← Chapters

လောကကြီးနှုတ်ဆက်ခဲ့တယ်

Vol. 10 Ch. 22

လောကကြီးနှုတ်ဆက်ခဲ့တယ်

Vol. 10 Ch. 22

နောက်တစ်နေ့မနက်ရောက်တော့ မက်ဒါနာက ကျောပေါ်မှာ ဓားကိုလွယ်ပြီး ကုသဆောင်ကနေ ထွက်လာခဲ့ပါတယ်။ သင်္ဘောပျံရဲ့ဧည့်ခန်းမဆောင်ကိုရောက်တော့ ပထမဆုံးတွေ့ရတာက ဖလေရာကိုပါ။ ကျန်တဲ့သူတွေကတော့ ယာဥ်ပျံပေါ်မှာရှိနေပုံမပေါ်ဘူး။ သူတို့တွေ အလုပ်ရှုပ်နေတာလား တမင်ရှောင်နေတာလားတော့ မက်ဒါနာမသိပါဘူး။

“အို့၊ ဖလေရာ။ နင်အစောကြီးနိုးနေတာလား။” မက်ဒါနာက ဖလေရာနားကို လျှောက်သွားပြီး မေးလိုက်တယ်။ ဖလေရာက လက်ထဲမှာ ဂျင်ခွက်သေးသေးလေးကို ကိုင်ထားပြီး ငေးငိုင်ကာ အဝေးကိုကြည့်လို့ရယ်။ သူ့ရှေ့က စားပွဲခုံလေးမှာတော့ ယမကာမျိုးစုံရဲ့ပုလင်းအလွတ်တွေကို တွေ့ရပါတယ်။

“တကယ်တော့ ငါမအိပ်ရသေးတာ။” ဖလေရာက သူ့ကိုမော့ကြည့်ရင်း ပြောလိုက်တယ်။ သူ့မျက်လုံးတွေက နီရဲနေပြီး တစ်ညလုံးငိုထားတဲ့ပုံပဲ။

“အများကြီးသောက်ရင် ကျန်းမာရေးထိခိုက်လိမ့်မယ်နော်။ သောက်နေတာကိုရပ်ပြီး သွားအိပ်လိုက်ပါလား။ တော်ကြာ ကျွန်မရဲ့စီအီးအိုမလေး အလှပျက်နေဦးမယ်။”

မက်ဒါနာက ဒီလိုပြောလိုက်တော့ ဖလေရာက သူ့အင်္ကျီလက်ကို ဖမ်းဆွဲလိုက်တယ်။ အဲဒီနောက်တော့ မက်ဒါနာကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး တင်းတင်းဖက်ထားလိုက်လေရဲ့။ အယ်ကိုယ်ဟောနဲ့ဖလေရာရဲ့ကိုယ်သင်းနံရောယှက်နေတဲ့ ရနံပြင်းတစ်ခုက မက်ဒါနာရဲ့နှာခေါင်းထဲ တိုးဝင်လာပေမဲ့ မနှစ်မျို့ဖွယ်တော့ မဟုတ်ပါဘူး။

“ဘာကြောင့် နင်ဒီလောက်ရူးမိုက်ရတာလဲဆိုပြီး တွေးရင်းတွေးရင်း ငါအဖြေရှာမရဘူး။ နာကျင်မှုတွေကို မေ့ပစ်ချင်လို့ ယမကာမျိုးစုံသောက်ခဲ့ပေမဲ့ ငါမူးမနေဘူး၊ မက်ဒါနာ။ ဖြေစမ်းပါ၊ အချစ်ကြောင့်ဖြစ်လာတဲ့နာကျင်မှုက လူတစ်ယောက်ကို တကယ်ပဲ စပင်းတက်တစ်ပုလင်းထက် ပိုပြင်းတာလား။”

မက်ဒါနာက ဖလေရာရဲ့ခွက်ထဲက အကြည်ရောင်အရက်ကို ကြည့်လိုက်တယ်။ သူမှတ်မိသလောက် စပင်းတက်က အယ်ကိုဟော ၉၆% ပါဝင်တဲ့ ကမ္ဘာ့အပြင်းဆုံးအရက်ပါ။ အဲဒီဂျင်ခွက်လေးတစ်ခွက်က အရက်သမားရင့်မာကြီးတစ်ယောက်ကို တစ်ခွက်တည်းမှောက်သွားစေဖို့ လုံလောက်တယ်။ ဖလေရာက အလုပ်သဘောဝိုင်သောက်တတ်တယ်ဆိုပေမဲ့...

ခလွှမ်း...

မက်ဒါနာက ဖလေရာရဲ့လက်ထဲက ဖန်ခွက်ကိုဆွဲယူပြီး ကြမ်းပြင်ပေါ်ကို ပေါက်ခွဲပစ်လိုက်တယ်။ ဖန်ကွဲစတချို့က မက်ဒါနာရဲ့ခြေထောက်ကို လာစိုက်ပြီးသွေးတွေစီးကျလာတယ်။ ဒါပေမဲ့ မက်ဒါနာက လစ်လျူရှုထားပြီး ဖလေရာကို ကြည့်ကာ...

“မသောက်နဲ့တော့...”လို့ တစ်ခွန်းတည်းပဲ ပြောလိုက်တယ်။

ဒါပေမဲ့ ဖလေရာရဲ့မျက်လုံးတွေထဲမှာ အလင်းရောင်တစ်စကိုမှ မတွေ့ရဘူး။ အဲဒီမျက်လုံးနှစ်လုံးက ပြာလဲ့နေပေမဲ့ အာကာသတွင်းနက်ကြီးတွေလိုပဲ။ ဖလေရာရဲ့စိတ်အစဥ်က အသူနာချောက်နက်ထဲကို ပြုတ်ကျသွားပြီး သူ့မျက်လုံးကနေတစ်ဆင့် အဲဒီချောက်နက်ကို မြင်နေရသလိုပဲ။

“ငါ့ဘဝတစ်လျှောက်လုံး ကယ်မရတော့တဲ့ ကုမ္ပဏီတစ်ခုအတွက်ပဲ ပေးဆပ်ခဲ့ရတာ။ ချစ်ဖို့မပြောနဲ့ ကျန်တဲ့ခံစားချက်တွေကိုတောင် ဖယ်ရှားပစ်ဖို့ ငါဆုံးဖြတ်ခဲ့ပြီးမှ နင့်ကိုရှာတွေ့ခဲ့တာလေ။ နင်က ငါ့ဘဝအတွက် လတစ်စင်းလို တောက်ပပေးခဲ့တာ။ နင်မရှိတော့ရင်...”

မက်ဒါနာကတော့ ဖလေရာကို ကြင်နာစွာနဲ့ပြုံးပြီးကြည့်နေခဲ့တယ်။ “နင့်ခံစားချက်တွေကို ငါနားလည်ပါတယ်။ ငါလည်း နင်နဲ့တွေ့ခဲ့ရလို့ တကယ်ဝမ်းသာပါတယ်။ ဒါပေမဲ့ ငါမရှိတဲ့တာနဲ့ပဲ မျှော်လင့်ချက်မဲ့မသွားလိုက်ပါနဲ့။ ဖလေရာက အရင်ကထက် အများကြီးပိုသန်မာလာခဲ့ပြီပဲ။”

မက်ဒါနာက ဖလေရာရဲ့မေးကို လက်နဲ့ဆုပ်ကိုင်လိုက်တယ်။ အဲဒီနောက် သူ့မျက်နှာကို ဖလေရာရဲ့မျက်နှာနဲ့အပ်လိုက်ပြီး အခုလိုပြောခဲ့တယ်။

“လမိုက်​ညဖြစ်နေလို့ လမင်းကြီးမိုးကောင်းကင်မှာ ရှိမနေတော့ရင်တောင် ကြယ်စင်လေးတွေက နင့်ကိုလမ်းပြနေဦးမှာပါ။”

အဲဒီနောက်တော့ သူက ဖလေရာရဲ့နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းနဲ့ထိကပ်လိုက်တယ်။ ဖလေရာကိုယ်က တစ်ချက်သိမ့်ခနဲတုန်သွားပြီးတဲ့နောက် မက်ဒါနာရဲ့နောက်က ဆံပင်တွေကို ဆုပ်ကိုင်ထားလိုက်ပြီး နက်နက်ရှိုင်းရှိုင်းပြန်နမ်းပါတယ်။

သူတို့နှစ်ယောက် နမ်းနေတာ အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး။ လက်ထဲမှာ နွားနို့ခွက်ကိုယ်စီကိုင်ထားတဲ့ ဇွန်ဘီမလေးနဲ့ဒရုန်းဇုန်တို့ ဖြတ်လျှောက်ရင်း သူတို့နားကိုရောက်ခါမှ သတိပြန်ဝင်လာကြတယ်။

“ဝါး...” ဇွန်ဘီမလေးက ပါးစပ်ကိုဟပြီး တစ်ခုခုပြောဖို့ကြိုးစားပေမဲ့ ချစ်စရာအာလုပ်သံ​လေးပဲထွက်လာတယ်။ ဒရုန်းဇုန်ကချက်ချင်းမျက်နှာနီရဲသွားပြီး ဇွန်ဘီမလေးရဲ့မျက်လုံးတွေကို လက်ဝါးနဲ့အုပ်ထားလိုက်တယ်။

“ဒီမြင်ကွင်းက ကလေးတွေကြည့်ဖို့ မသင့်တော်ဘူး၊ သွားကြရအောင်။”

“......” မက်ဒါနာနဲ့ဖလေရာကတော့ နမ်းနေတာကိုရပ်ပြီး သူတို့ကိုကျောခိုင်းပြီးသွားနေပြီဖြစ်တဲ့ ဇွန်ဘီမလေးတို့အုပ်စုကို မကျေမနပ်နဲ့ကြည့်လိုက်ပါလေရော။

ခဏနေတော့ ဖလေရာက သန်းဝေလိုက်တယ်။ သူ့ရင်ထဲက ဝမ်းနည်းမှုတချို့လျှော့နည်းသွားတဲ့ပုံပဲ။ ​ဒါကြောင့် သူက မက်ဒါနာကို လက်ကာပြလိုက်ပြီး

“ငါသွားအိပ်တော့မယ်... နင်ပြောသလိုပဲ နင့်လိုအရူးမလေးအတွက် အသားအရေထိခိုက်ခံပြီး ညမအိပ်ဘဲအရက်မူးနေတာ အလကားပဲ။ သွားအိပ်တော့မယ် ဝှား...” အဲဒီနောက်တော့ သန်းဝေနေတဲ့ ဖလေရာက မက်ဒါနာကို ပေါင်ပေါ်ကနေထခိုင်းပြီး အိပ်ရာဆီပြန်သွားအိပ်တယ်။ မက်ဒါနာကတော့ ယာဥ်ပျံပေါ်ကနေ ဆင်းခဲ့တာပေါ့။

...

နယူးယောက်မြို့ကြီးတစ်ခုလုံး တည်ဆောက်ရေးလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးတွေနဲ့လူမှုဖူလုံရေးလုပ်ငန်းတွေကြောင့် ရှုပ်ယှက်ခတ်နေပါတယ်။ အရင်ကလိုမျိုး တစ်ဘလောက်တည်းထိခိုက်တာမျိုးမဟုတ်ဘဲ တစ်မြို့လုံးနီးပါးဖြစ်ခဲ့တာမလို့ ဒေသခံဟီးရိုးတွေ၊ လူမှုရေးဝန်ထမ်းတွေနဲ့တင် မလုံလောက်ဘဲ အနီးအနားမြို့တွေကပါ လာကူကြရတယ်။ မဟာမိတ်က စစ်နတ်သမီးတွေကိုလည်း နေရာစုံမှာတွေ့နိုင်ပြီးတော့ လမ်းပေါ်က အပျက်အစီးတွေကို ဖယ်ရှားပေးနေတာ တွေ့နိုင်ပါတယ်။

ဟီးရိုးကျောင်းနားက ရပ်ကွက်မှာ ဆိုဖီယာက တိုက်အပျက်အစီးတွေကိုဖယ်ရှားပြီး သုံးလို့ရသေးတဲ့ အိမ်သုံးပစ္စည်းတွေကို ပြည်သူတွေအတွက် ပြန်ရွေးထုတ်ပေးနေတာ မက်ဒါနာတွေ့ခဲ့ပေမဲ့ သူတို့ကိုဝင်ရှုပ်သလိုဖြစ်နေမှာစိုးတာနဲ့ ကိုယ့်လမ်းကိုယ်ပဲ ဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

“ဘာလိုလိုနဲ့ရောက်လာပြီပဲ။” အချိန်အနည်းငယ်ကြာပြီးတဲ့နောက်တော့ မက်ဒါနာက သူအရင်ကနေခဲ့တဲ့ ကွန်တိန်နာဆောင်လေးကို ရောက်လာပါတယ်။ ကွန်တိန်နာတွေရော အလယ်က သစ်သားအိမ်ကြီးရော ရစရာမရှိအောင်ပျက်စီးသွားပြီဆိုပေမဲ့ အိမ်မှာရှိတဲ့သူတွေကတော့ လုံခြုံတဲ့ပုံပဲ။

ရှင်းလင်းပြီးတဲ့ မြေကွက်လပ်တစ်ခုမှာ ရွက်ဖျင်တဲတစ်လုံးထိုးထားပြီး တီဗီကြည့်နေကျ အိမ်ရှင်အဖိုးက ရေဒီယိုနဲ့သတင်းနားထောင်နေတယ်။ အိမ်ရှင်ကြီးသမီးဆရာဝန်မလေးကတော့ အနားကထိခိုက်ဒဏ်ရာရသူတွေကို ကြည့်ပေးနေပြီးတော့ အန်တီလေးအိုလီဗာက ဒယ်အိုးကြီးတစ်လုံးကို ရွက်ဖျင်တဲရှေ့ချ အားလုံးအတွက် အစားအသောက်တွေဝေပေးနေပါတယ်။

“အို့ရာ... မက်ဒါနာပါလား၊ မလာစဖူး အလာထူးလို့ပါလား။”

မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ “ဆေးကုခန်းကနေ ထွက်လာလို့ရတာနဲ့ တန်းထွက်လာတာလေ။” အဲဒီနောက်တော့ သူကိုယ်တိုင်လည်း အိုလီဗာကို ဝင်ကူပြီး အစားအသောက်တွေဝေပေးပါတယ်။ ဒါပေမဲ့ မိနစ်အနည်းငယ်ကြာပြီးတဲ့အချိန်မှာပဲ ဟင်းရည်တွေအားလုံးကုန်သွားပြီ။

“အာလူးမဆလာဟင်းရည်ပဲ၊ အရင်က အန်တီလေးရဲ့လက်ရာကိုတောင် သွားသတိရတယ်။”

အလုပ်ပြီးတဲ့နောက်တော့ မက်ဒါနာနဲ့အိုလီဗာက အုတ်ပုံကြီးတစ်ပုံကို ရှင်းလင်းပြီးတော့ အတူထိုင်ဖြစ်ကြတယ်။ မက်ဒါနာရဲ့အတွေးတွေက တက္ကသိုလ်တက်နေတုန်းက အချိန်တွေဆီကို ပြန်ရောက်သွားပါတယ်။ အိုလီဗာကတော့ မက်ဒါနာရဲ့ပခုံးကို လက်သီးနဲ့ထိုးလိုက်ပြီး

“အဲဒီတုန်းက အိမ်မှာကပ်စားနေတဲ့ ကောင်လေးက အခုတော့ စွမ်းအားကြီးဟီးရိုးတစ်ယောက်ဖြစ်လာခဲ့ပြီလေ။ မယုံနိုင်စရာကောင်းအောင် ကြီးပြင်းလာတာပဲမဟုတ်လား။”

မက်ဒါနာကတော့ ဟီးရိုးလို့အခေါ်ခံရတာကို ရင်ထဲမှာ စိတ်ထင့်နေတုန်းပဲ။ သူက ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ အပျက်အစီးတွေကို ကြည့်လိုက်ပြီးပြောပါတယ်။

“ကျွန်မကို ဟီးရိုးလို့ဆက်ခေါ်တာ သင့်တော်ပါဦးမလား။ ကျွန်မက မြို့ကိုမကာကွယ်လိုက်နိုင်လို့ ဒီလိုဖြစ်သွားတာလေ။ ပြီးတော့ ကတိကိုလည်း မတည်နိုင်ခဲ့ဘူး။”

မက်ဒါနာက နောက်ဆုံးအချိန်အထိ ဖရာလီတာရဲ့ကတိကို စောင့်ထိန်းချင်ခဲ့တာကြောင့် မပြတ်သားမိခဲ့ဘူး။ ဒါကြောင့်မြို့က ပျက်စီးသွားခဲ့တာ။ ဒါပေမဲ့ သူဒီအတွေးကို တွေးမိတဲ့အချိန်မှာပဲ နဂါးပြာက ပြောလာတယ်။

“အဲဒီပိုးဟပ်ကိုသတ်ဖို့အတွက် မင်းက ငါတို့သုံးယောက်လုံးရဲ့စွမ်းအားကိုလိုခဲ့တယ်။ စောစောစီးစီးကတိကိုချိုးဖောက်ပြီး ဖီးနစ်နဲ့ကျားဖြူကို တွဲသုံးမယ်ဆိုရင်တောင် သူ့ကိုနိုင်ချင်မှနိုင်မှာပဲ။ အသက်စတေးတာချင်းတူပေမဲ့ ငါက ကတိကိုလွယ်လွယ်နဲ့ချိုးဖောက်တဲ့သူတွေကို မကူညီတတ်တာကြောင့် ငါ့ရဲ့အကူအညီမပါဘဲ မင်းသူ့ကိုတိုက်ရမှာ။ ငါက လူတွေကိုကာကွယ်ဖို့ မင်းရဲ့ကတိကို မဖြစ်မနေချိုးဖျက်ခဲ့တဲ့စိတ်ကို သဘောကျလို့လှုပ်ရှားခဲ့တာ။”

“ဒါပေမဲ့ နောက်ဆုံးတော့လည်း လူတွေသေခဲ့တာပါပဲ။”

“နတ်ဘုရားတွေတောင် လူတိုင်းကို မကယ်ဆယ်နိုင်ဘူး။ မင်းလိုသေမျိုးတစ်ယောက်က ဘာဖြစ်နေတာလဲ။”

နဂါးပြာက နှစ်သိမ့်လိုက်ပေမဲ့ ထိခိုက်ဒဏ်ရာရနေတဲ့ လူတွေကိုကြည့်လေလေ မက်ဒါနာရဲ့စိတ်ထဲမှာ ပိုခံစားရလေပဲ။

“ငါ့ရဲ့သေဆုံးရမယ့် ကံကြမ္မာက ငါနဲ့ထိုက်တန်လို့ ရခဲ့တာလဲ ဖြစ်ရင်ဖြစ်မှာပါ။ တကယ်လို့ နောက်ထပ်အခွင့်အရေးရှိခဲ့မယ်ဆိုရင်တောင် စိန်ခေါ်ပွဲကိုနိုင်ပြီးတာနဲ့ ငါဟီးရိုးဆက်မလုပ်တော့ဘူး။”

“ကောင်းပြီလေ... မင်းသဘောပါပဲ။” နဂါးပြာက ပြန်တိတ်ဆိတ်သွားတယ်။

ခဏနေတော့ မက်ဒါနာက သူ့ပေါင်ပေါ်ကနေ နွေးထွေးတဲ့ ခံစားချက်ကို ခံစားမိတဲ့အတွက် ငုံကြည့်လိုက်တော့ သံဇလုံထဲထည့်ထားတဲ့ အာလူးဟင်းရည်ဖြစ်နေမှန်း သတိထားမိလိုက်တယ်။ အိုလီဗာက စိတ်တွေလေလွင့်နေတဲ့ မက်ဒါနာကို သတိဝင်လာစေဖို့အတွက် တမင်သက်သက် ဟင်းရည်နွေးနွေးကို ပေါင်ပေါ်တင်ပေးလိုက်တာ။

“မက်ဒါနာ၊ တစ်ယောက်တည်းတွေးပြီး စိတ်ဓာတ်ကျနေပြန်ပြီလား။”

မက်ဒါနာက အိုလီ​ဗာကို မော့ကြည့်လိုက်ပါတယ်။ အိုလီဗာကတော့ သူ့ကိုပြုံးပြနေတယ်။ “အာလူးဟင်းရည်က ကုန်သွားပြီမဟုတ်ဘူးလား။” မက်ဒါနာက မေးလိုက်တော့ အိုလီဗာက သွားပေါ်တဲ့အထိပြုံးလိုက်တယ်။

“ကိုယ်စားဖို့အတွက်လည်း နည်းနည်းချန်ထားရသေးတာပေါ့။ ငါက နင့်ကိုတစ်ဝက်ခွဲကျွေးတာ။” အိုလီဗာကိုယ်တိုင်လည်း ဟင်းရည်ခွက်တစ်ခွက်နဲ့အတူမက်ဒါနာဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။

“အရသာရှိတယ်...” မက်ဒါနာက အာလူးဟင်းရည်ကို ခတ်သောက်လိုက်ပြီးနောက် သဘောတကျနဲ့ပြောလိုက်တယ်။ ထူးခြားမှုမရှိပေမဲ့ နူးညံ့နွေးထွေးပြီးစားလို့ကောင်းတယ်။

“မက်ဒါနာ၊ ငါဟယ်ရီဆီကနေ နင့်သက်တမ်းကိစ္စကြားပြီးပြီ။”

မက်ဒါနာက မချိပြုံးပြုံးလိုက်တယ်။ အိုလီဗာကလည်း သူ့ကို အားယူပြီးပြန်ပြုံးပြလိုက်တယ်။

“နင်က ငါ့ကိုနောက်ဆုံးအနေနဲ့လာနှုတ်ဆက်တာဆိုပေမဲ့ ဒါက ငါတို့နောက်ဆုံးတွေ့တာမဟုတ်မှန်း ငါယုံကြည်တယ်။ ဒါကြောင့်မလို့ စိတ်ဓာတ်မကျနဲ့။ နင်က သေချာပေါက် ဒီကိစ္စကို ဖြတ်ကျော်နိုင်မှာပဲ။”

မက်ဒါနာက အိုလီဗာရဲ့မျက်လုံးတွေထဲကို သေချာကြည့်လိုက်တယ်။ အိုလီဗာက အတည်ပေါက်ပြောနေတာ။ သူ့ကို မသေနိုင်တဲ့သူရဲကောင်းတစ်ယောက်လို မြင်နေတဲ့ပုံပဲ။ ဒါကြောင့် မက်ဒါနာလည်း နည်းနည်းပိုပြုံးမိသွားတယ်။

“အန်တီလေးအိုလီဗာက ကျွန်မကို တော်တော်ယုံတာပဲ။”

“ငါနဲ့အခန်းချင်းကပ်လျက်နေခဲ့တဲ့ မင်းလွင်ကိုမယုံလို့ ငါက ဘယ်သူ့ကိုယုံရမှာလဲ။” အိုလီဗာကလည်း ရယ်ရယ်မောမောနဲ့ပြောလိုက်တယ်။ နောက်တော့ဆက်စားရင်းကနေ သူတို့နှစ်ယောက်လုံးရဲ့ပန်းကန်ထဲက ဟင်းရည်တွေ ဖြည်းဖြည်းချင်းလျှော့ပါးလာပြီး အပြောင်ပြောင်သွားတယ်။

“အန်တီလေးအိုလီဗာ... နည်းနည်းထူးဆန်းတဲ့ တောင်းဆိုချက်ဆိုပေမဲ့ သီချင်းဆိုပြလို့ရမလား။” မက်ဒါနာက အိုလီဗာကို ဇလုံပြန်ပေးလိုက်ရင်း ပြောလိုက်တယ်။ အိုလီဗာကတော့ ဒီတောင်းဆိုချက်ကို ဝမ်းသာစွာနဲ့ပဲ လက်ခံလိုက်ပါတယ်။

“နောက်ဆုံးတော့ ငါ့ရဲ့မင်းလွင်လေးတောင်မှ တေးဂီတကို စိတ်ဝင်စားလာပြီပေါ့။ ဘာဆိုပြရမလဲ၊ မက်တယ်လား၊ ဟစ်ဟော့လား၊ ရော့လား။”

အန်တီလေးအိုလီဗာက ခပ်ကြမ်းကြမ်းသီချင်းတွေနဲ့ပိုးဟပ်ဗိုလ်ချုပ်ကို မကြောက်မရွံရင်ဆိုင်ခဲ့သူဖြစ်မှန်း မက်ဒါနာမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ပြီးသား။ ဒါကြောင့် မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်ပြီး

“ပေါ့ခ်သီချင်းလောက်ဆိုရင် ရပါပြီ။”

“ပေါ့ခ်လား... အဲဲဒီအမျိုးအစားထဲမှာက ငါသိတဲ့သီချင်းဆိုလို့ နည်းနည်းပါးပါးပဲရှိတာ။” အိုလီဗာက ဇလုံတွေကို ဆေးတဲ့နေရာယူသွားပြီး ဆေးလိုက်ပါတယ်။ နောက်တော့ လက်စွဲတော်ဂစ်တာကို တဲနောက်ထဲကနေ ယူလာတယ်။ ပြီးတဲ့နောက် မက်ဒါနာနဲ့မျက်နှာချင်းဆိုင်အုတ်ပုံမှာ ဝင်ထိုင်လိုက်ပြီး...

“ဒီသီချင်းက ငါ့ဦးလေးငါ့ကို အမြဲဆိုပြနေကျသီချင်းပဲ။”

အိုလီဗာက ဂစ်တာကိုအသံညှိနေရင်းနဲ့ ပြောလိုက်ပါတယ်။ “၂၀၀၅ ခုနှစ်လောက်က Takahashi Yoko ဆိုခဲ့တာမလို့ နှစ်လေးဆယ်လောက်ရှိပြီဆိုပေမဲ့ပေါ့။ နာမည်ကတော့ Wingတဲ့။”

အဲဒီနောက်တော့ အိုလီဗာက ဂစ်တာကိုစတီးတယ်။ ခါတိုင်းဆိုရင် ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်တဲ့အသံက အခုတော့ နားဝင်ချိုစရာကောင်းလောက်အောင် နူးညံ့နေတယ်။

“always believe in yourself and your dreams, you have a wing!”

အိုလီဗာသီချင်းဆိုနေတဲ့အချိန်မှာပဲ အနားမှာလူတွေက ပိုပိုများလာတယ်။ အိုလီဗာ့သီချင်းကိုနားထောင်နေရင်းကနေ မက်ဒါနာရဲ့ခန္ဓာကိုယ်ထဲမှာ ယုံကြည်ချက်တွေနဲ့ပြည့်လာသလို ခံစားရတယ်။ သီချင်းဆုံးတဲ့နောက်မှာတော့ မက်ဒါနာက သက်ပြင်းချလိုက်ပါတယ်။

“ဟုတ်တယ်... ဒါက ငါအရှုံးပေးရမယ့်အချိန်မဟုတ်သေးတာလည်း ဖြစ်နိုင်တာပဲလေ။”

အိုလီဗာကလည်း ဂစ်တာပေါ်ကနေ လက်ဖယ်လိုက်ပြီးတော့ မက်ဒါနာကို ပြုံးပြလိုက်ပါတယ်။ “ဒါပေါ့၊ ငါက မက်ဒါနာကိုယ်တိုင်မှာ အတောင်ပံတွေရှိနေတယ်လို့ ယုံကြည်တယ်။ အဲဒီတောင်ပံတွေက နင်စက်နဲ့ဖန်တီးထားတဲ့အရာမဟုတ်ဘူး။ တကယ်တည်ရှိနေပေမဲ့ ငါတို့မမြင်နိုင်တဲ့ အတောင်ပံတစ်ခု။ အဲဒီတောင်ပံတွေက ဒီကမ္ဘာကလူတွေ မမြင်ဖူးတဲ့ အမြင့်တစ်ခုအထိ နင့်ကိုခေါ်ဆောင်သွားမှာလို့ ငါမြင်နေရတယ်။”

မက်ဒါနာက အိုလီဗာရဲ့ချီးကျူးစကားကြောင့် ပြုံးမိလိုက်တယ်။ အဲဲဒီနောက် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တယ်။ “ငါ့မှာ လူတွေမမြင်နိုင်တဲ့အတောင်တွေရှိနေတယ်တဲ့လား။ ဟဟ...”

အဲဒီနောက်တော့ မက်ဒါနာက ဖုန်းကနာရီကိုကြည့်လိုက်တယ်။ သူ့မှာအချိန်အများကြီးမကျန်တော့ဘူးလေ။ ဒါကြောင့် မက်ဒါနာက အန်တီလေးအိုလီဗာကို လက်ပြနှုတ်ဆက်လိုက်ပါတော့တယ်။

“နောက်မှထပ်တွေ့ကြတောပေါ့။”

“အင်း၊ နောက်ထပ်တွေ့ကြသေးတာပေါ့။”

...

နောက်ထပ် မက်ဒါနာသွားဖြစ်တဲ့နေရာကတော့ သူအရင်က ပစ္စည်းထွင်ဖို့အတွက် စက်ပစ္စည်းတွေသွားကောက်တတ်တဲ့ စက်ပစ္စည်းသချိုင်းကိုပါ။ ပြီးတော့ ဒီနေရာမှာထိုင်ပြီး ဘီယာဘူးဖွင့်သောက်နေတဲ့ လူငယ်တစ်ယောက်ကို သူအမှတ်မထင်တွေ့ခဲ့သေးတယ်။

“တင်မီ၊ နင်ဒီကိုဘာလာလုပ်နေတာလဲ။”

မက်ဒါနာရဲ့အသံကို နောက်ကနေ ကြားလိုက်ရတဲ့အတွက် တင်မီလန့်ပြီးထခုန်မိမလိုဖြစ်သွားလေရဲ့။ နောက်တော့ တင်မီက မက်ဒါနာကို ခေါင်းအစခြေအဆုံးကြည့်ပြီး တကယ့်အစစ်မှန်းသိသွားမှ

“မင်း... မင်းသမီးလေး၊ တကယ့်မင်းသမီးလေးအစစ်က ကျွန်တော့်ရှေ့မှာ ပေါ်လာတယ်...” တင်မီက အံ့ဩလို့မဆုံးဖြစ်နေပုံပဲ။ မက်ဒါနာကလည်း ပြုံးပြလိုက်တယ်။

“နင့်ကို ဒီမှာတွေ့ရမယ်လို့ ထင်မထားဘူး။” မက်ဒါနာကလည်း တင်မီဘေးနားမှာ ဝင်ထိုင်တယ်။

“ငါက မင်းကိုငြင်းခဲ့ပြီးပြီပဲ။ ငါ့ကိုမေ့ပြီးတော့ ပုံမှန်အတိုင်းပြန်နေဖို့ ကြိုးစားပါလား။ မင်းဦးလေးနဲ့အဖိုးက မင်းအတွက်အမြဲစိုးရိမ်နေရတယ်ပြောတယ်။”

တင်မီက ခေါင်းညိတ်လိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ သက်ပြင်းချလိုက်ပါတယ်။ “လူတစ်ယောက်ရဲ့အသည်းဆိုတာက ပန်းသီးနဲ့တူတယ်လို့ ငါကြားဖူးတယ်။ ပထမဆုံးချစ်မိသွားပြီး အချစ်ကိုပြန်မရတဲ့အခါ အဲဒီပန်းသီးက ပုပ်သွားရောတဲ့။ ဘယ်လိုဘယ်လောက်ကြိုးစားကြိုးစား နဂိုအတိုင်းပြန်မဖြစ်တော့ဘူးလေ။”

မက်ဒါနာလည်း သက်ပြင်းချလိုက်တယ်။ ဒီကောင်က ကယ်မရတော့တဲ့ပုံပဲ။ ဒါပေမဲ့ တင်မီက သူ့လက်ထဲက ဘီယာဘူးကို လွှင့်ပစ်လိုက်ပြီးပြောလိုက်ပါတယ်။

“ဒါပေမဲ့ မင်းသမီးလေးက ကျွန်တော့်ကို တော်သင့်ပြီလို့ ပြောနေမှတော့ ကျွန်တော်မလိုက်နာဘဲ မနေရဲပါဘူး။ မင်းသမီးလေးရဲ့ဆန္ဒအတိုင်း ပိုကောင်းအောင်နေပြီး မင်းသမီးလေးကို မေ့နိုင်အောင်ကြိုးစားပါ့မယ်။”

တင်မီက တုန်လှုပ်နေတဲ့စိတ်ကို ထိန်းချုပ်ရင်းပြောလိုက်တယ်။ ဒါပေမဲ့ တင်မီက လက်ပတ်နာရီကိုငုံကြည့်ရင်းနဲ့ ခေါင်းခါလိုက်တယ်။

“ဆိုင်းရပ်ကို ဒီလာခိုင်းထားပေမဲ့ ရောက်မလာဘူးပဲ။သူအလုပ်ရှုပ်နေမှာသိပေမဲ့ အတူသောက်ဖော်မရှိတော့ ပျင်းစရာကောင်းသားပဲ။”

“ငါအဖော်ပြုပေးရမလား။” မက်ဒါနာက ပြောလိုက်တော့ တင်မီက မုန့်တချို့ကို သူ့ကမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ ဘီယာဘူးတွေအကုန်လုံးကိုတော့ တင်မီက လွှင့်ပစ်လိုက်ပြီ။ သူတို့တွေ အတော်ကြာအောင် ကျောင်းတက်တုန်းက အကြောင်းအရာတွေ ပြောဖြစ်ကြပြီး ရယ်မောဖြစ်ကြပေမဲ့ အချိန်တွေကုန်လာတိုင်းမှာ တင်မီရဲ့မျက်နှာက ​ညိုးငယ်လာလေပါပဲ။ အကြောင်းစုံကို သူမသိရပေမဲ့ မက်ဒါနာ​က သူ့ကိုနောက်ဆုံးအနေနဲ့ လာတွေ့မှန်းတော့ သူ့နှလုံးသားတစ်နေရာကနေ နားလည်နေပါတယ်။

ညခုနစ်နာရီထိုးသွားပြီ။ မက်ဒါနာက ဖုန်းကိုထပ်ကြည့်လိုက်ပြီး တင်မီကို ပြုံးပြလိုက်တယ်။ “ဒီနေ့တော့ ဒီလောက်ပဲပေါ့။ နှုတ်ဆက်ပါတယ်။”

ဒါပေမဲ့ တင်မီက မက်ဒါနာထွက်သွားခါနီးမှာ အင်္ကျီလက်ကိုဆွဲပြီး မေးလိုက်ပါတယ်။ “တကယ်လို့ ငါသာ မင်းကို ကျောင်းတုန်းက ပိုပြီးဖော်ဖော်ရွေရွေဆက်ဆံခဲ့မယ်ဆိုရင် ငါ့ကိုပြန်ချစ်ပေးနိုင်မလား။”

မက်ဒါနာကတော့ တင်မီရဲ့လက်ကို ညင်ညင်သာသာဆွဲဖယ်လိုက်ရင်း “ဘယ်သိမလဲ အရူးရဲ့။” လို့သာ ပြန်ဖြေလိုက်လေရဲ့။

All Chapters