ရဲဌာနဆီ တစ်ခေါက် အလည်ခရီး
Vol. 64 Ch. 955
လင်းရီ ရှေ့သို့ တက်လာပြီး မန်နေဂျာကို တည့်တည့်ကြည့်လိုက်သည်။
“ တကယ်ဆို မင်းငါ့ကို ပစ္စည်းတွေ လိမ်ရောင်းလိုက်တာကို ငါ စိတ်မဆိုးဘူး… ငါတို့လို သူဌေးသား လူပေါ်ကြော့တွေက ဘာမှမသိ နားမလည်ဘူးဆိုပြီး မင်း ငွေလိမ်ချင်တာကို နားလည်ပေးလို့ရတယ်… ဒါပေမယ့် အခု … ငါတို့လူကိုယ်တိုင်က မင်းဆီ ပြန်ရောက်လာနေတာကိုတောင် မသိဘူး ဟန်ဆောင်နေတာကတော့ နည်းနည်းလေး များသွားပြီ…”
မန်နေဂျာမှ လင်းရီကို ကြည့်လိုက်ပြီး “ အသရေဖျက် ပြောဆိုနေတာတွေ တော်လိုက်တော့.. ငါတို့ဆိုင်က ဘယ်တော့မှ ပစ္စည်းအတုတွေ မရောင်းဘူး… တကယ်လို့ ပစ္စည်းက ပြဿနာ ရှိနေတယ်ဆိုရင်တောင် မင်းတို့ပဲ ဝယ်ပြီး လဲလိုက်တာပဲ ဖြစ်ရင်ဖြစ်မယ်…”
“ ဒီတော့… ဆွေးနွေးဖို့ အခန်းကဏ္ဍ မရှိတော့ဘူးပေါ့…”
“ သေချာပေါက် ဘယ်ရှိမှာ.. ငါတို့တွေ စစ်ဖန်းမြို့မှာ ရပ်တည်လာတာ နှစ်ပေါင်းမနည်းတော့ဘူး… မင်းထင်နေတာ ငါတို့ကို အလွယ်တကူ အနိုင်ကျင့်လို့မယ်များ ထင်နေလားကွ..” မန်နေဂျာမှ ပြောလိုက်ပြီး “ ဒါပေမယ့် စီးပွားရေးမှာ ငြိမ်းချမ်းရေးက အဓိကပဲ.. ငါတို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ မဖြစ်ချင်ဘူး… မင်း ခု ပျက်စီးသွားတဲ့ တန်ဖိုးရဲ့ နှစ်ဆ လျော်ပေးပြီး ဆိုင်တံခါးရှေ့ လူမြင်ကွင်းမှာ တောင်းပန်မယ်ဆိုရင် ဒီကိစ္စ မဖြစ်ခဲ့သလိုမျိုးပဲ ထားလိုက်မယ်… မဟုတ်လို့ကတော့ မင်းတို့ကို အလွှတ်ပေးလိမ့်မယ် ထင်မနေနဲ့..”
ဟော်ယွမ်ယွမ်ကတော့ ခပ်လှမ်းလှမ်းတစ်နေရာတွင် ထိုင်ခုံနှစ်လုံး ဆွဲယူလိုက်ပြီး ကျီချင်းရန်နှင့်အတူ ထိုင်ချလိုက်၏။ အတွင်းစိတ်ထဲတွင်တော့
‘ နင်တို့ မိမိုက်သလို လုပ်နိုင်တုန်း လုပ်ထားကြစမ်း.. ဘာလို့ဆို ခဏနေကျရင် အခွင့်အရေး မရှိတော့မှာမို့ပဲ….’
“ တကယ်လို့ ငါက သဘောမတူဘူးဆိုရင်ကော..” လင်းရီ ပြုံးလျက် မေးလိုက်သည်။
မန်နေဂျာမှ ပခုံးတွန့်လိုက်ပြီး လမ်းဘေးလူမိုက် အရှိန်အဝါများ ပျံ့လွင့်လာခဲ့ကာ “ ဒါဆိုရင်တော့ လက်သီးနဲ့ပဲ ဖြေရှင်းကြတာပေါ့… မင်းလိုကောင်မျိုးနဲ့ ငါ သောက်ရေးမပါတာတွေ ဆက်မပြောချင်တော့ဘူး…”
ပြောပြီးနောက် မန်နေဂျာမှ လက်ကို ဝှေ့ယမ်းလိုက်ကာ “ သူတို့ကို ရိုက်ကြစမ်း…”
စတင်တော့မည့် ရန်ပွဲကို အာရုံခံမိတော့ ကျီချင်းရန်မှ ဟော်ယွမ်ယွမ်ကို ဘေးကင်း စိတ်ချရသည့် နေရာသို့ ဆွဲခေါ်သွားလိုက်၏။
တစ်ချိန်တည်းတွင် လင်းရီလည်း ချီတက်လာသူများထံ ပြေးဝင်သွားခဲ့သည်။
သူ့အနား ပထမဆုံး ရောက်လာသည့် လူကောင် ခပ်ကြီးကြီးနှင့် တစ်ယောက်ကို လင်းရီ ဝှေ့ဝိုက်ကန်ချက်ဖြင့် မိတ်ဆက်ပေးလိုက်ရာ နားထင်နှင့် ခြေထောက် ရိုက်မိသွားခဲ့ပြီး တုံ့ကနဲ လဲကျသွားခဲ့တော့၏။
ထိုမြင်ကွင်းကိုမြင်တော့ သွေးဆူနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြလေသည်။ လင်းရီ သူတို့၏ ကြောင်အမ်းနေမှုကို အခွင့်ကောင်းယူပြီး တစ်ယောက်ပြီး တစ်ယောက် အမှောက်သိပ်ပေးလိုက်ရာ မကြာမီ အချိန်အတွင်း လူတိုင်း ကြမ်းပြင်ပေါ် ညဉ်းညူနေလျက် မထနိုင် မပြုနိုင် ဖြစ်သွားခဲ့ကြ၏။
သူ့လူများ အားလုံး အမှောက်သိပ်ခံလိုက်ရသည်ကို မြင်တော့ မန်နေဂျာမှာ လုံးလုံးလျားလျား တုန်လှုပ်ခြောက်ခြားသွားခဲ့လေတော့သည်။
' ဒီလူတွေ အကုန်လုံးက အလုပ်ကြမ်း ကောင်းကောင်းလုပ်နိုင်တဲ့ သန်မာနေသူတွေချည်းပဲလေ… အဲ့ဒါကို အများနဲ့တစ်ယောက်ချတာ တစ်ယောက်က နိုင်သွားခဲ့တယ်……'
ဆိုင်ပြင်၌ နေ၍ အကဲခတ်နေကြသည့် လူအုပ်ကြီးလည်း လင်းရီ၏ အရည်အချင်းများကို ထပ်တူထပ်မျှ တုန်လှုပ်သွားခဲ့သည့် အမူအရာများ ဖြစ်သွားခဲ့ကြသည်။
' အမြဲတမ်း မောက်မာနေခဲ့တဲ့ ဒီဆိုင်က ကနေ့တော့ တကယ့်လူနဲ့ သွားဆုံမိတာပဲ…'
ခရိချ …. ခရိချ….
ပွဲကြည့်နေကြသူများမှ သူတို့ချင်း လင်းရီ မည်မျှ ကြမ်းကြောင်း ဆွေးနွေးနေကြစဉ် ကားဘရိတ်အုတ်သံများကို ထပ်ဆင့် ကြားလိုက်ကြရ၏။
လန်ရိုဗာတစ်စင်းနဲ့ ရဲကားတစ်စင်း ဆိုင်ရှေ့ ထိုးရပ်လာသည်ကို အားလုံးမှ မြင်တွေ့လိုက်ရသည်။
ထို့နောက် သူတို့အားလုံး ယွီတဲ့ချန် ယူနီဖောင်းဝတ် အရဲအရာရှိများနှင့်အတူ ဆိုင်ထဲ ဝင်သွားခဲ့သည်ကို မြင်တွေ့လိုက်ရ၏။
“ မင်း...... ငါ့ဆိုင်မှာ ပြဿနာလာရှာနေတယ်…”
စကားပြောသည့် အသံကို ကြားတော့ လင်းရီနှင့် ကျန်သူများလည်း နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ စကားပြောလာသူက သူ နှစ်သစ်ကူးမတိုင်ခင် ရိုက်နှက်ခဲ့သည့် ယွီတဲ့ချန် ဖြစ်နေကြောင်း လင်းရီ သတိပြုမိသွားခဲ့၏။
ထိုသူ၏ ရောက်ရှိလာမှုက လင်းရီကို အရာအားလုံး နားလည်သဘောပေါက်သွားစေခဲ့သည်။
' ဒီကောင် ငါနဲ့ ယွမ်ယွမ် အစေ့လာဝယ်တာကို သိလို့ ဒီလို လှည့်ကွက်မျိုး လုပ်လိုက်တာပဲ ဖြစ်ရမယ်…'
သို့သော်လည်း ယခု ရောက်လာခဲ့သူက ယွီတဲ့ချန် တစ်ဦးတည်းမဟုတ်။ သူနှင့်အတူ ယူနီဖောင်းဝတ် ရဲအရာရှိများလည်း လိုက်ပါလာလျက်ရှိ၏။
လင်းရီ စိတ်ထဲ ပြုံးလိုက်မိသည်။
‘ အခြေအနေတွေက စိတ်ဝင်စားဖို့တော့ ကောင်းနေပြီပဲ…’
“ ဘော့စ်ချန်… ခင်များ နောက်ဆုံးတော့ ရောက်လာပြီပေါ့…” ယွီတဲ့ချန်ကို မြင်တော့ မန်နေဂျာမှ ဖအေကို မြင်လိုက်ရသည့်အတိုင်း အပြေးလေးသွား၍ လင်းရီ၏ ထင်ရာစိုင်းသည့် အပြုအမူအား တိုင်တန်းလေတော့သည်။
“ ဘော့စ်ချန်… ဒီလူတွေ ဆိုင်လာပြီး ပြဿနာလာရှာနေကြတာ… ကျုပ်တို့ကို အစေ့အတုတွေ ရောင်းတယ်ဆိုပြီးလည်း စွပ်စွဲတယ်… ဆိုင်ကိုလည်း ဖျက်ဆီးပြီး ကျုပ်တို့ ဝန်ထမ်းတွေကိုလည်း ရိုက်နှက်သေးတယ်…ဘော့စ်ချန်သာ နည်းနည်းလေး နောက်ကျပြီးမှ ရောက်လာခဲ့မယ်ဆို အကုန် သေအောင် ရိုက်ခံလိုက်ရပြီးပြီ…”
ယွီတဲ့ချန် လင်းရီကို ကြည့်လိုက်ပြီး မသိဟန်ဆောင်၍ “ ညီကို.. မင်း ဒါ ဘာသဘောတုန်း…. ငါတို့ဆိုင်မှာ ရောင်းတဲ့ ပစ္စည်းတိုင်းက အရည်အသွေး ပြည့်မှီတာတွေချည်းပဲ…. ငါတို့ အတုတွေ ရောင်းပါတယ်လို့ ပြောဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလဲ…”
“ ဘော့စ်… ကျုပ်အထင် ဒီကောင်တွေကို တခြားဆိုင်က လွှတ်လိုက်တာပဲ ဖြစ်ရမယ်… ကျုပ်တို့ရောင်းပေးလိုက်တဲ့ ပစ္စည်းအကောင်းတွေကို အတုနဲ့လဲပြီး ရည်ရွယ်ချက်ရှိရှိ တမင်လာစွပ်စွဲနေတာ…ဒီလိုလူစားမျိုးက ရွံဖို့ အကောင်းဆုံးပဲ…”
“ ငါထင်တယ်လေ…. ဒါကြောင့်မို့ ရဲတွေပါ ခေါ်ပြီး လာခဲ့တာပေါ့…. ဒီကိစ္စ လေးလေးနက်နက် ကိုင်တွယ်မှကို ဖြစ်မှာ…သူတို့တွေ အရမ်း တရားလွန်လွန်းသွားပြီ…”
ထိုအခိုက်အတန့်တွင် ရဲအရာရှိဖြစ်သူ ကျိုးအိုက်မင်မှ လင်းရီထံ ရောက်လာခဲ့ပြီး သူ၏ ရဲတံဆိပ်ကို ပြ၍ “ ငါ့နာမည် ကျိုးအိုက်မင်.. စစ်ဖန်းမြို့က ရဲမှူးပဲ… မင်းတို့ကို ပိုင်နက်ကျူးလွန်ပြီး ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ ဘော့စ်ချန်က တိုင်တန်းထားတယ်.. ငါနဲ့ စခန်း အရင်လိုက်ခဲ့…”
လင်းရီနှင့် ကျန်သူများ အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
ချင်းဟန် မနေနိုင်တော့ပဲ ပေါင်ကို ဖြန်းကနဲရိုက်၍ တဟားဟား ရယ်မောလိုက်ပြီး “ ငါ့မှာတော့ ဘဲသားနှပ်လေး စားချင်လို့ ဒီလိုက်လာခဲ့မိတာ ခု အချုပ်ထဲ ဝင်ရတော့မယ်…. ဘယ်လိုတောင် ကံဆိုးချက်တုန်း… ဟားဟား….”
“ အတွေ့အကြုံရတယ်ပဲ သဘောထားတာပေါ့…” လျန်ကျင်းမင်လည်း ရယ်မောနေရင်းဖြင့် “ ကျုပ်လည်း တစ်သက်နဲ့တစ်ကိုယ် ရဲစခန်း တစ်ခါမှ မရောက်ဖူးသေးဘူး..”
“ မင်းတို့ကောင်တွေ… မခန့်လေးစား လာလုပ်မနေကြနဲ့…. မဟုတ်လို့ကတော့ အရာရှိကို မခန့်လေးစားတဲ့ အမှုနဲ့ တစ်မှု ထပ်တိုးသွားမယ်…” ကျိုးအိုက်မင် ပြောလိုက်သည်။
“ အိုကေ အိုကေ… လာပါ .. ရပါတယ်.. လာပြီးဖမ်းလှည့်ပါ ရဲမှူးကြီးခင်ဗျာ…” ကောင်းကျုံးယွမ်မှ စပ်ဖြီးဖြီးလုပ်၍ လက်ပင် ပူးပေးလိုက်သေးသည်။
ကျိုးအိုက်မင် မည်သည်ကိုမျှ မလှုပ်ရှားသေး။ သူ လင်းရီကို ကြည့်၍ “ အပြင်က အဲ့ဒီ 570 က မင်းဟာလား…”
“ ဟုတ်တယ်…”
“ မင်း ကိုယ်တိုင် မောင်းလာခဲ့တာလား..”
“ ဟုတ်တယ်… ခင်များ ပြောစရာရှိရင် တစ်ခါတည်းပြောလိုက်….တစ်ခွန်းချင်း မေးမနေစမ်းနဲ့…”
ကျိုးအိုက်မင် ဒေါသမထွက်သွားပဲ လင်းရီအနားကပ်၍ နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ကာ “ ငါမင်းနား အရက်နံ့ရတယ်… ဒါ မူးပြီးမောင်းတယ်လို့ သတ်မှတ်လို့ရတယ်ကွ... အဲ့တာ မင်းနားလည်လား..”
“ ဒီတော့ ခင်များမေးချင်နေတာ အဲ့တာပေါ့..” လင်းရီ ပြုံးလိုက်ပြီး “ ကျုပ်ကို မူးပြီး ကားမောင်းတဲ့ အမှုနဲ့ ဖမ်းချင်တယ်ဆိုရင်လည်း ပြောလိုက် … ကျုပ်ရဲ့ အားနည်းချက်က ရိုးသားတာပဲ… ကျုပ် သေချာပေါက် ဝန်ခံမှာပေါ့…”
“ ငါ့ကို ဟာသလာလုပ်မနေနဲ့… ခု သက်သေတွေကလည်း အထင်အရှား ရှိနေပြီးသား… မင်းဘက်က ငြင်းချင်ရင်တောင် အသုံးမဝင်ဘူး….”
ပြောပြီးနောက် ကျိုးအိုက်မင် အခြားသူများကို ကြည့်လိုက်ကာ “ ပြီးတော့ မင်းတို့ထဲက တစ်ချို့… ငါနဲ့ လိုက်ခဲ့… တောက်ခ်… ဥပဒေမဲ့ ပရမ်းပတာတွေ….”
လင်းရီ ချင်းဟန်နှင့် ကျန်သူများကို ကြည့်လိုက်ပြီး “ ကဲ… ညီကိုတို့.. တစ်ချက်လောက် သွားကြည့်လိုက်ကြစို့….”
“ သွားစို့…”
ချင်းဟန်နှင့် ကျန်သူများလည်း ရယ်မောပြုံးပျော်ရွှင်စွာဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ မည်သို့မျှ စိုးရိမ်ကြောင့်ကြနေခြင်းမျိုး သူတို့ထံ ရှိမနေချေ။
ကျိုးအိုက်မင် ယွီတဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး “ မင်းက ခံရတဲ့သူဆိုရင်တောင် စခန်းလိုက်ပြီး ထွက်ဆိုပေးရဦးမယ်…”
“ ဒါပေါ့ ဒါပေါ့…. ဒီလိုမျိုး ဖြစ်ပျက်ခဲ့ပြီးမှတော့ သေချာပေါက် ပူးပေါင်း ပေးရမှာပေါ့…” ယွီတဲ့ချန် ပြောလိုက်ပြီး “ ဒီကောင်တွေက မတရား ဥပဒေမဲ့လွန်းတယ်… အရာရှိကြီးကပဲ ကျုပ်တို့ကို တရားမျှတမှု ပေးနိုင်မှာ…”
“ မပူနဲ့… ဒီကိစ္စ သမာသမတ်ကျကျ ဖြေရှင်းပေးမယ်… မင်း မနစ်နာစေရဘူး…”
“ ကောင်းပါပြီ.. ကျေးဇူးပါ…”သို့နှင့် ယွီတဲ့ချန်လည်း အပြင်သို့ ထွက်သွား၍ သူ၏ လန်ရိုဗာအတွင်း ဝင်သွားခဲ့သည်။
“ အစ်မကျီ… လာလာ လှလှလေးပြုံးထား… ဆယ်လ်ဖီဆွဲကြမယ်…”ဟော်ယွမ်ယွမ်မှ ပြောလိုက်ပြီး “ ဒါ ညီမတို့ ပထမဆုံးအကြိမ် ရဲကားထဲ ဝင်ထိုင်ဖူးတာလေ… သေချာပေါက် ဓာတ်ပုံရိုက်မှ ဖြစ်မှာပေါ့…”
ကျီချင်းရန်၏ ခံစားချက်တို့မှာတော့ အလွန်အမင်း တည်ငြိမ်နေသည်။
ခြောက်ယောက်ထဲ မည်သူ တစ်ဦးတစ်ယောက်ကမဆို ဤကိစ္စအား ကိုင်တွယ်ဖြေရှင်းနိုင်သောကြောင့် ထွေထူးလုပ်၍ စိုးရိမ်ကြောင့်ကြနေရန် မလိုပေ။ လင်းရီ မည်သို့ ကိုင်တွယ်ချင်သလဲ ဆိုသည့် အပေါ်တွင်သာ မူတည်လေသည်။
“ AI Beauty mode ဖွင့်ထားလား…”
“ အွန်း … ဖွင့်ထားတယ်…”
ကျီချင်းရန် ခေါင်းလေးငဲ့၍ ဟော်ယွမ်ယွမ်နှင့် အတူ ဓာတ်ပုံလှလှရိုက်လိုက်သည်။ ထို့နောက် ပြန်ကြည့်လိုက်ရင်း “ ဟင်... ပုံထဲ ဘာလို့ နည်းနည်းဝတဲ့ ပုံစံ ပေါက်နေတာ…. နင် မတင်ခင် edit ပေးဦးနော်… “
“ အိုကေ ပြဿနာ မရှိဘူး…”
ကျိုးအိုက်မင် နောက်ကြည့်မှန်မှတစ်ဆင့် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကို ကြည့်ရင်း ခေါင်းခါရမ်းလိုက်သည်။
အလိုလိုက်ခံထားရတဲ့ ကလေးတွေ… ရဲကားထဲမှာတောင် ဆယ်လ်ဖီ ဆွဲနေကြတုန်းပါလား…
မြို့က မကြီးသောကြောင့် မိနစ်အနည်းငယ်အတွင်း ရဲဌာနသို့ ရောက်ရှိလာလေသည်။
ထိုအချိန် ဟော်ယွမ်ယွမ်လည်း ဓာတ်ပုံကို စိတ်တိုင်းကျ ပြင်၍ ပြီးသွားခဲ့ပြီး သူမ၏ ဝီချက်ပေါ်သို့ ယခုလို ကပ်ပရှင်နှင့် ပို့စ်တင်လိုက်၏။
“ ရဲဌာနဆီ တစ်ခေါက် အလည်ခရီး…mood so happy.... ”