ပြဿနာ ရှိနေတဲ့ မျိုးစေ့တွေ…
Vol. 64 Ch. 953
“ ဝက်မွေးမှာ…”
“ အင်း… သူခဏဆို ရောက်လာတော့မှာ… မင်း မယုံရင် ကိုယ်တိုင်မေးလှည့်..”
“ မေးနေစရာတောင် မလိုပါဘူး… အစ်မကျီရဲ့ စရိုက်နဲ့သာဆိုရင် သူ သေချာပေါက် အဲ့လိုမျိုး လုပ်လောက်တယ်… “ ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ရှင်လည်း သွားချက်ပြုတ်တော့လေ… ကျွန်မ ဗိုက်ဆာနေပြီ..”
" ဘဲသားနှပ် စားချင်နေတာ မင်းရဲ့ ကောင်းကြီးက… ငါက စကေးတွေ ထောက်ပံ့ပေးလို့ ရတယ်.. ဘဲကတော့ မင်းရှာ…”
“ ကျွန်မကဖြင့် ဒီရွာကမှ မဟုတ်ဘဲနဲ့… အဲ့တာကို ဘယ်ကနေ သွားရှာစေချင်နေတာ…”
“ ကိုယ့်ကိုယ် စဉ်းစားပေါ့..”
ဤသည်က ဟော်ယွမ်ယွမ်အတွက် ခက်ခဲနေသည့် တာဝန်တော့ ဟုတ်မနေချေ။ ရွာရှိ အိမ်တိုင်းနီးပါး၌ ဘဲအုပ်ကြီးများ ရှိပြီး တစ်ကောင် ဝယ်လိုက်သည်နှင့် အဆင်ပြေသည်။
ဟော်ယွမ်ယွမ် ခြံဝန်း နံရံနား သွား၍ ခြေဖျားထောက် တစ်ဖက် အိမ်ဝန်းထဲသို့ စူးစမ်းကြည့်လိုက်တော့ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်မှ ကြက်စာကျွေးနေသည်ကို မြင်တွေ့လိုက်ရ၏။
“ အစ်မကြီး… ရှင့်အိမ်မှာ ဘဲ ဝဝတုတ်တုတ် တစ်ကောင်လောက် မရှိဘူးလား…ရှိရင် ရောင်းပေးလို့ကောရလား…”
ကြက်စာ ကျွေးနေသည့် အမျိုးသမီးမှ အသံလားရာ ဘက်သို့ လှမ်းကြည့်လိုက်ပြီး “ အိုး… ဘဲလိုချင်နေတာလား… ရှိတယ်… ဒါပေမယ့် အရမ်းတော့ မကြီးသေးဘူး… သတ်ဖို့ အချိန်မရောက်သေးဘူး… ဝတာလိုချင်ရင် တခြားအိမ်တွေ သွားရှာကြည့်လိုက်နော်..”
“ ရတယ်… နုတဲ့ အသားက ပိုချိုတယ်… တစ်ကောင်ကို ဘယ်လောက်လဲ အစ်မ…”
သက်လတ်ပိုင်း အမျိုးသမီးမှ ပြုံးလိုက်ပြီး “ နင်လိုချင်ရင် နှစ်ကောင်ကို ၁၅၀ နဲ့ ပေးလိုက်မယ်..”
“ ရတယ်လေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစ်မရဲ့ ဝီချက် နံပါတ်ကဘာလဲ…. တစ်ခါတည်း ပို့ပေးလိုက်မယ်..”
“ ခု တစ်ခါတည်း ပေးစရာ မလိုပါဘူးဟယ်… အိမ်ချင်း ဒီလောက်ကပ်လျက်ဖြစ်နေတာကို နောက်မှအေးဆေးပေးတော့…” အမျိုးသမီးမှ ပြောလိုက်ပြီး “ ဒါနဲ့ နင်တို့နှစ်ယောက်ကို ကြည့်ရတာ မြို့ကနဲ့ တူတယ်နော်….”
“ ဟုတ်တယ်… ဟီးဟီး…” ဟော်ယွမ်ယွမ် ပြုံးဖြီးဖြီး လုပ်၍ “ ကျွန်မ ကောင်လေးက ခါးသိပ် မကောင်းဘူးလေ… ပြီးတော့ တစ်ချို့နေရာလည်း အားနည်းနေတော့ ဒီလာပြီး အော်ဂဲနစ်ဖြစ်တဲ့ အစားအစာတွေနဲ့ အားလာမွေးခိုင်းထားတာ….”
လင်းရီ “ ??? “
ဟော်ယွမ်ယွမ် .. မင်းရဲ့ ဘိုးဘေးတွေအကုန် ဘောပဲလို့…
သက်လတ်ပိုင်းအမျိုးသမီးမှ လင်းရီကို အဓိပ္ပာယ်ပါစွာ တစ်ချက်ကြည့်လိုက်ပြီး “ ဒီလောက်ငယ်သေးတာကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှပေါ့ဟယ်…”
“ သိတယ်လေ… ဒါကြောင့်မို့ သူ့ကို ဒီခေါ်လာခဲ့လိုက်တာ…”
“ ဒါဆိုလည်း ကောင်းကောင်း ဂရုစိုက်လိုက်… အစ်မတို့က မြို့ပြလိုမျိုး မကြွယ်ဝဘူးဆိုပေမယ့် ဒီက အစားအသောက်တွေကတော့ လုံးဝ အာဟာရပြည့်တယ်… ဘာမှမပူပဲ စိတ်ချလက်ချသာစား…”
“ ကျေးဇူးပါ အစ်မ…”
“ မလိုပါဘူး… ဒီမှာ ခဏစောင့်နေနော်.. နင်တို့ဖို့ ခပ်ကြီးကြီးလေး တစ်ကောင် သွားဖမ်းလိုက်ဦးမယ်…”
“ ဟော်ယွမ်ယွမ် … မင်း ယုံမယုံတော့ မသိဘူး… ခဏနေကျရင် မင်းကိုပါ မီးထဲ ထည့်မြိုက်ပစ်လိုက်မယ် သိလား…”
“ အိုက်ယား… ဒီကလည်း ရွေးချယ်စရာမှမရှိပဲကို…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ တကယ်လို့ ကျွန်မတို့ဆီမှာသာ အကြောင်းပြချက်ကောင်း ရှိမနေဘူးဆိုရင် ဒီလိုမျိုး ခန့်ညားတဲ့ ယောက်ျားလေးနဲ့ လှပတဲ့ မိန်းကလေးက ဒီလို နေရာမျိုးကို ဘာလဲလာလုပ်မှာ…”
“ မင်း မှန်တယ်.. ငါ ခဏနေကျရင် အဲ့အစ်မကြီးနဲ့ ကောင်းကြီးကို မိတ်ဆက်ပေးလိုက်မယ်…”
“ သပပဲ… ကောင်းကြီးကို ဒီထဲ လာမဆွဲထည့်နဲ့…”
မကြာမီ အစ်မကြီးမှ ဘဲ ဝဝကစ်ကစ် အရှင် နှစ်ကောင်ကို ဖမ်းလာ၍ပေး၏။ အကြီးစားကြီး ဟုတ်မနေသောကြောင့် အသားမှာ နှပ်လိုက်ရင် သေချာပေါက် နူးညံ့အိစက်နေပေမည်။
“ တို့ရဲ့ ဟိုဒင်းကလည်း အိမ်မှာ ရှိမနေလို့… မဟုတ်ရင် နင်တို့ကို ကူပြီး သတ်ခိုင်းလို့ရတယ်…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်ပြီး “ အိုး ဒါနဲ့ နင်တို့ ခဏနေ လုပ်ရင် ဘဲသွေးကို လွှတ်မပစ်နဲ့နော်.. အဲ့တာက ပစ္စည်းကောင်းလေး… ပြီးတော့ ဒီအိတ်ထဲမှာ အိမ်က ထွက်တဲ့ အာလူးတွေလည်း ထည့်ထားပေးတယ်… နင်တို့ နှပ်တဲ့အချိန်ကျ အိုးထဲ ပစ်ထည့်ထားလိုက်… အရမ်း အရသာရှိတာ…”
“ ဟုတ်ကဲ့… ကျေးဇူးနော် အစ်မကြီး…”
ဟော်ယွမ်ယွမ်မှ မြို့ပြ မိန်းကလေးများကဲ့သို့ ဝတ်စားထားသော်လည်း ဘဲနှစ်ကောင်ကို လက်ဗလာသက်သက်ဖြင့် အသာလေး ဖမ်းယူနိုင်လေသည်။
အမယ်များ အဆင်သင့်ဖြစ်ပြီးတော့ လင်းရီအလုပ်စဖို့ရန်သာ ကျန်ရှိတော့၏။ မိနစ် နှစ်ဆယ်အတွင်း သူ ဘဲနှစ်ကောင်ကို သေချာ ကိစ္စတုံး၊ ခုတ်ထစ်ပြီး နှပ်ရန် အသင့် ဖြစ်နေတော့သည်။
မကြာမီ Toyota Alfa တစ်စီးမှ ခြံထဲ ဝင်ရောက်လာခဲ့လေသည်။
သို့သော်လည်း ကျီချင်းရန်နှင့် ကောင်းကျုံးယွမ်သာမက ချင်းဟန်နှင့် လျန်ကျင်းမင်တို့ကပါ ကားနောက်ခန်းမှ လိုက်ပါလာခဲ့ကြ၏။
“ အစ်ကိုကြီးလင်းကို ဒီလိုနေရာမျိုး လာရအောင် ဘယ်လိုအရာကများ ဆွဲဆောင်နေပါလိမ့်…” လျန်ကျင်းမင် ကားပေါ်မှ ဆင်းပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးမြန်းလိုက်သည်။
“ ဒါ ထူးခြားတဲ့ လူတွေပဲ ခံစားသိမြင်နိုင်တဲ့ အာရုံလို့ ခေါ်တယ်ကွ… မင်းလို သောက်ကလေးက နားမလည်ပါဘူး..”
“ ဖက်ခ်… ဆန်းကြယ်သလို ဟန်ဆောင်နေပြန်ပြီ..”
လေးယောက်သား ရယ်ရယ်မောမောနှင့် ခေတ္တစကားပြောပြီးနောက် အိုးထဲရှိ ဘဲနှစ်ကောင်ကလည်း အပြည့်ကျက်လုနီးပါး ဖြစ်လာခဲ့သည်။
ဟော်ယွမ်ယွမ်မှာ အင်မတန် လူမှုရေး နားလည်သည်ဟု ပြော၍ ရ၏။ ဟင်းကျက်တော့ ဘေးအိမ်ထံ တစ်ပန်းကန် သွားပို့ပေးလိုက်ပြီး နှစ်အိမ်ကြား ဆက်ဆံရေးကို တိုးပွားလာစေသည်။
“ ရီ… နင်ငါ့ဖို့ ဝက်ပေါက်လေးတွေကော…” စားနေစဉ် ကျီချင်းရန်မှ မေးလိုက်၏။
“ အစ်မကျီ.. နင် တကယ်ကြီး ဝက်မွေးချင်နေတယ်ပေါ့နော်…” ဟော်ယွမ်ယွမ် ရှော့ခ်ရနေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ အင်း… ချစ်ဖို့ ကောင်းတယ်ထင်လို့လေ… ခု အခြေအနေလည်း ပေးလာပြီဆိုတော့ တစ်ကောင်လောက် မွေးကြည့်မလို့…” ကျီချင်းရန် ဆက်လက်၍ “ ငါခု လှောင်အိမ်နဲ့သံကြိုးတောင် ဝယ်ပြီးသွားပြီ.. မနက်ဖြန် ဒီလာပို့တော့မှာ…”
“ အဲ့ဒါ.......…. ဝက်မွေးတောတော့ ပြဿနာ မရှိပါဘူး… ဒါပေမယ့် ဘယ်သူက ဝက်ကို လှောင်အိမ်နဲ့မွေးလို့..” ဟော်ယွမ်ယွမ် စောဒက တက်လိုက်ပြီး “ သူများမွေးတာ ဝက်ခြံအကျယ်ကြီး ခတ်ပြီး မွေးတာ… ဟုတ်ပြီလား…”
“ သိပါတယ်ဟဲ့.. ဒါပေမယ့် အလုပ်ရှုပ်လို့… အဲ့တာကြောင့် လှောင်အိမ်နဲ့ မွေးမလို့…”
“ အမ်….”
ဟော်ယွမ်ယွမ် လင်းရီကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်၏။
ဒီလို ကောင်မလေးမျိုး ရထားတာ ဘော့စ်အတွက် တော်တော်ခက်ခဲမှာပဲ..
ချလပ်…
ဝက်မွေးရသည်က မည်မျှ ပြဿနာများကြောင်း တိုင်ပင်ဆွေးနွေးနေစဉ် အပြင်ဘက် ခြံဝန်းတံခါး လှပ်သံကို ကြားလိုက်ကြရ၏။ ပျိုးပင်များစွာကို သယ်ဆောင်လာသည့် ထရပ်ကားကြီး တစ်စီး ဝင်လာခဲ့ခြင်းပင်။
“ ကြည့်ရတာ ဒီမနက်သွားဝယ်လာခဲ့တဲ့ မျိုးစေ့နဲ့ ပျိုးပင်တွေ လာပို့ပြီးနဲ့ တူတယ်…” ဟော်ယွမ်ယွမ် ရေရွတ်လိုက်၏။
“ အိမ်ရှင် …. ပစ္စည်းတွေ ရောက်လာပါပြီ… ဒီလာပြီး လက်ခံပေးပါ…”
ဒရိုင်ဘာမှ လှမ်းအော်ဟစ်လိုက်၏။
“ အိုကေ လာပြီ လာပြီ…” ဟော်ယွမ်ယွမ် တုံ့ပြန်လိုက်ပြီး လူတိုင်းလည်း ထရပ်ကာ ကုန်ပစ္စည်းများ ကူချပေးရန် ဟန်ပြင်လိုက်ကြ၏။
“ ဒီရဲ့ ပျိုးပင်ပေါက်တွေက ဘာလို့ ဘာမှလည်း မပါတာ..” ကျီချင်းရန် မေးလိုက်ပြီး “ အကုန် သေနေကြတာလား…”
“ ကျွန်တော်လည်း အဲ့လိုထင်တယ်… ကြည့်ရတာ သေနေတဲ့ ပုံစံကြီးပဲ..”ကောင်းကျုံးယွမ်မှ ပြောလိုက်၏။
ဟော်ယွမ်ယွမ် ကောင်းကျုံးယွမ် နဖူးကို လက်ညိုးထိုးလိုက်ပြီး
“ နင်…ငတုံး… သစ်သီးပင်ပျိုတွေက အဲ့လိုပဲဟဲ့…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အသီးတွေပါ တွဲပြီး ပါလာနေမှ ထူးဆန်းနေမှာပေါ့…”
ထိုအခါမှသာ မြို့ပေါ်ရှိ သူကြွယ်သားသမီးတို့မှာ စိုက်ပျိုးရေး အသိပညာ နည်းပါးကြောင်း ဟော်ယွမ်ယွမ် သတိထားမိသွားခဲ့တော့သည်။
ပစ္စည်းများအား တစ်နေရာသို့ ရွေ့ထားပြီးနောက် ချင်းဟန်နှင့် ကျန်သူများကတော့ ဂရုစိုက်မနေတော့ပဲ ဆက်လက် စားသောက်ကြလေသည်။
သို့သော်လည်း ကျီချင်းရန်ကတော့ အနှီပစ္စည်းများအား စူးစမ်းလိုစိတ် ပြည့်နှက်နေကာ စားသောက်ရန်ပင် စိတ်မဝင်စားတော့ချေ။
“ ယွမ်ယွမ်.. နင့် ဒါ ဘာမျိုးစေ့တွေလဲတဲ့….”
“ ဖရဲ ..သခွားမွှေး.. စတော်ဘယ်ရီ.. ပြီးတော့ စားကောင်းတဲ့ အပင်တွေကောပဲ… တိုတိုပြောရရင် သာမန် သစ်သီးတွေအကုန်….. ဟမ်…”
ကျီချင်းရန်အား တစ်ခုစီ ပြောပြနေရင်းဖြင့် ဟော်ယွမ်ယွမ် တစ်ခုခု မူမှန်သည်ကို သွား၍ သတိပြုမိလိုက်သည်။
ဤအစေ့များက သူမ ဆိုင်တွင် ကြည့်ခဲ့သည့် အစေ့များနှင့် ခြားနားနေပြီး အစေ့တိုင်းက အမယ်အို၏ မျက်နှာပေါ်ရှိ ဇရာကြောင်းများကဲ့သို့ ရှုံ့တွလို့နေသည်။ ဝိုင်းစက်နေခြင်း လုံးဝမရှိချေ။
“ ဘာလဲဖြစ်တာ…” ကျီချင်းရန် ဟော်ယွမ်ယွမ်ကို ကြည့်လိုက်သည်။
“ ဒီ အစေ့တွေက…… တစ်ခုခုတော့ မူမမှန်နေသလိုပဲ…” ဟော်ယွမ်ယွမ် တွေးဆနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ ပြဿနာ ရှိနေလို့လား…”
ထိုစကားကြာတော့ လင်းရီ နောက်လှည့်လာပြီး
" ဘာလဲဖြစ်တာ…”
“ ကျွန်မတို့ ၀ယ်လာတဲ့ အစေ့တွေက ခြောက်ကပ်ပြီး ကောင်းတဲ့ မျိုးစေ့တွေနဲ့လည်း မတူဘူး…”
“ နင်တို့ကို ဂျင်းထည့်လိုက်တာများလား…”ကျီချင်းရန် မေးလိုက်သည်။
“ မသချာဘူး.. ငယ်ငယ်တုန်းက ခြံထဲလည်း သိပ်မရောက်ဖူးတော့ …. ဒါပေမယ့် ဒီအစေ့တွေ မူမမှန်နေတာကတော့ သေချာသလောက်ပဲ….”
“ နင် ဘေးအိမ်က အစ်မကြီးနဲ့ သိတယ်မလား… သူ့ကို တစ်ချက် ကြည့်ခိုင်းလိုက်လေ…” ကျီချင်းရန် အကြံပြုလိုက်သည်။
ဟော်ယွမ်ယွမ် ခေါင်းညိမ့်ပြီး အိတ်ကို တံတိုင်းအနား ယူသွား၍ “ အစ်မကြီး …. အစ်မကြီး…”
ဟော်ယွမ်ယွမ်၏ အသံကြားတော့ သက်လတ်ပိုင်း အမျိုးသမီးမှ ထွက်လာခဲ့ပြီး တံတိုင်းနား ရောက်လာခဲ့ကာ “ ဘာဖြစ်လို့လဲ..”
“ ကျွန်မတို့ သစ်သီး မျိုးစေ့တွေ ဝယ်လာခဲ့တာ တစ်ခုခု မှားနေသလိုပဲ… အဲ့တာ တစ်ချက် ကြည့်ပေးလို့ရလား..”
“ ရပါတယ်… ပြကြည့်ကြည့်…” သက်လတ်ပိုင်း အမျိုးသမီးမှ အရင်ဆုံး မျိုးစေ့ လက်တစ်ဆုပ်စာခန့် ယူလိုက်၏။ ထို့နောက် အနံ့ခံကြည့်လိုက်ပြီး
“ ကြည့်ရတာ နင်တို့တွေ ဈေးအရမ်း ဆစ်ခဲ့ကြတယ်နဲ့တူတယ် …ဟုတ်တယ်မလား..”