အခန်း (၉၅၀)
Vol. 64 Ch. 950
“ ဒါပေမယ့် ငါ ရှင်းအောင်ပြောထားမယ်နော်… အဲ့ဒီ ချောကလက်တွေ ပေးချင်တာကနင် .. ငါ ဒီကိစ္စ ဘာမှ မသိထားဘူး… ငါ့ကို မရောင်းစားနဲ့….”
“ စိတ်ချ… ငါဘယ်တော့မှ ကိုယ့်လူကိုယ် ပြန်မရောင်းစားဘူး…”
တန်ပြန်ရေး အစီအစဉ်များ ဆွေးနွေးပြီးနောက် နှစ်ယောက်မှာ ကုမ္ပဏီ အသီးသီးသို့ မောင်းထွက်သွားခဲ့ကြသည်။
သူ လင်းယွမ် အုပ်စုကို ရောက်တော့ လင်းရီ ကားပါကင်တစ်ဝိုက်သို့ လျှောက်ကြည့်လိုက်ပြီး ဟော်ယွမ်ယွမ်၏ Cayenne မှာ တစ်နေရာတွင် ပါကင်ထိုးထားကြောင့် မြင်တွေ့လိုက်ရလေသည်။ ထို့နောက် သူ ဓာတ်လှေကားစီး၍ ရုံးခန်းအဆောက်အဦးထဲသို့ ဝင်သွားလိုက်သည်။ သို့သော်လည်း လင်းရီ သူ့ရုံးခန်းထဲ တန်းမသွားချေ။ ထိုအစား ဟော်ယွမ်ယွမ်၏ ရုံးခန်းရှေ့သို့ ရောက်လာခဲ့၏။
ဒေါက် ဒေါက် ..
“ ဝင်ခဲ့..”
လင်းရီ တံခါးခေါက်ပြီးတော့ ဟော်ယွမ်ယွမ် အသံပေးလာခဲ့ကာ သူ တံခါး တွန်းဖွင့်၍ အထဲဝင်လာခဲ့လိုက်သည်။
ငွေကြေး စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေသည့် ဟော်ယွမ်ယွမ်မှ လင်းရီ ဝင်လာသည်ကို မြင်တော့ လုံးဝ ကြက်သေသေသွားခဲ့တော့၏။
သူမ သူဌေးဖြစ်သူကို သံသယဖြစ်စွာ ကြည့်လိုက်ရင်း “ ဘော့စ်… ရှင်ဒီနေ့ ဆေးမှားသောက်လာခဲ့တာလား… ရုံးခန်းထဲ မဝင်လာခင် တံခါးခေါက်ရကောင်းမှန်း သိနေတယ်…”
“ ဒါရိုက်တာဟော်…. မင်းစကားကို ဘယ်လိုတွေပြောနေတာ… ခု နှစ်သစ်ကူးက မပြီးသေးဘူးဆိုတော့ မင်းအတွက် လက်ဆောင် သေးသေးလေး ယူလာပေးတာပါဟ….”
ပြောပြီးနောက် လင်းရီ ဖာရီရို ချောကလက်ထုပ်လေးအား ဟော်ယွမ်ယွမ်၏ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
ဟော်ယွမ်ယွမ် သူမ ထိုင်ခုံနောက်သို့ ကျောမှီလိုက်ပြီး ရင်ဘက်ရှေ့ လက်ကို ပိုက်ထားလျက် လင်းရီကို စူးစမ်းသလို ကြည့်နေရင်း “ လက်ဆောင်… မသင်္ကာစရာပဲ… ဘော့စ် ရှင် ကျွန်မကို ဘာတွေ မကောင်းကြံချင်နေတာ….”
“ အဲ့လိုမပြောစမ်းပါနဲ့.. အဓိကက ငါ ပရောဂျက် အသစ်တစ်ခုကို စိတ်ဝင်စားနေလို့..ငါ့အထင် ကုမ္ပဏီက ဘယ်သူမှ ကိုင်တွယ်နိုင်မယ်မထင်ဘူး.. ဒါရိုက်တာဟော်တစ်ယောက်တည်းက အနာအဆာ မရှိအောင် ကိုင်တွယ်နိုင်မယ် ခံစားနေရလို့….”
“ ဟီးဟီး… ရှင် ဒီတစ်ခါတော့ မှန်သွားပြီ..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒီလင်းယွမ် အုပ်စုမှာ အစ်ကိုချီကလွဲရင် ဘယ်သူမှ ကျွန်မကို မယှဉ်နိုင်ဘူး..”
“ ဒါရိုက်တာဟော်က အရမ်း နိမ့်ချလွန်းနေပါပြီ…. ငါ့အမြင်မှာတော့ ချီကြီးကတောင် မင်းပြိုင်ဘက်မဟုတ်သေးဘူး… နောက်သုံးလေးနှစ်နေရင် ကုမ္ပဏီရဲ့ စီအီးအို ရာထူးက သေချာပေါက် မင်းအတွက်ပဲ..”
“ ဒါဆို ခု တစ်ခါတည်း ရာထူးတိုးပေးလိုက်လေ… ကျွန်မ အဲ့ဒီ ရှင့်ရုံးခန်းကို မျက်စောင်းထိုးနေတာ တော်တော်လေး ကြာပြီ…”
“ အဟွတ် အဟွတ် အဟွတ်…” လင်းရီ ကိုးရို့ကားယား ချောင်းဆိုးလိုက်ပြီး “ မင်းငါ့ကို ဒီပရောဂျက်ကူညီပေးရင် စီအီးအို ရာထူးက အနှေးနဲ့အမြန် မင်းအပိုင်ပဲ…”
“ တကယ်နော်.. ဘာပရောဂျက်လဲ…”
“ ငါ ကုမ္ပဏီ စီးပွားရေး ချဲ့ထွင်ဖို့ဆိုပြီး ကျိုးဟိုင်နားမှာ မြေလေးတစ်ကွက် ဝယ်ထားတယ်.. ဒါပေမယ့် ကုမ္ပဏီတစ်ခုလုံးမှာ အဲ့ဒီ ပရောဂျက်ကို ကိုင်တွယ်ဖို့ အရည်အချင်း ပြည့်မှီတဲ့သူက မင်းတစ်ယောက်တည်းရှိတာ ဒါရိုက်တာဟော်…”
“ ဒါဆို ဘာလဲစောင့်နေတာ… ခုပဲ သွားကြည့်ကြမယ်လေ…” ဟော်ယွမ်ယွမ် ချက်ချင်းထ၍ ကုတ်အင်္ကျီဝတ်ရင်း “ ကျွန်မနဲ့သာဆိုရင် အားလုံးက ထမင်းစားရေသောက်ပဲ…”
“ ကောင်းပြီ သွားစို့…”
ထို့နောက် ဟော်ယွမ်ယွမ် သူမ ပစ္စည်းများကို သိမ်းဆည်း၊ စလင်းဘတ်အိတ်ကို လွယ်လျက် လင်းရီနှင့်အတူ ကားထားသည့် နေရာသို့ ရောက်လာလေသည်။
“ အာ… ဘော့စ် ကားအသစ် ဝယ်လိုက်တာလား…” ဟော်ယွမ်ယွမ် လင်းရီ၏ Lexus 570ကို ကြည့်ရင်း ပြောလိုက်၏။
“ ဒါက မောင်းလို့ ပိုအဆင်ပြေတယ်လေ… တကယ်လို့ ဒါရိုက်တာဟော်က ကြိုက်တယ်ဆိုရင် ဒီကား ပေးလိုက်မယ်….”
“ မလိုပါဘူး… ပရောဂျက်ပြီးသွားရင်သာ ကျွန်မကို ဘောနပ်စ်ပေးဖို့ မမေ့နဲ့…”
“ ဒါပေါ့… ဒါရိုက်တာဟော်လို မြှောက်စားပေးသင့်တဲ့သူကို မပစားပေးလို့ ဘယ်ဖြစ်မှာ…”
“ ဘော့စ်… ရှင်တောင် နှစ်သစ်ကူးပြီးတော့ တော်တော်လေး ရင့်ကျက်လာပြီပဲ… နောက်ဆုံးတော့ ကျွန်မရဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုရကောင်းမှန်း နားလည်ပြီပေါ့…” ဟော်ယွမ်ယွမ် နှစ်ခြိုက်အားရနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
“ အတိတ်တုန်းက ရှင် ကျွန်မအပေါ် ခက်ထန်ခဲ့တာတွေအတွက် အရမ်း အပြစ်ရှိသလို ခံစားနေရပြီမလား…”
“ အမှန်ပဲ…” လင်းရီ ထူးမခြားနားသည့် မျက်နှာ အမူအရာဖြင့် ပြောလိုက်ရင်း “ ငါ နှစ်သစ်ကူးအတွင်း အိမ်မှာထိုင်ပြီးတော့ ကိုယ့်ရဲ့ အရင်က အပြုအမူတွေကို နက်နက်ရှိုင်းရှိုင်း ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ ကိုယ့်ကိုယ်ကို ဘယ်လောက်တောင် ဆိုးသွမ်းနေလဲဆိုတာ သတိထားမိသွားတယ်… ဒါကြောင့်မို့ ခု ဒီပရောဂျက်ကို မင်းဆီ လွှဲပေးဖို့ဆုံးဖြတ်လိုက်တာ…"
“ လွှဲပေးမယ်…ဒါဆို ရှင်က ဝင်မပါတော့ဘူးပေါ့…”
“ ဒါပေါ့… ဘယ်ဝင်ပါတော့မှာ…” လင်းရီ ပြောလိုက်ပြီး “ ငါက နေ့တိုင်း နေရာစုံကို လိုက်သဝေထိုးနေတဲ့ကောင်လေ.. ဒီလို လေးလေးနက်နက်ရှိတဲ့ ကိစ္စတွေကျတော့ ဒါရိုက်တာဟော် ကိုင်တွယ်တာကမှ အသင့်လျော်ဆုံးပဲ.. ဒါကြောင့်မို့ ဒီနေ့ လွှဲပြောင်းတဲ့ စာချုပ်ကို တစ်ခါတည်း ယူလာခဲ့တာ… မင်းလုပ်ဖို့ လိုအပ်တာက မှင်တစ်ချက်တို့ဖို့ပဲ..”
“ စာချုပ်လည်း ရှိသေးတာလား…”
“ ဒါပေါ့.. ရှိတာပေါ့.. ဒီပရောဂျက်က ငါတို့ ကုမ္ပဏီရဲ့ အနာဂတ် ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပြောင်းလဲပေးမှာလေ… ဒါက သမိုင်းမှတ်တိုင်ကြီး တစ်ခုကွ… ခုကစပြီး မင်းက လင်းယွမ်အုပ်စုရဲ့ စီနီယာဒုဥက္ကဌ ဖြစ်သွားပြီ…. ယွမ်တစ်ဘီလီယမ်အောက် ပရောဂျက်တိုင်းကို စိတ်တိုင်းကျ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ မင်းမှာ ရှိသွားပြီ… ငါ့ကို အစီရင်ခံ တင်ပြနေစရာ မလိုတော့ဘူး…”
ဟော်ယွမ်ယွမ် မျက်လုံးလှိမ့်လိုက်၏။
သူမ သူဌေးက ဒီနေ့ မယုံကြည်နိုင်ဖွယ် သဘောကောင်းနေသည်ဟု ခံစားနေရလေသည်။
ဧကန္တ … အစ်မကျီကများ ဘော့စ်ကို အိပ်ရာပေါ်မှာ စကားတစ်ချို့ ပြောထားပေးလားမသိဘူး…
ဖြစ်နိုင်လောက်တယ်… ဘာပဲဆိုဆို ငါက နဂိုကတည်းကရင် အရည်အချင်းရှိပြီးသားပဲလေ..
လင်းရီ ကား လက်တင်သည့် နေရာထဲမှ စာဖိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင်တော့ စာရွက်စာတမ်းတစ်စောင် ပါဝင်နေပြီး စာရွက်ပေါ်တွင်တော့ ပရောဂျက်အသစ်နှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ တာဝန်ယူမှု တာဝန်ခံမှု၊ အကျိုးခံစားခွင့်များနှင့် အခြေနေအရပ်ရပ်တို့ကို ရေးသားဖော်ပြထားသည်။
ဟော်ယွမ်ယွမ် ပရောဂျက်နာမည်ကို တစ်ချက်ကြည့်လိုက်တော့ သူမ စိတ်ထဲ ချက်ချင်း အထင်ကြီးသွားခဲ့တော့၏။
‘ မြေနှင့်စက်မှုဇုန် အဆင့်မြင့်တင်ခြင်း စီမံကိန်း ‘
ဖတ်ကြည့်လိုက်သည်နှင့် အလွန်အမင်း ကြီးကျယ်ခမ်းနားမည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ ဘော့စ်..ရှင် ဒီပရောဂျက်ကို ဘယ်နားလေးကနေ ရခဲ့တာ..”
“ အပေါ်က …” လင်းရီ ခပ်တိုတို ပြောလိုက်ပြီး “ ငါ သတင်းတစ်ချို့ ရထားတာတော့ ၁၄ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းပြီးတာနဲ့ နိုင်ငံက ဒီအပိုင်းမှာ အများကြီး ကြိုးစားအားထုတ်လာနိုင်တယ်တဲ့… ဒါကြောင့်မို့ ဒီပရောဂျက်က အရမ်းအရေးကြီးတယ်ပြောတာပေါ့.. တခြားလူတွေနဲ့ လွှဲထားပေးခဲ့ဖို့ရာ အရမ်း စိတ်မချ ဖြစ်နေတာ…”
လင်းရီ၏ မည်မျှ လေးနက်နေသည့် အမူအရာကို မြင်တော့ ဟော်ယွမ်ယွမ် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ သူမ နာမည်ကို စာချုပ်တွင် လက်မှတ်ထိုးပေးလိုက်သည်။
သူမ သူဌေးက အမြဲတမ်း သူမနှင့် ကန့်လန့်တိုက် တကျတ်ကျတ် ဖြစ်လေ့ရှိသော်လည်း သူမ အပေါ်တွင်တော့ ကောင်းမွန်စွာ ဆက်ဆံပေးနေသေးလေသည်။
အချို့ ကိစ္စရပ်များဘက်တွင်လည်း သူမ ဘက်မှ ရပ်တည်ပေးလေ့ရှိ၏။ ထို့ကြောင့် ယခုလို အရေးကြီးသည့် ပရောဂျက်အား သူမလက်ထဲ ထည့်လာပေးသည်က နားလည်နိုင်လေသည်။
သူမဘော့စ်က ပေါ့တိပေါ့ပြက် နိုင်လေ့ရှိသော်လည်း လေးနက်သည့် ကိစ္စများတွင်တော့ သူ့အကန့်အသတ်ကို သူသိ၏။
ဟော်ယွမ်ယွမ် လက်မှတ်ထိုးလိုက်သည်ကို မြင်တော့ လင်းရီ ကျေနပ်အားရစွာဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ ထို့နောက် လီဗာနင်း၍ စစ်ဖန်းမြို့သို့ ဦးတည်လိုက်လေသည်။
သူတို့ စစ်ဖန်းမြို့ကို ရောက်တော့ ဟော်ယွမ်ယွမ် ပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့်ရှုလိုက်၏။
“ ခဏလေး…. ကျွန်မတို့က ပရောဂျက်ကို သွားကြည့်မှာ မဟုတ်ဘူးလား… ဘာလို့ ဒီမြို့ကို ခေါ်လာခဲ့တာ…”
“ ဒါက သွားမယ့်နေရာ မဟုတ်သေးဘူး.. ဒီတိုင်း လမ်းကြုံ ဖြတ်သွားရတဲ့ မြို့… မင်းဗိုက်ဆာနေမှာစိုးလို့ တစ်ခုခု စားရအောင် ခေါ်သွားပေးမလို့ လုပ်နေတာ…”
“ တော်ပြီ.. ကျွန်မအခု ဝိတ်ချနေတာ… တစ်နေ့ ထမင်းတောင် နှစ်နပ်ပဲ စားတယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ပြီးတော့ ဒီမှာ ဘာစားကောင်းတဲ့ဟာတွေလည်း ရှိမယ့်ပုံ မပေါ်ပါဘူး… “
“ ဒါဆို တစ်ခုခုတော့သောက်ပါဦးလား… ငါမင်းဖို့ အသီးဖျော်ရည်ဝယ်ပေးမယ်လေ…”
ဟော်ယွမ်ယွမ် လင်းရီကို အင်မတန် သင်္ကာမကင်းဖြစ်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီးနောက် သူမနှင့် လင်းရီကြား ခပ်ခွာခွာနေလိုက်ကာ “ ကျွန်မက အရမ်းလှပြီး အစ်မကျီနဲ့ ယှဉ်နိုင်တယ်ဆိုရင်တောင်မှ ရှင်ကျွန်မကို လိုချင်ရင် အခါနှောင်းသွားပြီနော်…”
" ကျွန်မနဲ့ ကောင်းကျုံးယွမ်က ဆက်ဆံရေး တစ်ခု တည်ဆောက်ထားပြီးသား… ကျွန်မက အခု ရှင့်ညီကိုရဲ့ ဇနီးလို့တောင် ပြောလို့ရနေပြီ… လူမဆန်တဲ့ကိစ္စတွေ မလုပ်ချင်စမ်းနဲ့….”
“ မင့်အဘ ဘာတွေ လျှောက်စဉ်းစားနေတာ… ငါ့ညီကိုကောင်းရဲ့ ဇနီးမို့လို့ ဂရုစိုက်ပေးနေတာဟေ့ .. ဟုတ်ပြီလား…”
“ ဒါဆိုလည်း ပုံမှန်ပဲ ပြုမူလေ… ဒီလိုမျိုး ရုတ်တရက်ကြီး အကောင်းလွန်ပြနေတာကတော့ အရမ်း နေရခက်စေတယ်…”
“ ကောင်းပြီ… ဒါဆိုလည်း လာရင်း ကိစ္စပဲ တန်းသွားကြတာပေါ့…”
လင်းရီ ကားစက်ပြန်နှိုး၍ ဟော်ယွမ်ယွမ်ကို ဟွမ်ရှီးကျေးရွာသို့ ခေါ်လာခဲ့လိုက်ပြီး တစ်ခါတည်း ဖန်လုံအိမ်ရှေ့ ကားထိုးရပ်လိုက်သည်။
“ ဟမ်…. ဒါ ဘယ်နေရာကြီးလဲ…”
တောင်ယာလုပ်သည့် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ဤနေရာသို့ ရောက်လာပြီးနောက် ဟော်ယွမ်ယွမ် ရင်းနှီးပြီး သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်မျိုး ရရှိနေသည်။
“ မေးခွန်းတွေ အများကြီး မမေးနဲ့… မင်း အထဲဝင်သွားကြည့်ပြီးတာနဲ့နားလည်သွားလိမ့်မယ်…”
“ ဒီတိုင်းဖန်လုံအိမ်ပဲ မဟုတ်ဘူးလား… ဘာကြည့်စရာရှိလို့…” ဟော်ယွမ်ယွမ် ပြောရင်းဖြင့် အထဲသို့ လမ်းလျှောက်၀င်သွားလိုက်သည်။
“ ဒါပေမယ့် ဒီရဲ့ ဖန်လုံအိမ်ကိုတော့ ကောင်းကောင်းကြီး ဆောက်ထားသားပဲ… ပလတ်စတစ် ဖလင်တွေနဲ့ စတီးဘားတွေရဲ့ အရည်အသွေးက တကယ်မဆိုးဘူး.. ပြန်ပြင်မယ်ဆိုရင်တော့ ယွမ်တစ်သောင်းကျော်လောက် ကုန်ကျနိုင်တယ်…”
“ အင်း… ဟုတ်မယ်…”
“ ဆိုတော့ ဘာဖြစ်လဲ…. ဘာလို့ ကျွန်မကို ဒီခေါ်လာခဲ့တာ..”
“ ဒါ ငါတို့ရဲ့ ပရောဂျက် အသစ်ပဲလေ… ငါ ဒီရဲ့ ဖန်လုံအိမ်ကို ဝယ်ပြီး ဒီမှာ အသီးတစ်ချို့ စိုက်ဖို့ စီစဉ်ထားတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒီတော့ ပရောဂျက် မန်နေဂျာဖြစ်တဲ့ မင်းကို နောင်ကျ ဒီနေရာ လက်လွဲပေးထားခဲ့မယ်… ငါ ကောင်းကောင်းကြီး စိတ်ချမယ်နော....”
ဟော်ယွမ်ယွမ် " ....... “