← Chapters

ချင်းရန်က ဝက်တွေ မွေးဖို့ ရှိတယ်

Vol. 64 Ch. 952

ချင်းရန်က ဝက်တွေ မွေးဖို့ ရှိတယ်

Vol. 64 Ch. 952

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ယွီတဲ့ချန်မှ ဆိုင်ရှေ့ ရပ်ထားသည့် Lexus 570 ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အမူအရာတို့ ချက်ချင်းအေးစက်သွားခဲ့လေသည်။

ယခင် ရွာအရှေ့ဖျားပိုင်း၌ သူနှင့် တွေ့ဆုံခဲ့သည့် လူကလည်း ဤသို့သော ကားမျိုး မောင်းသည်ပင်။

“ ဘယ်လိုတောင် တိုက်ဆိုင်ထားလဲ...” ယွီတဲ့ချန် တီးတိုးရေရွတ်လိုက်၏။

“ ကျွန်တော့်အထင်တော့ သူပဲနေမှာ…” ယွီတဲ့ချန်၏ အစေအပါးမှ ပြောလိုက်ပြီး “ စစ်ဖန်းမြို့က ကြွယ်ဝနေတာမျိူးမဟုတ်ဘူး… မြို့ထဲမှာ တော်တော်များများက ဒီလိုကားမျိုး မမောင်းနိုင်ကြဘူး.. အဲ့လူ ဖြစ်ဖို့ပဲ များတယ်…”

ယွီတဲ့ချန် ဆေးလိပ်ကို တစ်ချက်တောက်၍ ပျာခါထုတ်လိုက်ပြီး “ စိတ်ဝင်စားစရာပဲ.. မင်းက ငါ့ဆီကနေ တကယ်ကြီး မျိုးစေ့ လာဝယ်နေတယ်ပေါ့… တော်တော်လေး ရဲတင်းနေလှချည်လားကွ…”

“ အစ်ကိုချန်… ကျုပ်တို့ ခု ဘယ်လိုလုပ်ကြမှာ… ကျုပ်တို့ လူတွေခေါ်ပြီး သူ့ကို သွားရိုက်ကြမလား…”

“ မလိုသေးဘူး.. အဲ့လောက် မလောစမ်းနဲ့…” ယွီတဲ့ချန် သူ့လက်ကို ဝေ့ရမ်းလိုက်ပြီး “ ကားကို အနောက်တံခါးဆီကိုမောင်း… သူ ဘာလုပ်မလဲ ငါအရင် ကြည့်စမ်းမယ်…”

.........

နှစ်ယောက်ဆိုင်ထဲသို့ ဝင်လာခဲ့ပြီးနောက် ဖောက်ထွင်းမြင်နေရသည့် ဖန်ပုလင်းများစွာကို နေရာအနှံ့ မြင်တွေ့နေရလေသည်။ အလယ်တွင်တော့ အရောင်စုံပြီး အရွယ်အစား မျိုးစုံသည့် မျိုးစေ့စင်ကြီး နှစ်စင်ရှိ၏။

ထို့ပြင် ဈေးဝယ်သူများ ဖြစ်ပုံရသည့် လူဆယ်ဦးကလည်း ရှိနေလေသည်။ သူတို့အများစုက သက်လတ်ပိုင်း အမျိုးသားများ ဖြစ်ကြကာ စင်ထံ လက်ညိုးညွှန်၍ အစေ့များ ရွေးချယ်နေကြ၏။

“ ဆိုင်ရှင် ဘယ်သူလဲ…. ငါတို့ ဒီမှာ သစ်သီးမျိုးစေ့တစ်ချို့ လိုချင်တယ်… အကောင်းဆုံးဆိုတဲ့ဟာပဲပေး… ပိုက်ဆံအကြောင်း စကားလာမပြောနဲ့….” ဟော်ယွမ်ယွမ်မှ ကောင်တာရှေ့တွင် အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။

“ သေစမ်း… နိမ့်နိမ့်ချချနေဟ…” လင်းရီ ကြိမ်းမောင်း ပြောဆိုလိုက်ပြီး “ ငါတို့ ဒီလာတာ အစေ့ဝယ်ဖို့…. ဟန်ထုတ်ဖို့ မဟုတ်ဘူး..”

“ ကျွန်မတို့က ပိုက်ဆံသုံးဖို့ လာတာလေ… ဟန်ထုတ်တယ်လို့ ရှင်ဘယ်လိုတောင် ပြောရက်တာ..”

“ မင်းကြည့်…. ရွာသားတွေတောင် ငါတို့ကို ဘယ်ကအရူးတွေလဲ ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်ကုန်ကြပြီ… “

“ အာ… မနာလိုတဲ့ အကြည့်တွေ နေမှာပါ ဘော့စ်ကလည်း…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ သူတို့တွေ ဘယ်လိုထင်လဲ ဂရုစိုက်မနေနဲ့… ကိုယ့်ပုံစံအတိုင်းပဲနေ…”

“ ယီးပဲ…. ငါတော့ မင်းနဲ့ ဝေးဝေးကနေမယ်… ငါနဲ့ လာမပတ်သက်နဲ့….”

“ သပ….”

ထိုအချိန်တွင် အရောင်းဝန်ထမ်း တစ်ဦးရောက်လာခဲ့ပြီး ဟော်ယွမ်ယွမ်လည်း မျက်လုံးအရောင်လက်သွားခဲ့လေသည်။

“ ဘော့စ်.. ဒီ ကောင်လေးမဆိုးဘူးနော်.. တော်တော်လေး ချောတယ်…”

လင်းရီ ဘာမျှ မပြောရသေးခင် ဟော်ယွမ်ယွမ် အရှေ့သို့ ချီတက်သွားခဲ့ပြီး “ အစ်ကိုလေး… ကျွန်မတို့ သစ်သီးမျိုးစေ့ တစ်ချို့ ဝယ်ချင်ယို့…”

“ အစ်မကြီး...ကျွန်တော့်အသက်က ၁၉ ရှိသေးတာဗျ….”

ဟော်ယွမ်ယွမ် “ ….”

‘ လူငယ်လေး….နင်က အကြီးကို အရိုသေတန်နေတာလား….’

“ အဟမ်း…. ငါတို့ သစ်စေ့နည်းနည်းလောက် လိုချင်လို့… ဘာယူရင် ကောင်းမလဲ….” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ ပြီးတော့ အကောင်းဆုံးတွေ လိုချင်တယ်….”

“ ဘယ်လို အမျိုးအစားတွေထဲကလဲ…”

“ အမ်… သင်္ဘော… ဖရဲ… ချယ်ရီ… နာနတ်… ငှက်ပျော… ရတဲ့ဟာ ဘာပဲ ဖြစ်ဖြစ်….”

“ ဒါပေမယ့် တစ်ချို့ အမျိုးအစားတွေကျ ဒီဒေသမှာ စိုက်ဖို့ မသင့်တော်ဘူးနော….”

“ ဒါဆိုလည်း သင့်တော်တဲ့ဟာသာ အကုန်ပေးလိုက်ဟာ..”

ဤနှစ်ယောက်က ဘာမျှ နားမလည်သူများ ဖြစ်မှန်း အရောင်းဝန်ထမ်းကောင်လေးမှ နားလည်သော်လည်း ဘာမျှ မပြောချေ။

နားလည်တာ နားမလည်တာ ဘာလို့ ဂရုစိုက်နေရမှာ…. အဓိကက ရောင်းရဖို့ပဲ မဟုတ်ဘူးလား….

“ ကျိုးဟိုင်ရဲ့ မြေအမျိုးအစားနဲ့ ကိုက်ညီတဲ့ အသီးတွေက ဆယ်မျိုးလောက်ရှိတယ်.. ခင်များတို့ ဘယ်လောက် လိုချင်လဲ…”

ဟော်ယွမ်ယွမ် ဦးနှောက်မှ တွက်ချက်မှု တစ်ခု အလျင်အမြန်ပြုလုပ်လိုက်သည်။ ဖန်လုံအိမ်က တော်တော်လေးကို ကြီးမားပြီး စတုရန်းမီတာ တစ်ထောင်ခန့် ရှိလေသည်။ ထို့ကြောင့် အပင်အများအပြား စိုက်ပျိုးနိုင်မည်ဖြစ်၏။

“ တစ်မျိုးစီကို နှစ်ကတ်တီလောက်….ဒါပေမယ့် ချယ်ရီပင်လိုမျိုး ဟာတွေကိုကျတော့ ဆယ်ကတ်တီလောက်ပေး….”

“ ကောင်းပြီဗျ… ခဏလောက်စောင့်ပေးပါဦး.. ကျွန်တော် ဘယ်လောက်ကျလဲ တစ်ချက် သွားတွက်ကြည့်လိုက်ဦးမယ်…”

“ အိုကေ…”

အရောင်းကောင်လေးမှ ကောင်တာနောက်သို့ ပြန်သွား၍ ပစ္စည်းများနှင့် ဈေးနှုန်းများကို စစ်ဆေးလေသည်။

ထိုအချိန်တွင်ပဲ သက်လတ်ပိုင်း လူကြီး တစ်ယောက် အနားရောက်လာခဲ့ဦး “ ရှောင်ဝူ… မင်း ခဏလိုက်ခဲ့ဦး….”

“ ဘာလို့တုန်းဗျ မန်နေဂျာ… ကျွန်တော်ခု ဖောက်သည်နဲ့ စကားပြောနေတယ်လေ… ပြီးမှ လိုက်ခဲ့တော့မယ်…”

“ နောက်မှပြောတော့… ခု သူဌေးက မင်းရဲ့ စကားပြောချင်နေတယ်…”

“ အိုကေ.. ခု လာနေပြီ…”

သို့နှင့် အရောင်းကောင်လေးမှာ ဒုတိယထပ်၊ ရုံး၏ အတွင်းဘက်ကျဆုံး နေရာသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။

ရုံးခန်းထဲတွင်တော့ ယွီတဲ့ချန်မှာ ကျောမှီထိုင်ခုံပေါ်တွင် ပေါ် ပျင်းရိစွာ လဲလျောင်းနေပြီး စီးကရက် တစ်တိုနှင့် မှိန်းနေလျက် ရှေးအချိန်အခါက ချမ်းသာသည့် လူကြီးများကဲ့သို့ ဇိမ်ယူနေသည်။

“ အစ်ကိုချန်…ကျွန်တော့်ကို ရှာနေတာလားဗျ…” အရောင်းကောင်လေးမှ အရိုအသေပေးပြီး ပြောလိုက်သည်။

“ ဟို မိန်းမနဲ့ ယောက်ျား စုံတွဲက ဘာလဲလာလုပ်တာ..”

“ မျိုးစေ့တွေ လာဝယ်တာပါဗျ…” အရောင်းကောင်လေးမှ ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့ပုံစံ ကြည့်ရတာတော့ ဘာမှ သိတဲ့ပုံ မပေါ်ဘူး… အကုန်လုံး မျက်လုံးစုံမှိတ် ဝယ်ဖို့ပဲ သိတယ်…”

“ ဘာတွေ ဝယ်သွားခဲ့တာ…”

“ သစ်သီး မျိုးစေ့နဲ့ သစ်ပင် မျိုးစေ့တစ်ချို့ပဲဗျ…. ရနိုင်တဲ့ အကောင်းဆုံးဆိုတာကိုပဲ ယူမယ်လို့တောင် ပြောလိုက်ပါသေးတယ်…”

“ ဒါဆို မင်း သူတို့ကို အတုတွေ ထည့်ပေးလိုက်… ပြီးတော့ ဈေးကိုလည်း နှစ်ဆတင်ပြီး ဒါ အကောင်းဆုံး မျိုးစေ့တွေလို့ ပြောလိုက်..”

“ ဗျာ….” အရောင်းကောင်လေးမှ ကြောင်အမ်းသွားခဲ့ပြီး “ အဲ့…အဲ့လို လုပ်လို့ ဖြစ်ပါ့မလား… အစေ့အတုတွေက မကြီးထွားနိုင်ဘူးလေ… အချိန်ကျလာရင် ကျွန်တော်တို့ဆီ ပြဿနာလာရှာနေမှာပေါ့…”

“ လာရှာမယ်… သူ ငါတို့ကို ရှာနိုင်မှာတဲ့လား…” ယွီတဲ့ချန် အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး “ အချိန်ကျလာရင် သူတို့အပေါ် ပြန်ပုံချလိုက်ရင် ပြီးနေပြီပဲ… အစေ့ကို အပင်ပေါက်အောင် မစိုက်ပျိုးနိုင်ဘူးဆိုရင် ဘာတတ်နိုင်မှာ…”

“ နားလည်ပါပြီ အစ်ကိုချန်…”

“ ကောင်းပြီ… မင်း အလုပ် မင်းသွားလုပ်တော့…”

အရောင်းကောင်လေး ထွက်ခွာသွားခဲ့ပြီးနောက် ယွီတဲ့ချန်၏ အစေအပါးမှ “ အစ်ကိုချန်… အရင်တစ်ခေါက်တုန်းက အဲ့ကောင်ကျုပ်တို့ကို ရိုက်ခဲ့တယ်… ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သေချာပေါက် သင်ခန်းစာ ပြန်ပေးမှရမှာ… ဒီလောက်လေးကတော့ အရမ်းညှာတာလွန်းသွားပြီ…”

“ ငါကကော မလုပ်ချင်ဘူးလို့ မင်းထင်နေတာလား…” ယွီတဲ့ချန် ပြောလိုက်ပြီး “ အဲ့မျိုးမစစ်လေးက အတိုက်အခိုက် တော်တော်ကျွမ်းတယ်… တကယ်လို့ လူ ဆယ်လောက် အယောက်နှစ်ဆယ်နဲ့မှ မဟုတ်ဘူးဆိုရင် သူ့ကို သင်ခန်းစာပေးနိုင်ဖို့ မသေချာဘူး… ပြီးတော့ ခုက ပွဲတော်ရက်… အစိုးရက နိုင်ငံတစ်ဝန်း လုံခြုံရေးကို တော်တော်လေး တင်းကြပ်ထားတာ… ရန်ဖြစ်ဖို့ အဲ့လောက်လူအများကြီး သွားစုနေရင် သေချာပေါက် အဖမ်းခံရလိမ့်မယ်… ဒီတော့ခု အရမ်းအဝေးကြီး သွားလို့မရသေးဘူး…”

“ ဒါဆို ကျုပ်တို့ခု သူ့ကို မထိသင့်သေးဘူးပေါ့…”

ယွီတဲ့ချန် ခေါင်းညိမ့်လိုက်သည်။

“ ငါထင်တာမှန်ရင် သူတို့ ဒီမှာ အကြာကြီး နေဦးမှာ… ကိုင်တွယ်ဖို့ အခွင့်အရေးတွေ အများကြီး ကျန်နေပါသေးတယ်… အလျင်လိုစရာ မလိုပါဘူး..”

…………………..

အောက်ထပ်တွင်တော့ အရောင်းကောင်လေးမှ လင်းရီတို့ထံ ရောက်လာပြီး “ ဒီမှာဗျ… ခင်များတို့ ပြောထားတဲ့ မျိုးစေ့စာရင်းရဲ့ ဘောက်ချာ… စုစုပေါင်း ၉,၈၂၀ ယွမ် ကျတယ်… ဒါပေမယ့် ၉,၈၀၀ ပေးလိုက်…”

“ ဟမ်…. အဲ့လောက် ဈေးကြီးတယ်လား…”

ဟော်ယွမ်ယွမ်မှာ စိုက်ပျိုးရေး တစ်ခါမှ မပြုလုပ်ဖူးသော်လည်း သူမ မိဘများ ဆွေးနွေးစကားပြောသည်ကိုတော့ ကြားဖူးနားဝရှိလေသည်။ ထို့ကြောင့် နည်းနည်းပါးပါးတော့ နားလည်ထား၏။ သူမ အမြင်၌ အစေ့များ၏ စုစုပေါင်းတန်ဖိုးမှာ ယွမ်ငါးထောင်ထက် မပိုဟု ခန့်မှန်းထားသည်။ သို့သော် ယခုတော့ ဘောက်ချာထွက်လာသည်က ယွမ်တစ်သောင်းနီးပါးပင်။

“ ခင်များပဲ ပြောတော့ အကောင်းဆုံးဆိုတာပဲ လိုချင်တယ်ဆို… ဒါကြောင့်မို့ နိုင်ငံခြားက လာတဲ့ မျိုးစေ့တွေကို သေချာ ရွေးပေးလိုက်တာ… ဒီတော့ ဈေးကလည်း မြင့်တာ သဘာဝပဲ မဟုတ်ဘူးလား…”

“ ကောင်းပြီလေ… ငါတို့လည်း အဲ့လောက်လေးကို ထည့်ပြောမနေပါဘူး..” ဟော်ယွမ်ယွမ် မော်ကြွားစွာဖြင့် ခေါင်းမော့လိုက်ပြီး “ ပိုက်ဆံရှင်းမယ်…”

လင်းရီ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ကာ လှောင်ပြောင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‘ ပိုက်ဆံတွေက ငါ့ပိုက်ဆံတွေလေ.. အဲ့တာကို မင်းက ဘာလို့ ဆရာကြီး အထာဖမ်းနေတာ…”

မကြာမီ လင်းရီ ပိုက်ဆံရှင်းလိုက်ပြီး ဟော်ယွမ်ယွမ်မှ “ ငါတို့ ဒီလောက်အများကြီး ဝယ်ထားတာ နင်တို့ အိမ်အရောက်တော့ ပို့ပေးမယ်မလား…”

“ ဒါပေါ့.. ပို့ပေးတာပေါ့ဗျ… လိပ်စာနဲ့ ဖုန်းနံပါတ်သာ တစ်ချက် ထားခဲ့ပေး..”

ဟော်ယွမ်ယွမ် ခေါင်းညိမ့်လိုက်ပြီး မထွက်ခွာမီ လင်းရီ၏ လိပ်စာနှင့် ဖုန်းနံပါတ်ကို ချန်ထားပေးခဲ့လိုက်သည်။

ကလင် ကလင် ကလင် …

အပြန်လမ်းတွင် ဟော်ယွမ်ယွမ်ထံသို့ ကောင်းကျုံးယွမ်ဆီမှ ဖုန်းဝင်လာခဲ့၏။

ထွေထူးတော့မဟုတ်။ သာမန် စုံတွဲများအကြား ဘာညာကွီ့ကွများသာဖြစ်၏။

ဟော်ယွမ်ယွမ် လင်းရီ စနက်ဖြင့် ဟွမ်ရှီး ကျေးရွာသို့ ရောက်ရှိနေကြောင်း သိတော့ သကောင့်သားလည်း လာမည် ပြောလာခဲ့ပြီး ရောက်သည်နှင့် လွေးရန် လင်းရီကို ဘဲနှပ် လုပ်ထားပေးရန်လည်း ဂျီကျလာသည်။

လင်းရီ မငြင်းပယ်လိုက်ချေ။ မကြာမီ နေ့လည်ခင်းရောက်တော့မည် ဖြစ်သောကြောင့် သူ ချက်ချင်း ချက်ပြုတ်ရန် ဟန်ပြင်လိုက်‌လေသည်။သို့မှသာ နာရီဝက်အတွင်း သုံးဆောင်လို့ရပေမည်။

တိုက်ဆိုင်စွာဖြင့် ကောင်းကျုံးယွမ် ဖုန်းချသွားပြီနောက် ကျီချင်းရန်မှ သူ့ထံ ဆက်သွယ်လာခဲ့၏။ သူလေးကလည်း ရွာကို အလည်လာချင်နေသည်။

ထို့ကြောင့် လင်းရီ ကောင်းကျုံးယွမ်ထံ ဖုန်းပြန်ခေါ်လိုက်ပြီး ကျီချင်းရန်ကိုပါ ကြိုလာခဲ့ပေးဖို့ရာ ပြောလိုက်၏။

“ ဘော့စ်.. ရှင်က တစ်သီးတစ်ခြား နေချင်နေတာလား…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ တကယ်ကြီး ဒီလိုနေရာမျိုးကို ရွေးချယ်လိုက်တယ်နော်…”

“ ဒါ သဘာဝတရားကြီးကို နားလည်ပြီး ကျယ်ပြောတဲ့ ရှု‌ထောင့်အမြင် ရှိတယ်လို့ ခေါ်တယ်ကွ… မင်း နားမလည်ပါဘူး…”

“ စိုက်ပျိုးရေး လုပ်တာက ကျယ်ပြောတဲ့ ရှုထောင့်အမြင် ရှိတယ်ရယ်လို့ ပထမဆုံး ကြားဖူးတာပဲ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစ်မကျီဆိုလည်း ကျယ်ပြောတဲ့ ရှုထောင့်အမြင် ရှိနေတာပဲလေ… ဒါပေမယ့် ဘယ်မှာ အပင်စိုက်လို့…”

“ အင်း… သူမက အပင်တော့ မစိုက်ချင်ဘူး… ဒါပေမယ့် ဝက်တွေမွေးဖို့လုပ်နေတာ….”

All Chapters