နောက်ဆုံးတိုက်ပွဲ
Vol. 008 Ch. 795
ကျူးကော့ရီက ယူချင်းကို ကြည့်သည်။ ကောင်ကင်၌ လေထု တုန်ခါမှုများ ဖြစ်ပေါ်လာကာ ဓာတ်ငါးမျိုး အလင်းများက သူ့နောက်၌ ဖြစ်ပေါ်လာနေသည်။ မဆုံးနိုင်သော လေထုလှိုင်းများက ယူချင်းအား ရစ်ပတ်ကြရာ တဝုန်းဝုန်းမြည်သံများအား ကြားကြရ၏။ ထို့နောက်တွင် အလင်းတန်းများက ယူချင်းထံကို တိုက်ရိုက် ကျဆင်း လာကြတော့သည်။
“ မြေဓာတ်… ဝင်္ကပါထောင်ချောက်… ”
ကျူးကော့ရီက အေးစက်စွာ ပြောသည်။ သူက ဓာတ်ငါးမျိုး ဝင်္ကပါကို တည်အခြေခံ အဖြစ်တည်ဆောက်ကာ တစ်ဖက်လူအား မြေဓာတ်ဖြင့် ချုပ်နှောင်ရန် ကြိုးစားသည်။ ချက်ချင်းပင် ယူချင်း ပတ်ပတ်လည်၌ ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာပြီး သူ့အား မြေဓာတ်စွမ်းအင်များ ရစ်ပတ်သွားတော့သည်။
ယူချင်းက လှုပ်ရှားခြင်းမရှိပေ။ သူ၏မျက်လုံးတွင် နက်ရွှေရောင် အလင်းတစ်ချက် လက်သွားပြီး ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် သူက လက်ဆန့်တန်း လိုက်သည်တွင် နက်ရွှေရောင် အားလှိုင်းက လေထုကို စီးဆင်းသွားပြီး အလွန်ပြင်းထန်သော လောကဓာတ်က လေဟာနယ်ကို ဖိအားပေးလာသည်။ ကောင်းကင်နှင့် မြေပြင်အကြားရှိ အဆုံးအစမဲ့သော စွမ်းအင်က နက်ရွှေရောင် အလင်းများ အဖြစ် ပြောင်းလဲသွားကာ သူ့ထံကို ပြန်လည် စီးဆင်းလာကြသည်။
ချက်ချင်းပင် ယူချင်း၏ခန္ဓာကိုယ်က ပိုမို၍ကြီးမား သန်စွမ်းလာသည် ထင်ရ၏။ မကြာမီ သူက ပေတစ်ရာကျော် မြင့်မားထွားကျိုင်းသွားကာ သူ၏သန့်စင်ခန္ဓာက ရုပ်ခန္ဓာနှင့် ပေါင်းစပ်သွားပြီး စစ်မှန်သော နတ်ဘုရားတစ်ပါး အလားဖြစ်လာသည်။
ကြောက်မက်ဖွယ် ကောင်းသော နက်ရွှေရောင် စွမ်းအားလှိုင်းက ကောင်းကင် ပုဆိန်ရှည်အဖြစ် ပြောင်းလဲသွားကာ ယူချင်း၏လက်ပေါ်ကို ကျဆင်းလာသည်။ ပုဆိန်ရှည်ကလည်း တူညီစွာပင် ဧရာမကြီးမားလွန်းပြီး ပြင်းထန်အားကောင်းသော အနက်ရောင်လှိုင်းများစီးဆင်းနေသည်။
ထိုမြင်ကွင်းက အားလုံးကို ထိတ်လန့်စေခဲ့၏။ ဤအရာက သူ၏သန့်စင်ခန္ဓာမှ ဖြစ်ပေါ်လာသော အဆုံးမဲ့ ပြောင်းလဲမှုလား။
နတ်ဆိုး၏ခန္ဓာ… စကြဝဠာ၏ဝါးမျိုခြင်းစွမ်းအား…
ဒုန်း…
ခြေလှမ်းအချို့တွင် စင်မြင့်က တုန်ခါသွား၏။ နတ်ဆိုး၏ပုဆိန်ရှည်က မြေဓာတ်ဝင်္ကပါထံကို ကျဆင်းလာသည်တွင် ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ဝင်္ကပါက ပျက်စီးသွားတော့သည်။
“ ပြိုင်ဘက်ကင်းစွမ်းအားပဲ… ” လူအများအပြားက စင်မြင့်ထက်မှ ယူချင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်ကြရ၏။ နိုဘယ်တို့၏တိုက်ပွဲက ဤမျှပြင်းထန်ပါသလော။
ကျိရှားတော်ဝင်နန်းတော်မှ တန်ခိုးရှင်များပင် ယုံကြည်မှု မရှိကြတော့ပေ။ ယူချင်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ဤမတိုင်မီက သူ၏ စွမ်းအားကုန်ကို ထုတ်သုံးခြင်း မပြုခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ယူချင်းက သူ၏ပြိုင်ဘက်များအား သူ၏ အားကုန်ထုတ်သုံး တိုက်ခိုက်ရန် မထိုက်တန်ဟု တွေးသည်လည်း ဖြစ်နိုင်ပေ၏။
ဤအရာက သူ၏နောက်ဆုံးပုံစံလား။
အားကောင်းသန်မာလွန်းပေ၏။
ကျူးကော့ရီ၏အမူအရာက ဆက်တိုက်ပြောင်းလဲသွားသည်။ သူ့နောက်မှ ဝင်္ကပါက ပျံသန်းသွားကာ ယူချင်းအပေါ်သို့ ရောက်လာသည်။ ဝင်္ကပါမှ အလင်းများ ဖြာထွက်လာပြီး ယူချင်းထံကို ဖျန်းပက်လာ၏။
“ အပြစ်ကင်းစင်ခြင်းဓား.. ”
သတ္တု၊သစ်သား၊ ရေ၊မီး၊ မြေ… ဓာတ်ငါးမျိုးက ဓားအလင်းတန်းများ အဖြစ်ပြောင်းလဲသွားကာ ကြီးမားသော စွမ်းအားများဖြင့် ယူချင်းထံကို ဆင်းသက်လာကြသည်။
ယူချင်းက ကောင်းကင်ကိုကြည့်ကာ သူ၏လက် ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဆိုး ပုဆိန်ရှည်ထံမှ နက်ရွှေရောင် အလင်းများ ဖြာထွက်လာပြီး အပေါ်ကို ပျံတက်သွားကာ အပြစ်ကင်းစက်ခြင်း ဓားထံသို့ သွားရောက် ရင်ဆိုင်သည်။ လှပသော အလင်းတန်းများနှင့် အနက်ရောင်ပုဆိန်ရှည်တို့ ရင်ဆိုင်တွေ့သည်တွင် မယုံကြည်နိုင်ဖွယ် စွမ်းအင်ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်လာတော့သည်။
“ ရေဝင်္ကပါ… ” ကျူးကော့ရီက နောက်တစ်ဖန် အမိန့်ပေးသည်တွင် ကောင်းကင်နှင့်မြေပြင်က အေးခဲသွားပြီး စင်မြင့် တစ်ခုလုံးကလည်း ရေခဲကမ္ဘာအဖြစ်သို့ ပြောင်းလဲသွား၏။ ဧည့်ကြည့်စင်မှ ရှီအဆင့်အောက် တန်ခိုးရှင်များပင် အအေးဓာတ်လှိုင်းများကြောင့် သူတို့ကိုယ်တိုင်က အေးခဲသွားတော့မည့် အလား ခံစားနေကြရသည်။
“ မီးဝင်္ကပါ… ”
ကျူးကော့ရီက တိုက်ခိုက်ခြင်းက မရပ်တန့်ပေ။ မီးတောက်မီးလျှံများက ရေခဲကမ္ဘာ အထက်တွင် ထပ်မံလောင်ကျွမ်းကာ ယူချင်းထံကို လာရောက် ဝါးမျိုသည်။ အအေးနှင့် အပူတို့ကား ဓာတ်ငါးမျိုး၏ အပြင်းထန်ဆုံးသော စွမ်းအားများ ဖြစ်ကြပေသည်။
မရေမတွက်နိုင်သောမျက်လုံးများက ယူချင်းထံကို ရောက်လာသည်။ ဘန်းခနဲမြည်သံနှင့် အတူ သူ၏ခန္ဓာကိုယ်က ရွှေ့လျားသွား၏။ ထိုအခိုက်တွင် အေးခဲနေသော ကမ္ဘာက အက်ကွဲကြောင်းကြီးများ ဖြစ်လာကာ ဝုန်းခနဲ မြည်သံနှင့်အတူ ယူချင်းက ရှေ့ကို တက်လာသည်။ ရေခဲဓာတ်များက သူ၏ခြေဖျက်မှုကို ခံရသည်တွင် သူ့ခန္ဓာကိုယ်ကို မီးတောက်များ ရစ်ပတ်ထားရာ မီးနတ်ဘုရား တစ်ပါးအလား ထင်မှတ်ရ၏။
ကျူးကော့ရီ၏မျက်ခုံးများ တွန့်သွားသည်။ ဒီအကောင်… ငါသူ့ကို တကယ်ရော ထိခိုက်အောင် လုပ်နိုင်ပါ့မလား။
ရှားရီကား အလွန်အမင်းအားကောင်းသော်လည်း သူက ဓာတ်ငါးမျိုးဝင်္ကပါဖြင့်တိုက်ခိုက်သည်တွင် သူ့အား ဖိနှိပ်ကာ အနိုင်ယူနိုင်ခဲ့၏။ သို့သော်လည်း ယူချင်းကား မည်သည့်အရာကိုမှ မှုဟန်မရပေ။ မည်သည့်စွမ်းအားကမှ သူ၏ခုခံမှုကို မဖြတ်ကျော်နိုင်ပေ။
ရှားရီကား အလွန်အမင်း ရက်စက် ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သည့်တိုင် သူက ဓာတ်ငါးမျိုးစွမ်းအင်ဖြင့် ကောင်းကောင်း အနိုင်ယူနိုင်ခဲ့၏။ သို့သော် ယူချင်းကား ပြိုင်ဘက်ကင်း နတ်ဘုရားကဲ့သို့ပင် ဖြိုဖျက်နိုင်ခြင်း၊ အနိုင်ယူ၍မရသော ဖြစ်တည်မှုပင်။
ဒုန်း…
ယူချင်းက ရှေ့ကိုတစ်လှမ်း လှမ်းလာသည်တွင် ကျူးကော့ရီ၏ ရင်ဘတ်က တုန်ခါသွားသည်။ သူ၏ချောမောသော မျက်နှာက သုန်မှုန်သွားကာ ခေါင်းမော့လျက် ယူချင်းအပေါ်တွင် ရှိနေသာ ဓာတ်ငါးမျိုး ပင်မအလင်းစုအား ကြည့်သည်။ ထို့နောက် သူက မျက်လုံးကို မှိတ်လိုက်၏။
ထိအခိုက်တွင် ကျူးကော့ရီ၏ခန္ဓာကိုယ်က လောင်ကျွမ်းနေသည်။ ဓာတ်ငါးမျိုး၏ ရှေးမူလ သင်္ကေတများက သူ့ကိုယ်ထဲမှ ထွက်ပေါ်လာကာ လောကနှင့်သူ့အား တစ်သားတည်း ဖြစ်သွားစေ၏။
ရုတ်တရက် အလင်းစုက ပိုမိုကြီးမားလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ စကြဝဋ္ဌာအတွင်းမှ ဓာတ်ငါးမျိုးအပြင် လေနှင့်မိုးကြိုးတို့ပင် အလင်းစုထဲ တွေ့ရပေသည်။ တိုက်ပွဲစင်မြင့်က ကမ္ဘာဖျက်စွမ်းအား တစ်ခုကို ထမ်းပိုးလာရသည်။
ယူချင်း၏မျက်လုံးက အရောင်တစ်ချက် လက်သွားသည်။ ထိုအခိုက်တွင် အလင်းစုမှ ဖြစ်တည်လာသော တောင်ကုန်းနှင့်မြစ်၊ ပင်လယ်ရုပ်သဏ္ဍာန် အစုအဝေးက ကမ္ဘာပျက်သည့်အလား ယူချင်းထံကို ကျဆင်းလာတော့သည်။
ယူချင်းက နတ်ဆိုးတစ်ပါးအလား ကောင်းကင်ကို မို့ကြည့်သည်။ သူ၏လက်မှ ပေတစ်ရာကျော် ရှည်သော ပုဆိန်ရှည်ကား ကောင်းကင်ကို ထွင်းဖောက်သွားသည်။ ရုတ်တရက် တောင်ကုန်းနှင့် ပင်လယ် အစုအဝေးက ကွဲအက်ကာ ပြိုကွဲကျဆင်းသည်။ သို့တိုင်အောင် လျှပ်စီးတန်းများက အဆုံးမဲ့သော စွမ်းအင်များအား သယ်ဆောင်လျက် အရာခပ်သိမ်းကို ဖျက်ဆီးရန် အလို့ငှာ ထပ်မံရောက်ရှိ လာကြလေသည်။
ကျိရှားတော်ဝင်နန်းတော်မှ လူများ၏မျက်နှာများက တည်ငြိမ်နေကြသည်။ ကျူးကော့ရီက မည်သို့ကြိုးစား တိုက်ခိုက်နေသည်ကို သူတို့သိနားလည်ကြ၏။ ဓာတ်ငါးမျိုး သဘာဝ ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသော သူကား ရှန့်ထိုတန်ခိုးရှင်၏လက်ထပ် သင်ကြားပေးခြင်း ခံရသူဖြစ်သည်။ ထို့ကြောင့် ကျူးကော့ရီ၏ တိုက်ခိုက်ရေး နည်းစနစ်များက ကြမ်းရမ်းကာ အလွန်ပြင်းထန်အားကောင်းကြ၏။ ယခု သူက ထိုစွမ်းအားများအားလုံးကို အားကုန်ထုတ်သုံး တိုက်ခိုက်နေခြင်း ဖြစ်သည်။
သည်တိုက်ပွဲတွင် အနိုင်အရှုံးကား ပဓာနမဟုတ်တော့ပေ။ ကျူးကော့ရီက အကောင်းဆုံး ကြိုးစားခဲ့သည်။
ရီဖူရှင်းက တိုက်ပွဲစင်မြင့်ပေါ်မှ ကျူးကော့ရီကို ကြည့်သည်။ သူက ဤနေရာအထိ ရောက်လာခြင်းတွင် ကျူးကော့ရီက အကောင်းဆုံးဟူသော ပါရမီကို ပိုင်ဆိုင်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ယူချင်းနှင့် ရာရာတို့သာ သည်ပြိုင်ပွဲ၌ ပေါ်ထွက်မလာခဲ့ပါက အမှန်ပင် သူက ပြိုင်ပွဲ ပထမဖြစ်ပေလိမ့်မည်။ ကံမကောင်း အကြောင်း မလှစွာဖြင့် ယူချင်းနှင့်ရာရာကား သည်နှစ်ပြိုင်ပွဲတွင် ပါလာခဲ့သည်။
ချောက်ချားဖွယ်တိုက်ခိုက်မှုက ကျဆင်းလာသည်တွင် ယူချင်းက မော့ကြည့်သည်။ ပတ်ဝန်းကျင်မှ စွမ်းအင်များအားလုံး နက်ရွှေရောင် အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲကို အရူးအမူး စီးဝင်ကြသလို ကျဆင်းလာသော တိုက်ခိုက်မှုများကလည်း မိစ္ဆာပုံပြောင်း စွမ်းအားများ ဖြစ်သွားကာ သူ့အား ပိုမိုသန်မာစေခဲ့၏။ ဤတွင် သူ၏ခန္ဓာကိုယ်က ပိုမိုသန်စွမ်းလာသလို ပိုမို၍လည်း ကြီးမားခန့်ထည်လာခဲ့၏။
ဘုန်း…
သူ၏ခြေထောက် စင်မြင့်ပေါ်ကို အားပြုခြင်းဖြင့် ပုဆိန်ရှည်ကို ကောင်းကင်သို့ ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်က အရောင် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ပုဆိန်ရှည်များ ဖြစ်ပေါ်လာကာ တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး ဦးတည်ရာ တစ်ခုတည်းသို့ တိုးဝင်သွားကြသည်။ ပျက်စီးခြင်း တွင်းနက်ကြီး တစ်ခုဖြစ်ပေါ်လာကာ လောက တစ်ခုလုံးမှ အရာခပ်သိမ်းကို ဝါးမျိုသည်တွင် တောင်ကုန်းနှင့် ပင်လယ်အစုအဝေးများ အားလုံး ပျက်စီး ကြေပျက်ပြီး ဝင်္ကပါကလည်း ဖရိုဖရဲဖြစ်သွားကြရသည်။
ယူချင်းကား ကောင်းကင်နှင့်မြေပြင်အကြား ရပ်နေသော တစ်ကိုယ်တည်း နတ်ဆိုးတစ်ပါး ဖြစ်သည်။ သူ၏လက်မှ နတ်ဆိုးပုဆိန်ရှည်ကား လေဟာနယ်မှ ဓာတ်ငါးမျိုးအလင်းအစုဝေးကို ရောက်ရှိလာသည်။
ဟူး…
ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြတ်တိုက်သွားသည့် အလား လေထုထဲမှ လေလှိုင်းများ အရူးအမူး လှုပ်ခတ်သွားကြသည်။ စင်မြင့်ပေါ်တွင် ကြောက်မက်ဖွယ် လေပွေမုန်တိုင်းများ ဖြစ်လာကာ စွမ်းအားမြင့် တန်ခိုးရှင်များက ပျံ့လွင့်လာသော အားလှိုင်းများအား ကာကွယ်ကြရသည်။
လေဟာနယ်ထဲတွင် ဓာတ်ငါးမျိုးအလင်းစုကား တုန်ခါလှုပ်ယမ်းလာပြီး အလင်းစုကလည်း ပြိုကွဲလာကာ ပတ်ဝန်းကျင်သို့ မှေးမှိတ် ပျယ်လွင့်သွားကြပြီး နောက်ဆုံးတွင် ပင်မအလင်းတန်းကသာ ကျူးကော့ရီထံကို ပြန်လည်ရောက်ရှိသွားခဲ့၏။
ဖူး… သွေးတစ်ပွက်အန်သည်တွင် ကျူးကော့ရီ၏ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားသည်။ သူက ယူချင်းကို စိတ်ဓာတ်ကျစွာ ကြည့်သည်။ သူ၏အကောင်းဆုံး တိုက်ခိုက်မှုကပင် သူ့အား ဘာမှ မလုပ်နိုင်ပေ။
“ ရှုံးတာပါပဲ… ”ကျိရှားတော်ဝင်နန်းတော်မှ လူများအားလုံး သက်ပြင်းချကြသည်။ ဓာတ်ငါးမျိုး ပြည့်စုံခြင်း ခန္ဓာဖြင့်ပင် သူကား ယူချင်းကို မကျော်ဖြတ်နိုင်ပေ။
စင်မြင့်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ကျူးကော့ရီက ရှုံးနိမ့်ခဲ့သော်လည်း သူက အားနည်းသည်တော့ မဟုတ်ပေ။ နှိုင်းယှဉ်ရပါက သူကား ယခင်ပြိုင်ပွဲ ပထမများထက်ပင် အားကောင်းပေသည်။
ကျူးကော့ရီကလည်း မသက်မသာပြုံးသည်။ သူက ယူချင်းနှင့်ရာရာတို့ကို ကြည့်ကာ ပြောသည်.. “ ပြည်နယ် ကိုးခုညီလာခံမှာ ပထမနေရာက ငါ့အတွက်လို့ ထင်ခဲ့တယ်… တတိယပဲ ရမယ်လို့ ငါမထင်ထားဘူး… ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်လုံးရဲ့ စွမ်းရည်တွေကို မြင်တွေ့ခွင့် ရခဲ့တာ ထိုက်တန်ပါတယ်… ဒီခရီက အလကားတော့ မဟုတ်ခဲ့ဘူး… ”
ယူချင်းက ကျူးကော့ရီကို ကြည့်ကာ တုံးတိတိပြောသည်… “ မင်းလည်း တော်တော် အားကောင်းတယ်.. ”
ကျူးကော့ရီက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ယူချင်းက သူ့အား ချီးကျူးမည်ဟု မထင်ထားခဲ့ပေ။ သူက ပြုံးလိုက်သည်… “ အခု စင်မြင့်က မင်းတို့အတွက်ပဲ… ”ထို့နောက် သူက ယူချင်းနှင့်ရာရာတို့အား ချန်ထားခဲ့ကာ စင်မြင့်မှ ဆင်းသွားတော့သည်။
ထိုအခိုက်တွင် အားလုံး၏ မျက်လုံးများက နောက်ဆုံးကျန်ရစ်သော လူနှစ်ယောက်ထံကို ရောက်လာသည်။ သည်လူငယ်နှစ်ယောက်အား မည်သည့် ပါရမီရှင်များကမှ မခြိမ်းခြောက် နိုင်ခဲ့ကြပေ။ ကျူးကော့ရီကဲ့သို့ အားကောင်းသူပင် ရှုံးနိမ့်ခဲ့ရ၏။
ယခုအချိန်ကား နောက်ဆုံးတိုက်ပွဲကို ကြည့်ရှုရန် အချိန်အခါကို ရောက်လာပြီဖြစ်သည်။
ပြည်နယ်ကိုးခုညီလာခံ၏ အကောင်းဆုံးတိုက်ပွဲကား မကြာမီ ရောက်လာတော့မည်ဖြစ်သည်။
အနိုင်ရသူက ပြိုင်ပွဲပထမဖြစ်မည်။
“ ပွဲက အခုမှ စတာ… ”
ဧည့်ကြည်စင်နောက်တွင် ကျေးရွာခေါင်းဆောင် အဘိုးအိုက စင်မြင့်ကို ကြည့်ကာ ပြောသည်။ သူက ပြည်နယ်ကိုးခု ညီလာခံသို့ ရာရာကို ခေါ်လာခဲ့သည်။ သို့သော်လည်း သူက ရာရာအား အနိုင်ယူမည့်လူ ရှိမည်ဟု မယုံကြည်ခဲ့ပေ။ သို့သော်လည်း ပြည်နယ်ကိုးခုညီလာခံက သူ့အား အံ့အားသင့်စေခဲ့သည်။ ယူချင်းကား အမှန်ပင် အားကောင်းသည်။ သူက ရာရာကို ယှဉ်နိုင်လောက်ပေသည်။
ရီဖူရှင်းကား သိပ်မအံ့ဩတော့ပေ။ ရာရာက သာမန်မဟုတ်သည်ကို သူသတိထားမိပြီး ဖြစ်သည်။ သူမက သူ၏လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် အကဲခတ်ခြင်းကိုပင် သတိထားနိုင်ပေသည်။ ဂျီယူ၏စကားက သူ၏ အတွေးများအား ပိုမိုသေချာစေခဲ့၏။
သို့သော်လည်း ယူချင်းကား တန်ခိုးအဆင့်တူ အတွင်း၌ သူ့အား အနိုင်ရသူ မရှိသလောက်ရှားပေသည်။ ရီဖူရှင်းကိုယ်တိုင်က ယူချင်းနှင့် မတိုက်ခိုက်လိုပေ။ ရာရာက ယူချင်းနှင့် တိုက်ခိုက်ပါက မည်သို့ဖြစ်မည်နည်း။ သူကိုယ်တိုင်လည်း ထိုတိုက်ပွဲကို လွန်စွာ စိတ်ဝင်စား မိပေသည်။ ယူချင်းက သေချာပေါက် အနိုင်ရမည်ဟု သူမပြောနိုင်ပေ။
လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သူ၏ခန့်မှန်းချက်က အမှန်ပင် ဖြစ်လာသည်။ နောက်ဆုံးတိုက်ပွဲက ရာရာနှင့်ယူချင်းတို့ဖြစ်၏။
ပြိုင်ပွဲစင်မြင့်၏လေထဲတွင် နှစ်ယောက်သား ရပ်နေကြကာ စကားတစ်ခွန်းမှ မပြောကြပေ။
လေပြင်းတစ်ချက် အဝှေ့တွင် ရာရာ၏ဆံပင်များ လူးလွင့်သွားသည်။ သူမ၏မျက်လုံးများက အလွန်အမင်း ညိုမှိုင်းသွား၏။ ယူချင်းမူကား နတ်ဆိုးတစ်ပါးလိုပင် ကောင်းကင်တွင် ရပ်နေဆဲဖြစ်သည်။ နှစ်ယောက်တွင် တစ်ယောက်က သေးငယ်ကာ နောက်တစ်ယောက်က ဧရာမကြီးမားပေသည်။
ထိုအခိုက်တွင် မမြင်ရသော အားလှိုင်းတစ်ခု ဖြတ်ရိုက်သွားပြီး ရာရာ၏ခန္ဓာက လေထဲကို တဖြည်းဖြည်း မြောက်တက်လာကာ ယူချင်း၏ မျက်နှာချင်းဆိုင် အထိ ရောက်လာ၏။
သူမ၏အကြည့်က ယူချင်းထံကို ရောက်လာသည်တွင် မျက်လုံးတစ်မှိတ် အတွင်း၌ ယူချင်းက ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုထဲကို ကျဆင်းသွားသည်။ သုဿာန်တစ်စပြင်၌ မိစ္ဆာဓားတောင်ကုန်းတွင် သွေးစွန်းဓားတစ်လက်ကို မြင်ရသည်။
ယူချင်းကား နတ်ဆိုးတစ်ပါးလိုပင် မားမားရပ်ကာ ရာရာ၏မှော်မျက်လုံးကို ရှောင်ဖယ်ခြင်းမရှိဘဲ ကြည့်သည်။
စိတ်နယ်ပယ်ထဲတွင် သွေးစွန်းဓားက ယူချင်း၏စိတ်နယ်ပယ်ကို တဖြည်းဖြည်း လာရောက်ဖြတ်တောက်ရန် ကြိုးစားသည်။ တချိန်တည်းမှာပင် မှော်မျက်လုံး ကမ္ဘာထဲ၌ အဆုံးမဲ့သော မိစ္ဆာစွမ်းအားများ စုစည်းလာကာ ဧရာမနတ်ဆိုး ရုပ်တုတစ်ခု ဖြစ်လာသည်။ ရှေးဆန်သော ဓားကိုယ်ထည်က အလွန်အမင်း ထက်ရှသော်လည်း နတ်ဆိုးရုပ်တုကား သံမဏိထက်ပင် မာကျောဟန်ရသည်။
ဓားအသိက ဆင်းသက်လာသည်တွင် ထိုအရာက ယူချင်းအား မည်သို့မှ ထိခိုက်စေဟန်မရပေ။ ယူချင်းလေ့ကျင့်သော ကျင့်စဉ်ကား သီးသန့်ဆန်ကာ တန်ခိုးအဆင့်တစ်ခုရောက်တိုင်း အချို့သော ထူးခြား စွမ်းရည်များလည်း အလိုလို ဖြစ်တည်လာသည်။ သူက မိစ္ဆာပညာကို အသားပေးကာ ခန္ဓာကိုယ်ကို လေ့ကျင့်သည်။ သို့သော်လည်း သူက စိတ်စွမ်းအားကို မလေ့ကျင့်ဘဲလည်း မနေပေ။ မိစ္ဆာစိတ်စွမ်းအင် လေ့ကျင့်ခန်းကား သူ၏စိတ်နယ်ပယ်ကို လောက၏ အခိုင်ခံဆုံးသော တံတိုင်းထက်ပင် မာကျောကြံ့ခိုင်စေသည်။
ရာရာ၏မျက်လုံးများက အံ့အားသင့်ဟန်များ ဖြစ်လာသည်။ သူမက စိတ်ထဲမှ တိတ်တခိုး ထိတ်လန့်ရသည်။ သူမ၏စိတ်စွမ်းအားက နတ်ဆိုးရုပ်တုကို မည်သို့မှ ထိခိုက်အောင်မလုပ်နိုင်ပေ။
သိသာစွာပင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက ယူချင်းအပေါ် အသုံးမဝင်ပေ။
***