← Chapters

တန်ဖိုးကြီး လက်ပတ်နာရီ

Vol. 64 Ch. 947

တန်ဖိုးကြီး လက်ပတ်နာရီ

Vol. 64 Ch. 947

ဝမ်ချွေ့ပင်း၏ အကြိမ်းမောင်းခံရပြီးနောက် ဝူဖေးယွဲ့ ရန်ချိန်၌ နေလိုသည့် စကား ထပ်မပြောရဲတော့ပေ။

သို့သော် အကျယ်ကြီး ထုတ်မပြောရုံမျှသာဖြစ်၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူ့ဘက်က အတတ်နိုင်ဆုံး ရန်ချိန်၌ နေနိုင်ရန် တင်းခံနေဦးမည်။

“ ကျွန်တော် စဉ်းစားလိုက်ပါ့မယ်….”

“ ဘာကိုစဉ်းစားမှာ…. နင် ကျိုးဟိုင်ကို စိတ်ချလက်ချသာ သွားစမ်းပါအေ… ငါတို့ကို လူမမာ အဘိုးကြီးတွေလို့များ ထင်နေလား မသိဘူး…” ဝမ်ချွေ့ပင်းပြောလိုက်ပြီး “ နင် ကျင်းကျင်းလေးကို ဘယ်လိုထင်လဲသာပြော… ဘယ်လိုမြင်လဲ..”

“ကောင်းပါတယ်… တော်တော်လေး ကောင်းပါတယ်…” ဝူဖေးယွဲ့ ရိုးသားစွာ ပြောလိုက်သည်။

ဝမ်ချွေ့ပင်း ပိုင်ကျင်းကို ကြည့်ရင်း ပြုံးလိုက်ပြီး “ ကျင်းလေး… သမီးကော အန်တီ့သားကို ဘယ်လိုထင်လဲ… အကုန်လုံးက မိသားစုတွေချည်းပဲနော်… ကိုယ်ထင်တဲ့အတိုင်းသာ လွတ်လွတ်လပ်လပ်ပြော…”

ပိုင်ကျင်း ရှက်စနိုးဖြင့် ခေါင်းငုံ့သွားခဲ့ပြီး “ သမီးလည်း သူ့ကို မဆိုးဘူးလို့ ထင်ပါတယ်… ဒီလိုမျိုး ရိုးဖြောင့်တဲ့လူနဲ့ လက်ထပ်ရမယ်ဆိုတာလည်း မဆိုးတဲ့ကိစ္စပဲလေ…”

သူမ စကားကို ကြားတော့ လင်းရီ မနေနိုင်ပဲ လှောင်ပြောင်စွာ ပြုံးရယ်မိလိုက်သည်။ ‘ရိုးဖြောင့်သည်’ ဟူသည့် စကားလုံးက ချီးမွမ်းသည့် အရာ ရောက်သော်လည်း သူမ နှုတ်မှ ထွက်လာချိန်တွင်တော့ စိတ်ထဲ နှိမ်နေသည့် ခံစားချက်မျိုး ရရှိနေသည်။

“ နှစ်ယောက်လုံးက မဆိုးဘူးထင်နေကြမှာတော့ ဒီပေါင်းဖက်မှုက အသင့်တော်ဆုံးပဲ …” ဝမ်ချွေ့ပင်း ပြုံးလိုက်ပြီးနောက် ကျောက်လီကို ကြည့်လိုက်ကာ “ လီလေး… နင် ဒါအပြင်ကို တခြား တောင်းဆိုစရာတွေကော ရှိသေးလား…”

ကျောက်လီခေတ္တမျှ ချီတုံချတုံ ဖြစ်သွားခဲ့ပြီးနောက် ချိုသာစွာ ပြုံးလျက် “ ကျွန်မလည်း ဖေးယွဲ့လေးက လူကောင်းလေးလို့ ထင်တယ်…. ဒီတော့ ပိုပြီး ထဲထဲဝင်ဝင် စကားပြောကြတာပေါ့… အရင်ဆုံး တင်တောင်းငွေအကြောင်း အရင်ပြောကြတာပေါ့…”

“ ရတယ်လေ..”

ဝမ်ချွေ့ပင်း မည်သည်ကိုမျှ ကွယ်ဝှက်မနေပဲ ပွင့်ပွင့်လင်းလင်းသာ သဘောတူလိုက်သည်။

ဤနေရာတွင်တော့ သာမန် လူတန်းစားတို့က လူကုံထံတို့က ပို၍ လက်တွေ့ကျလေသည်။ သူကြွယ်များကဲ့သို့ ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားပြီး အဆုံးတွင်မှ ထုတ်ပြခြင်းမျိုး မဟုတ်ပဲ လိုရင်းကို တိုက်ရိုက်သာ တန်းသွားလေ့ရှိကြ၏။

“ ငါတို့ချင်း ရင်းနှီးလာတာ ဒီလောက်တောင် ကြာနေပြီကို နင့်မှာ ပြောစရာရှိတာ ပြောချပစ်လိုက်.. ငါ အခု ရီလေးအတွက်လည်း စိတ်ပူစရာ မလိုတော့ဘူး… ငါ့သားကြီးကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံးက လက်ထပ်တော့မယ့် လူတွေချည်းပဲ.. ဒါကြောင့်မို့ ဒီကိစ္စမှာ ငါတတ်နိုင်သလောက် ကြိုးစားပေးမယ်…”

လင်းရီကတော့ ဆွံ့အနေမိတော့သည်။

‘ အမေ အဲ့လိုဆက်လုပ်နေရင် ကျွန်တော်တို့က ဘယ်လို ညှိနှိုင်းဆွေးနွေးလို့ရတော့မှာလဲဗျာ….’

ကျောက်လီ အားတောင့်အားနာ ဖြစ်စွာ ပြုံးလျက် “ အစ်မပင်း… နင်လည်း ကျင်းကျင်းရဲ့ အနေအထားကို သိပြီးဖြစ်မှာပါ…. သူက တက္ကသိုလ် ဘွဲ့ရထားပြီး ကမ္ဘာ့ထိပ်တန်း အဆင့် ၅၀၀ ထဲဝင်တဲ့ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတယ်…ပြီးတော့ အရင်ကလည်း သူ့ကို ပိုးပန်းနေတဲ့ သူတွေ အများကြီးရှိခဲ့ဖူးတယ်…..ဆိုတော့…..”

“ ကျင်းလေးက ထူးချွန်မှန်း ငါနားလည်ပါတယ်အေ… ဒါကြောင့်မို့လည်း ငါ့သားနဲ့ အဆင်ပြေအောင် ကြိုးစားပေးနေတာပေါ့…” ဝမ်ချွေ့ပင်း နှစ်သက်စွာ ပြောလိုက်သည်။

“ ဒါဆို အမှန်အတိုင်းပဲ ပြောလိုက်တော့မယ်….” ကျောက်လီပြောလိုက်ပြီး “ အရင်တုန်းက ကျင်းလေး တစ်ယောက်နဲ့ ကြင်ဖက်တွေ့ခဲ့ဖူးသေးတယ်… သူက နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားပြီး ကျိုးဟိုင်ကပဲ… သူ့မှာ အိမ်နဲ့ ကားရှိရုံတင် မကသေးဘူး… တင်တောင်းငွေလည်း ယွမ် ၁.၀၈ သန်း(ဆယ်သိန်းရှစ်သောင်း) ကမ်းလှမ်းလာခဲ့သေးတယ်… ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့နော်… ငါတို့ချင်းကလည်း မကင်းရာမကင်းကြောင်းတွေဆိုတော့ နင်တို့ကိုတော့ အဲ့လောက်အများကြီး မတောင်းဆိုချင်ပါဘူး… ဒီတော့ သတို့သမီး တင်တောင်းငွေကို ယွမ် ရှစ်သိန်းရှစ်သောင်းပဲ ထားလိုက်မယ်… အဲ့တာက မင်္ဂလာရှိတဲ့ ဂဏန်းနံပါတ်ပဲ…”

“ ရှစ်သိန်းရှစ်သောင်း….”

ဤသည်ကိုကြားတော့ ဝမ်ချွေ့ပင်း တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ချေ။

သူမ ယခင် မျှော်လင့်ထားသည်က ဂေဟာရှိ သူမ ကလေးတိုင်း၏ လက်ထပ်ပွဲတို့အတွက် ယွမ် တစ်သိန်း အကုန်ကျခံရန် စဉ်းစားထားခဲ့သည်။ သို့သော်လည်း လင်းရီမှ သူမအား ငွေကြေး အမြောက်အများ ထောက်ပံ့ပေးပြီးနောက် အဆိုပါ စံနှုန်းအား ယွမ် တစ်သိန်း ရှစ်သောင်းအထိ တိုးမြင့်ထားလိုက်လေသည်။ သို့တိုင်အောင် ယွမ် ရှစ်သိန်းရှစ်သောင်းဆိုသည်ကတော့ သူမ မည်သို့မျှ မတတ်နိုင်သည့် ပမာဏဖြစ်၏။

လင်းရီလည်း လုံးဝ ပါးစပ်အဟောင်းသား ဖြစ်နေမိတော့သည်။

ကျီချင်းရန်ပင် ယွမ်ရှစ်သိန်းရှစ်သောင်းတောင်းရန် အတွက် အင်မတန် အားနာနေမည်ဖြစ်ရာ ထိုမိသားစုက ဆိုဝံ့နေသေးသည်လော။

သူမသမီးက ကျီချင်းရန်ထက် ထူးချွန်ထက်မြက်နေသည်လော။

ဝမ်ချွေ့ပင်း အလိုအလျောက် ကျောက်ချွမ်းဖူထံ အကြည့်ပို့လိုက်မိသည်။ သူမ ကျောက်ချွမ်းဖူ၏ အမြင်ကို နားထောင်ချင်နေသည်။

ကျောက်ချွမ်းဖူ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလျက် ခေါင်းခါရမ်းပြလိုက်သည်။

‘ ငါတို့အဲ့လောက် ဘယ်တတ်နိုင်လိမ့်မလဲကွာ…’

ဝမ်ချွေ့ပင်း၏ အမူအရာမှာ အနည်းငယ် ကိုးရို့ကားယား နိုင်နေပြီး “ လီလေး.. နင် နည်းနည်းလောက် ပြန်စဉ်းစာပါဦးလားဟယ်… နင်လည်း ငါတို့ရဲ့ အခြေအနေကို သိရဲ့သားနဲ့ …. ငါ့မှာ သားတွေကလည်း အများကြီးပဲ….အဲ့လောက် ပမာဏကြီးတော့ မတတ်နိုင်ဘူး.. နည်းနည်းလေး ထပ်လျှော့ပေးလို့မရဘူးလား..”

“ အစ်မပင်း… တကယ်ဆို ငါတို့တောင်းတဲ့ ပမာဏက မများပါဘူးဟာ… “ ကျောက်လီ အခက်တွေ့နေဟန် ဆောင်လိုက်ပြီး “ အရင်တစ်ယောက်တုန်းကဆို ယွမ် ၁.၀၈ သန်း ကမ်းလှမ်းလာခဲ့တာ… အဲ့လောက်ကြီး တောင်းဖို့ကျတော့လည်း နင်တို့ကို အရမ်းအားနာလို့….”

“ ဒါက….”

ဝမ်ချွေ့ပင်း ကူကယ်ရာမဲ့နေသည့် အဆုံး လင်းရီကိုသာ ကြည့်လိုက်တော့သည်။ သူ၏ သားငယ်မှ အကြံဉာဏ်တစ်ခုဖြင့် စကားချီလာရန် မျှော်လင့်နေလေသည်။

လင်းရီကိုယ်တိုင်လည်း သူ အသေကောင်ကြီးအတိုင်း ဒီတိုင်း ရပ်ကြည့်နေ၍ မဖြစ်တော့ကြောင်း နားလည်လေသည်။

“ အမှန်တော့ အဆင်ပြေပါတယ်…” လင်းရီ ပြောလိုက်ပြီး “ ယွမ် ရှစ်သိန်းရှစ်သောင်းဆိုတာက မများပါဘူး..”

ဝူဖေးယွဲ့ မျက်မှောင်ကြုတ်သွားခဲ့သည်။ အကယ်၍ ယွမ် တစ်သိန်းရှစ်သောင်းဆိုလျှင်ပင် သူ လက်မခံနိုင်လေရာ ယခု ယွမ် ရှစ်သိန်းရှစ်သောင်း တောင်းဆိုလာသည်ကတော့……..

သို့သော်လည်း သူ စကားဝင်ပြောတော့မည့် အချိန်တွင် လင်းရီ ခုံအောက်မှ ခြေထောက်ဖြင့် မပြောရန် လှမ်းကန်လိုက်သည်။ ထို့နောက် သူကျောက်လီကို ကြည့်၍ “ အန်တီ တခြား ဘာတောင်းဆိုစရာတွေ ရှိသေးလဲ…. ကျွန်တော်တို့ တစ်ခါတည်း ဆွေးနွေးကြတာပေါ့..”

ပိုင်မိသားစုဝင်များကတော့ ရွှင်မြူးသွားခဲ့ကြသည်။ ကြည့်ရသလောက်တော့ သူတို့ ဝမ်ချွေ့ပင်းနှင့် စကားပြောစရာ မလိုတော့ပဲ ဝူဖေးယွဲ့၏ ညီငယ်နှင့် တိုက်ရိုက်စကားပြောဖို့ရန်သာ လိုအပ်သည့်ပုံပင်။

မည်သို့ပင်ဆိုစေ ကုန်ကျစရိတ်ကို ပေးမည့်သူက အငယ်ကောင်ဖြစ်၏။

ကျောက်လီ စကားဆိုအံ့ဆဲဆဲ အားယူနေသည့် အချိန်၌ သမီးဖြစ်သူ ပိုင်ကျင်းမှ သူ့အမေအား ခါးတို့၍ တိုးတိုးတိတ်တိတ်လေသံဖြင့် စကားပြောလိုက်သည်။

“ သမီး .. ဘာလဲဖြစ်လို့….”

“ အမေ… သမီး အိမ်ပိုကြီးတာ လိုချင်တယ်.. ၂၀၀ စတုရန်းမီတာက အရမ်းသေးလွန်းသွားပြီ…”

“ ဟင်… ကျိုးဟိုင်လို အိမ်ခြံမြေဈေးတွေ မိုးထိုးနေတဲ့နေရာမှာတောင် ၂၀၀ စတုရန်းမီတာ ရှိတဲ့ အိမ်တစ်လုံးဆိုတာ သွေးတက်လောက်စရာ ပမာဏဖြစ်နေပြီလေ…” ကျောက်လီ သူ့သမီးကို တိုးတိုး ပြန်ပြောလိုက်သည်။

တစ်ချိန်တည်း၌ သူမ သမီးက တော်တော်လေး အလိုလောဘကြီးလွန်းသည်ဟုလည်း အတွေး၀င်သွားခဲ့၏။ အကယ်၍ တစ်ဖက်သူက ချမ်းသာနေလျှင်ပင် အလွန်အကျွံကြီး တောင်းဆိုသည်ကတော့ မသင့်လျော်ချေ။

မဟုတ်ပါက လေထုမှာ အခြေအနေမကောင်း ဖြစ်ပျက်သွားနိုင်သည်။

“ အမေဘာသိလို့…” ပိုင်ကျင်းပြောလိုက်ပြီး “ သမီး ခုလေးတင် သူ့နာရီကို ကြည့်လိုက်တာ အဲ့နာရီ ဘယ်လောက်တန်ကြေးရှိလဲ အမေသိလား…”

ကျောက်လီ လင်းရီ လက်ကောက်ဝတ်ကို မသိမသာ တစ်ချက်ရှိုးလိုက်ပြီး ရောင်စုံ လက်ပတ်နာရီအား မြင်တွေ့သွားခဲ့၏။

“ အဲ့တာဘာဖြစ်လို့… ရာဘာကြိုးနဲ့ လက်ပတ်နာရီက ဘယ်လောက်များ တန်ကြေးရှိနိုင်မှာ..”

“ သမီး ပြောပြမယ်… အဲ့နာရီ ဘရန်းက Richard Mille … အင်တာနက်ပေါ်မှာ ခုလေးတင် ရှာကြည့်လိုက်တာ သူ့နာရီ အမျိုးအစားက ယွမ် ဆယ်သန်းကျော် ပေးရတယ်… သူချမ်းသာနေတာကြီးက သမီးတို့ စိတ်ကူးယဉ်နိုင်တာထက်ကို ပိုနေပြီ…”

“ သူ..သူက ယွမ် ဆယ်သန်းကျော်ပေးရတဲ့ နာရီကို ပတ်ထားနေတယ်…”

လင်းရီ လက်ပတ်နာရီ၏ တန်ဖိုးကို ကြားသိပြီးနောက် ကျောက်လီ ဆက်လက်၍ တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်တော့ချေ။ သူမ မူလက လင်းရီကို ချမ်းသာသည်ဟု ထင်ထားသော်လည်း ဤမျှ ချမ်းသာနေမည်လို့တော့ ထင်မှတ်မထားခဲ့ချေ။

အကယ်၍ သာမန် ကိုယ်ပေါ် ဝတ်သည့် အဆင်တန်ဆာ တစ်ခုကပင် ယွမ်ဆယ်သန်းကျော် တန်ကြေးရှိနေလေရာ ယွမ် သန်းဆယ်ချီသည့် အိမ်ဆိုလျှင်လည်း လွယ်လင့်တကူ ဝယ်နိုင်သည်ဆိုသည့် သဘောပင် မဟုတ်ပါလော။

“ အမေ နားလည်ပြီ… " ကျောက်လီ တီးတိုးရေရွတ်လိုက်ပြီး “ မူမပျက်နဲ့…. အချိန်ကျလာရင် နင် ဖြစ်စေချင်တဲ့အတိုင်း အမေ ကြည့်လုပ်ပေးမယ်.. အိမ်ကို ဘယ်သူ့နာမည်နဲ့ ပိုင်မလဲ ဆိုတာတွေလည်း ထည့်ပြောမနေနဲ့တော့…. အမေ စုံစမ်းပြီးသွားပြီ.. နှစ်ယောက် အိမ်ထောင်ကျပြီးသွားတာနဲ့ ဘယ်သူပဲ လက်မှတ်ထိုးထိုး အိမ်က နှစ်ယောက်လုံးရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်သွာမှာ.. နာမည်ထည့်စရာ မလိုဘူးဆိုတော့ အမေတို့လည်း ပိုပြီး ရက်ရောတဲ့ အသွင် ပေါက်သွားတာပေါ့….”

“ အမေဆို အရမ်း စဉ်းစားတတ်တာပဲ…”

ထိုအတောအတွင်း ဝမ်ချွေ့ပင်းကတော့ သားအမိနှစ်ယောက်ကိုကြည့်၍ ဘာမျှမပြောချေ။

ဤသည်က ကိစ္စကြီးဖြစ်သောကြောင့် မိသားစု သုံးယောက်အနေနှင့် တီးတိုးတိုင်ပင်ဆွေးနွေးသည်က နားလည်ပေး၍ ရလေသည်။

ကျောက်လီ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး “ ခု သမီးနဲ့ တိုင်ပင်ပြီးသွားပြီ…. ကျွန်မတို့ဘက်က အရင် အစက ပြောထားတဲ့ ပမာဏကို လျော့ပေးဖို့ ဆုံးဖြတ်လိုက်ပြီ.. ဘာပဲဆိုဆို ဖေးယွဲ့လေးကလည်း လူကောင်းပဲလေ… အဲ့လို အခြေအနေတွေ သတ်မှတ်ဖို့ ဆိုတာ မလိုပါဘူး..”

“ ဟုတ်တယ် ဟုတ်တယ်.. တကယ်လို့ နှစ်ယောက်အတူ ပေါင်းဖက်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်လိမ့်မလဲ..” ဝမ်ချွေ့ပင်း ဝမ်းသာအားရနှင့် ပြောလိုက်၏။

“ အမှန်ပဲ..” ကျောက်လီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ သတို့သမီး တင်တောင်းငွေအစား ကျွန်မတို့က ကျိုးဟိုင် မြို့လည် ကျောင်းနားခရိုင်မှာ ၃၀၀ စတုရန်းမီတာကျယ်တဲ့ အိမ်တစ်လုံးလိုချင်တယ်… ကလေးရဲ့ အနာဂတ်အတွက် ပညာရေးက အရေးကြီးဆုံးပဲလေ…”

“ ဘယ်လို ဘယ်လို… ကျောင်းခရိုင်နားက ၃၀၀ စတုရန်းမီတာကျယ်တဲ့ အိမ်…..”

စက္ကန့်အနည်းငယ်ကြာအောင် မှင်တက်သွားခဲ့ပြီးနောက် လင်းရီ သူ့ကိုယ်သူ တိတ်တဆိတ်တွေးတောလိုက်သည်။

‘ ခင်များတို့ ပါးစပ်က တကယ်ကြီး ပြောထွက်သေးတယ်နော်…’

All Chapters