မင်းအလှည့်တော်ပြီ .. ခုငါ့အလှည့်...
Vol. 64 Ch. 954
“ ဟင်… ဒါ ကျွန်မတို့ တစ်ခွန်းလေးတောင် ဈေးစစ်ခဲ့တာ မဟုတ်ဘူးရယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပြီးတော့ ကောင်းပေ့ ဆိုတာတွေပဲ ယူမယ် ပြောပြီး ဝယ်ခဲ့တာ.. ဒါတွေ အကုန်လုံးကို ယွမ်တစ်သောင်းနီးပါးတောင် ပေးခဲ့ရတယ်… “
“ ဘယ်လို… ဒါတွေကို ယွမ်တစ်သောင်းနီးပါး ပေးခဲ့ရတယ်…”
အိမ်နီးချင်း အမျိုးသမီးမှာ ဆက်လက် မတည်ငြိမ်နိုင်တော့ပဲ “ ငါ့အထင်တော့ ဒါတွေအကုန်လုံးက ယွမ်တစ်ရာထက် ပိုမကုန်သင့်ပါဘူး…”
“ မဖြစ်နိုင်တာ…”
“ ဘာလို့ မဖြစ်နိုင်ရမှာ…. ဒါတွေက မကောင်းတော့တဲ့မျိုးစေ့တွေ… တကယ်လို့ နင်တို့ မြေဆီလွှာကောင်းတဲ့ နေရာမှာ စိုက်ပျိုးရင်တောင် ဘာမှ သီးပွင့်မှာ မဟုတ်ဘူး.. တကယ်လို့ သီးပွင့်ခဲ့ရင်တောင် စားလို့မရဘူး… ဒါကြောင့်မို့ အဖိုးမတန်တာပေါ့…” အိမ်နီးချင်း အမျိုးသမီးမှ ပြောလိုက်ပြီး “ နောက်ဆို ဖုန်းထဲကနေ ဘာပစ္စည်းမှမဝယ်နဲ့… အကုန်လုံးက အလိမ်ညာတွေချည်းပဲ…ကိုယ်တိုင်ကိုယ်ကျ ရောင်းတဲ့ဆိုင်တွေမှာ သေချာကြည့်ပြီး ရွေးဝယ်… ငါ့အထင်တော့ နင်တို့ ဝယ်လာခဲ့တဲ့ ပျိုးပင်တွေကလည်း ကောင်းမယ်မထင်ပါဘူး… ပြန်လဲလို့ရရင် ပြန်လဲကြည့်ကြည့်ပေါ့ဟယ်…”
“ ဒါ ကျွန်မတို့ လိုင်းပေါ်က ဝယ်လာတာမဟုတ်ဘူး..” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ မြို့ထဲမှာ ရွှမ်ဖဆိုတဲ့ မျိုးစေ့တွေ ဖြန့်ဖြူးပေးတဲ့ဆိုင် ရှိတယ်မလား…. ဒီအစေ့တွေကို အဲ့ဒီကပဲ ဝယ်လာခဲ့တာ…”
“ ရွှမ်ဖဆီက ဝယ်ခဲ့တယ်…” အိမ်နီးချင်း အမျိုးသမီး၏ အမူအရာမှာ သိပ်ကြည့်ကောင်းမနေတော့ပဲ “ သူတို့ရောင်းတဲ့ ပစ္စည်းတွေက ကောာင်းပါတယ်… ပုံမှန်ဆို ဒီလိုမျိုး မဖြစ်သင့်ဘူး… ဒီလိုမျိုး မကောင်းတဲ့ ပစ္စည်းတွေ ရောင်းရလောက်အောင် ဘာတွေ ဖြစ်နေလို့ပါလိမ့်..” အိမ်နီးချင်း အမျိုးသမီးမှ ရေရွတ်လိုက်ပြီး “ ကောင်မလေး.. နင်တို့ ခဏစောင့်နေ…ရှေ့ဝိုင်းက စွန်းမိသားစုလည်း အသီးပင်တွေစိုက်တယ်ဆိုတော့ သူတို့ ဒီအကြောင်း နားလည်လောက်တယ်.. ငါ သူတို့ကို ကူမေးပေးမယ်… တော်နေကြာ အထင်တွေလွဲကုန်တော့မှဖြင့်….”
“ ဟုတ်.. ကျေးဇူးနော် အစ်မကြီး…”
သက်လတ်ပိုင်းအမျိုးသမီးမှ အစေ့လက်တစ်ဆုပ်ဖြင့် ထုတ်ခွာသွားခဲ့သည်။
ထိုအချိန် ဟော်ယွမ်ယွမ်နှင့် ကျန်သူများကလည်း ငြိမ်ငြိမ် ထိုင်မနေကြချေ။ သူတို့ ဖုန်းထုတ်၍ ဓာတ်ပုံများရိုက်၊ အသိတစ်ချို့ကို ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ကြလေသည်။
မိနစ်နှစ်ဆယ်ခန့်ကြာသော် နှစ်ဖက်လုံးမှ တူညီသည့် အဖြေတစ်ခုကို ရရှိလာခဲ့၏။ ဤအစေ့များက အတုများ ဖြစ်နေသည်ပင်။
“ ထူးဆန်းတယ်…. ပိုက်ဆံပေးဝယ်နေတာခြင်း အတူတူ ဘာလို့ ငါတို့ကိုမှ အတုတွေ ရောင်းပေးလိုက်တာ….”
“ သွားမေးကြမယ်…” လင်းရီ ပြောလိုက်၏။
“ ဟုတ်တယ်… သွားကိုမေးရမယ်..” ဟော်ယွမ်ယွမ် ပြေလိုက်ပြီး “ သပပဲ.. အဲ့ကောင်က ငါ့ကို ပစ္စည်းအတုတွေ ရောင်းပေးလိုက်တယ်ပေါ့လေ… ဒီကိစ္စ ကောင်းကောင်းကြီးကို ပြောတော့မှ ဖြစ်မှာ…”
“ ယွမ်ယွမ် … မင်း စိတ်လေးကို လျှော့..” ကောင်းကျုံးယွမ်မှ သူမအား ဖြောင်းဖြလိုက်ပြီး “ ဒါက ဒီတိုင်း အသေးမွှား ကိစ္စလေးကိုပဲ… ဒေါသထွက်စရာ မလိုပါဘူး…”
“ အဓိကက ဒီအစေ့တွေကို ငါကိုယ်တိုင် ဝယ်ခဲ့တာမို့လို့ပဲ… ခု ဒီလိုကိစ္စတွေ ဖြစ်ပျက်သွားတယ်ဆိုတော့ ဒါ မျက်နှာဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား…”
“ အသေးမွှားကိစ္စလေးပါ…. ငါပဲ ကိုင်တွယ်လိုက်ပါ့မယ်….”
လျန်ကျင်းမင် စီးကရက်ကို အေးအေးလူလူ မီးညှိလိုက်ပြီး “ စိတ်ဝင်စားစရာပဲ… ဒီ မြေနိုးတွေက အစ်ကိုကြီးလင်းကို ရိုက်စားလုပ်ဝံ့နေကြတယ်ပေါ့… တကယ်လို့ ဒီသတင်းသာ ကျိုးဟိုင်က လူတွေကြား ပျံ့သွားလို့ရှိရင် အူနှိပ်ပြီး လှောင်ရယ်ကြတော့မှာပဲ..”
“ သွားကြည့်ကြစို့…” ချင်းဟန်ပြောလိုက်ပြီး “ ဘယ်ကောင်က ဒီလောက်ထိ သတ္တိကောင်းနေလဲဆိုတာ ငါကြည့်စမ်းမယ်…”
“ လူငယ်လေး.. နင်တို့ သွားရင် ယဉ်ကျေးပါစေနော်… သူတို့ကို သေသေချာချာလေး ရှင်းပြပြီး လက်မပါစေနဲ့…”
“ ကျုပ်တို့က ပစ္စည်းအတု ရောင်းပေးတဲ့ သူတွေကို ပျူပျူငှာငှာ ဆက်ဆံပေးနေရဦးမှာလား…” လျန်ကျင်းမင် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
“ နင်တို့ အမှန်ဆိုတာ နားလည်တယ်… ဒါပေမယ့် ရွှမ်ဖရဲ့ သူဌေးက ဒီမြို့မှာ ဂုဏ်သတင်း တော်တော်လေး ကြီးတယ်… နင်တို့က မြို့ပေါ်ကဆိုတော့ နင်တို့ နစ်နာမှာဆိုးလို့…”
လျန်ကျင်းမင် ရယ်မောလိုက်ပြီး “ အဲ့လိုပြောကြေးဆို ဘာမှ ဂရုစိုက်နေစရာမလိုဘူး..ကျုပ်က ဒီလိုမျိုး မောက်မာတဲ့ ကောင်တွေကို သင်ခန်းစာပေးရတာ ကြိုက်တယ်…”
ခြောက်ယောက်သား အစေ့များယူ၍ လင်းရီကားထဲသို့ အတူဝင်လိုက်ကြ၏။ ထို့နောက် မြို့ထဲရှိ ရွှမ်ဖ မျိုးစေ့ ဖြန့်ဖြူးရောင်းချသည့် ဆိုင်ပင်ရင်းသို့ ဦးတည်လိုက်ကြလေသည်။
သူတို့ အထဲကို ရောက်ရောက်ချင်းပဲ အစေ့များ ရောင်းပေးလိုက်သည့် အရောင်းကောင်လေးအား ချက်ချင်း မြင်တွေ့လိုက်ရသည်.
အရောင်းကောင်လေးမှ လင်းရီနှင့် ဟော်ယွမ်ယွမ်တို့ ရောက်လာသည်ကို မြင်တော့ သူ၏ အမူအရာမှာ အနည်းငယ် ပုံမှန်မဟုတ် ဖြစ်သွားခဲ့၏။ သို့သော်လည်း အလွန်လျင်မြန်စွာဖြင့် ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
“ အစ်ကိုကြီးတို့က အစေ့တွေ ထပ်လိုချင်နေလို့လား.. ကျုပ်တို့ ဂိုဒေါင်ထဲမှာ အမျိုးအစား အစုံရှိတယ်ဗျ…”
လျန်ကျင်းမင် အရောင်းကောင်လေးအား ကောင်တာအပြင်ဘက်သို့ ထွက်လာခဲ့ခိုင်းလိုက်ပြီး “ မင်း ဒီခဏလာဦး… ငါမေးစရာရှိလို့…”
“ အစ်ကိုကြီးက ဘာသိချင်နေတာလဲ မသိဘူး…” အရောင်းကောင်လေးမှ အပြုံးလေးဖြင့် ရောက်လာပြီး ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
မူလက အပြုံးပန်း ဆင်မြန်းထားသည့် လျန်ကျင်းမင်မှာ ရုတ်ချည်းဆိုသလို မျက်နှာအမူအရာ တင်းမာခက်ထန်သွားခဲ့ပြီး အရောင်းကောင်လေးအား ကန်ထုတ်ပစ်လိုက်၏။ တစ်ဖက်သူမှာ နောက်ရှိ မျိုးစေ့များ သိုလှောင်ရာ စင်နှင့် တိုက်မိသည်အထိ လွင့်ထွက်သွားခဲ့လေသည်။
“ မင်း စောက်ရမ်းတွေ အံ့ဩဖို့ ကောင်းနေတဲ့ကောင်… ဟုတ်လား… ငါ့အစ်ကိုကြီးလင်းကိုများ အတုတွေ ညာရောင်းပေးလိုက်တယ်… မင်းဘဝကြီးက စောက်ရမ်း သက်တောင့်သက်သာ ရှိလွန်းနေလို့ သေဖို့ကို တောင့်တနေတာလားပြောစမ်း…”
ဤသို့ ရုတ်တရက် ပြောင်းလဲသွားသည့် လေထုက ဆိုင်ထဲရှိ လူတိုင်းအား ရှော့ခ်ရသွားစေခဲ့၏။
‘ ဆိုင်ထဲ ဝင်ဝင်ချင်း လူကို ကန်ကျောက်နေတယ်… ဒီကောင်တွေ တမင်သပ်သပ် ပြဿနာ လာရှာနေကြတာလားဟ…
ဒါပေမယ့် ဒီဆိုင်က ဒိတ်ဒိတ်ကျဲ ယွီတဲ့ချန်ရဲ့ ဆိုင်လေကွာ… ပြဿနာ လာရှာနေတယ်ဆိုတော့ လာအရိုက်ခံနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…
ပြီးတော့ စစ်ဖန်းမြို့က ကြီးတယ်ဆိုရုံလေးပဲ.. ဒီသတင်း ယွီတဲ့ချန်နားထဲ ရောက်သွားဖို့ ဘယ်လောက်မှ ကြာမှာ မဟုတ်ဘူး…
ကျွတ် ကျွတ်… ပွဲကြီး ပွဲကောင်း ကြည့်ရတော့မယ်နဲ့ တူတယ်…’
“ ကျုပ်… ကျုပ် အတုတွေ မရောင်းရပါဘူးဗျာ…”
အရောင်းကောင်လေးသည်လည်း သူမှားမှန်း သိနေသောကြောင့် ရုန့်ရင်းကြမ်းတမ်းသည့် စကားတို့ဖြင့် ပြန်မဆိုဝံ့။ ထို့ပြင် ဤလူများ စီးလာသည့်ကားက အကောင်းစားကြီးဖြစ်သောကြောင့် မခေသူများ ဖြစ်မည်မှာ မလွဲဧကန်ပင်။
“ ဒါဆို ငါတို့က မင်းကို အားလို့ ယားလို့ လာရှာနေတယ်များ ထင်နေတာလား…”
လျန်ကျင်းမင် အစေ့ထုပ်ကို အရောင်းကောင်လေးထံ ပစ်ပေါက်လိုက်ပြီး “ ငါတို့ကို အဲ့လောက်ထိ ဖျံကျဖို့ လွယ်မယ်ထင်တယ်လားကွ…”
“ ကျုပ်… ကျုပ် တကယ်ကြီး ဘာဖြစ်နေမှန်းကို မသိတာ…. ဖြစ်နိုင်တာ ကျုပ် ဂိုဒေါင်ထဲက ထွက်လာတော့ အိတ်မှား ယူခဲ့မိတယ်နဲ့တူတယ်… ကျုပ် အစ်ကိုကြီးတို့ကို အသစ်ပြန်လဲပေးပါ့မယ်…”
“ ပဒီးပဒါး ယီးစကားတွေ လာမပြောနဲ့… မင်းတို့ သူဌေး ဒီ ခေါ်လာခဲ့… ဒီနေ့ ဖြေရှင်းချက် ကောင်းကောင်း မပေးလို့ကတော့ မနက်ဖြန် ဒီနေရာတစ်ခုလုံး အမှုန့်ကြိတ်ပစ်မယ်…”
“ ဟေ့ ဟေ့… မင်းတို့ကောင်တွေ ဘာလုပ်နေကြတာ… ဘာလို့ သူ့ကို ရိုက်နေကြတာတုန်းကွ… လူကို အဲ့သလို ဆက်ဆံလို့ ရလား….”
ပြောလိုက်သူကတော့ အပေါ်ထပ် လှေကားမှ ဆင်းသက်လာသည့်သူ့ပင်။အရောင်းကောင်လေးအား ဖေးမပေး၍ မတ်တပ်ရပ်စေပြီးနောက် လျန်ကျင်းမင်ရှေ့ လျှောက်လှမ်းလာခဲ့သည်။
“ မင်းက ဒီဆိုင် သူဌေးလား…” လျန်ကျင်းမင် မျက်ခုံးပင့်ပြီး မေးလိုက်၏။
“ ငါက ဒီက မန်နေဂျာ… မင်း ပြောစရာရှိရင် ငါနဲ့ စကားပြောလို့ရတယ်…”
“ ကောင်းပြီလေ… မင်း … မန်နေဂျာ… မင်းတို့ဝန်ထမ်း ဒီအစေ့တုတွေ ရောင်းပေးလိုက်တဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းပေးမလဲ…”
“ အစေ့တုတွေ…. ငါတို့ အစေ့တုတွေ ရောင်းတယ်လို့ ဘယ်ကောင်ပြောတာ…” မန်နေဂျာမှ အင်မတန် အစော်ကားခံလိုက်ရသည့် မျက်နှာထားဖြင့် ဖြစ်သွားခဲ့ပြီး “ ငါတို့ ဒီဆိုင် စစ်ဖန်းမြို့မှာ အစေ့ရောင်းပြီး ရပ်တည်လာတာ ခြောက်နှစ် တိတိရှိပြီ… အတု တစ်စေ့ကလေးမှ မရောင်းခဲ့ဖူးဘူး.. မင်းတို့ကောင်တွေ ပေါက်တတ်ကရ စွပ်စွဲပြီး ပြဿနာ လာရှာနေတာလားပြော….”
“ မြေနိုး…. မင်းငါ့ကို မျက်နှာပြောင်လာတိုက်နေတာလား… မင်း ဒီကိစ္စ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး…”
“ ငါ တကယ်ကြီး ဒီကိစ္စ ဘာမှ မသိတာ…” မန်နေဂျာမှ အကြောက် အရွံ့ကင်းစွာ ပြောလိုက်ပြီး “ ငါသိတာ ငါတို့ ကောင်းရောင်းကောင်းဝယ် မှန်မှန်ကန်ကန် စီးပွားရေး လုပ်နေတယ်… ဒါပေမယ့် မင်းတို့ကောင်တွေက ဒီ ဝင်လာလာပြီးချင်း ငါ့ဝန်ထမ်းကို ရိုက်နှက်နေတယ်… မင်းတို့ကောင်တွေ တခြားဆိုင်က ပြဿနာရှာဖို့ လွှတ်လိုက်တဲ့ ကောင်တွေမလားပြော…”
လျန်ကျင်းမင် စီးကရက်ကို အောက်ချ နင်းခြေလိုက်ပြီး “ မင်း စကားကို ပြောချင်သလိုပြော… ဒါပေမယ့် ဒီကိစ္စ ဖြေရှင်းချက် မပေးလို့ကတော့ ငါ ဒီနေ့ ဒီဆိုင်ကို ပြောင်းပြန်လှန်ပြမယ်…. ”
ပြောပြီးနောက် လျန်ကျင်းမင် ဘေး လူတစ်ရပ်ခန့်ရှိသည့် ဗီရိုအသေးစားလေးအား မှောက်အောင် ကန်ပစ်လိုက်သည်။ ယခုတော့ အခြေအနေမှာ ပရမ်းပတာ ဖြစ်နေပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာချေပြီ။
“ သေစမ်း.. ငါ စီးပွားရေး လုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး… တစ်စုံတစ်ယောက်က ငါတို့ဆိုင် ပြဿနာလာရှာရဲတဲ့ ဘောတွေ ရှိနေတာတော့ ပထမဆုံးပဲ…” မန်နေဂျာမှ ပြောပြီးနောက် ကျယ်လောင်သည့် အသံဖြင့် “ ဟျောင့်တွေ… တံခါးပိတ်လိုက်စမ်း…”
နှစ်ဖက်လုံးမှ တိုက်ခိုက်ကြတော့မည်ကို မြင်တော့ ဆိုင်ထဲရှိ ဖောက်သည်များအားလုံး အချောင်ခံလိုက်ရမည်ကို ကြောက်ပြီး ဝရောသောပါး ထွက်ပြေးသွားကြတော့၏။
ဆိုင်အရောင်းဝန်ထမ်းများနှင့် ပစ္စည်းသယ်ပို့ လုပ်သူများအားလုံး လင်းရီနှင့် ကျန်သူများရှေ့ စုရုံး ရောက်လာခဲ့ကြပြီး မပြောပလောက်သည့် စော်ကားသည့် စကား ဆိုလျှင်ပင် လှုပ်ရှားရန် အသင့်ဖြစ်နေကြ၏။
ထိုအချိန် တရားခံ ယွီတဲ့ချန်ကတော့ လင်းရီတို့အား အစေ့တု ရောင်းပြီးသည်နှင့် သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
ပထမ တစ်ချက်ကတော့ လင်းရီ အစေ့ကိစ္စနှင့် ပတ်သက်၍ သူ့ဆီ ဤမျှ မြန်ဆန်စွာ လာရှာလိမ့်မည်လို့ ထင်မထားသောကြောင့်ပင်။ ဒုတိယ တစ်ချက်ကတော့ သူ ရိုက်နှက်ခံလိုက်ရသည့် အရှက်တကွဲ ဖြစ်ရပ်အား ပြန်မပြောပြချင်သောကြောင့် လင်းရီနှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်းများကို များများ သတိမပေးနိုင်ခဲ့ချေ။ ရလဒ်အနေဖြင့် ဤလူများအားလုံးကို လင်းရီရှေ့၌ လုံးဝ အကြောက်အရွံ့ကင်းသွားစေသည်။
လင်းရီ လျန်ကျင်းမင်၏ ပခုံးကို ပုတ်လိုက်ပြီး ပြုံးလျက် “ မိမိုက်သလို လုပ်တာ ဒီလောက်ဆို တော်ရောပေါ့…ခု ငါ့ အလှည့်ပဲ….”