက်ယောက်သုံးပြီးသွားရင် ပစ္စည်းကောင်းမှန်းသိလာလိမ့်မယ်''
''အင်း!'' ကျောက်မိုချင်းခေါင်းညိမ့်လိုက်ပြီးမှ ရုတ်တရက် ချင်လင်၏လက်က သူမအင်္ကျီထဲဝင်လာမှန်းသိလိုက်သည်။
သူမက မျက်စောင်းထိုးကြည့်လိုက်ပြီး_ ''ကျွန်မတို့စံအိမ်မှာနော်... ဆင်ဆင်ခြင်ခြင်မနေနိုင်ဘူးလား? ညအိမ်ပြန်ရောက်မှ လုပ်ချင်တာလုပ်လေ''
“ခဏလေးပါ” ချင်လင်ကပြုံးစိစိလုပ်နေလိုက်သည်။
''ဟမ်!'' ကျောက်မိုချင်းက ထပ်ပြီးမျက်စောင်းထိုးကာ လက်လွှတ်ပေးလိုက်ရ၏။
ခဏအကြာ ကျောက်မိုချင်းမှာနီရဲနေသောမျက်နှာဖြင့် ချင်လင်ရုံးခန်းအပြင်ဘက်ထွက်လာသည်။ နောက်ဆို ဒီကောင်ကို လုံးဝအလိုမလိုက်တော့ဘူး။ တဖြည်းဖြည်းနဲ့ လွန်လွန်လာပြီ။
ရုံးခန်းထဲတွင် ချင်လင်မှာ ကျောက်မိုချင်းမျက်နှာရဲရဲနှင့်ထွက်သွားသည်ကို အလွန်ကျေနပ်နေသည်။
သူက မရေမရာရုံးခန်းအငွေ့အသက်ကိုခံစားပြီး ကျောက်မိုချင်း၏ကျစ်လစ်သောခန္ဓာကိုယ်ကိုလည်း ခံစားရုံမျှသာ။
ဒီထက်မဖွယ်မရာလုပ်တာမျိုးတော့ သူ့နေရာသူသိသည်။ သူ့ဇနီးအပေါ် ကရော်ကမည်လုပ်မည်မဟုတ်ပေ။
…
ညဉ့်နက်ပိုင်း စံအိမ်တွင်_
ချင်လင်ထင်ထားသည့်အတိုင်း နံ့သာဖြူမှုန့်ရသောခရီးသည်များက စတင်စမ်းသပ်တော့သည်။
ဝမ်ရန်က စုကျွမ်ကို သတို့သမီးခန်းထဲခေါ်ပြီး နံ့သာဖြူမှုန့်အာနိသင်ကိုစမ်းသပ်ရန် စိတ်အားထက်သန်နေ၏။
သူက နံ့သာဖြူမှုန့်အကျိုးအမြတ်ကိုမရခဲ့။ သို့သော် သူ့တွင်ပိုက်ဆံရှိသည်။ နံ့သာဖြူမှုန့်ရတဲ့ခရီးသည်တွေဆီက ပိုက်ဆံပေးဝယ်လိုက်ရင် ရောင်းမည့်သူတော့ရှိတတ်စမြဲ။ အများကြီးတောင် ဝယ်နိုင်ခဲ့သည်။
ခရီးသည်များက ဒါမျိုးတွေကိုသိပ်အာရုံမစိုက်ကြ။ သူတို့က တစ်ထုပ်ယွမ် ၂၀၀ ကျော်ကျော်မျှနှင့်ဝယ်ခဲ့သည်။
သူ့မှာ အိပ်မပျော်နိုင်တာမျိုးမရှိသော်လည်း ပစ္စည်းကောင်းဆို စမ်းသပ်ချင်စိတ်ကအမြဲရှိသည်။
“ဝမ်ရန်?”
ဝမ်ရန်သူ့အိပ်ခန်းထဲဝင်လိုက်စဉ် တစ်ဖက်မှမေးခွန်းထုတ်သောအသံထွက်လာသည်။
ဝမ်ရန်ကချာခနဲလှည့်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်ခြံထဲတွင် မျက်မှန်နှင့် လက်တော့နှင့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမအံ့သြဘဲမနေနိုင်တော့_ ''ဝမ်ကူ?''
ထိုသူမှာ သူ့တက္ကသိုလ်အတန်းဖော်ဖြစ်သည်။ သူ့နာမည်ကို စိတ်ထဲတွင်စွဲထင်နေဆဲ။ ဝမ်မျိုးရိုးမှာ တွေ့ရရှားပြီး 'ဝမ်ကူ'ဟူသောနာမည်ကလည်း ထူးဆန်းသည်။
''အဟုတ် မင်းလား?'' ဝမ်ကူကအံ့သြသွားပုံနှင့် ရှေ့တိုးလာ၏။
ဝမ်ရန်ခေါင်းညိမ့်လိုက်သည်_ ''အတန်းဖော်ဟောင်း... မတွေ့တာကြာပြီ... အခုဘာတွေလုပ်နေလဲ?''
ဝမ်ကူကရှင်းပြလိုက်သည်_ ''အရင်ကတော့ ဝတ္ထုတွေဖတ်တာပေါ့ကွာ... ဒါပေမဲ့ အခုဝတ္တုရေးနေပြီ... ငါ့စာဖတ်သူတွေက အသစ်တင်ဖို့တောက်လျှောက်ပြောပြီး ဓားပိုင်းလေးတွေပို့ကြတယ်... ငါစိတ်ဖိစီးပြီး အိပ်မပျော်ဖြစ်လာရော... ဒီတစ်ခေါက် ချင်းလင်စံအိိမ်ရဲ့နံ့သာဖြူမှုန့်က အိပ်ပျော်စေတယ်လို့တွေ့တာနဲ့ အဲဒါယူဖို့လာခဲ့တာ... ခရီးသည်တွေဆီကတောင် နည်းနည်းထပ်ဝယ်ထားသေးတယ်''