တောင့်တသည့် အတွေးများ
Vol. 64 Ch. 946
ခန့်မှန်းခြေ နာရီဝက်လောက်ကြာသော် ပိုင်ကျင်း ကားကို ဂေဟာအတွင်းသို့ မောင်းနှင်လာလေသည်။
ဂေဟာ၏ ပစ္စည်းများနှင့် သပ်ရပ်စွာ ထိုးရပ်ထားသည့် ကားတစ်ချို့ကိုမြင်တော့ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တော့၏။
ဒါ မိဘမဲ့ ဂေဟာဆိုတာ…. ဟုတ်ကော ဟုတ်ရဲ့လားဟင်…
“ ဒါတွေအကုန်လုံးက ဂေဟာရဲ့ ကားတွေပေါ့…”
“ ဟုတ်ပါ့....အကုန်လုံးကို ဝူဖေးယွဲ့ရဲ့ ညီလေး ဝယ်ပေးထားတာနော်…” ကျောက်လီ ပြောလိုက်ပြီး “ ခု သူ ဘယ်လောက်တောင် ချမ်းသာလဲဆိုတာ နင်သိပြီမလား..”
“ ဒါက သာမန်လူတစ်ယောက် ချမ်းသာတာထက်ကို ပိုတယ်…” ပိုင်ကျင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ သမီး အရင်တစ်ခါ ကားပြပွဲသွားတော့ အဲ့ဒီ မာစီးတီးတံဆိပ်နဲ့ ဘတ်စ်ကားကို မြင်ဖူးတယ်… သူ့တန်ဖိုးက ယွမ် လေးသန်းကျော်လားမသိဘူး…”
“ အောင်မယ်လေး… အဲ့ကားက ဈေးကြီးလှချည်လားဟဲ့…”
“ မာစီးတီးလေ… သေချာပေါက် ဈေးကြီးတာပေါ့…”
ဘတ်စ်ကား၏ တန်ဖိုးကို သိပြီးနောက် ပိုင်မိသားစုမှ လင်းရီ၏ ကြွယ်ဝမှုအပေါ် ပြန်လည်အကဲဖြတ်မှုတို့ လုပ်ဆောင်လာကြသည်။
“ သူ့ညီက ဒီလောက် ချမ်းသာနေတယ်ဆိုတော့ တင်တောင်းငွေ ယွမ်ခြောက်သိန်းခြောက်သောင်းက နည်းလွန်း မနေဘူးလား..” ပိုင်ရုံကျွင်း မေးလိုက်၏။
“ ကျွန်မလည်း အဲ့လိုထင်တယ်… ယွမ် ရှစ်သိန်းရှစ်သောင်းအထိ မြင့်လိုက်မယ်ဆိုရင်ကော…” ကျောက်လီ ပြောလိုက်ပြီး “ ယွမ် လေးသန်းကျော်တန် ကားကြီး ဝယ်ထားပြီးမှတော့ ဒီလောက် ငွေပမာဏလေးလောက်ကတော့ သူမှုမယ်မထင်ပါဘူး…”
“ အိမ်ကလည်း ပိုကြီးဖို့ လိုသွားပြီ… အနည်းဆုံး ၂၀၀ စတုရန်းမီတာလောက်မှ ဖြစ်မှာ…” ပိုင်ရုံကျွင်း ပြောလိုက်ပြီး “ ကားလည်း ယွမ်းငါးသိန်းထက် နည်းလို့မရဘူး… ကုန်ကုန်ပြောမယ်ကွာ… ငါတို့ ရနိုင်သလောက် များများတောင်းကြမယ်… ငါတို့ သမီးက ဒီလောက်ထူးချွန်နေပြီး ဟိုကောင်က သောက်လုပ်သောက်ကိုင် မရှိတဲ့ တဇောက်ကန်း… တကယ်လို့ သူတို့ဘက်က များများမပေးရင် လက်ထပ်နိုင်ဖို့ စဉ်းတောင်မစဉ်းစားနဲ့..”
“ အဲ့လိုပဲ လုပ်ကြစို့…” ကျောက်လီ ပြောလိုက်ပြီး “ ဟိုရောက်ရင် ရှင်တို့နှစ်ယောက် စကားသိပ်မပြောနဲ့… ကျွန်မပဲ ပြောမယ်…”
“ အင်း…. ငါတို့ရဲ့ အနာဂတ် ကြီးပွားရေးကတော့ မိန်းမ… မင်းအပေါ်မှာပဲ မူတည်နေပြီ..”
ဂေဟာအပြင်ဘက်ရှိ အခြေအနေများကို အကြမ်းဖျင်း စူးစမ်းလေ့လာကြည့်ပြီးနောက် ကျောက်လီ ဖုန်းထုတ်၍ ဝမ်ချွေ့ပင်းထံ ဆက်သွယ်လိုက်၏။ သူမတို့ ဂေဟာရှေ့ ရောက်နေပြီး လာကြိုပေးရန် ပြောလိုက်သည်။
ယခုအချိန်မှစ၍ မိသားစု နှစ်ခုကြား ကစားပွဲမှာ တရားဝင် စတင်လေပြီ။ အကယ်၍ သူမတို့ဘက်က စပြီး အထဲဝင်မည်ဆိုပါက တစ်ပန်းနိမ့်ရာ ကျသွားပေလိမ့်မည်။ တစ်စုံတစ်ယောက်ကတော့ သူမတို့အား အိမ်ရှေ့မှ နေ၍ လာကြိုပေးသင့်လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်ချွေ့ပင်း ၊ ကျောက်ချွမ်းဖူ ၊ လင်းရီနှင့် ဝူဖေးယွဲ့တို့ အတူထွက်လာခဲ့ကြ၏။
သူမ လင်းရီကို မြင်တော့ ပိုင်ကျင်း လုံးဝ မှင်တက်သွားခဲ့တော့သည်။ ဝတ်ပုံစားပုံမှ တစ်ဆင့် အကဲခတ်ကြည့်ရသလောက်တော့ သူ၏ အဝတ်အစား သပ်သပ်နှင့်တင် အနည်းဆုံး ယွမ်နှစ်သိန်းကျော် တန်ကြေးရှိနေလေသည်။ ထို့ကြောင့် ချမ်းသာသည့် ညီငယ်က ထိုသူဖြစ်လိမ့်မည်မှာ မုချမလွဲပင်။
မူလကတော့ သူမ ဝူဖေးယွဲ့နှင့် လက်ထပ်ပြီးသည့်နောက် လင်းရီအား ဖျားယောင်းသိမ်းသွင်းရန် ကြံစည်ထားသော်လည်း လင်းရီ၏ ရုပ်ရည်သွင်ပြင်နှင့် အရှိန်အဝါတို့အား မြင်တွေ့ပြီးနောက် ထိုအကြံဥာဏ်အား လက်လျှော့လိုက်ရတော့သည်။
သူမ ယွမ်သန်းချီ အသုံးပြု၍ တစ်ကိုယ်လုံး ခွဲစိတ်ပြုပြင် ပြောင်းလဲလျှင်ပင် ထိုသို့သော အမျိုးသားအား သိမ်းပိုက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ထို့ကြောင့် ဖျားယောင်းသွေးဆောင်မည့် အစီအစဉ်က ကောင်းသည့် အကြံဉာဏ်တော့ ဟုတ်မနေချေ။ ထိုအစား ဝူဖေးယွဲ့ အပေါ်၌ နှစ်ဆ ပိုအားစိုက်ထုတ်လိုက်သည်က ပိုကောင်း၏။
ဝူဖေးယွဲ့၏ သွင်ပန်းသဏ္ဌာန်က ရုပ်ဆိုးသည့်အထဲ မပါချေ။ အတန်အသင့် ကြည့်ကောင်းပြီး ယောက်ျားပီသသည့် အဆင်းအင်္ဂါရှိ၏။ အတော်လေးလည်း ရိုးသားကြင်နာတတ်သည့်ပုံ ပေါ်ပြီး ငယ်ရွယ်သူများထံတွင် တွေ့ရတတ်သည့် မောက်မောက်မာမာ အရှိန်အဝါများလည်း ကင်းစင်နေလေသည်။
သို့တိုင်အောင် ဝူဖေးယွဲ့ကဲ့သို့ ရိုးသား ကြင်နာတတ်သည့် အမျိုးသားများက ဈေးကွက်မျက်စိနှင့် ကြည့်လျှင်တော့ လူကြိုက်အင်မတန်နည်း၏။ လင်းရီကဲ့သို့ ခပ်ဆိုးဆိုး ကောင်လေးများဆိုလျှင်တော့ သူမတို့အပေါ် မညှာမတာ ပြုမူသွားခဲ့လျှင်ပင် ‘ငါက လုံလောက်အောင် မကောင်းမွန်လို့ ‘ ဟူ၍သာ စိတ်ထဲ ခံယူထားကြပေလိမ့်မည်။
“ အစ်မပင်း… ဒါကျွန်မ ဂေဟာကို ပထမဆုံးအကြိမ် အလည်လာဖူးတာပဲ… ဒီလောက်ထိခမ်းနားနေမယ်တောင် ထင်မထားဘူး… အစ်မပင်းကတော့ လုံးဝ အံ့ဩစရာပါပဲ…” ကျောက်လီ ယဉ်ကျေးစွာ စကားဆိုလာခဲ့၏။
“ နေ့တိုင်း အလုပ်ရှုပ်နေရတာတော့ အတူတူပါပဲ… လီလေး ပြောသလိုလည်း ကောင်းမနေပါဘူး..”
ဝမ်ချွေ့ပင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်ပြီး “ လာ လာ… အထဲဝင်ခဲ့ကြ… အပြင်မှာ အေးတာပေါ့…”
“ ဒါပေါ့ ဒါပေါ့… အထဲ၀င်ပြီး စကားပြောကြစို့…”
ဝမ်ချွေ့ပင်း ပိုင်မိသားစုအား ရုံးခန်းထဲသို့ လက်ခံကြိုဆိုလိုက်သည်။
ဂေဟာ၌ အရေးကြီး ကိစ္စ သို့မဟုတ် ဧည့်သည်များ ရောက်လာခဲ့လျှင် ရုံးခန်းထဲ၌ ပြောဆိုဆွေးနွေးကြသည်က များလေသည်။
“ လာ … ယောက်ဖ… ရေနွေးကြမ်းသောက်ဦး.. ငါခုလေးတင် ဖျော်ထားတာ…” တစ်မိသားစုလုံး ဆိုဖာပေါ် ထိုင်ပြီးသည်နှင့် ကျောက်ချွမ်းဖူမှ ရေနွေးကြမ်းခွက်များ ချပေးရင်း ပြောလိုက်သည်။
သူနှင့် ကျောက်လီမှာ ဆွေမျိုးမကင်းသောကြောင့် ပိုင်ရုံကျွင်းက သူ၏ ယောက်ဖ ဖြစ်သွားလေသည်။
ကျောက်ချွမ်းဖူ သူ့အား ငဲ့ပေးလာခဲ့သည့် အရာကို မြင်တော့ ပိုင်ရုံကျွင်း မျက်လုံးအရောင်လက်ခနဲ ဖြစ်သွားခဲ့သည်။
' ထိပ်တန်း လက်ဖက်ခြောက် သဟုန်ပေါင်းနဲ့ ဧည့်ခံလာတယ်လား… ဈေးကွက်ထဲမှာ ယွမ် ၇သောင်းလောက် ပေါက်တဲ့ လက်ဖက်ခြောက်လေ… ရန်ချိန်က တော်ရုံချမ်းသာတဲ့ မိသားစုတွေတောင် ဒီလို လက်ဖက်ခြောက်မျိုး မသုံးနိုင်ကြဘူး…'
“ ငါ့အစ်ကိုကတော့ အားနာလွန်းနေပါပြီ…” ပိုင်ရုံကျွင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
ထိုအတောအတွင်း လင်းရီကတော့ ဘာမျှမပြောပဲ ထိုအစား ပိုင်ကျင်းကိုသာ တိတ်တဆိတ် စူးစမ်းနေခဲ့၏။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါက CBD ၌ အမြဲအလုပ်ရှုပ်နေသည့် ရုံးဝန်ထမ်း အလုပ်သမားများနှင့် ဆင်တူနေသည်။ သို့သော်လည်း သူမ၏ လမ်းလျှောက်ဟန် နွှဲ့နွှဲ့ကို အကဲခတ်ကြည့်ရသလောက်တော့ ဟိုတယ်နှင့် နိုက်ကလပ်တို့အား နှစ်နှစ်ခြိုက်ခြိုက် သွားတတ်သည့် ပုံစံမျိုးဖြစ်၏။
လင်းရီ တိတ်တဆိတ် ပြုံးလိုက်သည်။ သူ့ အစ်ကိုကြီး၏ အကျင့်စရိုက်ဖြင့် ထိုကဲ့သို့ ထိန်းချုပ်ရခက်သည့် မိန်းကလေးအား အုပ်မိုးထားနိုင်ပါ့မလား ဆိုသည်ကတော့ စဉ်းစားစရာပင်။
သို့တိုင်အောင် လင်းရီ မည်သည့် ခံစားချက်ကိုမျှ မျက်နှာပေါ်၌ မပြသပေ။
ဤသည်က သူ၏ အထင်သပ်သပ်သာ ဖြစ်ပြီး သူ့ဘက်က အကဲခတ် မှားသွားသည်မျိုးလည်း ရှိကောင်းရှိနိုင်သည်။ မည်သို့ပင်ဆိုစေ ဤသည်က ပထမဆုံး အကြိမ်ဖြစ်သောကြောင့် ကောင်းကောင်းမွန်မွန်လေး အကဲဖြတ်ပေးမည်ဟု ဆုံးဖြတ်ထား၏။
“ လီလေး… ငါတို့ချင်း သိလာတာလည်း ကြာနေပြီ…ပြီးတော့ ငါတို့က ဆွေမျိုးလည်း မကင်းပြန်ဘူး… ဒီတော့ လိုရင်းပဲ တန်းသွားကြတာပေါ့…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ငါ့ဘက်က ငါ့သားရဲ့ အခြေအနေကို နင့်ဆီ ပြောပြီးသွားပြီနော်… သူက တခြားမြို့ကနေ ပြန်လာတာ မကြာသေးလို့ ခု နှစ်သစ်ကူးပြီးတာနဲ့ အလုပ်တန်းရှာတော့မှာ… အိမ်မှာ ဖင်ကပ်နေမယ့်လူစားမျိုးလည်း မဟုတ်ဘူး… သူတို့နှစ်ယောက် လက်ထပ်ပြီးသွားရင် သေချာပေါက် သူ့ဇနီးကို ကောင်းကောင်းမွန်မွန်နဲ့ထားမှာပါ….”
ဝမ်ချွေ့ပင်းကတော့ တော်တော်လေးကို ပြုံးပျော်ရွှင်လို့နေသည်။ သိသာစွာဖြင့် သူမ ပိုင်ကျင်းကို အတော်လေး သဘောခွေ့နေသည်။
' ကောင်မလေးက အရပ်လည်းရှည်တယ်… တင်ပါးလည်းကြီးတယ်.. ကြည့်လို့လည်းကောင်းတယ်.. အရမ်းအရမ်းကောင်းတယ်.. တကယ်လို့ နှစ်ဖက် အဆင်ပြေလိုက်မယ်ဆိုရင် လုံးဝ ပြီးပြည့်စုံပြီပဲ…'
လင်းရီကတော့ ပြုံးရုံသာ ပြုံးလိုက်မိသည်။ သူ့အမေက အရမ်းရိုးသားပွင့်လင်းလွန်းသည်ဟု စိတ်ထဲမှ ခံစားနေရ၏။
ဘလိုင်းဒိတ်များကို ပမာပေး၍ ခိုင်းနှိုင်းရပါက အဝတ်စား ဝယ်သည်နှင့် ဆင်တူသည်။ အကယ်၍ သင်က ပစ္စည်းအပေါ် ပြင်းပြသည့် ခံစားချက်တို့ ဖော်ပြမိပါက ညှိနှိုင်းဆွေးနွေးပိုင်ခွင့် ရှိလိမ့်မည် မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ပစ္စည်း၏ မကောင်းသည့်ဘက်ခြမ်းကို စတင်ပြောဆိုပါက အများအပြား ဈေးဆစ်၍ ရလေသည်။
ဘလိုင်းဒိတ် လုပ်ရာတွင်လည်း အကယ်၍ သင်က ကြီးစွာသော ကျေနပ်အားရမှုကို ဖော်ပြမိပါက ဈေးဆစ်နိုင်သည့် အခွင့်အာဏာသည်လည်း သဘာဝအလျောက် နိမ့်ပါးလာမည်ဖြစ်၏။
“ ဖေးယွဲ့…. သူက အလုပ်ကို ဘယ်မှာ ရှာဖို့ စဉ်းစားထားလဲတဲ့..” ကျောက်လီ မေးမြန်းလိုက်သည်။
“ သူ ရန်ချိန်မှာ နေဖို့ စီစဉ်ထားတယ်လေ… အဲ့ဒါက ကွက်တိပဲ… ဘာလို့ဆို ကျင်းကျင်းလည်း ရန်ချိန်မှာပဲ အလုပ်လုပ်တာမလား… ဘယ်လောက်တောင် လိုက်ဖက်ထားလိုက်လဲ…”
“ ဟင် ဟုတ်လား…. ဒါပေမယ့် ကျွန်မတို့ ကျင်းကျင်းက အနာဂတ်ကျရင် ကျိုးဟိုင်ကို သွားဖို့ ဆုံးဖြတ်ထားတာနော်..”ကျောက်လီ သူမ၏ အတွေးများကို သွယ်ဝိုက်၍ အသံထွက်လိုက်သည်။
ဤသည်က ဝမ်ချွေ့ပင်းအား သူမတို့ အနာဂတ်၌ ကျိုးဟိုင်၌ အလုပ်လုပ် နေထိုင်မည်ဖြစ်ပြီး သူမတို့ သမီးအား လိုလိုလားလား ရှိပါက ကျိုးဟိုင်၌ အိမ်ဝယ်ပေးရမည်ဆိုသည့် သဘောပင်။
“ ဒါကျ…….”
ဤအချိန်တွင်တော့ ဝမ်ချွေ့ပင်း မည်သို့ ပြန်ဖြေရမှန်း မသိ ဖြစ်နေတော့၏။အဘယ်ကြောင့်ဆိုသော် သူမ ဝူဖေးယွဲ့အား အနားမှ ထွက်မသွားစေချင်ပေ။သူမသားကို သူမဘေးနား ခေါ်မထားနိုင်လျှင်တောင် နီးနီးနားနား ရန်ချိန် တစ်မြို့တည်းတွင်တော့ အတူရှိနေစေချင်သည်။သို့မှသာ သူမလည်း ဂရုစိုက်ပေး၍ ရမည်ဖြစ်၏။
“ ရန်ချိန်ကကော မကောင်းလို့လားတဲ့… သူလည်း ဒီနှစ်တွေမှာ ဖြည်းဖြည်းချင်း တိုးတက်လာနေတာပဲလေ… ကျိုးဟိုင်ထက်မသာရင်တောင် ဆိုးရွားနေတာမျိုးလည်း မဟုတ်ပါဘူး…”
“ ဆိုရိုးတွေအတိုင်း ရေက နိမ့်ရာနေရာကို စီးဆင်းကြတယ်… လူတွေကတော့ အမြင့်ကိုပဲ တက်လှမ်းကြတယ်… ကျိုးဟိုင်ဆိုတာ ဟွာရှရဲ့ ရွှေမြို့တော်ကြီး … လူငယ်တိုင်းရဲ့ အိပ်မက်က အဲ့ဒီမှာ အခြေချနိုင်ဖို့ပဲ မဟုတ်ဘူးလား…”
“ အန်တီပြောတာ ဟုတ်တယ်… ကျိုးဟိုင်မှာ အခြေချဖို့ စဉ်းစားထားတာ တော်တော်လေး ကောင်းတဲ့ အကြံဉာဏ်ပဲ… " လင်းရီ ထပ်လောင်း ပြောပေးလိုက်၏။
လင်းရီ အသံထွက်လာသည်ကိုမြင်တော့ ပိုင်မိသားစုဝင် သုံးဦးလုံး အပြုံးကိုယ်စီနှင့် ဖြစ်သွားခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူက ဤနေရာတွင် ပိုက်ဆံ အရှိဆုံးဖြစ်ပြီး သူ၏ စကားလုံးက အလေးချိန်ပိုစီးမည်မှာ သံသယဖြစ်နေရန် မလိုပေ။
“ သားကြီး… နင် ဘယ်လိုထင်လဲ.. ကျိုးဟိုင်ပဲ သွားလိုက်ရင်ကော… ရီလေးလည်း ကျိုးဟိုင်မှာပဲ ဆိုတော့ နင်တို့ ညီကိုချင်း စောင့်ရှောက်ပေးလို့ရတာပေါ့… အမေကတော့ ဒီမှာတင် အဆင်ပြေတယ်…”
“ ဒါဆို ယွဲ့လေး အိမ်ထောင်ပြုပြီးသွားရင် အမေတို့ကို ဘယ်သူက ကြည့်ပေးမှာလဲ..” ဝူဖေးယွဲ့ မေးလိုက်၏။
“ အမေ သူ့ကို နေ့တိုင်း အိမ်လာလည်ခိုင်းလို့မှ မဖြစ်တာ….”
“ အဓိပ္ပာယ် မရှိတာတွေ လာမပြောစမ်းနဲ့.. နင့်အဖေနဲ့ငါက ဒီလောက်ထိ အလတ်ကြီးရှိသေးတာကို နင် ဂရုစိုက်ပေးတာလည်း မလိုဘူး… နင့်ကိုယ်နင်သာ ဦးစားပေးစမ်း…”
ဝမ်ချွေ့ပင်း ဤမင်္ဂလာပွဲ ဖြစ်မြောက်ရေးအတွက် တော်တော်လေးကို စိတ်ဇောထက်သန်နေသည်။ ကလေးများ ပျော်ရွှင်နိုင်မည်ဆိုပါက သူမ၏ တစ်ကိုယ်ကောင်းဆန်မှု သေးသေးလေးအား အလျော့ပေးလိုက်ရလည်း ဘာမျှ ဖြစ်သွားလိမ့်မည် မဟုတ်ပေ။
လင်းရီကတော့ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း ပိုင်မိသားစုက တော်တော်လေး အတွက်ချက် ကောင်းမွန်သည်ဟု စိတ်ထဲ ခံစားမိနေသည်။