ဒီလောက် သားနားနေအောင် ဝတ်ထားပြီး ဘာလဲလုပ်မှာ
Vol. 64 Ch. 949
“ ဝမ်ဝေ့စီ… နင် မဟုတ်တမ်းလျားတွေ လျောက်ပြောမနေစမ်းနဲ့.. “
လင်းရီ ဘာမျှ မပြောရသေးခင် ပိုင်ကျင်းမှ ရှေ့ထွက်လာခဲ့ပြီး “ နင်နဲ့ ငါနဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး.. ဒီလာပြီး ငါ့ ကိုယ်ကျင့်တရားကို လာမပုတ်ခတ်နဲ့..”
“ ဟမ့်…. လာပြီး ဇွတ် အင်နိုးစန့် ပြမနေစမ်းပါနဲ့…” ဝမ်ဝေ့စီ အထင်သေးစွာ ကြည့်ရင်း ပြောလိုက်ပြီး “ မင်း ငါ့အမေ ဒါရိုက်တာဖြစ်နေမှန်းလည်း သိရော ငါ့ကို ရည်ရွယ်ချက်ရှိရှိ ဖျားယောင်းခဲ့တယ်လေ.. ငါနဲ့ နှစ်ရက်လောက်ပဲ ခင်ရသေးတာကို ဟိုတယ်အတူသွားချင်နေတဲ့ဟာမကများ… ငါ အဲ့ကိစ္စတွေကို ခရေစေ့တွင်းကျ ထုတ်ပြောဖို့ လိုသေးလား….”
ဝမ်ဝေ့စီမှာ တစ်ပါးသူအား ကြင်နာသနားတတ်သည့်သူ မဟုတ်။ ထို့ကြောင့် လူရှေ့သူရှေ့ တစ်ပါးသူ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ရန် မရှိပဲ အရှိအတိုင်း ပြောချပစ်လိုက်သည်။
“ အစ်ကိုရီ… ကျုပ် အစ်ကိုကြီးဝူနဲ့ ခင်များညီမ ကိစ္စမှာ မှားခဲ့တယ်ဆိုတာ ကျုပ် ဝန်ခံတယ်… ကျုပ်နဲ့ ထိုက်တန်လို့ ကျုပ် ဓားထိုးခံလိုက်ရတာ… ဒါပေမယ့် ဒီပိုင်ကျင်းက တကယ့်ကို မကောင်းတာ… ကျုပ်နဲ့ နီးကပ်ဖို့ ကြိုးစားရုံတင် မကသေးဘူး ကျုပ်သူငယ်ချင်း တစ်ချို့နဲ့ပါ အတူ အိပ်ဖူးသေးတယ်.. ပြီးတော့ နိုင်ငံခြားသားတစ်ချို့နဲ့ပါ မွေ့လျော်ဖူးသေးတယ်… ရှင်းရှင်းပြောရရင် ဒီပိုင်ကျင်းက ပိုင်းလုံး မကျတကျ… တကယ်လို့ အစ်ကိုကြီးဝူနဲ့ လက်ထပ်လိုက်မယ်ဆိုရင် အစ်ကိုကြီးဝူပဲ နစ်နာဆုံးရှုံးရမှာ…”
ထိုစကားကိုကြားတော့ ဝမ်ချွေ့ပင်း အမူအရာ ပြောင်းလဲသွားခဲ့တော့၏။
သူမလို ရှေးရိုးစွဲ…. အကယ်၍ ရှေးရိုးမစွဲလျှင်ပင် ယခုလို အတိတ်ကြီးအား နားလည်ပေးရန်ကတော့ လုံးဝမဖြစ်နိုင်ချေ။ အကယ်၍ စောသိခဲ့မည်ဆိုပါက သူမသားသမီးအား ဤသို့သော မိန်းကလေးမျိုးနှင့် မိတ်ဆက်ပေးရန်ဝေးစွ။ သူမ မိသားစုနှင့်ပင် တစ်ပါတည်း အဆက်အသွယ်ဖြတ်လိုက်ပေမည်။
“ အစ်မပင်း… နင် သူပေါက်တတ်ကရ ပြောတာတွေကိုနားထောင်မနေနဲ့.. သူ ကျွန်မ သမီးရဲ့ ကိုယ်ကျင့်တရားကို စော်ကားနေတာ… ကျွန်မသမီးက လုံးဝ အင်နိုးစန့်လေး .. အဲ့လိုကိစ္စမျိုးတွေဆို ဘာမှတောင် သိသေးတာမဟုတ်သေးဘူး..”
အစိုးရ ရုံးတို့၌ အဆက်အသွယ်မှာ သင် အလုပ်ထုတ်ခံရပြီးသည်နှင့် အေးစက်သွားလေ့ရှိ၏။
လျိုရာဝန်မှ အလုပ်ထုတ်ခံရပြီး ဖြစ်သောကြောင့် ကျောက်လီသူမကို မကြောက်ရွံ့တော့ချေ။ ထို့ကြောင့် သူမ စကားလုံးများက အင်မတန် တည့်တိုးဆန်နေသည်။
“ ကျွန်မတို့ စဉ်းစားကြည့်လိုက်ပါဦးမယ်… ဒီနေ့တော့ ဒီလောက်ပဲပေါ့… နှစ်ဖက်လုံး ပြန်ပြီး အေးဆေးစဉ်းစားကြတာက အကောင်းဆုံးဖြစ်လိမ့်မယ်…” ဝမ်ချွေ့ပင်း အယဉ်ကျေးဆုံး စကားအလှသုံး၍ သွယ်ဝိုက်သည့်နည်းဖြင့် ငြင်းဆိုလိုက်သည်။
“ အန်တီ… သမီးတို့ ခုနကလည်း စကားကောင်း ပြောနေကြတာပဲ မဟုတ်ဘူးလား…” ပိုင်ကျင်းပြောလိုက်ပြီး “ ဖြစ်ပြီးခဲ့တဲ့ အတိတ်တွေကို ဘာလဲ ခြေရာပြန်ကောက်နေဦးမှာ.. အတိတ်က အတိတ် ..လက်ရှိက လက်ရှိပဲလေ… တကယ်လို့ သမီးတို့နှစ်ယောက်သာ အတူရှိနိုင်သွားရင် သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ အန်တီရဲ့…”
လင်းရီ မည်မျှ ဩဇာညောင်းသည်ကို မြင်တွေ့ပြီးနောက် ပိုင်ကျင်း သူမ၏ ယခင် တောင်းဆိုမှုများအား ဘေးခြုံထဲ ပစ်ထားထည့်လိုက်တော့သည်။ လက်ရှိ သူမ၏ ပထမ ဦးစားပေးက ဝူဖေးယွဲ့နှင့် အတူလက်တွဲနိုင်ဖို့ရာပင်။ ကျန်သည့် အရာများကတော့ အချိန်တန်သည်နှင့် သူ့အလိုလို ရောက်ရှိလာမည်မှာ စိုးရိမ်ပူပန်နေစရာ မလိုပေ။
“ အမှန်ပဲ... ပြီးတော့ ကျွန်မတို့ ကျင်းကျင်းလေးရဲ့ အရည်အချင်းတွေက အထင်အရှားကြီး… တကယ်လို့ ဒါသာ အတိတ်တုန်းကဆိုရင် အောင်သွယ် သုံးလေးယောက်၊ တရားဝင်လက်ထပ်ပွဲနဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကြီးတွေ လိုမှာ… ခုတော့ တခြား အခြေအနေတွေကို ထားလိုက်ဦး… ရှင်ကများ သဘောတူဖို့တောင် ငြင်းဆန်နေလိုက်သေးတယ်ပေါ့…” ကျောက်လီ အော်ဟစ်ပြီးပြောဆိုလိုက်သည်။
“ ကျုပ်အမေကို အဲ့လိုလေသံမျိုးနဲ့ လာမပြောနဲ့…” လင်းရီ ထည်ဝါခန့်ညား အာဏာစက်ပြင်းသည့် အသံဖြင့် ပြောလိုက်ပြီး “ ကျုပ် ပြောပြမယ်… ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာအခမ်းအနားဆိုတာ မြင့်မြတ်တဲ့ အမျိုးသမီးတွေအတွက်.. တရားဝင် လက်ထပ်ပွဲဆိုတာ အဆင်းနဲ့ အချင်း ပြီးပြည့်စုံနေတဲ့ အမျိုးသမီးတွေအတွက်..ကျုပ်တို့က အစဉ်အလာအရ အောင်သွယ်တော်ကြီးတွေဆီကနေ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်ကောင်းတွေကို ရှာဖွေကြတယ်… ခင်များသမီးရဲ့ အကျင့်စရိုက်နဲ့တော့ ဘယ်ယောက်ျားကများ လက်နဲ့တို့ကြည့်ချင်မှာ…”
လင်းရီအသံထဲ၌ မလွန်ဆန်နိုင်သည့် ဩဇာညောင်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ ပိုင်မိသားစုဝင် သုံးယောက်လုံး နေရာ အေးခဲသွားသကဲ့သို့ အသံဆက်ထွက်မလာကြတော့ချေ။
အခြေအနေ မဟန်သည်ကို မြင်တော့ ဝူထျန်းဖူ ရှေ့တက်လာပြီး “ မစ္စတာလင်း… ကျုပ် ဒီကိစ္စ ကူညီကိုင်တွယ်ပေးရဦးမလား…”
လင်းရီ လက်ကို စိတ်မရှည်စွာ ဝေ့ယမ်းလိုက်ပြီး “ ဒီ မဆိုင်တဲ့လူတွေကို မောင်းထုတ်လိုက်တော့… မျက်စိထဲ အမှိုက်တွေရှုပ်တယ်…”
“ နားလည်ပါပြီ မစ္စတာလင်း… ကျုပ်အခု ကိုင်တွယ်လိုက်မယ်…”
အခြားသူများနှင့် မျက်နှာချင်းဆိုင်ရာတွင်တော့ ဝူထျန်းဖူ၏ အမူအရာမှာ နှစ်လိုဖွယ်ကောင်းနေခြင်းမရှိ။
သူ၏ နဂို ကြီးစိုးနိုင်သည့် အရှိန်အဝါတို့ ပြန်လည် သိပ်သည်းလာခဲ့ကာ “ မစ္စတာလင်းက မင်းတို့ကို ထွက်သွားခိုင်းနေပြီလေ… မင်းတို့က နေချင်ကြသေးတာလား….”
“ ခု…ခု ထွက်သွားနေပါပြီ…”
ပိုင်ရုံကျွင်း အသံတုန်ယင်စွာဖြင့် ပြောလိုက်သည်။ ထို့နောက် ကျောက်လီနှင့် သူ့သမီးအား အလျင်စလို ဆွဲခေါ်သွားပြီး တစ်စက္ကန့်လေးမျှပင် ထပ်အချိန် မဆွဲမဝံ့တော့ချေ။
ဝမ်မိသာစုဝင်များလည်း ဦးညွှတ်အရိုအသေပေး၍ ဂေဟာထဲမှ ထွက်ခွာသွားခဲ့ကြ၏။
မဆိုင်သည့်လူများ ထွက်ခွာသွားခဲ့ပြီးနောက် ဝမ်ချွေ့ပင်း သူမ မျက်ခုံးနှစ်ခုကြားကို ကူကယ်ရာမဲ့စွာဖြင့် နှိပ်နှယ်ရင်း “ ဟင်း…. ငါကတော့ မိန်းမကောင်းလေးဖြစ်မယ်လို့ ထင်ထားတာ… ဒီလို စရိုက်မျိုးနဲ့ မိန်းကလေးဖြစ်နေမယ် ထင်မထားဘူး.. အမေတော့ တကယ် အမှားကြီး လုပ်မိတော့မလို့ပဲ…”
လင်းရီနှင့် ဝူဖေးယွဲ့တို့ အချင်းချင်း ကြည့်လိုက်ကြ၏။ ထို့နောက် လင်းရီ ဝမ်ချွေ့ပင်း အနားသွား၍ နှစ်သိမ့်ပေးလိုက်ပြီး “ ဒါမျိုးဖြစ်မယ်လို့ ကျွန်တော် ထင်ပြီးသားပါ… နောက်ဆို အစ်ကိုကြီးအတွက် ဘလိုင်းဒိတ် လုပ်ပေးဖို့ စဉ်းစားမနေနဲ့တော့… သူ့ဘာသူပဲ ရှာတွေ့ပါလေ့စေ…”
“ ဟင်း.. နင်တို့ ခေတ်လူငယ်တွေများ ရှုပ်ကို ရှုပ်လွန်းတယ်… သဘောပဲ… နင်တို့ စိတ်ကြိုက်သာလုပ်တော့…”
“ အမေ… ခု ဘယ်လဲသွားမလို့…” ဝမ်ချွေ့ပင်း ထွက်သွားခဲ့သည်ကို မြင်တော့ လင်းရီ လှမ်းမေးလိုက်သည်။
“ နေ့လည်ရောက်နေပြီလေ… ငါ မချက်တော့ နင်က ဘာနဲ့ သွားစားမှာ…”
“ အိုကေ အိုကေ…ဒါဆိုမြန်မြန်လေး... ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ..”
ထိုနေ့လည်ခင်းတွင်တော့ လင်းရီ ဘယ်ကိုမှ သွားမနေတော့ပဲ ဂေဟာ၌သာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ရန်ချိန်ရှိ ကိစ္စများအား ကိုင်တွယ်ပြီးဖြစ်သောကြောင့် သူ မနက်ဖြန် ကျိုးဟိုင်သို့ ပြန်သွားရန် စီစဉ်ထားသောကြောင့်ပင်။ ထို့ကြောင့် ကျန်သည့် အချိန်အား ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်းဖူတို့ကို အဖော်ပြုပေးရင်း ကုန်ဆုံးနေလေသည်။
နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ သူ့အဝတ်အစားများ ထုပ်ပိုး၍ စားသောက်ပြီး လေဆိပ်သို့ ထွက်လာခဲ့တော့၏။
မူလကတော့ ဝမ်ချွေ့ပင်း သူ့ကို သုံးလေးရက်ခန့် ထပ်နေစေချင်သေးသည်။ သို့သော်လည်း လင်းရီမှ ကျီချင်းရန်အကြောင်း ပြောလာသည့် အချိန်တွင်တော့ မိခင်ကြီးမှာ အိမ်မှပင် မြန်မြန်ထွက်ရန် လောဆော်နေတော့လေသည်။
သူ လေယာဉ်ဆင်းပြီးနောက် ကျီချင်းရန်မှ အသင့် လာကြိုပေးသည်။ လူအများကြီး ရှိနေသည်ကို ဂရုစိုက်မနေပဲ သူမ လင်းရီ အနားသို့ ပြေးလာ၍ ကိုအာလာလေးကဲ့သို့ လင်းရီ၏လည်ပင်းအား တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
သေချာပြန်စဉ်းစားကြည့်တော့မှ သူ ကျိုးဟိုင်မှ ထွက်လာခဲ့သည်မှာ ဆယ်ရက်ပင် ကျော်နေချေပြီ။ သူ ချင်းရန်ကို မလွမ်းဘူးပြောပါက မုသားဆိုခြင်းသာ မုချဖြစ်ပေလိမ့်မည်။
ထို့နောက် နှစ်ယောက်သား ကားထဲဝင်၍ ရုံးသို့ ဦးတည်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင်တော့ နှစ်သစ်ကူး အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား အချင်းချင်း ပြန်ပြောပြနေကြသည်။ ကျီချင်းရန် ရုံးခန်းသို့ ရောက်သည့် တိုင်အောင် သူတို့နှစ်ဦးကြား ပြောစရာစကားတို့က မကုန်ဆုံးနိုင်သေးချေ။ နှစ်ဦးသားမှာ မနက်ဖြန် ထပ်မတွေ့ဖြစ်တော့မည့်အလား ပြုမူနေကြလေသည်။
သူတို့ ရုံးခန်းထဲ ရောက်လာတော့ ကျီချင်းရန် လင်းရီအတွက် ရေတစ်ခွက် ငဲ့ပေးရင်း ပျားရည်ကဲ့သို့ ရင်ထဲချိုမြသွားစေမည့်လေသံဖြင့် “ မစ္စတာလင်း… နင်ခု နှစ်သစ်တွက် ဘာပလန်တွေ စဉ်းစားထားလဲ…”
“ ယာစိုက်မယ်.. ခု အဲ့တာက ပထမ ဦးစားပေးပဲ..”
ကျီချင်းရန် “ …… “
“ ကုမ္ပဏီရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွေ အတွက်ကျတော့ရော… နင့်မှာ အဲ့ဒီအတွက် အစီအစဉ်တွေ မတွေးထားဘူးလား…” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါနဲ့ နှစ်သစ်ကူးတုန်းက ငါ ယွမ်ယွမ်ကို အဲ့ကိစ္စ ပြောထားပြီးသွားပြီသိလား..”
“ အဲ့တော့ သူ ငါ့ကို မိုးမွှန်အောင် ဝေဖန် ကျိန်ဆဲနေရောပေါ့.. ဟုတ်တယ်မလား…” လင်းရီ ပြုံးလျက် ကြိုသိနေသည့် အသွင်ဖြင့် မေးလိုက်၏။
ကျီချင်းရန် တခစ်ခစ် ရယ်မောလျက် “ နင်တော့ ငါ့ထက်ပိုပြီးတောင် ယွမ်ယွမ်ကို နားလည်နေတာပဲ…”
“ သူ ပါးစပ်ဟလိုက်တာနဲ့ ဘာစကားထွက်မလဲဆိုတာ ငါကြိုသိပြီးသား… ကောင်းတာ တစ်ခုမှ ပြောမှာ မဟုတ်ဘူး..”
“ နင်အဲ့လိုပြောလို့တော့မရဘူးလေ.. ယွမ်ယွမ်က လင်းယွမ်အုပ်စုကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးဖြစ်လာအောင် အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ အများကြီး လုပ်ပေးထားသေးတယ်…”
“ သူ ကြိုးစားပေးတိုင်း အကောင်းထင်မနေနဲ့… သူ့ အကျိုးအတွက် သူလုပ်နေတာ… အဲ့တာမှ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးမှာ စီနီယာ အလုပ်အမှုဆောင် ဖြစ်နေတယ်ဆိုပြီး ကြွားလုံးထုတ်လို့ရမှာလေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီနှစ် လီတိုဂရပ်ဖီ ပရောဂျက်က နေရာယူလာတော့မယ်ဆိုတော့ ကြီးကြီးမားမား လှုပ်ရှားဖို့ အချိန်ကောင်းပဲ….”
“ မစ္စတာလင်း… နင်တော့ အလုပ်ကြိုးစားရတော့မယ်…”
“ ဒါပေါ့..”
ထိုညနေခင်းတွင် လင်းရီ နေရာတစ်နေရာ ဘွတ်ကင်လုပ်၍ ကျီချင်းရန်နှင့်အတူ ရိုမန်းတစ်ဆန်သည့် ဖယောင်းတိုင်မီးလေးဖြင့် ညစာစားပြီး ကျိုကျုံးဗီလာသို့ အတူပြန်လာခဲ့ကြသည်။
နောက်တစ်နေ့နံနက် လင်းရီ အဝတ်အစားဝတ်ပြီး ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်တော့ ကျီချင်းရန် လှမ်းမေးလိုက်၏။
“ နင်ဟွမ်ရှီး ကျေးရွာကို သွားမလို့မဟုတ်ဘူးလား… အဲ့လောက် သားနားနေအောင် ဝတ်စားထားပြီး ဘာလဲလုပ်မှာ…”
လင်းရီ ကျီချင်းရန်ကို မပျော်မရွှင်ဖြစ်စွာ တစ်ချက်ကြည့်လိုက်ပြီး “ ရွာသူလေးတွေက မင်းအတွက် ခြိမ်းခြောက်မှုရှိတယ်ဆိုပြီး တွေးနေတာတော့ မဟုတ်ဘူးမလား..”
လင်းရီပြောသည်ကိုကြားတော့ ကျီချင်းရန် သဘောကျစွာဖြင့် တခစ်ခစ် ရယ်မောမိသွားခဲ့သည်။
“ ငါပြောချင်တာ... နင် အဲ့လောက်ထိ သပ်သပ်ရပ်ရပ် ဝတ်သွားပြီးတော့ ဘာလို့ ယာသွားလုပ်မှာလဲလို့…ဒီတိုင်း သာမန်အဝတ်စားတွေ ဝတ်သွားလို့လည်း ရတာပဲကို…”
“ ငါ ဟွမ်ရှီးကျေးရွာကို ချက်ချင်းသွားမှာ မဟုတ်ဘူး… ကော်ပိုရေးရှင်းဆီ အရင်သွားမှာ…” လင်းရီ ပြောလိုက်ပြီး “ ငါလည်း အပင်စိုက်တာ သိပ်မရတော့ ဟော်ယွမ်ယွမ်ကို အကူအညီပေးဖို့ သွားခေါ်မလို့လေ..”
“ ဒါဆို နင် စိတ်ရင်း တစ်ချို့တော့ ပြပေးဖို့ လိုတာပေါ့… မဟုတ်ရင် ယွမ်ယွမ် နင့်ကို အခွင့်ကောင်းယူပြီး ပစ်ပစ်နှစ်နှစ် ဝေဖန်ပါလိမ့်မယ်....”
“ မင်း သူ့ကို တော်တော် နားလည်ထားသားပဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ငါ ရေခဲသေတ္တာထဲက ဒိတ်အောက်နေတဲ့ ချောကလက်တွေ ယူသွားပေးမလို့လေ..”
“ နင် ဒါတော့ အရမ်းလွန်သွားပြီနော်.. မကောင်းတာတွေ ပေးပြီး သူများနား အကူအညီကျ လိုချင်နေတယ်..”
“ ယွမ်ယွမ်ရဲ့ အစာအိမ်က အကောင်းစားကြီးတွေဆို အစာမကြေဖြစ်တတ်လို့ပါကွာ…. ဒိတ်လွန်နေတဲ့ မုန့်တွေကမှ သူမနဲ့ အသင့်တော်ဆုံးပဲ…”