ဇနီးရွေးရင် အရည်အချင်းကို ကြည့်တယ်၊ ကိုယ်လုပ်တော်ရွေးရင် ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်တယ်
Vol. 64 Ch. 948
“ ၃၀၀ စတုရန်းမီတာက မကြီးပါဘူး.. ဆိုတော့ ပြဿနာ မရှိဘူးမလား…” ကျောက်လီမှ အဆင်ပြေသင့်တယ်ဟူသော ဟန်အမူအရာနှင့် ပြောလိုက်သည်။
“ နေစမ်းပါဦး… ခင်များအခု နေတဲ့ အိမ်က ဘယ်လောက်ကြီးနေလို့… “ လင်းရီ မေးလိုက်၏။
“ အမ်… ငါတို့က ခု ၇၀ စတုရန်းမီတာလောက်ကျယ်တဲ့ အိမ်မှာ နေတာ…” ကျောက်လီ ကိုးရို့ကားယား ဖြစ်စွာဖြင့် ပြောလိုက်သည်။
“ ဒါဆို ၃၀၀ စတုရန်းမီတာလောက် ကျယ်တဲ့အိမ်ကြီးမှာနေရင် ခင်များ လမ်းပျောက်မှာ မကြောက်ဘူးလား…”
ပိုင်မိသားစုမှ လင်းရီ၏ စကားအသုံးအနှုန်း ရင့်သီးမှုကို သတိပြုမိလေသည်။ သို့သော်လည်း လင်းရီနှင့် ဆက်ဆံစရာ ကိစ္စလေးများ ရှိသေးသောကြောင့် မသိကျေးကျွံ ပြုထားလိုက်ကြ၏။
“ တကယ်တမ်းကျတော့ ၃၀၀ စတုရန်းမီတာ ဆိုတာ အဲ့သလောက်လည်း မကြီးပါဘူး… အန်တီတို့တောင် လောလောလတ်လတ် ရွေ့ဖို့ ဟန်ပြင်နေတာ..” ကျောက်လီ အပြုံးလေးဖြင့် ပြောလိုက်သည်။
လင်းရီ ခေတ္တ တုံ့ဆိုင်းသွားပြီး “ ဒါဆို တစ်ချက် အတူတွက်ချက်ကြည့်လိုက်… ကျိုးဟိုင်မြို့က ကျောင်းခရိုင်တွေက အလယ်ခေါင်လည်းကျပြီး တစ်စတုရန်း မီတာကို ယွမ် နှစ်သိန်း တန်ကြေးရှိတယ်… ၃၀၀ ပတ်လည် ကျယ်တဲ့ အိမ်တစ်လုံးဆို ယွမ် ၆၀ မီလီယမ်အထိရှိမယ်… အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်း အရင်ချေထားပြီး နှစ်သုံးဆယ် အရစ်ကျနဲ့ ဆပ်မယ်ဆိုရင် ၁၂ မီလီယမ်ယွမ်နဲ့ တစ်လကို အရစ်ကျ ၂၅၇,၆၇၄ ယွမ်… ထားပါ သုံးသိန်း….. လက်ထပ်ပြီးခါစ စုံတွဲအတွက် အဲ့လောက်ကြီးကျတော့ နည်းနည်း ဖိအား မများလွန်းဘူးလား…”
“ ဒါက… “ ကျောက်လီ ခေတ္တ တုံ့ဆိုင်းပြီးနောက် အပြုံးလေးဖြင့် “ လက်ထပ်တော့မယ့်ဟာကို ဘာလို့ အကြွေးယူနေဦးမှာ… နောင်ကျ ကလေးကို ပြုစုပျိုးထောင်တဲ့အချိန်ကျရင် ဖိအား တအားကြီးသွားမှာပေါ့.…”
“ နားလည်ပြီ..” လင်းရီ ပြုံးလိုက်ပြီး “ အန်တီက အဲ့လိုအတွေးမျိုးရှိနေတယ်ဆိုတော့အန်တီတို့ မိသားစု အခြေအနေက တော်တော်လေး ကောင်းတယ်နဲ့တူတယ်… ကျွန်တော့်အစ်ကိုကြီး အိမ်ကူဝယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်…. ဘာပဲဆိုဆို တစ်လ ယွမ် သုံးသိန်းကြီးကျ တော်တော်လေး ဖိအားများလွန်းတယ်…”
“ ဟင်.. “ ကျောက်လီ ချက်ချင်း ကြောင်အမ်းသွားခဲ့ပြီ “ ငါတို့ ပိုက်ဆံနဲ့ အိမ်ဝယ်ပေးမယ်လို့လည်း မပြောမိပါဘူး.. နင်တို့က သားရှင်လေ… ဒီတော့ နင်တို့ ပေးရမှာပေါ့….”
“ ဆိုတော့ အန်တီက ကျွန်တော်တို့ကို ပိုက်ဆံထုတ်စေချင်နေတယ်ပေါ့…” လင်းရီ အဓိပ္ပာယ် ခပ်ပါပါ လေသံဖြင့် ပြောလိုက်၏။
“ သေချာပေါက်ပဲပေါ့… ထုံးတမ်းစဉ်လာတွေအရဆိုရင် ဒီပစ္စည်းတွေက အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ်တွေပဲလေ.. အဲ့တာကိုလည်း အမျိုးသားဘက်ကပဲ ပေးရတာ….” ကျောက်လီ ပြောလိုက်၏။
“ ကောင်းပြီလေ… ဒီတိုင်း ယွမ် သန်း ၆၀ လောက်ပေးရတဲ့ အိမ်လေးတစ်လုံးတည်းကို… ကျွန်တော့်အစ်ကို အိမ်ထောင်ပြုမယ့် အရေးက ကိစ္စကြီးပဲ.. ကျုပ်တတ်နိုင်တယ်…” လင်းရီ ပြောလိုက်ပြီး “ နောက် .. တခြားတောင်းဆိုစရာတွေကော ရှိသေးလား…”
“ ကားကလည်း မရှိမဖြစ်ပဲလေ… ဒီအတွက်ကတော့ အန်တီတို့ အထူးတောင်းဆိုချင်တာတွေ မရှိပါဘူး… ယွမ် သိန်းဂဏန်းလောက်ပဲ ပေးရတဲ့ မာစီးတီးတို့ BMW တို့လောက်နဲ့ တင်းတိမ်လို့ရပါတယ်…”
လင်းရီ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ပြီး “ ကျွန်တော် မေးခွန်းနည်းနည်းလောက် မေးလို့ရမလား…”
“ မေးလေ…. ငါ့တူ ဆန္ဒရှိရာသာမေး..” ကျောက်လီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အရေးကြီး ကိစ္စဆိုမှတော့ သေချာပေါက် တိုင်တိုင်ပင်ပင် ဆွေးနွေးရမှာပေါ့ မဟုတ်ဘူးလား…”
“ ကျွန်တော်တို့ဘက်က အဲ့လောက် ပိုက်ဆံ အများကြီး ထုတ်ရမယ်ဆိုတော့ သတို့သမီးဘက်ကကော ဘယ်လောက်ပေးမှာ…”
“ ငါတို့ဘက်ကလား…. အဲ့လို ပေးရတဲ့ ထုံးစံ ဒီနေ့ခေတ်မှာ ရှိကောရှိသေးလို့လားဟယ်… အဲ့တာက ဒိတ်အောက်နေတဲ့ အတွေးအခေါ်ကြီး..”
“ အန်တီ.. ခင်များဟာက မဟုတ်သေးပါဘူး..” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်တို့ ထုတ်ရမယ့် အလှည့်တုန်းကကျ အစဉ်အလာကို လိုက်နာရမယ်… ခင်များတို့ ထုတ်ရမယ့် အလှည့်ကြတော့ ဒိတ်အောက်နေတဲ့ အတွေးအခေါ်ကြီးဆိုတော့…. ဒါကြီးက မထူးဆန်းလွန်းဘူးလား..”
“ ရှေ့ခေတ်တုန်းကတည်းကရင် သတို့သမီးဘက်က ပေးရတယ်ဆိုတာ ဘာမှ အဲ့လိုစည်းမျဉ်းမျိုး မရှိဘူး.. “ ကျောက်လီပြောလိုက်ပြီး “ ပြီးတော့ ပေးခဲ့ရင်တောင် အဲ့တာက တစ်ဖက်လူရဲ့ အရည်အချင်းပေါ် မူတည်သေးတယ်..”
“ ကောင်းပြီလေ…. ဒါဆိုလည်း စည်းမျဉ်းစည်းကမ်းတွေ အကြောင်း ပြောကြတာပေါ့..” လင်းရီ ပြုံးလိုက်ပြီး “ စကားပုံအတိုင်းပဲ မိန်းမရွေးရင် အရည်အချင်း၊ ဦးဆောင်နိုင်မှုကို ကြည့်တယ်… ကိုယ်လုပ်တော်ရွေးရင် ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်တယ်.. ရှေ့ခတ်တုန်းကတည်းကရင် တရားဝင်ဇနီးဘက်က ဥစ္စာပစ္စည်း ကမ်းလှမ်းပေးရတယ်… သူပေးတဲ့ ပစ္စည်းက တန်ဖိုးများပြားရင် များပြားသလောက် အမျိုးသားရဲ့ မိသားစုထဲမှာ အဆင့်အတန်း မြင့်မားလေပဲ…”
“ ဒါပေါ့… အန်တီတို့ဘက်က မပေးချင်လည်းရပါတယ်… ဒါပေမယ့် အဲ့တာကို ကျွန်တော်တို့ဘက်က ကိုယ်လုပ်တော် သဘောမျိုးပဲ မှတ်ယူမယ်.. အန်တီ့သမီး အရိုက်ခံရရင် ပြန်ခုခံခွင့်မရှိဘူး… အငေါက်ခံရရင် ပြန်လှန်ခွင့်မရှိဘူး… အန်တီ နားလည်တယ်မလား…”
“ နင်ဘာတွေ လာပြောနေတာ…. ငါ့အနေအထားကြီးက ဒီလောက်တောင် ပြောင်မြောက်ထူးချွန်နေတာကို နင့်အစ်ကိုကြီးအတွက် လုံလောက်တယ်ဆိုတာထက်တောင် ပိုနေပြီဟဲ့…. ငါ့အတွက် ပိုက်ဆံ ပိုကုန်ရတော့ကော နင်တို့ ဘာဖြစ်သွားမှာမို့လို့…” ပိုင်ကျင်း မနေနိုင်ပဲ ဝင်ပြောမိတော့သည်။
“ ပြောင်မြောက်ထူးချွန်တယ်..” လင်းရီ မျက်ခုံးပင့်လိုက်ပြီး ပြိုင်ဘက်ကင်းသည့် အရှိန်အဝါတို့က ပျံ့လွင့်လာခဲ့ကာ “ မင်းက ထူးချွန်တယ်လား… အမှန်အတိုင်းပြောရရင် ငါ့ ကုမ္ပဏီက အောက်ခြေ ဧည့်ကြိုဝန်ထမ်းတောင် 985 တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရထားမှ … မင်းရဲ့ အဆင့်က ကျိုးဟိုင်မှာဆို စာမတတ် ပေမတတ်အဆင့်လောက်ပဲ…”
“ နင်…..”
“ အစ်ကို့…”
နှစ်ဖက်မှ ရန်ဖြစ် စကားတော့မည့် အချိန်တွင် ကော်နင်ယွဲ့ အထဲသို့ ရောက်လာခဲ့ပြီး “ အပြင်မှာ ဧည့်သည်ရောက်နေတယ်..”
“ ဧည့်သည်လား… ဘယ်သူတဲ့လဲ…”
“ ညီမလည်း မသိပါဘူး… သူပြောနေတာတော့ သူ့ကိုယ်သူ မာစတာဝူဆိုလားပဲ…” ကော်နင်ယွဲ့ ပါးပေါ် လက်ညိုးတင်၍ စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီး “ သူတို့ အပြင်မှာ စောင့်နေကြတယ်…”
“ မာစတာဝူ..”
ထိုစကားလုံးကို ကြားတော့ ပိုင်ရုံကျွင်း ကြက်သေသေသွားခဲ့တော့သည်။
“ နာမည်ကျော်ကြားတဲ့ မာစတာဝူက တကယ်ကြီး ဒီရောက်နေတယ်လား… လာ.. အပြင်သွားကြည့်ကြမယ်…”
သူ ငယ်စဉ်က ပိုင်ရုံကျွင်းမှာ တေလေဂျပိုး လမ်းဘေး လူဆိုးတစ်ယောက်ဖြစ်၏။ ဝူထျန်းဖူဆိုသည်က သူ၏ ရင်ထဲ၌ အနှိုင်းမဲ့ နတ်ဘုရား အိုင်ဒေါသဖွယ်ပင်။
သို့သော်လည်း ယနေ့ ဤနေရာသို့ ရောက်လာလိမ့်မည်လို့တော့ သူ မမျှော်လင့်ထားခဲ့ချေ။
“ အင်း… သွားပြီးကြည့်ကြတာပေါ့..”
လင်းရီနှင့် ပိုင်ရုံကျွင်းတို့ ထွက်သွားခဲ့သည်ကို မြင်တော့ အခန်းထဲရှိ ကျန်သူများလည်း ငြိမ်ငြိမ် ထိုင်စောင့်မနေကြချေ။ အကုန်လုံး အနောက်မှ လိုက်သွား၍ ဘာဖြစ်နေလဲ သွားကြည့်ကြလေသည်။
ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီတို့ တံခါးပေါက်ဝ၌ ရပ်နေသည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။
သူတို့နှစ်ဦးအပြင် ယမန်နေ့ညက တွေ့ဆုံခဲ့သည့် ဝမ်ဝေ့စီနှင့် သက်လတ်ပိုင်း စုံတွဲဖြစ်ဟန်နှစ်ယောက်လည်း ဘေး၌ ရှိနေကြလေသည်။
လင်းရီ ရှုပ်ထွေးသွားခဲ့တော့၏။
ဒီလူတွေ ဘာလာလုပ်ကြတာ… ငါလည်း နှစ်သစ်ကူး စတုဒီသာကျွေးမယ် မပြောခဲ့မိပါဘူး…
“ မစ္စတာလင်း…. ကျုပ် ရန်ချိန်မှာ နှစ်တိုင်း ဘိုးဘေးတွေကိုလာတွေ့နေကြ… ဒါပေမယ့် မစ္စတာလင်းလည်း ရန်ချိန်ကို ရောက်နေမယ်လို့တော့ ထင်မထားဘူး… တော်သေးလို့ ရှောင်ကွမ်း ပြောလာလို့သာပေါ့.. ဒါကြောင့် မစ္စတာလင်းကို လက်ဆောင်ပစ္စည်းတွေနဲ့ နှစ်သစ်ကူး ဆုမွန်ကောင်း လာတောင်းပေးတာပါ…”
ဝူထျန်းဖူ အနည်းငယ် ကိုယ်ကို ကိုင်းရင်း ပြောလိုက်၏။
၎င်းကို ကြားတော့ ပိုင်ရုံကျွင်း ကြောက်ရွံမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တော့သည်။
ဒါ..ဒါ ရန်ချိန်ရဲ့ ဒိတ်ဒိတ်ကျဲ လူမိုက်ကြီး မာစတာဝူလေ…
သူ တကယ်ကြီး လင်းရီကို အဲ့လိုရိုကျိုးတဲ့ လေသံနဲ့ စကားပြောနေတယ်…
ဆိုရိုးများအတိုင်း ပြုံးပြလာသူကို ပါးသွားရိုက်၍ မသင့်တော်သောကြောင့် လင်းရီ မငြင်းပယ်လိုက်ချေ။
“ ပစ္စည်းတွေ ဒီမှာထားခဲ့လိုက်.. တကယ်လို့ ခင်များ တခြား ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ပြန်တော့ … ကျုပ်မှာ တခြား ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိသေးတယ်..”
နှစ်ဦးကြား ပဋိပက္ခတစ်ချို့ ရှိထားသော်လည်း လင်းရီ ဝူထျန်းဖူနှင့် မိတ်ဆွေဖြစ်နေလိုဆဲပင်။မည်သို့ပင် ဆိုစေ သူက ရန်ချိန်၌ ထာဝရ မနေနိုင်ချေ။ ထို့ကြောင့် အရာအားလုံးကို သူ့တစ်ကိုယ်တည်း ကိုင်တွယ်နေ၍ မဖြစ်ပေ။ ထို့ပြင် ဝူထျန်းဖူသည်က ရန်ချိန်၏ ဒေသခံ လူမိုက်ခေါင်းကြီးတစ်ဦးဖြစ်သောကြောင့် ဝူကျောင်းယိုကို အလင်းဘက် ကိစ္စရပ်များတွင် အကူအညီတောင်း၍ ရပြီး ဝူထျန်းဖူကိုတော့ ဒုစရိုက် ကိစ္စရပ်များတွင် ကူညီခိုင်း၍ရသည်။ ယခုတော့ ချက်စ် အပိုင်းအစနှစ်ခုက သူ့နေရာနှင့်သူ ကျရောက်သွားခဲ့ချေပြီ။
“ ကောင်းပါပြီ ကောင်းပါပြီ.. မစ္စတာလင်း အလုပ်များနေတယ်ဆို ကျုပ် မနှောင့်ယှက်တော့ပါဘူး…” လင်းရီ သူပေးသည့် လက်ဆောင် လက်ခံလိုက်သည်ကို မြင်တော့ ဝူထျန်းဖူ အင်မတန် ပျော်ရွှင်သွားခဲ့တော့သည်။
ဤသည်က ကောင်းသည့် အရိပ်လက္ခဏာပင်။ တစ်ဖက်၏ လက်ဆောင်ကို လက်ခံလိုက်သောကြောင့် သူ၏ ရင်းနှီးကျွမ်းဝင်လိုမှုအား သဘောတူသည့်ဆိုသည့် သဘောပင် မဟုတ်ပါလော။
“ ခေါင်းဆောင်လျို… ရှင် ဘာလို့ ဒီရောက်နေတာ…”
ကျောက်လီ၏ စကားသံ ထွက်လာမှုက အခြားသူများအား ကြက်သေသေသွားစေခဲ့သည်။ သူမ ဝမ်ဝေ့စီနောက်ရှိ မိန်းမကြီးအား ရင်းရင်းနှီးနှီး မှတ်မိနေလေသည်။
“ နင်က မစ္စတာလင်းကို သိနေတယ်ပေါ့…” ဝမ်ဝေ့စီ၏ မိခင်ဖြစ်သူ လျိုရာဝန်၊ အမျိုးသမီးလျိုမှ အံ့အားသင့်နေသည့်ဟန်ဖြင့် မေးလိုက်၏။
“ ကျွန်မ ဒီနေ့ ရောက်နေတယ်ဆိုတာ သူ့အစ်ကိုကြီးနဲ့ ကျွန်မ သမီးရဲ့ ဘလိုင်းဒိတ်အတွက်လေ..”
ကျောက်လီမှာ အစိုးရဌာန ရုံးတစ်ခုတွင် အလုပ်လုပ်ပြီး လျိုရာဝန်သည်ကတော့ သူမအထက် အကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။
“ အိုး အဲ့လိုဆို အရမ်းကောင်းတာပေါ့…” လျိုရာဝန် လင်းရီထံ လျှောက်လာခဲ့ပြီး အပြုံးလေးဖြင့် “ မစ္စတာလင်း… ကျွန်မတို့လည်း မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သိပြီးသွားပြီ… သားကိုလည်း အဲ့ဒီအတွက် မှတ်သားလောက်တဲ့ သင်ခန်းစာမျိုး ပေးပြီးသွားပါပြီ.. ကျေးဇူးပြုပြီး ကျွန်မတို့ကို အခွင့်အရေး နောက်တစ်ကြိမ်လောက် ပေးပါလားဟင်…”
လင်းရီ လျိုရာဝန်ကို တစ်ချက်ကြည့်လိုက်ပြီး “ ခင်များသား မြောက်ကြွမြောက်ကြွနဲ့ ထင်ရာစိုင်းဝံ့နေတယ်ဆိုတာ ခင်များတို့ ဒီလို အလိုလိုက်ထားလို့ပဲ.. ကျုပ် ဒီကိစ္စကို လွယ်လွယ်နဲ့တော့ အလွှတ်မပေးနိုင်ဘူး…”
“ ဒါက….”
ဝမ်မိသားစုဝင်များ အခက်တွေ့နေသည့် အမူအရာဖြင့် ဖြစ်သွားခဲ့ကြ၏။ သူတို့ ပြန်လည်တုံ့ပြန်ပြောဆိုချင်သော်လည်း မည်သို့ ပြန်ပြောရမှန်း မသိ ဖြစ်နေလေသည်။
“ ဒါက ကျုပ်တို့ အမှားပါ မစ္စတာလင်း… ကျုပ်တို့ ဝန်ခံပါတယ်… နောက်တစ်ကြိမ် ဒီလိုအမှားမျိုး ထပ်မဖြစ်စေရပါဘူး.. ကျုပ်တို့ ကတိပေးပါတယ်…”
“ ကောင်းပြီလေ… ကျုပ် အခွင့်အရေးပေးလိုက်မယ်… ဒါပေမယ့် ခင်များအမျိုးသမီးရဲ့ ရာထူးကိုတော့ ဆက်ပြီး မမျှော်လင့်ထားနဲ့တော့….”
၎င်းကိုကြားတော့ လျိုရာဝန်၏ အမူအရာ ညိုးငယ်သွားသော်လည်း သူမ လက်ခံနိုင်သေးဆဲပင်။
လက်ထဲ ပိုက်ဆံရှိနေသရွေ့ သူမတို့ အသက်ရှင်နေနိုင်သည်။ ဤသည်က သူမတို့၏ နေ့စဉ်ဘဝအပေါ်သို့ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။ ယခု လက်ရှိ အလုပ်နှင့်ကတော့ သူမ ဆုံးရှုံးလိုက်ရလည်း အဆင်ပြေသည်။ မည်သို့ပင်ဆိုစေ အစိုးရနှင့် ပတ်သက်နေရသည့် အလုပ်ဖြစ်ပြီး ဆက်နွယ်လွန်းနေ၍လည်း မကောင်းမွန်ချေ။
“ နင် ဘာတွေ စောင့်နေတာ.. မြန်မြန် မစ္စတာလင်းကို ကျေးဇူးတင်လိုက်လေ…” လျိုရာဝန် သားဖြစ်သူအား ကြိမ်းမောင်းလိုက်၏။
“ ကျေးဇူးပါ မစ္စတာလင်း… ကျေးဇူးပါ..” ဝမ်ဝေ့စီ နှိမ့်ချနာခံတတ်သည့် အမူအရာဖြင့် ပြောလိုက်သည်။ ထိုမြင်ကွင်းကိုမြင်တော့ ပိုင်ရုံကျွင်းနှင့် ကျောက်လီတို့မှ ကြောက်လန့်လွန်း၍ မြေပြင်နှင့် သံမှိုစွဲကပ်ထာသကဲ့သို့ ရုပ်သေကြီးများ ဖြစ်ပျက်သွားခဲ့ကြသည်။
ဝူဖေးယွဲ့ရဲ့ ညီလေးက တကယ်ကြီး ဘာအလုပ်တွေ လုပ်နေတာ..
သူက ရန်ချိန်မှာ အဲ့လောက်တောင် လွှမ်းမိုးမှု ကြီးမားနေတယ်လား…
တကယ်လို့ ကျင်းကျင်းသာ သူ့အစ်ကိုကြီးနဲ့ ရွှေလက်တွဲသွားနိုင်မယ်ဆိုရင် သူမကလည်း …… သူမကလည်း တကယ့် ကတော်တွေထက်ကို သာသွားမယ်မဟုတ်ဘူးလား…
“ မစ္စတာလင်း.. ကျုပ် စကားတစ်ခွန်းလောက်ပြောချင်တယ်…” ဝမ်ဝေ့စီ ပြောလာခဲ့၏။
“ ဘာပြောမှာ… ထပ်ပြီး သက်ညှာပေးဖို့ အတွက်တော့ မတောင်းဆိုးနဲ့တော့.. “ လင်းရီ ပြောလိုက်ပြီး “ မင်းတို့ ကုမ္ပဏီကို ဘာမှမလုပ်တာနဲ့တင် ငါ တော်တော်ကြီး သက်ညှာပေးပြီးသွားပြီ…”
“ မဟုတ်တာ မဟုတ်တာ… ကျုပ် ပြောမှာ အဲ့ဒီကိစ္စ မဟုတ်ဘူး… ကျုပ် ဒီ ပိုင်ကျင်းကို သိတယ်… သူ့စာရိတ္တက တော်တော်လေးကို မကောင်းတာဗျ… သူက အစ်ကိုကြီးဝူနဲ့ မသင့်တော်ဘူး…”